UK မှ စကော့တလန်ခွဲထွက်ပါက မိမိကိုယ်ကို သတ်သေမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန် ကြိမ်ဆို


ယနေ့ ပြုလုပ်သော လူထုဆန္ဒခံယူပွဲ၌ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ယူကေမှ မခွဲထွက်ကြရန် စကော့တလန်ပြည်သူများအား စိတ်ခံစားမှုအပြည့်ဖြင့် ဖျောင်းဖျတောင်းပန်ခဲ့ပြီး လွတ်လပ်ရေးအတွက် မဲခွဲမှု အသာရရှိသွားပါက မိမိကိုယ်ကို သတ်သေမည်ဟု ကြိမ်ဆိုခဲ့သည်။

“စကော့တလန် … ခင်ဗျားတို့ ခွဲထွက်သွားတဲ့ စက္ကန့်မှာပဲ ကျနော် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်၊ ကျနော် တကယ်လုပ်မယ်ဆိုတာ ကြိမ်ဆိုပါတယ်” ဟု စိတ်ခံစားမှုလွှမ်းမိုးထားသဖြင့် ဟန်ပန်မူယာ ပျက်နေသော ဒေးဗစ်ကင်မရွန်က အသံများပင် တုန်ယင်လျက် ပြောသည်။ 

“ခင်းဗျားတို့ (ယူကေအဖြစ်နဲ့)မရှိတော့ယင် ကျနော်ဘယ်လို ဆက်လက်ရှင်သန်ရမှာလဲ၊ ခင်းဗျားတို့ကသာ ခွဲထွက်ဖို့ မဲပေးလိုက်ကြယင်၊ ကိစ္စပြတ်ပြီ၊ အခုကတည်းက နောက်ဆုံးနူတ်ဆက်စကားသာ ပြောသွားပေတော့၊ ခင်းဗျားတို့ ကျနော်ကို အသက်ရှင်လျက် နောက်တခါ တွေ့ရမှာ မဟုတ်တော့ဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။ 

စကော့တလန်ပြည်သူများက နှစ်ပေါင်း ၃၀၀ ကျော် ယူကေအဖြစ် အင်္ဂလန်နှင် တပေါင်းတည်းရှိနေခဲ့ရာမှ ခွဲထွက်ရေး၊ မခွဲထွက်ရေးကို စက်တင်ဘာ ၁၉ ရက်နေ့ မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

စကော့တလန်ပြည်သူအများစုသည် လက်ဝဲဆန်သူများ ဖြစ်ပြီး ယူကေ၏ အာဏာရ ကော်ဆာဗေးတစ်ပါတီနှင့် အလွမ်းမသင့်ကြပေ။ နောက်ဆုံးကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် စကော့တလန်၌ ကော်ဆာဗေးတစ်ပါတီမှ အမတ် ၁ဦးသာ ရွေးချယ်ခံခဲ့ရသည်။

ထို့ပြင် ခွဲထွက်ရေးခေါင်းဆောင်များက လန်ဒန်အခြေစိုက် ယူကေပါလီမန်၏ ချုပ်နှောင်ထားခြင်းမှ ကင်းလွတ်လိုသည့် ဆန္ဒရှိနေကြပြီး ရာစုနှစ် ၃ခု အတူပူးတွဲနေထိုင်ခဲ့ကြပြီဖြစ်ပြီး ယခုအခါ လွတ်လပ်သော စကော့တလန်နိုင်ငံအဖြစ် ရပ်တည်ရန် အချိန်ရောက်ပြီဟု ဆိုသည်။
ရေနံချမ်းသာသော စကော့တလန်နိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတခုဖြစ်လာနိုင်ကြောင်းလည်း စကော့တလန်ဝန်ကြီးချုပ် အဲလက်စ်ဆယ်မွန်က ပြောသည်။

ငွေကြေးနှင့်ပတ်သက်၍ ခွဲထွက်ပြီးနောက်တွင်လည်း လွတ်လပ်သော စကော့တလန်သည် ပေါင်ငွေကိုသာ တမျိုးတည်းသော ငွေကြေးအဖြစ် ကျန်ယူကေလက်အောက်ခံ ဒေသများအတိုင်း ဆက်လက်ကျင့်သုံးလိုသော်လည်း ယူကေ အင်အားကြီးပါတီ ၃ ခုစလုံးကို အဆိုပါ ကိစ္စကို သဘောမတူကြောင်း၊ လက်သင့်မခံကြောင်း သိရသည်။

ယူကေနှင့် ဆက်လက်ပူးပေါင်းလိုသူများက ဆိုသည်မှာ စကော့တလန်သည် ယူကေနှင့် တပေါင်းတည်းတည်ရှိနေခြင်းအားဖြင့် အီးယူနှင့် နေတိုး စသည့် သမဂ္ဂအဖွဲ့အစည်းများတွက် ပြောရေးဆိုခွင့် ပိုမိုရရှိသဖြင့် ကမ္ဘာ့အရေးများတွင် ပိုမိုထိရောက်စွာ လှုပ်ရှားဆောင်ရွက်နိုင်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခြင်း၊ ကောင်းမွန်သော ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ ရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရှိကြောင်း ပြောသည်။

စကော့တလန် ခွဲထွက်ရေးအောင်မြင်သွားပါက ၎င်းတို့အနေနှင့် နေတိုးအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိရေး၊ အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိရေးတို့မှာ မရေရာသည့် အခြေအနေတွင် ရှိနေသည်။

အမေရိကန်နိုင်ငံအနေနှင့် ကြီးမားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရဖွယ်မရှိသော်လည်း ဂလက်စကိုမြို့နှင့် မိုင် ၂၀အကွာတွင် အမေရိကန်နျူကလီးယားရေငုပ်သင်္ဘောများ ထားရှိနေပြီး စကော့ပြည်သူများက ယင်းကို မလိုလားကြသဖြင့် ခွဲထွက်ရေးအဆို အောင်မြင်ပါက ဖယ်ခွာပေးရဖွယ်ရှိနေသည်။

ယူကေအဖြစ်ဆက်လက်တည်ရှိလိုသည့် သြဇာကြီးမားသူများတွင် အမေရိကန်သမ္မတအိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်၊ ဟယ်ရီပေါ်တာဝတ္တူရေးသူ စာရေးဆရာမ ဂျေကေရိုးလင်းတို့ဖြစ်ပြီး နာမည်ကျော် ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှေင်ကွန်နရီကမူ လွတ်လပ်သော စကော့တလန်ကို လိုလားသူဖြစ်သည်။

စကော့တလန်တွင် နေထိုင်လျက်ရှိသော အသက် ၁၆နှစ်နှင့် အထက်ရှိသူ ဗြိတိန်နိုင်ငံသား၊ တရားဝင် နေထိုင်ခွင့်ရ ဓနသဟာရနိုင်ငံသားတိုင် မဲပေးနိုင်မည်ဖြစ်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment