ကျွန်တော်တို့ ခေတ်ပေါ်လူ့အဖွဲ့အစည်းရဲ့ မိဘလုပ်သူတွေဟာ
သူတို့ကလေးငယ်တွေကို မူကြိုကျောင်း အစောကြီးပို့ပြီး ကလေးတွေရဲ့
ဦးနှောက်ထဲကို ပညာရေးတွေ ရိုက်သွင်းချင်နေကြပါတယ်။ ကလေးတွေ
အရွယ်မရောက်ခင်မှာ စာဖတ်တတ်အောင်၊သင်္ချာတွက်တတ်အောင် ၊
ပြီးတော့ ဘာသာစကားနှစ်မျိုးလောက် ပြောတတ်အောင် အတင်းအကြပ်
ပုံသွင်းပေးချင်နေကြတဲ့ မိဘတွေအများကြီးရှိပါတယ်။
မူကြိုကျောင်း သင်ရိုးညွှန်းတမ်း ထဲမှာ ဆော့ကစားချိန်များများထည့်ထားရင်
မိဘတွေက သိပ်မကြိုက်ချင် လှပါဘူး။အသိဥာဏ်ကောင်းကောင်းမဖွံ့ဖြိုးခင်မှာ
စာတွေအတင်း သင်စေချင်နေကြပါတယ်။
သားသမီးတွေကို ကျောင်းစောစောထားဖို့ စိတ်ကူးနေတဲ့မိဘတွေအနေနဲ့
မေးခွန်းနှစ်ခုကို အရင်ဆုံး ဖြေကြည့်သင့်ပါတယ်။သားသမီးကို အချက်အလက်
ကိန်းဂဏန်းတွေ ထုတ်လုပ်ပေးနိုင်တဲ့ စက်ယန္တရား တစ်ခုလိုမျိုးဖြစ်စေချင်
တာလား။ဒါမှမဟုတ် ဘဝအခက်ခဲတွေကို ရင်ဆိုင်ဖို့ပြင်ဆင်ပြီးသား
လူတစ်ယောက် အဖြစ် ကြီးပြင်းစေချင်တာလား။
တကယ်တော့ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝရင့်ကျက်ခြင်း၊
လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ ကျမ်းမာသန်စွမ်းခြင်း စတဲ့ အခြင်းအရာတွေ
အပြည့်အဝရှိနေစေ မှသာလျှင် ကြီးပြင်းလာတာနဲ့အမျှ လူတိုင်းနဲ့ အံဝင်ခွင်ကျ
ပေါင်းသင်းဆက်ဆံတတ်မှာ ဖြစ်ပါတယ်။ ဒီလိုအရည်အသွေး ပိုင်ဆိုင်စေချင်
ရင်တော့ ဆော့ကစားခြင်းကို ခွင့်ပြုပေးရပါလိမ့်မယ်။
ဆော့ကစားခြင်းရဲ့ အထူးခြားဆုံး အရည်အသွေးတစ်ခုက စိတ်ကူးယဉ်ခြင်း၊
စူးစမ်းရှာဖွေခြင်းနှင့် တီထွင်ဖန်တီးခြင်းတို့ကို လွတ်လပ်စွာ လုပ်ဆောင်တတ်
စေပါတယ်။
ဆော့ကစားခြင်းဆိုတာ သဘာဝလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး အပြုသဘော
ဆောင်တဲ့ ရလာဘ်တွေ ဖြစ်လာစေ ပါတယ်။ကလေးငယ်တွေကို
ကစားဖို့အတင်းအကျပ် တိုက်တွန်းစရာမလိုပါဘူး။ ဗီဇလလှုံ့ဆော်မှုအရ
သူ့ဖာသာ ဆော့ကစားလာမှာ ဖြစ်ပါတယ်။ ဆော့ကစားလိုစိတ်နဲ့
စူးစမ်းလိုစိတ်ကြောင့် ကလေးငယ်တွေဟာ အသိပညာ အသစ်တွေရရှိလာပြီး
အနာဂါတ်အတွက် လုပ်ဆောင်ရမယ့် သင်ယူခြင်း လုပ်ငန်းစဉ်ကို အလွယ်တကူ
လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။
ပြင်ပကမ္ဘာကိုလည်း အဆင်ပြေပြေ၊နွေးနွေးထွေးထွေး ပွေ့ဖက် လာနိုင်
ပါလိမ့်မယ်။ ဒီအရည်အသွေးတွေက စာဖတ်တတ်ဖို့၊စာရေးတတ်ဖို့၊
တစ်နှစ်သုံးလေး ရေတွက်တတ်ဖို့ အပြင် ကျွန်တော်တို့ကမ္ဘာကြီး အတွက်
အရေးတကြီးလိုအပ်နေတဲ့အရာတွေပဲ မဟုတ်ပါလား…..။
ဒါဖြင့် ဒီနေ့ခေတ် ကလေးသူငယ်တွေဟာ ဘယ်လိုကစားနည်းတွေနဲ့
ဆော့ကစားနေကြပါသလဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက Outdoor Games
တွေဖြစ်တဲ့ ရွှေစွန်ညို၊ ပုန်းစလုတ်တောက်တဲ့၊ ညောင်ပင်တစ္ဆေ၊ တူတူပုန်းတမ်း၊
စိန်ပြေးလိုက်တမ်း တို့ကို ကစားခဲ့ကြပါတယ်။ အဲဒီကစားနည်းတွေဟာ အခြေခံ
အားဖြင့် ကိုယ်လက်ကြံ့ခိုင်မှုကို အထောက်အကူပေးပါတယ်။ ပြီးတော့
စုပေါင်းစိတ်ဓာတ်ကိုလည်း ဖွံ့ဖြိုးလာစေပါတယ်။
ဒီနေ့ကလေးငယ်တွေရဲ့ အဓိက ကစားစရာဟာ တီဗွီဖန်သားပြင်တွေ
ဖြစ်နေပါပြီ။ တီဗွီ ရှေ့မှာ နာရီပေါင်းများစွာထိုင်ရင်း အချိန်ကုန်ကြပါတယ်။
တီဗွီအပြင် ကွန်ပြူတာဂိမ်း၊ ဗွီဒီယိုဂိမ်း တို့လည်း ရှိနေပါသေးတယ်။ဒါတွေကို
နည်းပညာရဲ့ အသီးအပွင့်တွေလို့ သတ်မှတ်ကြမလား၊ဒါမှ မဟုတ်
သဘာဝကျကျ ဆော့ကစားခြင်းအတွက် အနှောင့်အယှက် တစ်ခုလို့
ယူဆကြမလား….။
မိဘတွေအနေနဲ့ကတော့ ကလေးငယ်ကို နည်းပညာအသစ်နဲ့ ယဉ်ပါးစေပြီး
တစ်ချိန်တည်းမှာပဲ ဖျော်ဖြေမှုပေးစွမ်းနိုင်တာကြောင့် သဘောကျကောင်း
ကျနိုင်ပါလိမ့်မယ်။ဒါပေမယ့် သိထားရမှာက နည်းပညာဆိုတာ
ကောင်းကျိုးရှိသလို၊ဆိုးကျိုးလည်း ပေးစွမ်းနိုင်ကြောင်း ရှိကြောင်းပါပဲ။
နည်းပညာ အသစ်အဆန်းတွေဟာ ကလေးငယ်တွေရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး
သာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေကြောင်း ပညာရှင်တွေက ထောက်ပြ
နေကြပါပြီ။
တစ်ချို့ကလေးငယ်တွေဟာ ကွန်ပြူတာတွေကို ဘိန်းစွဲသလို စွဲနေကြပါတယ်။
ပြင်ပ ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်သလို ဖြစ်သွားပြီး ကွန်ပျူတာဂိမ်းရဲ့
ထောင်ချောက်ထဲမှာ ပိတ်မိနေကြပါတယ်။ သူ့ပတ်ဝန်းကျင်မှာ
ဘာတွေဖြစ်နေဖြစ်နေ ဂရုမစိုက်တော့ပါဘူး။သူသိတာက ဂိမ်းအနိုင်ရဖို့
တစ်ခုပါပဲ။
ဒီလိုနဲ့ကလေးငယ်တွေဟာ မိသားစုအဝန်းယိုင်းထဲမှာတောင် အထိအတွေ့
နည်းလာကြပါတယ်။ ကွန်ပြူတာရှေ့မှာတစ်ယောက်ထဲနေရလေလေ
သာယာလေလေ ဖြစ်လာပါတယ်။
ဒီလိုအခန်းအောင်းပြီးဂိမ်းဆော့ခြင်းရဲ့ အကျိုးရလာဘ်အဖြစ် မျက်စိအဝေးမှုန်
ဖြစ်လာကြပါတယ်။ ရန်လိုစိတ်ကြီးမားလာမယ်။ ကွန်ပျူတာရှေ့မှာ မထစတမ်း
ဆော့ကစားရင်းစားသောက်ဖို့ပါ အချိန်မပေးနိုင်လောက်အောင်
ဖြစ်လာကြပါတယ်။ ဒီတော့ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အပြင် အဟာရချို့တဲ့မှုပါ ထပ်ဆင့်လိုက်တဲ့ အခါ ကျမ်းမာရေးထိခိုက်လာ၇တော့တယ်။
လေ့လာမှုစစ်တမ်းတစ်ခုအရ ဂိမ်းဆော့တဲ့ကလေးငယ်တွေဟာ ကစားပွဲ
တစ်ခုအတွင်း လက်ကိုင်ခလုတ်ကို အကြိမ် တစ်ရာ့ငါးဆယ်မှ သုံးရာအထိ
နှိပ်ကြရပါတယ်။ ကြာလာတဲ့အခါ လက်ချောင်းတွေမှာ ဒဏ်ဖြစ်ပြီး
အဆစ်အမြစ်ဝေဒနာ ကပ်ငြိခံစားရပါတယ်။ ဆေးပညာအရ အဲဒီဝေဒနာကို De
Quervain’s stenosing Tenosynovitis လို့ အမည် ပေးကြပါတယ်။
ဒီတော့ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေတဲ့
ရိုးရာကစားနည်းတွေ နေရာမှာ နည်းးပညာ ကစားနည်းတွေ
အစားထိုးဝင်ရောက်လာခြင်းဟာ ဆိုးကျိုးကိုသာ ပိုများလာစေပါတယ်။
ကလေးဆိုတာ ခံစားမှု နုနယ်တယ်၊တွေးခေါ်ချင့်ချိန်နိုင်မှု အားနည်းတယ်။
သူတို့အတွက် ဆိုးကျိုးဖြစ်စေမယ့် ကိစ္စတွေက လွတ်မြောက်အောင်
လူကြီးတွေက ကူညီပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့
ပတ်ဝန်းကျင်နဲ့ စုပေါင်းကစားနည်းတွေကို ကလေးတွေအာရုံဝင်စားလာအောင်
လုပ်ဆောင်ပေးကြရပါမယ်။
နည်းပညာဂိမ်းတွေဟာ ကလေးငယ်တွေအသိဥာဏ် ဖွံ့ဖြိုးစေရေးအတွက်
အထောက်အကူ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့
ကမ္ဘာကြီးမှာ အသိဥာဏ်ဖွံ့ဖြိုးမဥ တစ်ခုတည်းကိုသာ လိုအပ်နေတာ
မဟုတ်ပါဘူး။
fact တွေအပေါ်အခြေခံတဲ့ knowledge ရှိရမှာဖြစ်သလို၊ value တွေအပေါ်
အခြေခံတဲ့ wisdom ရှိဖို့လည်း လိုအပ်ပါတယ်။ဒီတော့ ကလေးငယ်တွေ
အိမ်အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ် ဆော့ကစားကြပါစေ………………။