ISIS ကို အမေရိကန် နဲ့ မဟာမိတ် တပ်ပေါင်းစု ဘယ်လိုတိုက်မလဲ


လွန်ခဲ့သော ဆယ်နှစ်ခန့်က အီရတ်နိုင်ငံတွင် အယ်လ်ကိုင်ဒါ အဖွဲ့ခွဲငယ် တစ်ခု ထွက်ပေါ် လာခဲ့သည်။ ISIS ဟုခေါ်သည်။ အသေခံ ဗုံးခွဲ တိုက်ခိုက်ခြင်း၊ ဆွန်နီ လူမျိုးစုငယ် နှင့် ရှီယိုက် လူမျိုးစုကြီး တို့ကို ရန်တိုက်ပေးခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်း များကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ဆီးရီးယား ပြည်တွင်းစစ် စတင်ဖြစ်ပွား ခဲ့ရာ အီရတ်အစိုးရ အာရုံ ပြောင်းသွား သည်ကို အခွင့်အရေး ယူပြီး အီရတ်နိုင်ငံ အတွင်း အင်အား ကြီးမားသော အကြမ်းဖက် အဖွဲ့ကြီး တစ်ခု ဖြစ်လာသည်။

၂ဝ၁၄ ခုနှစ်အတွင်း ISIS သည် ပို၍ပင် အင်အားကြီးမား လာကာ အီရတ်နိုင်ငံ အတွင်း မြို့ရွာနှင့် ရေနံ တူးဖော်ကွက် များကို သိမ်းပိုက်ခြင်း၊ ဆီးရီးယား နှင့် အီရတ်နယ်စပ်တစ်လျှောက် ခြေကုပ်ယူ ထားခြင်းတို့ကို ပြုလုပ် လာခဲ့ပြီး ရှီယိုက် လူမျိုးစုကြီး ကို ခါးသီးစွာ ရွံမုန်းနေသော ဆွန်နီ လူမျိုးစုငယ် များကိုလည်း စည်းရုံး သိမ်းသွင်း နိုင်ခဲ့သည်။

ISIS သည် ယခုအခါ ငွေကြေး ခိုင်မာ တောင့်တင်းပြီး ခေတ်မီ စစ်လက်နက်များ ပိုင်ဆိုင်ကာ တပ်ဖွဲ့ဝင်များ ထဲတွင် စစ်အရာရှိ ဟောင်းများလည်း ပါဝင်သည့် အတွက် စစ်ရဟတ်ယာဉ် များကို ကျွမ်းကျင်စွာ မောင်းနှင် နိုင်ခြင်း၊ ဒုံးနှင့် အမြောက် လက်နက်ကြီး မျိုးစုံကို ကျွမ်းကျင်စွာ ကိုင်တွယ် ပစ်ခတ်နိုင်ခြင်း၊ စစ်ရေးနည်း ဗျူဟာများ ကျွမ်းကျင်ခြင်း တို့ဖြင့် ပြည့်စုံနေပြီး ဖွဲ့ စည်းပုံအရ အကြမ်းဖက် တိုက်ခိုက်ရေး ကွန်ရက်ကို ဖြန့်ကြက် ထားသည့် အပြင် ပြောက်ကျား တိုက်ခိုက်ရေး အဖွဲ့များ နှင့်လည်း စနစ်တကျ ဖွဲ့စည်းထားသော အင်အားကြီး စွမ်းရည်ပြည့် အကြမ်းဖက် စစ်သွေးကြွများ ဖြစ်လာသည်။

ISIS သည် ဘာသာရေး မတူကွဲပြားသော လူနည်းစု များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အီရတ် မြောက်ပိုင်းရှိ ရေနံ ပေါကြွယ်ဝပြီး အမေရိကန် မဟာမိတ်လည်း ဖြစ်သည့် ကာဒစ္စတန် နိုင်ငံကို ခြိမ်းခြောက် လာခြင်း၊ ယင်းသို့ ခြိမ်းခြောက် လာသည့် အတွက် အမေရိကန် နှင့် မဟာမိတ် များက လေကြောင်းမှ တိုက်ခိုက်သည်ကို တုံ့ပြန်သည့် အားဖြင့် မကြာသေးမီ က အမေရိကန် သတင်းထောက် နှစ်ဦးကို ကမ္ဘာသိအောင် ခေါင်းဖြတ် သတ်ပြခြင်း၊ ယင်း လုပ်ရပ်သည် တစ်ချိန်ချိန်တွင် အမေရိကန် ပြည်ထောင်စု ၏ လုံခြုံရေးကိုပါ ထိပါးနိုင် လာသည့်အတွက် တစ်ချိန်က အယ်လ်ကိုင်ဒါ ၏ တိုက်ခိုက် မှုကြောင့် ကမ္ဘာ အလယ်တွင် မဟာ အရှက်တော် ကွဲခဲ့ရသည့်အမေရိကန် ပြည်ထောင်စု သည် ISIS စစ်သွေးကြွ များကို အပြီးတိုင် ချေမှုန်းရန် စက်တင်ဘာလ ၁၂ ရက်က တရားဝင် စစ်ကြေညာ လိုက်ပြီးနောက် သုံးရက် အကြာတွင် နိုင်ငံပေါင်း ၂၆ နိုင်ငံ ပါဝင်သော ISIS ချေမှုန်းရေး မဟာမိတ် တပ်ပေါင်းစု ကြီးကို ဖွဲ့စည်း လိုက်သည်။

ISIS ကလည်း ထူးခြားစွာပင် ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု ထဲအထိ လွှမ်းမိုးမှု ရှိနေသည်။ ISIS အတွက် စစ်မှုထမ်း လိုသော ဗြိတိန်လူမျိုး ၅ဝဝ ထက်မနည်း ရှိခဲ့ပြီး အချို့ အမေရိကန် နိုင်ငံသား များကလည်း ISIS နှင့် ပူးပေါင်း လိုသည်ကို ထောက်လှမ်းရေး သတင်းများ အရ ဖော်ထုတ် နိုင်ခဲ့ပြီး လန်ဒန်၊ ဘာလင်၊ နယူးယောက်မြို့ များတွင် ISIS က အတွင်းလူ များကို အသုံးပြုကာ အကြမ်းဖက် တိုက်ခိုက်ရေး လုပ်ငန်းများ ဆောင်ရွက် လာနိုင်ကြောင်း ဗြိတိသျှ အာဏာပိုင် များက ယခင် အပတ်က တရားဝင် သတိပေးချက် ထုတ်ပြန် ခဲ့ရသည်။

စက်တင်ဘာ ၁ဝ ရက်တွင် သမ္မတ အိုဘားမား က ISIS ကို စစ်ကြေညာမည့် ကိစ္စနှင့် တိုက်ခိုက် ချေမှုန်းရန် ရေးဆွဲ ထားသော စစ်ဗျူဟာကို ခင်းကျင်း ပြသခဲ့ရာ

(၁) အီရတ်နိုင်ငံ တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းကို သိသာ ထင်ရှားစွာ တိုးမြှင့်သွားရန်၊
(၂) အီရတ်နှင့် ကာဒစ်ရှ် စစ်ဘက်များကို စစ်ရေး လေ့ကျင့်ပေးပြီး စစ်လက်နက်များ တပ်ဆင် ပေးရန်၊
(၃) ဆီးရီးယားကို ဗုံးကြဲ တိုက်ခိုက်မှု စတင်ရန်၊
(၄) ဆီးရီးယား သူပုန်များကို စစ်ပညာ သင်ကြားပေးပြီး လက်နက် တပ်ဆင်ပေးရန်၊
(၅) ISIS က အီရတ် - ဆီးရီးယားနှင့် နိုင်ငံရပ်ခြား များတွင် သြဇာ သက်ရောက် နေခြင်းကို ဆော်ဒီနှင့် ဥရောပ မဟာမိတ် အုပ်စုများက တိုက်ဖျက်ရန်၊ အမေရိကန် ခြေလျင်တပ်ဖွဲ့ဝင် များကို အသုံးမပြုဘဲ ဆီးရီးယား နှင့် အီရတ် အစိုးရများ ကို လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်ခွင့်ေ ပးရန်တို့ ဖြစ်ကြောင်း ပြောသည်။

အမေရိကန် ပြည်သူလူထု ကလည်း ISIS စစ်သွေးကြွ များကို ချေမှုန်းရန် အချိန်တန်ပြီ ဆိုသည်ကို သဘောတူ လက်ခံ ကြသော်လည်း သမ္မတ အိုဘားမား ၏လုပ်ရည် ကိုင်ရည်ကိုမူ သံသယ ရှိနေ ကြသည်။ စစ်လက်နက်၊ လူအင်အား၊ ငွေကြေး ပြည့်စုံသည့် ပြောက်ကျား စစ်ဘက်ကို ခြေလျင် တိုက်ခိုက်ရေး တပ်ဖွဲ့များ စေလွှတ်ခြင်း မပြုဘဲ လေကြောင်းမှ တိုက်ခိုက်မည် မှာ မထိရောက် နိုင်ပေ။ ခြေလျင် တိုက်ခိုက်ရေး တပ်ဖွဲ့များကို အမေရိကန် နှင့် မဟာမိတ် များက စေလွှတ်ခြင်း မပြုဘဲ အီရတ် အစိုးရမှ တစ်ဆင့် ရှီယိုက် တပ်ဖွဲ့ဝင် များကို စည်းရုံးကာ တိုက်ခိုက် စေမည် ဆိုလျှင်လည်း လက်ရှိ ISIS ခြေကုပ် ယူထားသော နေရာဒေသ များသည် ဆွန်နီ တိုက်ခိုက်ရေး အဖွဲ့များ၏ ပိုင်နက် ဖြစ်နေပြန် သည်။ ရှီယိုက်ကို ရွံမုန်းစွာဖြင့် ISIS နှင့် ပူးပေါင်း ထားသော ဆွန်နီများကို ရှီယိုက် က တိုက်ခိုက်လျှင် ISIS နှင့်ပါ ရင်ဆိုင်ရမည် ဖြစ်သည့် အတွက် အောင်မြင်မှု မရရှိ နိုင်ပေ။

ဆီးရီးယားတွင် အခြေအနေမှာ ပို၍ပင် ဆိုးရွား နေသေးသည်။ မိမိ တိုင်းသူ ပြည်သားများ အပေါ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက် ခဲ့သည့် သမ္မတ အာဆတ် ကိုလည်းကောင်း၊ ဆီးရီးယားတွင် အကြမ်းဖက် တိုက်ခိုက်နေသည့် ဂျီဟာဒ်များကို လည်းကောင်း ဆီးရီးယား လွတ်မြောက်ရေး တော်လှန်ရေး တပ်ဖွဲ့ဝင် များက နိုင်အောင် တိုက်နိုင်မည် မဟုတ်သည်ကို သမ္မတ အိုဘားမား ကိုယ်တိုင် မကြာခဏ ပြောခဲ့ ဖူးသည်။ အာဆတ်နှင့် မဟာမိတ် ဖွဲ့ရန် မှာလည်း အာဆတ် ကိုယ်၌က စစ်ရာဇဝတ်မှု များ ကျူးလွန် ထားသူတစ်ဦး ဖြစ်နေ ပြန်သည်။

တစ်ဖန် ISIS နှင့် ကာဒစ္စတန် အရေးကြောင့် အီရတ် နှင့် ဆီးရီးယား နယ်စပ် ပစ်မှတ်များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ ရာတွင် အရှေ့ အလယ်ပိုင်း ဒေသ နိုင်ငံများက မနှစ်မြို့ ခဲ့သည့်အပြင် အီရတ် နှင့် ဆီးရီးယား နိုင်ငံတို့ တွင်လည်း အမေရိကန်ကို မလိုလားသော ပြည်သူ အင်အားစု က ကြီးမား နေပြန်သည့် အတွက် လေကြောင်း ထိုးစစ် ဆင်နွှဲမည့် အမေရိကန် နှင့် မဟာမိတ် တို့၏ လုပ်ရပ်ကို ဆီးရီးယား နှင့် အီရတ်ပြည်သူ များကထောက်ခံမည့် အလားအလာ နည်းပါး နေသည်။ တစ်ချိန်တည်း တွင် အမေရိကန် ပြည်သူလူထု ကလည်း သမ္မတ အိုဘားမားအ ပေါ် မေးခွန်းများ ထုတ်နေခြင်းက ISIS ချေမှုန်းရေး စစ်ပွဲတွင် ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်။

အမှန်တကယ် တွင် ISIS သည် အင်အား ကြီးလာသည် မှန်သော်လည်း မျိုးသုဉ်း တိုက်ခိုက်ရေး တွင်သာ ကျွမ်းကျင်ပြီး နိုင်ငံရေး၊ စစ်ရေးနည်း ပရိယာယ်များ မကြွယ်ဝ သကဲ့သို့ နိုင်ငံ တစ်နိုင်ငံကို အမှန်တကယ် အုပ်ချုပ် နိုင်သည့် စွမ်းရည်လည်း မရှိပေ။ အချိန်တို အတွင်း ISIS ထကြွ ကြီးမားလာ နိုင်ခဲ့သည်မှာ အီရတ်နှင့် ဆီးရီးယား နိုင်ငံများ အတွင်း မငြိမ်မသက် ဖြစ်ခဲ့ ခြင်းကြောင့်ပင်။ ISIS ကို စစ်ရေးအရ တိုက်ခိုက်ခြင်း မျှဖြင့် လုံလောက်မည် မဟုတ်ဘဲ အီရတ်နှင့် ဆီးရီးယား နိုင်ငံများတွင် တရားဥပဒေ စိုးမိုးရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို ဆောင်ရွက် နိုင်မည့် အစိုးရသစ်များ အမြန်ဆုံး ရှိလာရန် လိုအပ် နေသည်။ သို့မှသာ နှစ်နိုင်ငံ တည်ငြိမ် အေးချမ်း သွားမည် ဖြစ်ပြီး စစ်သွေးကြွ များထကြွ သောင်းကျန်းရန် အကြောင်းမရှိ ဖြစ်သွားမည် ဟု ကျွမ်းကျင် သူများက သုံးသပ်သည်။

အမေရိကန် ပြည်ထောင်စု နှင့် မဟာမိတ်အဖွဲ့သည် အီရတ် နှင့် ဆီးရီးယား ပြည်သူများ အတွက် တရားသော စစ်ကို ဆင်နွှဲသည် ဆိုခြင်း ထက် မိမိတို့ အကျိုးစီးပွား နှင့် လုံခြုံရေးကို ISIS ကထိပါး လာမည်ကို စိုးရိမ်သည့် အတွက်သာ စစ်ကြေညာ ထားခြင်း ဖစ်သည်။ ISIS ခြေကုပ်ယူ ထားသောအီရတ်နှင့် ဆီးရီးယား နှစ်နိုင်ငံ စစ်ဘက်များက မဟာမိတ် အကူအညီဖြင့် ISIS ကို ချေမှုန်း လိုသော်လည်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များကို မဟာမိတ်များ အလိုကျ ပြုလုပ်လိုစိတ် မရှိ။ တစ်ဖန် အီရတ်နှင့် ဆီးရီးယား အပြင် အရှေ့ အလယ်ပိုင်း ဒေသ တစ်ခုလုံးက ပြည်သူ ပြည်သား များက ဤစစ်ပွဲကို လိုလိုလားလား ထောက်ခံခြင်း မရှိသည့် အပြင် ပြည်တွင်း၌လည်း ဝေဖန် ခံနေရသည့် အမေရိကန် အစိုးရနှင့် မဟာမိတ်များ အဖို့ အကြမ်းဖက် ကွန်ရက်ကို စနစ်တကျ ဖြန့်ကြက် ထားပြီး ပြောက်ကျားစစ် ကို ကျွမ်းကျင်ကာ စစ်လက်နက်၊ နည်းပညာ၊ ငွေကြေး ခိုင်မာ တောင့်တင်းလှပြီး ပဋိပက္ခ ကန့်လန့်ကာ နောက်ကွယ်မှ စိတ်တိုင်းကျ လှုပ်ရှား နေသော ISIS ကို လေကြောင်းမှ တိုက်ခိုက် ချေမှုန်းမည် ဆိုသည်မှာ ပညာရှင်တိုင်း ပြုံးစရာ ဖြစ်နေပြီး ယမန်နေ့က အမေရိကန် ဗိုလ်ချုပ်ကြီး တစ်ဦးက လိုအပ်လျှင် အမေရိကန် ခြေလျင် တပ်ဖွဲ့ဝင် နှင့် စစ်ရေး ကျွမ်းကျင်သူ များကို အီရတ်နိုင်ငံ တွင်းသို့ စေလွှတ်မည်ဟု ပြောလာ သောကြောင့် သမ္မတ အိုဘားမား တွင် ISIS ချေမှုန်းရေး နှင့်စပ်လျဉ်း ၍ လျှို့ဝှက် ဗျူဟာများရှိနေနိုင်မည် လားဟုသာ အများက မျှော်လင့် နေကြသည်။
From: PyiChitThar

0 comments:

Post a Comment