စီရော်နယ်ဒို ရွှေဘောလုံးဆုထပ်ရရန်သေချာဟု အန်စလော့တီပြော


လာလီဂါနောက်ဆုံးလေးပွဲတွင် ဟက်ထရစ် သုံးကြိမ်ရထားသော စီရော်နယ်ဒိုအနေဖြင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ထပ်မံ ထိန်းသိမ်းနိုင်မည်ဟု ရီးယဲ လ်မက်ဒရစ်နည်းပြ အန်စလော့တီက ယုံကြည်နေသည်။
တနင်္ဂနွေက ဘီလ်ဘာအိုကို ၅-၀ ဂိုးဖြင့်အနိုင်ရသောပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သောကြောင့် စီရော်နယ်ဒို၏ လက်ရှိရာသီ လာလီဂါသွင်းဂိုးမှာ ၁၃ ဂိုးအထိရှိ သွားခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ် အောင်မြင်မှု ရယူနိုင် ခဲ့ရာတွင် အသင်းအတွက် အဓိက ကစားသမား အဖြစ်ခြေ စွမ်းပြခဲ့သော ကြောင့်လည်း ယခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုကို အသက် ၂၉ နှစ်အရွယ်ရှိ စီရော်နယ်ဒိုပင် ဆက်လက် ရယူသွားနိုင်ဦးမည်ဟု အန်စလော့တီက မျှော်လင့်နေသည်။

"ဒီနှစ်မှာလည်း စီရော်နယ်ဒိုပဲ ရွှေဘောလုံးဆုရသွားဦးမယ်ဆိုတာ သံသယရှိ စရာမလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘီလ်ဘာအိုနဲ့ပွဲမှာသွင်းယူတဲ့ကျွန်တော်တို့ တိုက်စစ်မှူးရဲ့ ဂိုးသုံးဂိုးလုံးက အံ့မခန်းပါပဲ။ စီရော်နယ်ဒို နဲ့ ဘင်ဇီမာတို့ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးပေးခဲ့တဲ့ဂါရတ်ဘေးလ်ကလည်း အတော်လေးကြိုးစားခဲ့ပါတယ်။

အသင်းလိုက်ကစားဖို့က မရှိမဖြစ် အရေးကြီးဆုံးပါပဲ။ ကွင်းလယ်ကလည်း ကစားပုံကောင်းခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်တို့ရဲ့အကောင်းဆုံးပွဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ထက် အမှတ် တွေလည်းပိုရထားပါတယ်။ ကျွန်တော်တို့အခုလိုအပ်တာက ဒီပုံစံအတိုင်းခရီးဆက်ဖို့ပါပဲ။ တည်ကန်ဘောတွေကိုပိုအာရုံစိုက်ပြီး ဂိုးမပေးရ အောင် လုပ်ဖို့ပါပဲ။ အားလုံးကောင်းသွားပါလိမ့်မယ်"ဟု အန်စလော့တီက အေအက်စ်သတင်းစာသို့ပြောသည်။

ဘာနေဗျူးတွင်ကစားခဲ့သော ပွဲချိန်ပထမပိုင်းတွင် ဒဏ်ရာကြောင့်လူစားလဲလိုက်ရသောရာမို့စ်အနေဖြင့် နိုင်ငံတကာပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်းအန်စလော့ တီက ၀န်ခံခဲ့သည်။ နောက်ခံလူ ရာမို့စ်သည် ညာဘက်ခြေသလုံးတွင်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း၊ သက်သာပုံမရဘဲ ပြင်းထန်မှုမရှိရန်သာ မျှော်လင့်ရ မည်ဖြစ် ကြောင်း၊ စစ်ဆေးမှုများပြုလုပ်ပြီးမှ နိုင်ငံတကာပွဲအတွက် စဉ်းစားရမည်ဖြစ် ကြောင်း အန်စလော့တီက ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

ကားမောင်းရင်း ဖုန်းပြောသူများကို လိုက်ဖမ်းသည့် စေတနာ့ ၀န်ထမ်း

ကားမောင်းရင်း ဖုန်းပြောသူများ အတွက် ယာဉ်အသွားအလာ ရှင်းချိန်ပင် ဖြစ်စေ၊ ရှုပ်ထွေးသော ယာဉ်ကြော အတွင်းမှာပင် ဖြစ်စေ အန္တရာယ်နှင့် ရင်ဆိုင်တွေ့  နိုင်ခြေသည် နီးကပ်လွန်းစွာ ရှိနေသည်။



ထိုသို့ အန္တရာယ်ကို အသိတရား မဲ့စွာ စိန်ခေါ်နေ သကဲ့သို့ ရှိကြသည့် ယာဉ်စည်းကမ်း မလိုက်နာသော ကားမောင်းရင်း ဖုန်းပြောသူ များကို ယာဉ်ထိန်းရဲ တို့ လက်ပူး လက်ကြပ် တွေ့ ရှိရန်လည်း ခက်ခဲသောကြောင့် အလွယ်တကူပင် စည်းကမ်းကို ချိုးဖောက် တတ်ကြသည်။

ယင်းကဲ့သို့ စည်းကမ်း မလိုက်နာသူ များကို စေတနာ့ ဝန်ထမ်း စိတ်ဓာတ်နှင့် စက်ဘီး တစ်စီးဖြင့် လိုက်လံကာ ကင်မရာဖြင့် မှတ်တမ်းတင် နေသူ ဒေ့ဗ်ရှာရီ ဆိုသူကြောင့် ယာဉ်ထိန်းရဲများ အတွက် တစ်တပ်တစ်အား အကူအညီ ရလျှက် ရှိသည်။

အင်္ဂလန် နိုင်ငံ လန်ဒန်မြို့မှ အသက် ၃၅ နှစ်ရှိ ဒေ့ဗ်ဆိုသူသည် စက်ဘီးစီး ဦးထုပ်တွင် တွဲလျက် တပ်ဆင်ထားသည့် ကင်မရာဖြင့် ၎င်းနေထိုင်ရာ လန်ဒန်အရှေ့  ပိုင်း အက်ဆက် အရပ်တွင် ယာဉ်အသွားအလာ များပြားချိန် လိုက်လံရိုက်ကူး မှတ်တမ်း တင်ခြင်း ဖြစ်သည်။

ကားမောင်းရင်း ဖုန်းပြောသူ များကို ဦးထုပ် ကင်မရာဖြင့် ရိုက်ကူး မှတ်တမ်းတင် ထားသည်ကို ယာဉ်ထိန်းရဲ ဌာနသို့ ပေးပို့ ခြင်း ဖြစ်သည်။ ထိုသို့ ဒေ့ဗ်က စေတနာ့ ဝန်ထမ်း အကူအညီ ပေးနေသည်မှာ နှစ်နှစ်ကျော် ကြာမျှ ရှိနေပြီး ဒေ့ဗ် ပေးပို့ သည့် ဗီဒီယို မှတ်တမ်းကြောင့် စည်းကမ်း ဖောက်ဖျက် ကျုးလွန်သူ ၆၀ ကျော်ထက် မနည်းကို ယာဉ်ထိန်း အဖွဲ့ က ဒဏ်ငွေရိုက် ခြင်းများ၊ လိုင်စင် ဖြတ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့သည်။

ဒေ့ဗ်က ထိုကဲ့သို့ ဆောက်ရွက် လာရခြင်း၏ အကြောင်းရင်းမှာ သူ့ နှင့် သူ၏ သားငယ်တို့ လမ်းလျှောက် လာစဉ် ဖုန်းပြော၍ ကားမောင်းသူ တစ်ဦးကြောင့် ကားတိုက် မိမလို ဖြစ်ခဲ့သည်။ ထိုသို့ ဖြစ်ပြီး ရက်အနည်းငယ် အတွင်း မှာပင် နောက်ထပ် ဖုန်းပြောရင်း ကားမောင်းသူ တစ်ဦးကြောင့် ဒေ့ဗ်ကို တိုက်မိမလို ဖြစ်၍ ခုန်ရှောင် ခဲ့ရသည်။ ယင်းနောက်တွင် ကားမောင်းရင်း ဖုန်းပြောသူ များကြောင့် ယာဉ်မတော်တဆ မှုများ ဖြစ်နိုင်ခြေ များပြီး လမ်းသွားလမ်းလာ များအတွက် အလွန်ပင် အန္တရာယ် များလှကြောင်း ဒေ့ဗ်က သတိပြုမိ ခဲ့သည်။ ယင်းအား တိုက်မိမည် ကဲ့သို့ ဖြစ်ခဲ့သည့် ကားသမားကို ရဲတိုင်ခဲ့သော်လည်း သက်သေ မပြနိုင် သောကြောင့် အလုပ်မဖြစ် ခဲ့ပေ။

“ကျွန်တော် အဲဒီ ကားမောင်းသမားရဲ့ ကားနံပါတ်ပြားကို ဖြုတ်ယူ လိုက်ပြီး ရဲခေါ် တာပေါ့။ ရဲရောက် လာတော့ ကာမောင်းရင်း ဖုန်းပြောလို့ ခုလို ဖြစ် ရကြောင်း ပြောပြ တိုင်တော့ အဲဒီလူက ဗြောင်ငြင်း သွားတယ်။ ကျွန်တော်လည်း ဘာမှ မတတ်နိုင် ဘူးပေါ့။ ဒါကြောင့် ကျွန်တော် ခုလိုမျိုး ကားမောင်းရင်း ဖုန်းပြောသူ တွေကို လက်ပူးလက်ကြပ် မှတ်တမ်းတင် နေတာပဲ ဖြစ်ပါတယ်”ဟု ဒေ့ဗ်က ပြောခဲ့သည်။

Ref: Daily Mail
by Mizzima News

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး သုတေသနဆပ်ကော်မတီဖွဲ့စည်းပြီး ထပ်မံရှာဖွေမည်


ဓမ္မစေ တီခေါင်းလောင်း ဆက်လက်ရှာဖွေမှု အတွက် သုတေသနပြုရေးဆပ်ကော် မတီတစ်ခုကို ယခုလအတွင်းဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ဦးဝင်းမြင့်(ရွှေ အုန်းပင်စားသောက်ဆိုင်)က ပြော သည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေ မှုကို မစတင်မီ ခေါင်းလောင်းရှိနိုင် သည့်နေရာကို သေချာစွာသိရှိနိုင်ရန် သုတေသပြုရေးဆပ်ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း အောက်တို ဘာ ၅ရက်တွင်ပြုလုပ်သော မွန်ဓမ္မ စေတီခေါင်းလောင်းဆယ်ယူနိုင်ရေး ဆွေးနွေးပွဲတွင် ယင်းကပြောကြားခဲ့ သည်။

''ခေါင်းလောင်းရှာဖွေဖို့အတွက် အရင်သုတေသနလုပ်မယ်။ ခေါင်း လောင်းက ရှိတာတော့ ရှိထားပြီးပြီ။ ပိုသေချာအောင်ပေါ့။ နိုင်ငံတော်ကို တင်တဲ့နေရာမှာလဲ တိကျ မှန်ကန် တာဖြစ်စေချင်တယ်။ လွဲချော်မှုတွေ မဖြစ်စေချင်တော့ဘူး''ဟု ဦးဝင်းမြင့် က ပြောသည်။

ယင်းသုတေသနအဖွဲ့တွင် နိုင် ငံတကာမှ ပညာရှင်များနှင့် ပြည် တွင်းမှပညာရှင်များ ပါဝင်မည်ဖြစ် ပြီး ဦးဝင်းမြင့်နှင့်အတူ မွန်တိုင်းရင်း သားများကလည်း ပူးပေါင်းပါဝင်ကာ ခေါင်းလောင်းရှာဖွေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
''ခေါင်းလောင်းရဲ့ နောက်ဆုံး အခြေအနေမှန်ကို စနစ်တကျဖော် ထုတ် သုတေသနပြုပြီး ရလဒ်တွေ အပေါ်ကိုအခြေခံပြီး သိပ္ပံနည်းကျ ရှာဖွေဆယ်ယူခြင်းကို လုပ်သင့်ပါ တယ်''ဟု မွန်သမိုင်းသုတေသနအ သင်းမှ အတွင်းရေးမှူး ဦးနိုင်ရဲဇော် က ပြောသည်။

တိကျသည့် သုတေသနပြုချက် များအရ ခေါင်းလောင်းမရှိနိုင်တော့ ဆိုသည့်အဖြေထွက်လာပါက ရှာဖွေ မှုကို ရပ်ဆိုင်းသင့်ကြောင်းနှင့် မည် သည့်နေရာတွင်ရှိနိုင်သေးသည်ဆို ပါက နိုင်ငံတော်သို့ခွင့်ပြုမိန့်တောင်း ခြင်း၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ဆယ်ယူရေး အသေးစိတ်စီမံချက်ရေး ဆွဲခြင်း၊ ခေါင်းလောင်းနေရာအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်သင့် ကြောင်း ဦးနိုင်ရဲဇော်က အကြံပြုပြော ကြားခဲ့သည်။

ခေါင်းလောင်းရှာဖွေခြင်းနှင့် ပတ်သက်၍ ဦးစံလင်း၏ရှာဖွေမှုမှာ အောင်မြင်ခြင်းမရှိခဲ့ဘဲ တွေ့ရှိပြီဟု သတင်းထုတ်ပြန်ခြင်းကို ဦးဝင်းမြင့် က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ပြီး ဦးစံလင်းက ထိုကိစ္စ နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြော ကြားခြင်းမရှိကြောင်းလည်း သိရ သည်။

ယင်းနှင့်ပတ်သက်၍ ဦးစံလင်း ထံသို့ ဆက်သွယ်မေးမြန်းရာတွင် ''ခေါင်းလောင်းရှာဖွေတာနဲ့ ပတ် သက်ပြီး အခုဘာမှမပြောချင်ပါဘူး'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေး မှုကော်မတီ(ရန်ကုန်)မှ ကမကထပြု ၍ ဦးဝင်းမြင့်ဦးဆောင်မှုဖြင့် မွန်ဓမ္မ စေတီခေါင်းလောင်း ဆယ်ယူနိုင်ရေး ဆွေးနွေးပွဲတစ်ခုကို အောက်တိုဘာ ၅ရက်တွင် ရွှေတိဂုံဘုရားလမ်းရှိ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ခေါင်းလောင်းရှာဖွေမှုအတွက် သုတေသနပြုရေးဆပ်ကော်မတီကို ဖွဲ့စည်းရန်အတွက် ယခုလအတွင်း မွန်တိုင်းရင်းသားများနှင့် ဒုတိယအ ကြိမ်ဆွေးနွေးပွဲတစ်ခု ထပ်မံကျင်းပ သွားမည်ဖြစ်သည်။
Yangon Media Group

အင်္ဂလန်နိုင်ငံ World Finance အဖွဲ့အစည်းက ကမ္ဘောဇဘဏ် လီမိတက်အား ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးဘဏ် လုပ်ငန်းဆုများ ချီးမြှင့်

အင်္ဂလန်နိုင်ငံ လန်ဒန် အခြေစိုက် World Finance အဖွဲ့အစည်းက ၂ဝ၁၄ ခုနှစ် အတွက် Best Banking Group in Myanmar 2014 နှင့် Best Commercial Bank in Myanmar 2014 ဆုများကို ကမ္ဘောဇဘဏ်
လီမိတက် အား လည်းကောင်း၊ ကမ္ဘာ့တိုက်ကြီး ၇ တိုက်အနက် အာရှတိုက် တစ်ခုလုံး အတွက် Banker of the Year in Asia 2014 ဆု (ပုံ)ကို မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား လည်းကောင်း ချီးမြှင့် လိုက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။


ယင်း ထုတ်ပြန်ချက်တွင် ကမ္ဘောဇဘဏ် လီမိတက် အား Best Banking Group in Myanmar 2014 ဆုချီးမြှင့် ရခြင်းနှင့် စပ်လျဉ်း၍ အတိုချုပ် ဖော်ပြရာတွင် ''ကမ္ဘောဇဘဏ် လီမိတက်သည် ပြည်သူလူထု အပေါ် အကောင်းဆုံး ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များအား နိုင်ငံဒေသ အနှံ့အပြားတွင် ဘဏ်ခွဲများစွာ ဖွင့်လှစ်ပြီး ဆောင်ရွက် ပေးနိုင်ခြင်း၊ ပြည်သူလူထု ၏ ယုံကြည် စိတ်ချရဆုံး နှင့် အခိုင်မာဆုံး ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ ငွေကြေး ကဏ္ဍတွင် ခေတ်မီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များဖြင့် ဈေးကွက် ဝေစု အများဆုံး ရရှိသည့် ဦးဆောင်ဘဏ် ဖြစ်ခြင်းနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကို အကောင်းဆုံး ဆောင်ရွက် ပေးနိုင်ခြင်း'' စသည် တို့ကြောင့် လည်းကောင်း၊ Best Commercial Bank in Myanmar 2014 ဆုချီးမြှင့် ရခြင်းနှင့် စပ်လျဉ်း၍ ''ကမ္ဘောဇဘဏ် လီမိတက် ဝန်ထမ်းများ၏ စုပေါင်း ညီညွတ် စွာဖြင့် အကောင်းဆုံး ဝန်ဆောင် ပေးနိုင်မှု၊ ရိုးသား ဖြောင့်မတ်မှု၊ ခေတ်မီ နည်းပညာများ အသုံးပြု၍ ဝန်ဆောင် ပေးနိုင်မှု၊ Customer များအပေါ် အထူး အလေးထားမှု၊ အုပ်ချုပ်မှု ကောင်းမွန်ခြင်း နှင့် စွဲမြဲ ခိုင်မာမှု၊ မြန်မာနိုင်ငံ ရှိ ဘဏ်လုပ်ငန်း ကဏ္ဍတွင် အင်အား စုဖွဲ့မှု အကြီးမားဆုံး ဖြစ်ပြီး နိုင်ငံ တစ်ဝန်းလုံး တွင် ဦးဆောင်ဘဏ် အဖြစ် ရပ်တည် ဆောင်ရွက် နိုင်မှု'' စသည် တို့ကြောင့် လည်းကောင်း ဖော်ပြ ထားသည်။


ကမ္ဘောဇဘဏ် လီမိတက် သည် မြန်မာ နိုင်ငံ နေရာဒေသ အနှံ့အပြား တွင် ဘဏ်ခွဲ ပေါင်း ၂၈ဝ ကျော် အောင်မြင်စွာ ဖွင့်လှစ် ခဲ့ပြီး ဝန်ထမ်းအင်အား ၁၂ဝဝဝ ကျော်ဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို နေ့စဉ် ဆောင်ရွက် ပေးလျက်ရှိကာ ယခုနှစ် အတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြား ၌ ဘဏ်ခွဲပေါင်း ၄ဝဝ အထိ တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ် ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

Themyawadydaily

Galaxy Note 4 အောက်တိုဘာ တတိယပတ်တွင် စတင်ရောင်းမည်



ဆမ်ဆောင်း၏ ထုတ်ကုန်သစ် တစ်ခုဖြစ်သော Galaxy Note 4ကို အောက်တိုဘာလတတိယပတ်အတွင်း ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည်ဟု ဆမ်ဆောင်းမြန်မာရုံးခွဲမှ သတင်းရရှိသည်။

‘‘အောက်တိုဘာ တတိယ ပတ်လောက်မှာ ပြည်တွင်းကို ရောက်ဖို့ရှိပါတယ်။ စပြီးရောင်း တဲ့အချိန်မှာ အထူးအစီအစဉ် တွေနဲ့လည်း ပြုလုပ်ပေးသွားဖို့ ရှိပါတယ်’’ဟု ဆမ်ဆောင်းမြန်မာ မှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက် ကပြောသည်။

Galaxy Note 4 ကို ပြည် တွင်း၌ ကျပ် ခုနစ်သိန်းကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေး နှုန်းအတိအကျကိုမူ မကြာမီ သတ်မှတ်ပေးမည်ဟု ဆိုသည်။


‘‘Note စီးရီးတွေဟာ နည်း ပညာနယ်ပယ်ထဲမှာ တီထွင်ဆန်း သစ်မှုတွေရဲ့ နမိတ်တစ်ခုဖြစ် ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ မျက် နှာပြင်နဲ့ Smart Pen နည်းပညာ ဟာ စမတ်ဖုန်းယဉ်ကျေးမှုရဲ့ အ ဆင့်အတန်းတစ်ခုကို စတင်မိတ် ဆက်လိုက်တာဖြစ်ပါတယ်’’ဟု ဆမ်ဆောင်းအီလက်ထရွန်နစ်မန်နေဂျင်းဒါရိုက်တာ မစ္စတာ နမ်ဆမ်အန်ကပြောသည်။

ဆမ်ဆောင်းက ထုတ်လုပ် သည့် Galaxy Note စီးရီးစမတ် ဖုန်းများသည် မျက်နှာပြင်ကြီးမား ပြီး စွမ်းဆောင်ရည်ကောင်းမွန်၍နိုင်ငံတကာမိုဘိုင်း ဈေးကွက်၌ ရောင်းအားကောင်းသော ထိပ်တန်းစမတ်ဖုန်းအမျိုးအစားများဖြစ်ပြီး ယခုအသစ်ထုတ်လုပ်လိုက်သည့် Galaxy Note 4 စမတ်ဖုန်းတွင်လည်း နည်းပညာနှင့် လုပ်ဆောင်ချက် အသစ်များ ထည့်သွင်းပေးထားသည်။
7 Day

နာမည်ကြီး အမျိုးသမီးများ၏ ၀တ်လစ်စားလစ် ဓာတ်ပုံများကို ဂူးဂဲလ် ပယ်ဖျက်

အမည်မသိ ဟက်ကာ တစ်စုက နာမည်ကြီး အမျိုးသမီး အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ကို ခိုးယူပြီး အင်တာနက်ပေါ် တင်ခဲ့ရာ Google Search Engine ၏ အကူအညီဖြင့် အဆိုပါ ဓာတ်ပုံများ ကို လူအများက အလွယ်တကူ ကြည့်ရှု နိုင်ခဲ့သောကြောင့် ယင်း ဓာတ်ပုံများကို ပယ်ဖျက်ပေးရန် မင်းသမီးများ ၏ ရှေ့နေ များမှ တောင်းဆို လာသဖြင့် Google က နာရီပိုင်းအတွင်း အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟောလိဝုဒ် ဖျော်ဖြေရေး ရှေ့နေ Marty Singer က မင်းသမီးများ ၏ ဓာတ်ပုံများ ပေါက်ကြားမှု နှင့် ပတ်သက်၍ Google ကို ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်ရောက် စွက်ဖက်မှုဖြင့် တရားစွဲဆိုရန် စာရွက်စာတမ်း များပြသကာ ခြိမ်းခြောက် ခဲ့သည်။

Marty Singer ၏ စာရွက်စာတမ်း ထဲတွင် လူအများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို စွက်ဖက်ကာ ဓာတ်ပုံများ ခိုးယူသည့် တဏှာရူး များ၏ ရွံမုန်းစရာ ကောင်းသော လုပ်ရပ်များ က Google ပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ် နေသော်လည်း Google က ဓာတ်ပုံများကို ဖယ်ရှားရန် နှောင့်နှေး ခဲ့ရုံသာမက တာဝန် ကျေပွန်ခြင်း လည်း မရှိခဲ့ကြောင်း၊ Google က ဟက်ကာများ တရားမဝင် ခိုးယူထားသည့် အနုပညာရှင် များ၏ ဓာတ်ပုံ နှင့် ဗီဒီယိုများကို သိလျက်နှင့် နေရာ ပေးထား သောကြောင့် ပုံ အခိုးခံရသော အမျိုးသမီး သရုပ်ဆောင်များ နှင့် အဆိုတော်များက Google ကို တရား စွဲဆိုခြင်းများ ပြုလုပ် သွားရလိမ့်မည် ဖြစ်ကြောင်း Mirty Singer က ရေးသား ထားသည်။

မင်းသမီးများ ၏ေ ရှ့နေများက အင်တာနက် ပေါ်တွင် ပေါက်ကြား နေသော ဓာတ်ပုံများကို Google အနေဖြင့် ဖျက်ဆီးပေးရန် တောင်းဆိုချက် ကြောင့် Google က နာရီပိုင်း အတွင်း ဖျက်ပေး ခဲ့သည်။

Google က ၄င်းတို့၏ အပြောင်းအလဲမှာ နာရီပိုင်းအတွင်း ဖြစ်နိုင်ကြောင်း၊ အခြား အွန်လိုင်း ဝန်ဆောင်မှုများ ကဲ့သို့ Google ကလည်း ပရိသတ် များ၏ အကြောင်း ကြားခြင်းကို မှတ်တမ်းယူကာ အရေးယူ လုပ်ဆောင် ရကြောင်း ပြောပြသည်။

ဟက်ကာ များသည် ရာနှင့်ချီသော နာမည်ကြီး အမျိုးသမီး အနုပညာရှင် တို့၏ ကိုယ်ပိုင် အချိန်တွင် ရိုက်ကူး ထားသည့် ဓာတ်ပုံများ၊ ဝတ်လစ်စားလစ် ဓာတ်ပုံများ၊ အပျော်ရိုက်ကူး ထားသည့် ဓာတ်ပုံများကို ခိုးယူကာ 4Chan နှင့် အခြား ဝက်ဘ်ဆိုဒ် များပေါ်တွင် တင်ခဲ့သည်။

ထို့ပြင် အနုပညာရှင် တို့၏ ဓာတ်ပုံ အမြောက်အမြား ကို နှစ်သုတ်ခွဲ၍ အင်တာနက်ပေါ် တင်ခဲ့ပြီး ဖြစ်ကာ Harry Potter မင်းသမီး Emma Watson အပါအဝင် အခြား အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပါဝင်သည့် ဓာတ်ပုံတစ်စု ကိုလည်း ဆက်လက် ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

PyiChitThar

နိုင်ငံပေါင်း ၂၄ နိုင်ငံကို e-Visa စနစ် ထပ်မံခွင့်ပြု

စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။

လက်ရှိတွင် လာအို ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှား တို့သည် မြန်မာနိုင်ငံ နှင့် ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန် ရရှိထားသော နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ သြဂုတ်လကုန် အထိ နှစ်သန်း နီးပါးရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ဧည့်သည် အ၀င် သုံးသန်းကျော် ၀င်ရောက် မည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။

Themyawadydaily

ဟောင်ကောင်ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲကြားက ချစ်ရေးဆိုမှု



ဟောင်ကောင်ကျွန်းပေါ်မှာ ဒီမိုကရေစီ လှိုင်းတံပိုးတွေကြားထဲက ထူးခြားတဲ့ နှလုံးသားရေး ကိစ္စ တခုပါ။ 
လူပေါင်း သောင်းနဲ့ချီတဲ့ ဟောင်ကောင် ဒီမိုကရေစီ ဆန္ဒပြပွဲကြီးမှာ လူငယ် စုံတွဲတတွဲလည်း ပူးပေါင်းပါ ဝင်ခဲ့ တာ မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ဆန္ဒပြ လူအုပ်ကြားထဲမှာ ထူးခြားတဲ့ အခြေအနေတခုကို လူငယ် အမျိုးသားလေးက ဖန်တီး ရ ယူလိုက်ပုံက ကမ္ဘာ့သတင်းတွေမှာ တအံ့တသြဖြစ်သွားရတာပါ။ 

အသက် ၂၂ အရွယ် မစ္စတာ Yau Chi Hang ဟာ သူ့ချစ်သူ အသက် ၂၁ နှစ်အရွယ် Crystal Chan ရဲ့ ရှေ့ ဒူးထောက် ထိုင် ချကာ ချစ်သူမိန်းကလေးထံ လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ 

ဒီမိုကရေစီ လိုလားဆန္ဒပြသူများရဲ့ အလယ် လူငယ် လေးရဲ့ ချစ်သူထံ လက်ထပ်ခွင့်တောင်းဆိုပြီး မိုးကာ အိင်္ကျီ ဝတ်ထားတဲ့ သူ့ချစ်သူ ခရစ္စတယ်ချန်းက လက်ခံလိုက်တဲ့ အခါ လူအများကြားမှာပဲ တဦးကို တဦး ပွေ့ဖက်ကာ အနမ်းမိုးတွေ ရွာသွန်းခဲ့ပါတယ်။ 
ဘေးပတ်ဝန်းကျင်က ဒီမိုကရေစီ ဆန္ဒပြသူတွေကလည်း ကင်မရာတဖြတ်ဖြတ်၊ ဖုန်းတွေ တဝေ့ဝေ့နဲ့ သူတို့ရဲ့ ထူးခြားတဲ့ ချစ်ရေးဆိုမှုကို အားပေးထောက်ခံသံတွေ ဆူညံသွားတယ်လို့ သစထရိတ်တိုင်းမ် သတင်းက ဖော်ပြပါတယ်။ 

ပြီးတော့ သူတို့ စုံတွဲဟာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဆင်းပေး ဆင်းပေး လို့ အော်ဟစ်ခဲ့ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပူးပေါင်းလှုပ်ရှားမှုကြီး အောင်မြင်ရမည် လို့ ကြွေးကြော်တဲ့အကြောင်း သတင်းတွေက ဆိုပါ တယ်။ 

နောက်ပြီး အဲဒီ စုံတွဲဟာ သူတို့ရဲ့ နောင်မျိုးဆက်သစ်တွေလက်ထက်မှာ ဒီလို လမ်းမတွေပိတ်ကာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးမျိုး မရှိ၊ မကြုံစေရဘူးလို့လည်း ပြောသွားကြပါသတဲ့။ 
ဧရာဝတီ

‘‘ကလေးတွေကို အခမဲ့အချိန်ပို သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာရီ၊ ကျွန်တော်က ၆ နာရီခွဲကစပြီး သင်ပေးတယ်’’ ဆရာဦးသန်းလှိုင်နှင့် တွေ့ဆုံခြင်း


၂၀၁၄ ခုနှစ် အောက်တိုဘာ ၅ ရက်သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။ ထိုနေ့အခမ်းအနားတွင်လည်း နာငါးနာနှင့် ပြည့်စုံမှုတို့ကြောင့် နိုင်ငံတော်မှ လူမှုထူးချွန်ဆု ချီးမြှင့်အပ်နှင်းခြင်း ခံရသူ ဆရာသုံးဦးပေါ်ထွက်လာခဲ့ရာ ဆရာဦးသန်းလှိုင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။ ဆရာဦးသန်းလှိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်ရင်း မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြောင်းရွှေ့ချိန်တွင်၎င်း၏ တပည့်များသာမက ကျောင်းသားမိဘများကပါ လာရောက်နှုတ်ဆက်ကြရင်း ဆရာတစ်ယောက်ဆုံးရှုံးမှုကို ခံစားရသော တပည့်များနှင့် မိဘများ၏ နှုတ်ဆက်ဝမ်းနည်းငိုကြွေးမှုဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့်ပျံ့နှံ့သွားခဲ့ရာမှ ထင်ရှားလာခဲ့သူဖြစ်ပါသည်။
ဆရာဦးသန်းလှိုင်နှင့် တွေ့ ဆုံခိုက်မေးမြန်းဖြစ်ခဲ့သည်များကို 7Day Daily ပရိသတ်များထံ ပြန်လည်မျှဝေလိုက်ရပါသည်။
ကမ္ဘာ့ဆရာများနေ့မှာ အခုလိုလူ မှုထူးချွန်ဆုချီးမြှင့်ခြင်းခံရတဲ့အ တွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြောပြပေးပါဆရာ။
ကျွန်တော့်ရဲ့ မေတ္တာ၊ စေတ နာနဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်တော့်အတွက် မှန်ပမာရောင် ပြန်ဟပ်တယ်လို့ ခံစားရပါတယ်။ ကမ္ဘာ့ဆရာများနေ့မှာ တွေ့ရတဲ့ ဆရာကြီးတွေကို စံနမူနာယူပြီး တိုးတက်အောင် လုပ်ဆောင် သွားပါ့မယ်။ ကျွန်တော်နဲ့ ဘ၀ တူဆရာများကိုလည်း ဒီလိုလုပ် ဆောင်ပြီး ဆုတွေ၊ အောင်မြင်မှု တွေရစေချင်ပါတယ်။
အခုတစ်လောဆရာ့အကြောင်း တွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် မှာ တော်တော်တွေ့ရတယ်။ ဆရာ့ကို ၀ိုင်းပြီး ဂုဏ်ပြုအမွှမ်း တင်ကြတယ်။ အဲဒီအပေါ်မှာ ဆရာဘာများပြောချင်ပါသလဲ။
ကျွန်တော်ကျောင်းဆရာ စ ဖြစ်တာကတော့ ၁၉၉၂ ခုနှစ်က ပါ။ ဆရာစဖြစ်တဲ့ အချိန်ကစပြီး အရင်းခံကတော့ မေတ္တာတရား ပေါ့နော်။ စာအုပ်စာပေတွေ စဖတ်ခဲ့ပါတယ်။ ကျောင်းသုံး ကျောင်းမှာ တာဝန်ထမ်းဆောင် တော့ အရင်ဆုံးတာဝန်ထမ်း ဆောင်ခဲ့တာက စစ်ကိုင်းတိုင်း ဒေသကြီး ပင်လယ်ဘူးမြို့နယ် အလကတောင်တောမှာ မူလ တန်းကျောင်းဆရာပေါ့နော်။ အဲဒီ မှာစပြီး စာသင်ခဲ့ရပါတယ်။ တောင်တောကျောင်းက ကျွန် တော့်ရဲ့ တပည့်တွေကလည်း ကျွန်တော့်ရဲ့ မေတ္တာဖြင့် သင် ကြားပို့ချပေးခဲ့မှုကြောင့် ကျောင်း ပြောင်း နှုတ်ဆက်တဲ့အချိန်မှာ လည်း ခုလိုပဲ ငိုကြွေးနှုတ်ဆက်မှု တွေ့ကြုံခဲ့ရပါတယ်။ နောက် တစ်ကျောင်းကတော့ ချောင်းဦး မြို့နယ် အမက ဗုံတိုဆိုတဲ့ ကျောင်းလေးကို ကျွန်တော် ရောက်ခဲ့ပါတယ်။ အဲဒီကျောင်း လေးကိုလည်း တကယ့်ကို ကျွန် တော့်ရဲ့ အိမ်လေးပမာသဘော ထားပြီး ပြုစုပျိုးထောင်ခဲ့ပါ တယ်။ တပည့်တွေကိုလည်း မေ တ္တာတရားရှေ့ထားကာ သင် ကြားပေးခဲ့ပါတယ်။ နောက် ရောက်ခဲ့တာကတော့ အမက ဆူး လေကုန်းပါ။ အလယ်တန်းပြ ဆရာအနေနဲ့ ရောက်ခဲ့ပါတယ်။
ကလေးတွေကို ပညာရေးအနေနဲ့ အခမဲ့အပိုချိန် သင်ကြားပေးခဲ့တာ တွေလည်းရှိတယ်လို့သိရတယ်။ အဲဒီအကြောင်းလေး ပြောပြာပေး ပါဦးဆရာ။
ရွာမှာရှိတဲ့ လူမှုရေးအသင်း လေးနဲ့ ကျွန်တော်တော်တော် လေးကို ပါဝင်လုပ်ဆောင်ခဲ့သလို အဲဒီရွာမှာ ကလေးတွေကို အခမဲ့ အပိုချိန်သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာ ရီ။ ကျွန်တော်က မနက်မိုးလင်း ၆ နာရီခွဲကစပြီး သင်ပေးတယ်။ ကလေးတွေက ဝေလီဝေလင်းဆို တာနဲ့ ရောက်လာပါတယ်။ ဘယ် အတန်းလာလာ လာတဲ့ ကလေး ကို သင်ပေးပါတယ်။ ညနေ ၃ နာရီခွဲ ကျောင်းဆင်းတဲ့အခါ တစ်နာရီအနားပေးတယ်။ ကလေး တွေ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ ပါ။ အားကစားလုပ်ခိုင်းတယ်။ ညနေ ၄ နာရီခွဲမှာ မူလတန်း အထက်ဆင့် သုံးတန်းနဲ့ လေးတန်းကို စာသင်ပေးပါတယ်။ ညနေ ထမင်းစားချိန်ဆို ရွာက လာပို့ပေး တယ်။ ညမှာ ၆နာရီခွဲ၊ ၇နာရီက နေ ၉နာရီအထိ ရွာကမီးပေး တယ်။ မီးပေးတဲ့အချိန် မူလတန်း အထက်ဆင့်၊ အလယ်တန်းနဲ့ အထက်တန်းအားလုံးကို စာဖတ် ၀ိုင်းလေးလုပ်ပေးတယ်။ အဲဒီ စာဖတ်ဝိုင်းလေးလည်း အောင် မြင်ခဲ့ပါတယ်။
ဆရာ့အနေနဲ့ တခြားဘာများပြော ချင်ပါလဲ။
ဆရာဆိုတာ မေတ္တာရှင်၊ အကြင်နာ၊ မုဒိတာရှင်၊ စေတနာ ရှင်၊ ၀ါသနာရှင်ဆိုတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် တိုးတက် လာမှာပါ။ ကျွန်တော်နဲ့ ဘ၀တူ ဆရာ၊ ဆရာမများအနေနဲ့ ကိုယ် တာဝန်ကျရာ ဒေသမှာ အားတက်သရောဆောင်ရွက်ကြမယ်။ ကျောင်းသားတွေ၊ မိဘတွေကို နွေးထွေးတဲ့ မေတ္တာတွေ ပေးမယ် ဆိုရင် မေတ္တာတရားရှေ့ထားပြီး သင်ကြားပေးမယ်ဆိုရင် အောင် မြင်မှာ လက်ခတ်မလွဲပါပဲ။

ဆရာဦးသန်းလှိုင် (ဓာတ်ပုံ − မင်းသားလေး)

7Day Daily

ဆယ်ကျော်သက် ပျိုမေတို့ အတွက် အလှအပ ထိန်းသိမ်းနည်း (၁၀)ချက်


ဆယ်ကျော်သက်အရွယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ အလှအပတွေ ဖွံ့ဖြိုးတဲ့အချိန်၊ အသိညာဏ် ဗဟုသုတတွေ ဖွံ့ဖြိုးတဲ့အချိန်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူမတို့ရဲ့အလှအပကို မည်သို့မည်ပုံ ထိန်းသိမ်းခြင်းအားဖြင့် အမြဲတမ်းလှနေစေနိုင်မလဲဆိုကာ စူးစမ်းကြည့်ကြတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီနေရာမှာ မှန်ကန်တဲ့ အလှအပထိန်းသိမ်းနည်းကို သိရှိပြီး မှန်ကန်တဲ့ နည်းလမ်းများနှင့်ထိန်းသိမ်းနေမှသာ လှပသောမိန်းကလေးတစ်ယောက်အဖြစ် ရပ်တည်နိုင်ကြမှာပါ။ 

အလှအပထိန်းသိမ်းတယ် ဆိုတဲ့နေရာမှာလည်း ဦးခေါင်းတစ်မျိုးတည်း၊ မျက်နှာတစ်မျိုးတည်း စသည်ဖြင့် ထိန်းသိမ်းလို့အကျိုးထူးမည်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး နည်းစနစ်ကျကျ ထိန်းသိမ်းနိုင်မှသာ အများနည်းတူ လှပသော မိန်းကလေးအဖြစ် လူပုံအလယ်မှာ ၀င့်ကြွားနိုင်မှာဖြစ်သည့်အတွက် ယခုတစ်ပါတ် News Watch ဂျာနယ်ရဲ့ အလှအပနှင့် ကျန်းမာရေး ကဏ္ဍကနေ မိန်းကလေးများ အမြဲလိုက်နာသင့်တဲ့ အလှအပထိန်းသိမ်းနည်းကို တင်ဆက်ပေးလိုက်ရပါတယ်။

ယခုဖော်ပြလိုက်တဲ့ အလှအပထိန်းသိမ်းနည်းကို ဆယ်ကျော်သက် မိန်းကလေးများသာမက အသက်အရွယ်မရွေးလိုက်နာကျင့်သုံးကာ လှပပြီး ကျန်းမာသန့်ရှင်းသော အမျိုးသမီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ကြမှာပါ။

၁။ မျက်နှာသစ်ပါ
နေ့စဉ်နေ့တိုင်း မျက်နှာကို သက်ဆိုင်ရာဆပ်ပြာ(သို့မဟုတ်) မျက်နှာသစ်ဆေးများဖြင့် ဆေးကြောသန့်စင်ပေးခြင်းနှင့် မိမိတို့လိမ်းချယ်ထားခဲ့တဲ့ မိတ်ကပ်များကို ဖယ်ရှားပေးတဲ့အကျင့်ကောင်းကိုမွေးမြူရပါမယ်။ မိတ်ကပ်လိမ်းခြယ်လျက်သား အိပ်ရာဝင်လိုက်ခြင်းမျိုး လုံးဝမလုပ်သင့်ပါဘူး။ တတ်နိုင်သမျှ မိမိတို့၏ အိမ်ကိုပြန်ရောက်လျှင် ပြန်ရောက်ချင်း မိတ်ကပ်များကို စင်ကြယ်စွာ ဆေးကြောပစ်ပြီး မိမိတို့၏အသားရည်ကိုလေ၀င်လေထွက်ရရှိအောင်ပြုလုပ်ပေးပါ။ ဆေးကြောတဲ့အခါမှာလည်း မျက်နှာ၏အရေပြားကို ကုတ်ဖဲ့ခြင်းမျိုးမပြုလုပ်ဘဲ ညှင်သာစွာပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ မိတ်ကပ်အတူတကွ သုံးစွဲခြင်းမပြုလုပ်ပါနဲ့
ဆယ်ကျော်သက်အရွယ် မိဘများကလည်း ပိုက်ဆံအလုံအလောက်မပေး၊ မိမိတို့ကလည်း မိတ်ကပ်ကောင်းကောင်းသုံးချင်ကြတဲ့ ဆယ်ကျော်သက်မိန်းကလေးအများစုဟာ မိတ်ကပ်များကို တစ်ဦးနှင့်တစ်ဦးအတူတကွသုံးစွဲကြပါတယ်။ ၎င်းကဲ့သို့အတူတကွသုံးစွဲခြင်းဟာ ဘတ်တီးရီးယားများ တိုးပွားစေနိုင်ပြီး မျက်နှာအရည်ပြားပေါ်တွင် မလိုလားအပ်တဲ့ ယားယံမှုနှင့် ပြသနာများကြုံတွေ့လာနိုင်တာကြောင့် မိတ်ကပ်တစ်ဘူးတည်းသုံးစွဲခြင်းကိုရှောင်ရှားသင့်ပါတယ်။

၃။ သဘ၀အလှကို မြတ်နိုးပါ
မိတ်ကပ်နှင့်အခြား ဓါတုပစ္စည်းအခြေပြု အလှပဆိုင်ရာပစ္စည်းများကို မလွဲသာလို့သာသုံးစွဲရကြပေမယ့် တတ်နိုင်သလောက် သဘ၀ အတိုင်းလှပတဲ့ မိမိရဲ့ အလှအပကို မြတ်နိုးတန်ဖိုးထားရကြပါမယ်။ ခန္ဓာကိုယ်သို့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းနည်းနိုင်သမျှနည်းအောင် ထိတွေ့မှုပြုလုပ်ပေးလေလေ မိမိရဲ့အလှအပကို အန္တရာယ်ကင်းကင်း ထိန်းသိမ်းနိုင်လေလေ ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းများကို ကြာရှည်သုံးစွဲပါက မိမိတို့ရဲ့ ခန္ဓာကိုယ်အရည်ပြားများတွင် အဆိပ်အတောက်ဓါတ်များ စုစည်းခွင့်ပေးသလိုဖြစ်သွားပြီး အန္တရာယ်ရှိလာနိုင်တာကြောင့် တတ်နိုင်သမျှ သဘ၀ ပစ္စည်းများမှ ထုတ်ယူထားသော ပစ္စည်းများကို သုံးစွဲသင့်ပါတယ်။

၎။ ချိုးရေ ကိုသတိပြုပါ
မိမိတို့ရဲ့ ချိုးရေ ကိုသတိထားပါ။ နေ့စဉ်ပုံမှန်ရေချိုးကြပေမယ့် မိမိတို့နေ့စဉ်ချိုးနေတဲ့ရေဟာ သန့်ရှင်းမှုရှိမရှိ နှင့် မိမိတို့နှင့် ကိုက်ညီမှုရှိမရှိဆိုတာ အင်မတန်အရေးကြီးပါတယ်။ ချိုးရေဟာ ခန္ဓာကိုယ်အသားရည် ရေဓါတ်ခန်းခြောက်ခြင်းမှာ အရေးပါသလို အခြးသောနေရာများမှာလည်း အထူးအရေးပါတာကြောင့် ဂရုပြုသင့်ပါတယ်။ ရေနွေးပူကို ဆားအနည်းငယ်ခတ်ပြီး မိမိတို့ရဲ့ ချိုးရေ အဖြစ်အသုံးပြုပါက အကျိုးထူးခြားချက်ကို သိရှိလာပါလိမ့်မယ်။

၅။ မိမိတို့နှင့်ကိုက်ညီသော အ၀တ်အစားများကိုဝတ်ဆင်ပါ
မိန်းကလေးတစ်ယောက် လှပနေဖို့ဆိုတာ သူတို့ ၀တ်ဆင်တဲ့ အ၀တ်အစားပေါ်မှာအများကြီး မူတည်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါ့အပြင် မိန်းကလေးတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်ပုံဟာ သူတို့ရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်စေတယ်လို့ လူတွေကယူဆထားတာကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ်နှင့်လိုက်ဖက်ညီမယ့် အ၀တ်အစားများကို ၀တ်ဆင်ကြဖို့အရေးကြီးပါတယ်။ မိမိတို့နှင့် လိုက်ဖက်တဲ့အ၀တ်အစားဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းများကိုအလွန်အကျူး ဖော်ချွတ်စရာ မလိုအပ် သလို အရမ်းကျပ်လှသည့် Skinny လို့ခေါ်တဲ့အ၀တ်စားများကို အမြဲတစေ မ၀တ်ဘဲ နေရာတကာသို့ သွားလာနိုင်တဲ့အ၀တ်အစားများကိုရွေးချယ်သင့်ပါတယ်။

၆။ ဆံပင်ကို သန့်ရှင်းပါ
ဆံပင်ကို သန့်ရှင်းအောင်ပြုလုပ်ပါဆိုတဲ့နေရာမှာ မိန်းကလေးအများစုက ခဏခဏ ခေါင်းလျှော်ရမယ်လို့တွေးရင်တော့ မှားသွားပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ပတ်မှာ ဘယ်နှစ်ကြိမ်လောက်ခေါင်းလျှော်ရင် မိမိတို့အတွက်လုံလောက်သလဲဆိုတာ သိကြမှာဖြစ်ပြီး အကြိမ်အရေအတွက်များစွာခေါင်းလျှော်မယ်ဆိုရင်တော့ ဆိုးကျိုးများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ အကြိမ်အရေတွက်များစွာ ခေါင်းလျှော်ခြင်းရဲ့ဆိုးကျိုးအဖြစ် ဆံသားများကိုအကာအကွယ်ပြုရာမှာမရှိမဖြစ်လိုအပ်တဲ့ ဦးရည်ပြားမှ အဆီများ ခန်းခြောက်စေနိုင်တာကြောင့် သိတိပြုသင့်ပါတယ်။ တစ်ဖက်မှာလည်း ကြာရှည်ခေါင်းမလျှော်ဘဲ အဆီဓါတ်များပြားသော ဦးရည်ပြားအဖြစ် ဖြစ်ခွင့်ပြုထားမယ်ဆိုရင်တော့ ယားယံခြင်းနှင့် အခြားရောဂါဝေဒနာဆိုးများကို ဖြစ်စေနိုင်တာကိုလည်း သတိမူသင့်ပါတယ်။

၇။ လက်သည်းများကို ဂရုစိုက်ပါ
လက်သည်းများကိုဂရုစိုက်ဖို့ဆိုတာ အလှပြင်ဆိုင်အထိသွားပြီး Nail Art တွေရေးဆွဲပေးဖို့အထိမလိုအပ်ပါဘူး။ လက်သည်းများ ရှည်နေပါက ပုံမှန်ညှပ်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ပေးပြီး လိမ်းချယ်ထားသည့် လက်သည်းနီများ ပျက်ပြယ်နေပါက အသစ်ချယ်သပေးမှုကို ပြုလုပ်ပေးရုံနှင့်တင် လုံလောက်ပါတယ်။ လက်သည်းနီများ ကြာရှည်ခံနိုင်ဖို့ကိုတော့ အလွှာကြည်တစ်ထပ်သုတ်လိမ်းကာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ လက်သည်းများကို သံပရာရည်အတွင်းသို့ စိမ်ပေးခြင်းအားဖြင့် လက်သည်းကျန်းမာရေးကို မြင့်တင်နိုင်ကြပါတယ်။

၈။ ဆံပင်များကို အလွန်အမင်းအရောင်ဆိုးခြင်းမပြုလုပ်ပါနှင့်
ဆံပင်ဆိုးခြင်းဟာ မိမိရဲ့ ဆံပင်ပုံစံနှင့် စတိုင်ကိုပြောင်းလဲနိုင်ပြီး စတိုင်ကျလှပနိုင်သော်လည်း တစ်ဖက်မှာ မိမိတို့ရဲ့ ဆံပင်ကျန်းမာရေးကို များစွာထိခိုက်နိုင်သည်ကိုတော့ သတိပြုသင့်ပါတယ်။ ဆံပင်ဆေးဆိုးခြင်းကို ခဏခဏပြုလုပ်ပါက ဦးရေပြားအတွင်းသို့ ဓါတုပစ္စည်းများရဲ့ သက်ရောက်မှုများကြောင့် ဆံပင်ကျွတ်ခြင်းနှင့် မိမိတို့ရဲ့ သဘ၀ ဆံပင်အရောင်ကိုကျွတ်စေနိုင်တကြောင့် ဆံပင်ဆေးဆိုးခြင်းကို တတ်နိုင်သမျှအကြိမ်အရေအတွက်နည်းအောင်နှင့် အကြောင်းကြောင်းကြောင့် ဆေးဆိုးရမည်ဆိုပါကလည်း အန္တရာယ်ကင်းသော ဆိုးဆေးများကိုသာအသုံးပြုသင့်ပါတယ်။

၉။ နှုတ်ခမ်းနှင့် မျက်စိ ကိုလည်းလိုက်ဖက်အောင်လိမ်းချယ်ပါ
မျက်နှာကို မိတ်ကပ်လိမ်းချယ်ထားပါက မျက်လုံးနှင့် နှုတ်ခမ်းကိုလည်း မိမိတို့လိမ်းချယ်ထားသော မိတ်ကပ်အရောင်နှင့် လိုက်ဖက်မှုရှိအောင် လိမ်းချယ်ဖို့အလွန်အရေးကြီးပါတယ်။ နှုတ်ခမ်းနီအရောင်နှင့် မျက်လုံးအရောင်တို့ဟာ မိမိတို့လိမ်းချယ်ထားသောမိတ်ကပ်အရောင်ထက်ပိုမိုတောက်ပနေပါက တစ်ပါးသူအမြင်မှာ တင့်တယ်မည်မဟုတ်တာကိုလည်း သတိပြုသင့်ပါတယ်။

၁၀။ မိတ်ကပ်ကို အလွန်အကျွံလိမ်းချယ်ခြင်းမပြုရန်
ဆယ်ကျော်သက်မိန်းကလေးအများစုဟာ သူမတို့ကို မိတ်ကပ်ပမာဏ အနည်းငယ်သာ လိမ်းချယ်ရန် တိုက်တွန်းပါက စိတ်ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် အသက်ရွယ်ကြီးလာပါကလည်း ၎င်းစိတ်ဆိုးတတ်တဲ့အကျင့်မှာပြောင်းလဲသွားမှာမဟုတ်ဘဲ မိန်းကလေးအများစုကို မိတ်ကပ်အနည်းငယ်သာလိမ်းရန် တိုက်တွန်းပါက အနည်းနှင့်အများ စိတ်ဆိုးတတ်ကြစမြဲပါ။ အမှန်တကယ်မှာတော့ မိတ်ကပ်များကိုအလွန်အကျွံလိမ်းချယ်ခြင်းဟာ အခြားလူများကို သင့်အနေဖြင့် မိတ်ကပ်ကိုအလွန်အကျွံလိမ်းချယ်တတ်တဲ့မိန်းကလေးတစ်ယောက်အဖြစ် သိစေရုံအပြင် ဘာကောင်းကျိုးမှ မဖြစ်ထွန်းစေပါဘူး။ ယနေ့ခေတ် မိန်းကလေးအများစုဟာ သူမတို့ရဲ့ မိတ်ကပ်၊ ပေါင်ဒါ နှင့် eye liner တို့ရဲ့အောက်က အလှအပတွေကို မေ့လျော့နေကြပါတယ်။ 

ဖော်ပြပါ အချက်များကိုလိုက်နာခြင်းအားဖြင့် News Watch ဂျာနယ်ရဲ့ မိန်းကလေး ပရိတ်သတ်များ လှပပြီး ကျန်းမာသော မိန်းကလေးများအဖြစ် ထာဝရ နေထိုင်သွားနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါကြောင်း ... ... ..

(အောင်ဟိန်းခိုင်)