IS တပ်ဖွဲ့များကို ပြင်သစ် တိုက်လေယာဉ်များ ပထမဆုံးအကြိမ် တိုက်ခိုက်

အီရတ်ကောင်းကင်ယံတွင် ထောက်လှမ်းရေး တာဝန်ဖြင့် ပျံသန်းနေသည့် Rafale တိုက်လေယာဉ်များ



ပြင်သစ်လေတပ်သည် အီရတ်ရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွများကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြင်သစ် တိုက်လေယာဉ်များသည် အစောပိုင်းက အမေရိကန် တိုက်လေယာဉ်များ ဗုံးကြဲနိုင်ရန် ကင်းထောက် ပျံသန်းမှုများသာ ပြုလုပ်ခဲ့သော်လည်း စက်တင်ဘာ (၁၉)ရက်တွင် တိုက်ခိုက်ရေး ကဏ္ဍ၌ပါ စတင် ပါဝင်လာခြင်း ဖြစ်သည်။

ပြင်သစ်သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက ပြင်သစ် တိုက်လေယာဉ်များသည် IS စစ်သွေးကြွ ပစ်မှတ်များကို ပထမဆုံးအကြိမ် တိုက်ခိုက်ပြီး ကာဒစ်ရှ် တိုက်ခိုက်ရေး ပြောက်ကျားများကို လေကြောင်းပစ်ကူ ပေးခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ၎င်းက အမေရိကန်နည်းတူ ပြင်သစ်သည်လည်း အီရတ်သို့ ခြေလျင်တပ်များ စေလွှတ်ရန် အစီအစဉ် မရှိဟုလည်း ဆိုသည်။

စက်တင်ဘာ (၁၉)ရက်တွင် သမ္မတက “ပြင်သစ်ရဲ့ Rafale တိုက်လေယာဉ်တွေဟာ သတ်မှတ်ထားတဲ့ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး ပစ်မှတ်ဟာလည်း လုံးဝ ပျက်စီးသွားပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုများကိုလည်း လာမည့် ရက်ပိုင်းများအတွင်း ပြုလုပ်သွားမည်ဟု သမ္မတရုံး ကြေညာချက်တွင် ပါရှိသည်။

အမေရိကန် သည် IS တို့ကို တိုက်ခိုက်နေသည့် အီရတ်နှင့် ကာဒစ်ရှ်တပ်များကို အထောက်အကူ ပေးသည့်အနေဖြင့် IS ပစ်မှတ်များကို ဩဂုတ်လလယ် ကတည်းက စတင်တိုက်ခိုက်နေပြီး စုစုပေါင်း လေကြောင်းမှ တိုက်ခိုက်မှု အကြိမ်ပေါင်း (၁၇၀)ကျော် ပြုလုပ်ထားပြီး ဖြစ်သည်။

_Ref: BBC

0 comments:

Post a Comment