မြန်မာယူ ၁၉အသင်း ရှုံးထွက်အဆင့်တွင် ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ရမည်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် အာရှ ယူ ၁၉ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် ရှုံးထွက် အဆင့်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု (က) တွင်ပါဝင်ပြီး ယီမင်အသင်းကို ဂိုးမရှိသရေ၊ ထိုင်းအသင်းကို သုံးဂိုးပြတ် နိုင်ခဲ့ပြီး အီရန်အသင်းကို နှစ်ဂိုးပြတ် ရှုံးခဲ့သောကြောင့် ရမှတ်လေးမှတ် ရရှိကာ အုပ်စုဒုတိယ နေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အုပ်စု (ခ) မှ အာရပ်စော်ဘွားများ ပြည်ထောင်စုအသင်း၊ အုပ်စု (က) ပထမ ထိုင်းအသင်းသည် အုပ်စု (ခ) တွင် ဒုတိယနေရာ ရခဲ့သည့် ဥဇဘက်ကစ္စတန် အသင်းတို့ သုဝဏ္ဏကွင်း၌ ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

ရှုံးထွက်အဆင့် ပြိုင်ပွဲများကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အုပ်စု (ဂ) တွင် အုပ်စုဗိုလ် ဖြစ်သည့် ဂျပန်အသင်းက အုပ်စု (ဃ) မှ ဒုတိယနေရာမှ အီရတ်အသင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင်လည်းကောင်း၊ အုပ်စု (ဃ) တွင် ပထမနေရာ ရခဲ့သည့် ကာတာအသင်းက အုပ်စု (ဂ) တွင် ဒုတိယနေရာမှ တရုတ်အသင်းနှင့် ယင်းကွင်း၌ ည ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အာရှဘောလုံး အင်အားကြီး နိုင်ငံများဖြစ်သည့် အီရန်၊ အာရှယူ ၁၉ လက်ရှိ ချန်ပီယံ တောင်ကိုရီးယား၊ သြစတြေးလျ၊ အရှေ့တောင်အာရှ ဘောလုံး အင်အားကြီး စာရင်းဝင် ဗီယက်နမ် အသင်းတို့ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရှုံးထွက်အဆင့် ပြိုင်ပွဲတွင် အနိုင်ရသည့် လေးသင်းသည် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
The Voice Weekly

လေဖိအားနည်းရပ်ဝန်းတစ်ခု ဖန်တီးပေးကာ မိုးရေ မစိုအောင် ကာကွယ်ပေးနိုင်မည့် ထီးလေး

Kickstarter ဝက်ဘ်ဆိုက်တွင် မိုးရေ ကာကွယ်ပေးမည့် ထီးပုံစံတစ်မျိုးကို Air Umbrellaကုမ္ပဏီက ထုတ်လုပ်ရန် ရံပုံငွေ စုဆောင်းနေလျက် ရှိကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် ၎င်းထုတ်ကုန်ကိုလည်း Air Umbrella ဟုခေါ်ဆိုပြီး ဒီဇိုင်းမှာ သာမန်ထီးကဲ့သို့ မဟုတ်ဘဲ ထီး၏ ထိပ်ဖက်တွင် လေဖိအားရပ်ဝန်း တစ်ခုဖန်တီးရန် ပြုလုပ်ပေးထားသည်။

ထိုကဲ့သို့ တီထွင်မှုမျိုးမှာ အသစ်မဟုတ်ဘဲ ၂၀၁၀ခုနှစ်က ကိုရီးယားဒီဇိုင်နာ တစ်ဦးက ၎င်းကဲ့သို့ ထီးမျိုးကို ဖန်တီးခဲ့သော်လည်း ဈေးကွက်သို့မရောက်လာခဲ့ပေ။ Kickstrter တွင်ဖော်ပြထားသော Air Umbrella ထုတ်ကုန်ကို တရုတ်နိုင်ငံ နန်ကျင်းမြို့ရှိ ဒီဇိုင်းနာများက ဖန်တီးခဲ့သည်။ ကုမ္ပဏီအနေဖြင့် Air Umbrella ထုတ်ကုန်ကို ထုတ်လုပ်ရန် Kickstrart တွင်လှုံဆော်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ လှုံဆော်မှုများ ပြုလုပ်မည့် ၁၁ ရက်အတွင်း ဒေါ်လာ ၁၀,၀၀၀ ရရှိရန် ရည်မှန်ထားသော်လည်း ယခုအခါ ဒေါ်လာ ၄,၀၀၀ သာရရှိထား သေးသည်။

အကယ်၍ ၎င်းစီမံကိန်းအနေဖြင့် ရံပုံငွေများ ရရှိလာပါ အသုံးတည့်၍ ကောင်းမွန်သော ထုတ်ကုန်တစ်ခု ဖြစ်လာဖွယ်ရှိသည်။ ကုမ္ပဏီအနေဖြင့် Air Umbrella အားဗားရှင်း သုံးမျိုးဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗားရှင်း A မှာအမျိုးသမီးများ အသုံးပြုနိုင်ရန်အတွက် ၃၀ စင်တီမီတာ(တစ်ပေ) အရှည်ရှိ ထုတ်ကုန်တစ်ခု အဖြစ် ထုတ်လုပ်သွားမည် ဖြစ်သည်။ နောက်ထပ် ထုတ်လုပ်မည့် ဗားရှင်း B အဖြစ် ထုတ်လုပ်ရာတွင်မူ ၅၀ စင်တီမီတာ(၂၀ လက်မ ) အရွယ်နှင့် ဗားရှင်း C ၏ အရွယ်မှာ ၅၀မှ ၈၀စင်တီမီတာ( ၃၁ လက်မ) အရှည်ခန့် ရှိလာမည် ဖြစ်သည်။

အဆိုပါ ထီးများတွင် အသုံးပြုထားသော ဘက်ထရီများသည် အထင်ကြီးလောက်စရာ မရှိသေးကြောင်း သိရသည်။ Air Umbrella ဗားရှင်း A ကို ၁၅မိနစ်သာ အသုံးပြုနိုင်ကာ အခြားဗားရှင်း B နှင့် C များကိုမူ မိနစ် ၃၀ သာ အသုံးပြုနိုင်သည်။ ၎င်းထီးများကို ဝယ်ယူလိုသူများအနေဖြင့် ဗားရှင်း A ကို ကန်ဒေါ်လာ ၈၈ ဒေါ်လာ၊ ဗားရှင်း B ကို ကန်ဒေါ်လာ ၉၈ ဒေါ်လာနှင့် ဗားရှင်း C ကို ကန်ဒေါ်လာ ၁၀၈ ဒေါ်လာ ဖြင့်ဝယ်ယူနိုင်သည်။ သို့သော်လည်း Kickstarter တွင် Air Umbrella ကို ဝယ်ယူနိုင်သည့် ဈေးနှုန်းကို ဖော်ပြရာတွင် ရှုပ်ထွေးမှု ရှိပြီး ကန်ဒေါ်လာ ၁၂၈ မှ ၁၄၈ ဒေါ်လာအတွင်း ဝယ်ယူနိုင်သည်။ ကုမ္ပဏီအနေဖြင့် Air Umbrella ထုတ်ကုန်ကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Internet Journal

အောင်မြင်တဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့


၁။ စိတ်ဓါတ်ခိုင်မာခြင်း - ဘယ်အချိန်မှာ ဘာလုပ်မယ် ... ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားပါ။ ထိုကဲ့သို့ မိမိ၏ စိတ်ကို တိတိကျကျ သေသေချာချာ ခိုင်ခိုင်မာမာ ပြင်ဆင်ထားခြင်းက လုပ်ငန်းဆောင်ရွက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစူးစိုက်မှု အားကောင်းကာင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် “ငါလုပ်ရင် ဖြစ်ပါ့မလား” ဆိုတဲ့ မယုံမရဲ စိတ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မည်။

“ငါလုပ်ရင် ဖြစ်တယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးမြူပါ။


၂။ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်း - ငယ်ရွယ်စဉ်ကတည်းက လိုအပ်တဲ့အချိန်ကို ရယူနိုင်ရန်လေ့ကျင့်ထားပါ၊ မလိုလားအပ်သော နေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်းပါနှင့်။

၃။ အလုပ်တွင် အပြည့်အဝအာရုံစိုက်ခြင်း - စတင်လုပ်ဆောင် လိုက်သော ကိစ္စရပ်တစ်ခုကို မည့်သည့် အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဖက်က မဖျက်ပါနှင့်၊ မိမိပတ်ဝန်းကျင်က လေးစား ယုံကြည်တန်ဖိုးထား ရသော သူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။

၎။ ပတ်ဝန်းကျင်ကို လေးစားခြင်း - သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေ အားလုံးကို လေးလေးစားစား ဆက်ဆံပါ၊ တစ်ပါးသူ၏ အမြင်၊ သဘောထား၊ ခံစားချက်များကို အလေးထားကာ အတတ်နိုင်ဆုံး နားလည်ပေးပါ။

၅။ ပူးပေါင်းဆောင်ရွက်ခြင်း - အများနှင့်သက်ဆိုင်သော ကိစ္စတစ်ရပ်များကို ဆောင်ရွက်ရာတွင် မိမိဆန္ဒတစ်ခု တည်းကို ဦးစားမပေးပါနှင့်၊ မိမိတစ်ဦးတည်း သဆောဆန္ဒကိုသာ ဇွတ်မလုပ်ပါနှင့်၊ တစ်ပါးသူ၏ အကြံအဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။

၆။ နားထောင်တတ်ခြင်း - ထောင်တတ်သောနား ရှိပါ၊ မည်သည့်ကိစ္စတွင်မဆို တစ်ပါးသူ ပြောသည့်အခါ စိတ်ဝင်တစား နားထောင်တတ်ရန် အရေးကြီးပါသည်။ အယူအဆတူသည်ဖြစ်စေ ... မတူသည်ဖြစ်စေ စိတရှည်လကရှည် နားထောင်ပါ။

၇။ ရိုးသားခြင်း - လိမ်ညာဟန်ဆောင်ခြင်းသည် ခဏတာ အထင်ကြီးမှုကို ရကောင်း ရနိုင်သော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါသည်၊ အမှန်တရားကို ချစ်မြတ်နိုးပါ၊ ရိုးသားမှုကို တန်ဖိုးထားပါ။

အောင်ကိုဦး (UMK)
Be the Best !

IS နှင့် ပတ်သက်၍ ထောက်လှမ်းရေးသတင်းပိုမို မျှဝေသုံးစွဲရန် အမေရိကန်နှင့် ရုရှား သဘောတူ


IS (Islamic State) နှင့် ပတ်သက်၍ ထောက်လှမ်းရေးသတင်းပိုမိုမျှဝေ သုံးစွဲရန် အမေရိကန်နှင့် ရုရှားတို့ သဘောတူညီမှုရရှိထားပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံ လုံခြုံရေး အရာရှိ ဂျွန်ကယ်ရီက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့် ပတ်သက်၍ ဆက်ဆံရေးတင်းမာနေသော်လည်း IS အရေးတွင်မူ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်မည်ဟု သိရသည်။

Ref: The New York Times
YMG

Google Nexus 9 နှင့် Nexus 6 တို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် တရားဝင်ကြေညာမည်


Google နှင့် မိတ်ဘက် hardware ထုတ်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်မည့် Google ရဲ့ Nexus 9 တက်ဘလက်နှင့် Nexus 6 စမက်ဖုန်းတို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် Google ၏ အသစ်ထုတ် Android L ဗားရှင်းတို့ဖြင့် တရားဝင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ 

ဝက်ဆိုက်တစ်ခုရဲ့ အဆိုအရတော့ Nexus 9 တက်ဘလက်ကို ပထမဆုံးအကြိမ်အဖြစ် Android L ဗားရှင်းအသစ်ကို အသုံးပြုထားပါတယ်။ Pocket-lint ရဲ့ သတင်းရင်းမြစ်များအရ ယနေ့ ကြေညာမည့် Nexus မှာ Nexus 9 ပါဝင်မယ်ဆိုတာ မသေချာပေမယ့် Nexus 6 စမက်ဖုန်း သတင်းကတော့ သေချာပါတယ်။ 

Forbes မဂ္ဂဇင်းရဲ့ အဆိုအရတော့ အဆိုပါ Nexus 9 တက်ဘလက်ကို event မပြုလုပ်တော့ဖို့ Google ကနေ ဆုံးဖြတ်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြိုတင်အော်ဒါမှာယူနိုင်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ပြင်ပဆိုင်တွေမှာ ၀ယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ 

Nexus 9 တက်ဘလက်ရဲ့ ဈေးနှုန်းကတော့ 16 GB ဗားရှင်းအတွက် ဒေါ်လာ ၃၉၉ ဖြစ်ပြီး 32 GB LTE ဗားရှင်းအတွက် ဒေါ်လာ ၄၉၉ ဖြစ်ပါတယ်။ အခြားပါဝင်တဲ့ Features တွေအနေနဲ့ကတော့ 2048 x 1440 Piexls ထောက်ပံ့ပေးမည့် 8.9 လက်မအရွယ်အစား တက်ဘလက်ကို 64 bit Dual Core Processor , Nvidia GPU တို့နှင့် နောက်ဘက် 8 MP ကင်မရာ နှင့် ရှေ့ဘက်မှာ 3 MP ကင်မရာတို့ ပါဝင်မှာ ဖြစ်ပါတယ်။ HTC ရဲ့ ကိုယ်ပိုင် အသံနည်းပညာတစ်ခုဖြစ်သော boomsound စနစ်နှင့် စပီကာ နှစ်လုံးကို ရှေ့ဘက်မှာ တပ်ဆင်ပေးထားပြီး အလူမီနီယံဖရိန်ဖြင့် ဘောင်ကို ကွပ်ပေးထားပါတယ်။ 

Nexus 6 စမက်ဖုန်းရဲ့ သတင်းကတော့ ၆ လက်မမျက်နှာပြင်အရွယ်အစားရှိပြီး နောက်ဆုံးသတင်းများအရ စမ်းသပ်အဆင့် ဖုန်းတွေမှာတောင် Android L ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ခုကလည်း Nexus 6 ရဲ့ အရွယ်အစားဟာ iPhone 6 Plus အရွယ်အစားထက် ကြီးမယ်လို့ ဆိုပါတယ်။ 

Ref : Pocket-lint

YangonMediaGroup

ကျောင်းဆရာက ပထမတန်းကျောင်းသူ (၇)ဦးကို မဖွယ်မရာလုပ်


နွားထိုးကြီးမြို့နယ်၊ ဇီးကျေး ရွာမူလတန်းကျောင်းတွင် ပထမ တန်းကျောင်းသူ (၇) ယောက်ကိုကျာင်းဆရာနှင့် ပညာရေးလုပ် သားတို့ကလက်သုံး၍ မဖွယ်မရာ ကျင့်မှုဖြစ်ပွား၍ထိုးကြီးနယ် ၀က်လူးရဲစခန်းက ဖမ်းဆီးအရေး ယူမှုကို စက်တင်ဘာ (၂၉) ရက် က ဖြစ်ပွားသည် ယင်းတို့မှာ လူပျိုလူလွတ်များဖြစ်ကြသည်ဆို သည်။

ဖြစ်စဉ်မှာ မြ၀တီကျောင်း ဆရာဇင်မောင် (၃၁) နှစ်နှင့် ဇီး ပညာရေးလုပ်သား ညွန့်ဝင်း (၅၁) နှစ်ဆိုသူတို့သည် ဇီးကျောင်း တွင် စာသင်ချိန် (-) ညီအစ်မ (၂) ဦးအပါအ၀င်ကျောင်းသူ (၇) ဦးကို စကတ်ချွတ်၊ လက်ဖြင့်မဖွယ် မရာပြုလုပ်ကြောင်း အဘိုးဖြစ်သူ ဦးမြင့်ရှိန်ကသိရှိ၍ ၀က်လူးရဲစခန်း တိုင်ကြားမှုဖြစ်သည်။ ကျောင်းသူ များမှာ ပထမတန်းကျောင်းသူ၊ အရွယ်မရောက်သေးသူများဖြစ် ပြီး မကြာခဏယင်းသို့ပြုလုပ်ခံရ သည်ဆိုသည်။

ဝက်လူးရဲစခန်းက ပ ၅၃/ ၂၀၁၄ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် ရဲအုပ်မောင်ဝင်းကအမှုကို ဖမ်းဆီး စစ်ဆေးနေသည်။ မြို့နယ်ပညာ ရေးဌာနကလည်း ၀က်လူးအထက် တန်းကျောင်းအုပ်ဒေါ်ဆွေဆွေစန်း၊ အတွင်းရေးမှူး လ/ထ ပညာရေး မှူးဦးညိုအေး၊ အဖွဲ့ဝင် ဒေါ်အိ အိချောပဲ ချက်အထက ကျောင်း အုပ်တို့ပါဝင်သော စုံစမ်းစစ်ဆေး ရေးဖြင့်ဌာနဆိုင်ရာအရေးယူထား ကြောင်း၊ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူ ကပြောပြသည်။

Hot News 

ဝမ်းဗိုက်နာကျင်ကိုက်ခဲမှု ဝေဒနာခံစားနေရလို့ ဆရာဝန်ပြကြည့်မှ နာရီပိုင်းအတွင်း ကလေးမွေးခဲ့တဲ့ အမျိုးသမီး


ဝမ်းဗိုက်နာကျင်ကိုက်ခဲမှု ဝေဒနာခံစားနေရလို့ Kim Walsh ဆရာဝန်ဆီသွားပြရာကနေ ဆရာဝန်က သူမကိုယ်ဝန်ဆောင်နေတာဖြစ်ကြောင်း ပြောပြလို့ သူမအံ့သြသွားခဲ့ပါတယ်။ သူမကိုယ်သူမ ကိုယ်ဝန်ဆောင်နေမှန်း မသိခဲ့တာကြောင့် သူမဟာ အလုပ်ကြမ်းတွေလုပ်နေခဲ့တယ်လို့ လည်းဆိုပါတယ်။ အဲဒီအသက် ၃၈ နှစ်အရွယ်အမျိုးသမီးက သန္ဓအောင်ခြင်း၊ အဝလွန်ခြင်း၊ ပုံမမှန်ဖြစ်ခြင်း သို့မဟုတ် သူ့အချိန်အခါသတ်မှတ်ချက်မရှိမှုတွေ ဖြစ်ပေါ်တဲ့ ဟော်မုန်း မညီမျှမှုတစ်ရပ်ဖြစ်စေတဲ့ သားအိမ်ရောဂါ တစ်မျိုးကို ခံစားနေရပါတယ်။ ဘယ်လိုမှမျှော်လင့်မထားဘဲရလာတဲ့ သမီးကြောင့် မိခင်၊ ဖခင်ဘဝအဖြစ်သို့ ရောက်သွားကြတဲ့ Walsh နဲ့ ၁၅ နှစ်တိုင်တိုင်ပေါင်းဖက်ခဲ့တဲ့ သူမရဲ့ ခင်ပွန်း Anthony တို့နှစ်ဦး အလွန်ပျော်ရွှင်ခဲ့ကြတယ်လို့ Sydney Morning Herald မှ အစီရင်ခံဖော်ပြထားပါတယ်။

ကျွန်မရဲ့ ယောက်ျားကို အပြင်မှာ စောင့်ခိုင်းထားခဲ့တယ်လို့ Walsh ကပြောပြပါတယ်။ ဒီနေ့ နင် ဖခင်တစ်ဦးဖြစ်ရတော့မယ်လို့ ကျွန်မသူကို ပြောပြခဲ့တယ်။ သမီးလေး Shelby မှာ သူမရဲ့လည်ပင်းတစ်ဝိုက်မှာ ရစ်ခွေနေတဲ့ ချက်ကြိုးကြောင့် သန္ဓပိုင်းဆိုင်ရာမှာ အခက်ခဲပြဿသနာရှိခဲ့ပြီး ကလေးမအား မွေးဖွားပေးဖို့ ဆေးရုံဝန်ထမ်းအဖွဲ့သားအားလုံး အလုပ်တွေရှုပ်နေခဲ့ရတယ်လို့ MSN9 သတင်းမှာ ဖော်ပြထားပါတယ်။ ယခုအချိန်မှာတော့ Shelby ဟာ ၂ လအရွယ်ရောက်နေပါပြီ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်စကားပြောဆိုဖို့ Walsh တို့မိသားစု ဆေးရုံသို့ အလည်အပတ် သွားရောက်တဲ့အခါမှာ Kim Walsh က Shelby ကို ပွေ့ချီနေတဲ့ ဆရာဝန်တစ်ဦးရဲ့ ဓာတ်ပုံတစ်ပုံကို ပိုစတာတင်လိုက်ပြီး သူ့မအသက်နဲ့ သူသမီးလေးအသက် ကယ်တင်ရှင်အဖြစ် ဖော်ပြခဲ့တယ်။

Source: Fox news

ဟောင်ကောင်ဆန္ဒပြသူတွေကို ရဲအင်အားသုံး ဖယ်ရှား


ဟောင်ကောင်အစိုးရဌာနချုပ် အပြင်ဘက်က အဓိကကျတဲ့ နေရာတွေမှာရှိတဲ့ ဆန္ဒပြသူတွေကို ရဲက ဖယ်ရှားနေပါတယ်။ ဆန္ဒပြသူတွေ ကာရံထားတဲ့ အတားအဆီးတွေကို ဒီကနေ့မနက် အစောပိုင်းတုန်းက ရဲတွေက စက်ကိရိယာတွေကို သုံးပြီး ဖယ်ရှားနေစဉ်မှာပဲ ဆန္ဒပြသူ အများအပြား အဖမ်းဆီးခံရပြီး သူတို့တွေကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်းတုန်းကတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက် ရင်ဆိုင်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး ကျောင်းသားတွေဟာ ဟောင်ကောင်အစိုးရ အဆောက်အဦးရှေ့က မြေအောက်လမ်းထဲကို ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီကျောင်းသားတွေကို ဖယ်ရှားဖို့ ရဲတွေက နောက်ကလိုက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကျောင်းသားတွေ အဲဒီနေရာမှာ အ၀ိုင်းခံခဲ့ရအပြီး ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။

ကျောင်းသားတွေအနေနဲ့ ဆက်နေလို့ရပေမဲ လမ်းတွေကိုပိတ်တာ မလုပ်ရဘူးလို့ ရဲတွေက ပြောပါတယ်။ ဟောင်ကောင် ကျောင်းသားတဦးဖြစ်သူ Alex Chow က သူတို့အနေနဲ့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Kobani မြို့ ISIS အစွန်းရောက်လက်ထဲကျမှာ အိုဘားမား အထူးစိုးရိမ်


ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အလွန်အမင်း အထူးစိုးရိမ်ပူပန်တဲ့ အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆို လိုက်ပါတယ်။ အဲဒီမှာ မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် Kurdish တိုက်ခိုက်ရေး သမားတွေက အပြင်းအထန် ခုခံနေကြရပါတယ်။

စစ်သွေးကြွတွေကို နှိမ်နင်းရေးနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ အကြီးအကဲ ၂၀ ကျော်နဲ့ ၀ါရှင်တန်မြို့ပြင်ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းတခုမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။

Kobani မှာ ဖြစ်ပွားနေတဲ့ အခြေအနေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေအပေါ် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ သမ္မတ က ပြောပါတယ်။

မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် ပြုလုပ်သွားမယ်လို့ သမ္မတ က ပြောဆိုပါတယ်။ IS စစ်သွေးကြွတွေကို အနိုင်ယူဖို့ ကြိုးပမ်းမှုဟာ စစ်ပွဲတခု ဆင်နွှဲတာမျိုးတင် မကပါဘဲ အစွန်းရောက်မှုကို ဆန့်ကျင် တိုက်ခိုက်တာလည်း ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

တနင်္လာနဲ့ အင်္ဂါနေ့တွေအတွင်း အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတို့က တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့ကြပြီး စစ်သွေးကြွတွေရဲ့ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းနေမှုကို နှေးကွေးအောင် လုပ်ပစ်နိုင်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ယူနတီသတင်းထောက်တွေ လွှတ်ပေးဖို့ အယူခံတင်သွင်း


နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို အပြစ်ကနေ လုံးဝကင်းလွှတ်ခွင့်ပေးဖို့အတွက် အဲဒီသတင်းထောက်တွေရဲ့ရှေ့နေက နေပြည်တော်မှာရှိတဲ့ တရားလွှတ်တော်ချုပ်ကို ဒီကနေ့ အယူခံတင်သွင်းခဲ့ပါတယ်။

သူတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုဖမ်းဆီးခံနေရသူတွေမှာ အပြစ်ကင်းကြောင်း မိမိတို့ဘက်မှာ သက်သေအခိုင်အမာရှိတယ်လို့ RFA ကို ပြောပါတယ်။

"သက်သေထွက်ဆိုချက်တွေအရလည်း တရားခံတွေဖက်ကသာ အားကောင်းနေတဲ့အတွက် ကျနော်တို့က နေပြည်တော်ပြည်ထောင်စု တရားလွှတ်တော်ကို အားကိုးချင်းကြီးစွာနဲ့ သတင်းသမား ၄ ယောက်အတွက်ကို တရားသေလွှတ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ ပြစ်မှုဆိုင်ရာပြင်ဆင်မှု တင်သွင်းတာပါ၊ အရင်ကအခေါ်တော့ အယူခံပေါ့ဗျာ"

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖော်ပြခဲ့တာကြောင့် ယူနတီဂျာနယ်က သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ပခုက္ကူခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အလားတူ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူအပါအဝင် သတင်းထောက် ၅ ယောက်ရဲ့ ရှေ့နေကလည်း အဲဒီအမှုအတွက် ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီကနေ့ အပြီးသတ်လျှောက်လွှဲချက် တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေ အပတ်စဉ်ဂျာနယ်မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်လိုက်တယ် ဆိုတဲ့သတင်းကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် အဲဒီဂျာနယ်က သတင်းထောက်တွေကို သက်ဆိုင်ရာက တရားစွဲခဲ့တာဖြစ်ပါတယ်။

သူတို့အမှုကိုတော့ လာမယ့် ၁၆ ရက်နေ့မှာ အမိန့်ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

ပါကစ္စတန် နှင့် အိန္ဒိယတို့ အကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် ကုလသမဂ္ဂ တောင်းဆို



ပါကစ္စတန် နှင့် အိန္ဒိယနိုင်ငံ တို့သည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ အငြင်းပွားမှု နှင့် စပ်လျဉ်း၍ ဖြစ်ပွားလျက် ရှိသည့် တင်းမာမှု များကို လျှော့ချနိုင်ရေး အတွက် ယမန်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် နှင့် အိန္ဒိယ နှစ်နိုင်ငံ စလုံးသည် ယခု ဖြစ်ပွားလျက် ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ နှင့် စပ်လျဉ်း၍ တစ်ဖက်ကို တစ်ဖက် အပြန်အလှန် စွပ်စွဲထားပြီး နှစ်နိုင်ငံစလုံးမှ နယ်ခြားစောင့် တပ်များ၏ အပြန်အလှန် တိုက်ခိုက်မှုများ ကြောင့် ယခုအချိန် အထိ လွန်ခဲ့သည့် ၁ဝ ရက်အတွင်း လူပေါင်း ၂ဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ 

ထို့ကြောင့် ပါကစ္စတန် စစ်ဆင်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် က အိန္ဒိယနိုင်ငံ နှင့် ဆက်သွယ်၍ ဖြစ်ပွားလျက် ရှိသည့် နယ်စပ် တိုက်ခိုက်မှုများ နှင့် စပ်လျဉ်းပြီး ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံ ၏ ထိပ်တန်း လုံခြုံရေး ဆိုင်ရာ အကြံပေး တစ်ဦးသည် အောက်တိုဘာ ၁၃ ရက်က ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ များမှ တာဝန်ရှိ သူများကို ခေါ်ယူ၍ ပါကစ္စတန်နှင့် အိန္ဒိယနယ်စပ် အကြား လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေ များကို ရှင်းလင်းပြ ခဲ့ကြောင်း၊ ယင်း နောက်တွင် အိန္ဒိယ အစိုးရကို နှစ်နိုင်ငံ အကြား သဘောတူ ချမှတ်ခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို လေးစား လိုက်နာရန် တောင်းဆို ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပါကစ္စတန် အစိုးရ ၏ ပြောကြားချက်ကို ပယ်ချခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက် နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပသွားရန် တောင်းဆို ထားကြောင်း သိရသည်။

ပါကစ္စတန် အစိုးရသည် လက်ရှိဖြစ်ပွား နေသည့် တိုက်ခိုက်မှု များနှင့် စပ်လျဉ်း၍ အိန္ဒိယ အစိုးရအား ပြစ်တင်ဝေဖန် ထားပြီး အဆိုပါ တိုက်ခိုက်မှု များကြောင့် ပါကစ္စတန် ပြည်သူများ သေဆုံးခဲ့ရသည် ဟူသော စာတစ်စောင်ကို ကုလသမဂ္ဂ အဖွဲ့သို့ ပေးပို့ ခဲ့ကြောင်း သိရသည်။

PyiChitThar

ဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ် လူသေကောင်များက ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်ခိုက်

အာဖရိက နိုင်ငံက အီဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ်
လူသေကောင်များက ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်
ခိုက်ကြတဲ့ ဖြစ်ရပ်တွေကြောင့်ရွာသားများကြောင်ရွံ့ နေကြတဲ့သတင်း ကို နိုင်ငံတကာသတင်းစာတွေ မှာ ဖေါ်ပြနေကြသည်ကို တွေ့ ရပါသည်။

"ဇန်ဘီ "ဆို့ပါလျှင် အာဖရိကန် လူမျိုးတိုင်းက (ဖုတ်ကောင်) လို့ သိနေကြပါသည်။ "ဘူဒို "ဆိုသည့် လူမျိုးစုတစုရဲ့ အောက်လမ်းပညာပါ၊ လတ်လတ်ဆတ်ဆတ်သေဆုံးတဲ့သူတွေရဲ့ အလောင်းကို သချှီုင်းမှာ အောက်လမ်းပညာသုံးကာ ဆေးစီရင်ပြီးနောက် ဇန်ဘီ(ဖုတ်ကောင်) အဖြစ် အသက်သွင်းကြ သည်။
ဘူးဒို နတ်ဆရာများကို အားလုံးက ကြောက်နေကြရသည်မှာ ဇန်ဘီများအား အမိန့် ပေးခိုင်း စေနိုင် သောကြောင့်ဖြစ်သည်။

ဖုတ်ကောင်များ က နာခြင်းမရှိ-ပူခြင်းအေးခြင်း ခံစားမှုမရှိဘဲ နတ်စရာများ လုပ်ခိုင်းသည့် အတိုင်းလိုက်လုပ်ကြပါသည် ၊ သိရသည်မှာ ဖုတ်ကောင်များကို သုံးရက်ခိုင်းပြီး အလောင်းကောင် ဘ၀သို့ ပြန်ရောက်သွားမည်ဟုဆိုသည်။

ရှေးအခါက လူမျိုးစု အချင်းချင်း တိုက်ခိုက်မှုများတွင်၎င်း ၀န်လေးသည့် ပစ္စည်းများသယ် ဆောင်ရာတွင်၎င်း ဇန်ဘီများအားထည့်သွင်း အသုံးပြု တတ်ကြောင်း၊

အာဖရိက မှာ လူသေတဲ့အခါ ရိုးရာတခုရှိပါသည်၊ အလောင်းကိုပုပ်သွားသည်အထိဆွေမျိုးများက စောင့်ကြည့်ပေးသည့်ဓလေ့ဖြစ်၏ ၊ ထိုသို့ ပုပ်သွားပြီးမှမြေမြုပ်ကြသည်မှာ ဘူဒို နတ်ဆရာများ လူသေကောင်ကို လာရောက် အသက်မသွင်းနိုင်ရန်ဖြစ်သည်။

ယခုဖြစ်နေသည် ဇန်ဘီ(ဖုတ်ကောင်)မှာ ဘူဒိုများကြောင့်မဟုတ်- အီဘိုလာပိုးတကိုယ်လုံးပြန့် နှံပြီး ချက်ခြင်းအကြောဆွဲသေကုန်ကြသည် သေဆုံးသူများမှာ ထူးဆန်းစွာ ဇန်ဘီ ဘ၀သို့ ကူး သွားခြင်းဖြစ်ပါ သည်.အလောင်းများပုံ၍ မီးရှို့ ရန် ဓါတ်ဆီလောင်းနေစဉ်မှာ အလောင်းကောင်သုံး ရောက်ခန့်  လူသေကောင်များတွင်းမှ တိုးထွက်လာလျှက် လမ်းမပေါ်သို့ ပြေး ထွက်သွားသည်ကို ကိုယ်တွေ့ မြင်တွေခဲ့ရကြောင်း ကယ်ဆယ်ရေးလုပ်သားတဦးမှ သတင်းဌာန သို့ ပြောဆိုခဲ့ သည်။

ဖြစ်နိုင်သည်မှာ ယခုဖြစ်ရပ်မှာ ဘူဒို အောက်လမ်းဆရာများ ပရောဂကြောင့်မဖြစ်နိုင်- သေဆုံးသူများအား သင်္ချီုင်းမှ ၀ိညဉ်များက ၀င်ရောက်ပူးကပ်သွားကြခြင်းလည်းဖြစ်နိုင်သည်။

ထိုကဲ့သို့ သေဆုံးပြီးချင်း ဖုတ်ကောင်ဘ၀သို့ ရောက်သွားခဲ့သည်ကို ငယ်စဉ်ဘ၀က မိမိနေထိုင် သောမြို့ တွင် ကိုယ်တွေ့ ကြုံခဲ့ရဘူးသည် ၊ ဆရာဝန်က သေဆုံးသွားပြီးဖြစ်ကြောင်း အတည်ပြု ခဲ့သည့် ပိန်ချောက်နေသည့် အဖွား အိုမှာ ကုတင်မှ ထထိုင်ပြီး အစာတောင်းစားခဲ့သည့် အပြင် အိပ်ယာထဲတွင် တချိန်လုံး လဲနေသည် အဖွားအိုမှာ ထလမ်းလျှောက်လာ၏ ညဖက် တွင် မီးဖိုတွင်းမှ ထမင်းဟင်းများကိုတိုင် ထယူစား နိုင်သည် ၊အရင်က စကားတိုးတိုးတိုးသားပြောဆိုနိုင်သည့်အမေအိုမှာ အသံကျယ်ဖြင့် ခတ်မာမာပြောနေခဲ့သည်။

ညပိုင်းတွင် တညလုံးမအိပ်ပါ အစားကိုသာတွင်တွင်တောင်နေသည် ကြာသည့်အခါ အိမ်သားများ မင်္သကာဖြစ်လာတော့သည်။

မိသားစုမှာ ခရိယာန် ဘာသာဝင်များဖြစ်၍ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင်..အိမ်နည်းချင်းများ ကား သာမန်ဖြစ်ရပ်မဟုတ် သည်ကို သိ၍ အကြံပေးသဖြင့် အထက်ဂိုဏ်းဆရာကြီးတဦးအား ပင့်ဆောင် အကူညီတောင်းခဲ့ရသည်။

ဆရာကြီးအိမ်ဝရောက်သည်နှင့် အမေကြီးမှာ ဆဲဆိုနေလေပြီ..အိပ်ယာဘေးမှ ထွေးခံနှင့် ဆရာကြီးအားပေါက်သေး၏။

လူနာအခြေအနေကိုသိသော ဆရာကြီးက ပြင်ပမှ အပမှီခြင်း ဖုတ်ဝင်နေသည်ဖြစ်ကြောင်း၊ အဖွားအိုသေဆုံးခဲ့သွားပါ့ပြီ သို့ သော် အဖွားအိုသေဆုံးခဲ့ပြီး မကျွတ်မလွတ်နိုင်သေးသည့် ၀ိညဉ် မှဝင်ရောက်ပူးကပ်ခြင်းဖြစ်ကြောင်းရှင်းပြီးသော် အဖွားအို ခေါင်းအုံးအောက်တွင် အင်းကွက်ချ ဆေးစီရင်ထားသည့် သတ္တုပြားသုံးပြား အားခေါင်းအုံး အိပ်ခိုင်းပါသည်။

ထိုညမှာပင် အဖွားအော်ဟစ်ခါ ညိမ်ကျသွားပြီးနောက် ချက်ချင်းပင်အလောင်းကို မြေမြုပ် လိုက်ကြသည်။

ယခု အာဖရိက နိုင်ငံများတွင်ဖြစ်နေသည် ဇန်ဘီ ဖုတ်ကောင်များ သတင်းက တကယ်သွေးပျက်စရာပင်ဖြစ်သည် ၊လူများလမ်းမပေါ်မထွက်ရဲအောင် တိတ်ဆိတ်နေပါသည်၊လမ်းမပေါ်တွင် လူသေများ နေရာတိုင်းတွေ့ နေရပြီး တချို့ မှာ မသေမရှင်တွားသွားနေကြသည်ကိုလည်းတွေရသည်၊

ဖုတ်ကောင်များနှင့် တိုက်ခိုက်ခြင်း ရုပ်ရှင်များ-ဂိမ်းများ ပုံစံကဲ့သို့ ပင် အပြင်မှာအမှန် တကယ်ဖြစ် ပျက်နေသည်ကို လက်တွေ့ မကြုံ၍ ယုံနိုင်ကြလိမ့်မည်ကား မဟုတ်ပေ။

မင်းဗမာ ဘာသာပြန်ဆိုသည်။
ရွှေမြန်မာမီဒီယာ

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်တွင် လူမျိုးရေး ရန်စရာမှ လူငယ်ချင်း ခိုက်ရန်ဖြစ်ပွား


မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ် နယ်မြေ(၁၁)နှင့် (၁၂)နေရာများတွင် (လီဆူး)ကချင်လူငယ်များနှင့် (တိုင်းလိုင်)ရှမ်းလူငယ်များအကြား လူမျိုးရေး ရန်စရာမှ လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားကြသည်ဟု သိရှိရသည်။

မြစ်ကြီးနားမြို့၊ လယ်ကုန်းနယ်မြေ(၁၁) ဇီးကျွန်းရပ်နေ မောင်ရဝေအောင်၊ မောင်ဝင်းကျော်၊ မောင်ထွန်းစိုးပိုင်နှင့် မောင်ကျော်ဆန်းတို့ ရှမ်းလူငယ်လေးဦးသည် (၁၀.၁၀.၂၀၁၄)ရက်နေ့ည (၇)နာရီခန့်အချိန်တွင် နယ်မြေ(၁၁)လမ်းအတိုင်း လမ်းလျှောက်၍ အိမ်ပြန်လာစဉ် နယ်မြေ(၁၁)နှင့် (၁၂)လမ်းဆုံ ဓါတ်တိုင်အရောက်တွင် မောင်ငွါးအားဆူ၊ မောင်မျိုးလန်နှင့် (လီဆူး)ကချင်လူငယ်တို့ (၇)ဦးခန့်သည် မင်းတို့ ရှမ်းကလေးတွေ မိုက်လား၊ မိုက်ရင်ချမည်ဟု လူမျိုးရေးနာမည်သုံးကာ စတင်ရန်စစိန်ခေါ်ရာမှ လူငယ်ချင်း ခိုက်ရန် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုခိုက်ရန် ဖြစ်ပွားမှုသည် နယ်မြေ(၁၁)နှင့် (၁၂)လမ်းဆုံနေရာတွင် တစ်ကြိမ်၊ နယ်မြေ(၁၂) လီဆူးရပ်ကွက်အတွင်းတွင် တစ်ကြိမ် ဖိတ်ခေါ်ရန်စမှုကြောင့် နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တာလို့ သိရှိရပြီး မောင်ငွါးအားဆူနှင့် မောင်မျိုးလန်တို့ နှစ်ဦးမှာ ထိရှဒဏ်ရာကြောင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံးသို့ တက်ရောက်ခဲ့ရကြောင်းနှင့် ၄င်းထိရှဒဏ်ရာသည် ဓါမြောင်းဖြင့် ထိုးခြင်း ခံခဲ့ရတာလို့လည်း နယ်မြေ(၁၄) အုပ်ချုပ်ရေးမှူး ဦးအောင်မိုးထံတွင် ထွက်ဆိုထားပါသည်။

ရှမ်းလူငယ်များကတော့ ၄င်းတို့တွင် ဓါးလက်နက်မပါကြောင်းနှင့် ခိုက်ရန်ဖြစ်ပွားမှုမှာတောင် ဒုတ်မပါ လက်ချည်းသာ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းထိရှဒဏ်ရာသည် လုံးထွေးထိုးကြိတ်ရာမှ ခြံစည်းရိုးသံဇကာနှင့် ချိတ်မိတာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီး၊ ၄င်းခိုက်ရန် ပဋိပက္ခသည် (လီဆူး)ကချင်လူငယ်များမှ စတင်ရန်စစိန်ခေါ်၍ ဖြစ်ပွားရခြင်းဖြစ်ကြောင်း (ဂျိန်းဖော)ကချင်လူငယ်တစ်ဦးဖြစ်သူ မောင်ခန်းမြတ်က အုပ်ချုပ်ရေးမှူး ဦးအောင်မိုးထံတွင် ထွက်ဆိုထားတယ်လို့လည်း သိရှိရပါသည်။

ဆေးရုံတက် ကုသရသော ၄င်းထိရှဒဏ်ရာအတွက် လျော်ကြေးငွေကျပ် သိန်း(၅၀)ကို တောင်းခံခြင်းကြောင့်၊ အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက (၁၅)သိန်းဖြင့် ညှိနှိုင်းပေးထားတယ်လို့ သိရှိရပြီး ရှမ်းလူငယ်များ၏ မိဘများကတော့ တစ်ဦးလျှင် လျော်ကြေးငွေကျပ် (၁)သိန်း လေးဦး(၄)သိန်းကို ဆေးဖိုးဝါးခ ပေးမည်ဟု ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုပါသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)ကတော့ အလားတူ ရန်စစိန်ခေါ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုများသည် ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနှင့် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွားများတွင် ရက်အနည်းငယ်စီခြား၍ ဖြစ်ပွားခဲ့တာကြောင့် လူမျိုးရေးအသွင်ဆောင်တဲ့ ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။
ဧရာဝတီမြစ်ဖျားဆီက

လူ ထောင်ပေါင်းများစွာ ရှေ့မှာ ချစ်သူ ဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ လေတပ်ဗိုလ်မှူး

အမေရိကန် ပြည်ထောင်စုမှာ ချစ်သူ ဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ ပါတယ်။ အဲဒါကတော့ အမေရိကန် လေတပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ လေတပ် ဗိုလ်မှူးဟာ သူ့ရဲ့ ချစ်သူ ဖြစ်သူကို ပရိသတ် ထောင်ပေါင်း များစွာ ရှေ့မှာ လက်ထပ်ခွင့် တောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ လေတပ် ဗိုလ်မှူး အဲရစ်ဟာ အရှေ့ အလယ်ပိုင်းကနေ တာဝန် ထမ်းဆောင်ပြီး အမေရိကန် ပြည်ထောင်စုကို ပြန်လည် ရောက်ရှိ လာတဲ့ အခါ ချစ်သူဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ရဲ့ ချစ်သူဟာ အားကစား ပြိုင်ပွဲတွေမှာ ဖျော်ဖြေမှုတွေ ပြုလုပ် ပေးရလေ့ရှိတဲ့ Cheerleader တစ်ဦး ဖြစ်ပါတယ်။ Cheerleader တွေဟာ အမေရိကန်မှာ ထင်ရှား ကျော်ကြားသူတွေ ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲ တွေမှာ လှပချောမောတဲ့ Cheerleader တွေကို မကြာခဏ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲရစ်ရဲ့ ချစ်သူဟာ အသက် (၂၃) နှစ်သာရှိ သေးတဲ့ တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်ပြီး အမေရိကန် ဖွတ်ဘောလိဂ် ပြိုင်ပွဲမှာ Cheerleader အဖြစ် ကပြအသုံးတော်ခံရတာ ဖြစ်ပါတယ်။ အဲဒီလို ကပြနေစဉ် အတော အတွင်းမှာ အဲရစ်ဟာ ချစ်သူဖြစ်သူထံ ရုတ်တရက် ရောက်လာပြီး ဒူးထောက်လိုက် ပါတယ်။ အဲဒီနောက် လက်စွပ် တစ်ကွင်းပေးကာ လက်ထပ်ခွင့် တောင်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲရစ်ရဲ့ ချစ်သူဟာ လက်ထပ်မယ်လို့ ချက်ခြင်း ပန်လည် အဖြေပေးခဲ့ပါတယ်။ ဒီမြင်ကွင်းကို ပရိသတ် ထောင်ပေါင်း များစွာ မြင်တွေ့ ခဲ့ကြ ပြီး လက်ခုပ် သြဘာတွေပေးခဲ့ကြ ပါတယ်။ အဲရစ်ရဲ့ ချစ်သူဖြစ်သူဟာ နာမည်ကြီး Cheerleader တစ်ဦး ဖြစ်ပြီး၊ အရီဇိုးနား တက္ကသိုလ်မှာ ပညာသင်ကြားနေ သူလည်း ဖြစ်ပါတယ်။ အဲရစ်ဟာ လက်ထပ်ခွင့်တောင်းပြီးတဲ့ နောက်မှာတော့ အရှေ့ အလယ်ပိုင်းမှာ ပြန်လည် တာဝန် ထမ်းဆောင် ရဦးမှာ ဖြစ်ပါတယ်။

Messenger

အီဘိုလာကူးစက်ခံ ရသည့် ကုလသမဂ္ဂဆေးဝန်ထမ်း တစ်ဦး ဂျာမနီတွင် သေဆုံး

လိုက်ဘေးရီးယား နိုင်ငံအတွင်း အီဘိုလာ ကူးစက်ခံ ခဲ့ရသည့် ကုလသမဂ္ဂ ဆေးဝန်ထမ်း တစ်ဦးသည် အထူးကြပ်မတ် ကုသမှု ခံယူလျက် ရှိသော်လည်း ယခု သေဆုံး သွားပြီဖြစ်ကြောင်း ဂျာမနီနိုင်ငံ အတွင်းရှိ ဆေးရုံတစ်ရုံ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အမည် ဖော်ပြထားခြင်း မရှိသည့် အသက် ၅၆ နှစ်အရွယ် အဆိုပါ အမျိုးသား သည် အောက်တိုဘာ ၁၃ ရက် ညပိုင်းက သေဆုံးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသားသည် အီဘိုလာ ရောဂါပိုး ကူးစက်မှုကို အောက်တိုဘာ ၆ ရက် က ခံခဲ့ရပြီးနောက် ဂျာမနီနိုင်ငံ သို့ ဆေးကုသမှု ခံယူရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်ကြောင်း Leipzig ဆေးရုံမှ တာဝန် ရှိသူများက ပြောကြား ထားသည်။

အဆိုပါ အမျိုးသားသည် ဂျာမနီ နိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် ရောက်ရှိ လာခဲ့ပြီး ၄င်းသည် ယင်း နိုင်ငံအတွင်း သို့ အီဘိုလာ ရောဂါပိုး ကူးစက်ခံ ရမှုကြောင့် ရောက်ရှိလာသည့် တတိယမြောက် ဝေဒနာရှင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသို့ ပထမဆုံး ရောက်ရှိ လာသည့် အီဘိုလာ ရောဂါ ကူးစက် ခံရသူမှာ ဆီနီဂေါ နိုင်ငံမှ အမျိုးသား တစ်ဦးဖြစ်ပြီး ဒုတိယမြောက် လူနာမှာ ယူဂန်ဒါနိုင်ငံ အီတလီ လူမှုရေး အဖွဲ့မှ ဝန်ထမ်း အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

PyiChitThar