ဖီဖာကမ္ဘာအဆင့်သတ်မှတ်ချက်တွင် မြန်မာ အဆင့် ၁၇ သို့ ခုန်တက်သွားပြီ


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ စက်တင်ဘာလအတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ မြန်မာက အဆင့် ၁၇ ဆင့် အထိ ခုန်တက်သွားပါတယ်။ မြန်မာဘောလုံး အသင်းဟာ ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အတွက် အဆင့် ၁၄၃ နေရာကို တက်လာတာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲ မြန်မာရဲ့ အထက်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် ရှိနေပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့က နောက်မှာ အသီးသီး ရပ်တည်နေပါတယ်။

ငွေကြေးလိမ်လည်မှုများ ပပျောက်အောင် 5000တန်ကို နောက်တမျိုးပြောင်းထုတ်လိုက်ပြီ



မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာတိုးတက်လာစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်လုံခြုံမှုအဆင့်တန်းရှိသော ငွေစက္ကူများကို ထုတ်ဝေခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန် ငွေစက္ကူ၏ တရားဝင်လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ဝေမည် ဖြစ်ပါသည်။

မူလက ငါးထောင်တန် ငွေစက္ကူ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက် ဆစ်ပိုင်းပြီး မြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက် အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းထားပါသည်။ ၎င်းလုံခြုံရေးကြိုးအသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ်အစား ပိုမိုကြီး၍ အရောင်လည်းပြောင်းလဲနိုင်ပြီး ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ်မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ပါသည်။ ငါးထောင်ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာဖက်၊ လက်ယာဘက်ပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင်ဖြူတော်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူကို ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူ၏ အရည်အသွေး နိမ့်ကျ၍ ငွေစက္ကူပျက်စီးခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ၏ အသုံးပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေပါသည်။ ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန် ငွေစက္ကူမှာ လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင်သတ်မှတ်ချက်များသည် မူလ ငါးထောင်ကျပ်တန် ငွေစက္ကူ အတိုင်းဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည်သုံးစွဲလျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

MOI

အီရတ်အခြေအနေဘယ်လိုလဲ



အစ္စလမ္မစ်နိုင်ငံတော် IS ၏ အီရတ်နိုင်ငံတွင်း အခြေအနေ နှင့် ပတ်သက်၍ နိုင်ငံ ၃၀ မှ ကိုယ်စားလှယ်များ ပါရီတွင် ဆွေးနွေးသည်။ ကာ့ဒ်ပြည်နယ်အစိုးရမှလည်း နိုင်ငံ ၇ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် သပ်သပ် ဆွေးနွေးသည်။ စက်တင်ဘာ ၁၅ ရက်နေ့ အီရတ်နိုင်ငံတဝန်း တိုက်ခိုက်မှုများအတွင်း အနည်းဆုံး ၈၆ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရသည်။ 

ဘဂ္ဂဒက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်သွေးကြွများကို အာရုံစိုက်နေစဉ်တွင် ရာဇဝတ်မှုများ၊ ပြန်ပေးဆွဲမှုများ မြင့်တက်လာသည်။ လုံခြုံရေးတပ်ဖွဲ့နေရာ အစားဝင်ယူထားသော ရှီးဟိုက်ပြည်သူ့စစ်များကလည်း ပြသနာလျှော့ပါးအောင် ဆောင်ရွက်ရမည့်အစား ၎င်းတို့ကပင် ပြသနာများကို ဖန်တီးနေကြသည်။ လူဆိုးဂိုဏ်းများမှာ IS နှင့် အချိတ်အဆက်ရှိသည်ဟု ယုံကြည်ရသည်။ 

အဘူဒါရှီယာတွင် 

- ကားဗုံးတစ်လုံးပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရသည်။

- မီနီဘတ်စ်တစ်စီး၌လည်း ကားဗုံးပေါက်ကွဲပြီး ၇ ဦး ဒဏ်ရာရသည်။ 

- ဘယာတွင် လူတစ်ဦး ပစ်သတ်ခံရသည်။ 

မိုဆူးလ်တွင် 

- စစ်သွေးကြွများက လူငယ် ၃ ဦးကို ကွပ်မျက်လိုက်သည်။ 

- သေနတ်သမားများက စစ်သွေးကြွများကို ပစ်သတ်လိုက်သည်။ 

- ယူဆူဖီယာတွင် လူတစ်ဦး ပစ်သတ်ခံရသည်။ 

- အမေရိကန်လေကြောင်းတိုက်ခိုက်မှုများ ဘဂ္ဂဒက် အနီးသို့ ရွေ့လျားနီးကပ်လာသည်။ 

- ဘဂ္ဂဒက် အနောက်တောင်ဘက်ရှိ စစ်သွေးကြွစခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်သည်။ 

- ဒူလူအီယာတွင် တိုက်ခိုက်မှုများ ဖြစ်ပွားသည်။ 

- တိကရစ် တက္ကသိုလ်အနီးတွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားသည်။ 

-ဂျာ့ဖ် အယ်လ် ဆက်ကာတွင် စစ်သွေးကြွ ၁၈ ယောက် သေဆုံးသည်။ 

- ၎င်းနှင့် ကပ်လျက်တွင် အာဖဂန်ဝတ်စုံဝတ်ထားသော စစ်သွေးကြွ ၂၂ ဦး သေဆုံးသည်။ 

- ဟာမင် ဘာဆင် တွင် စစ်ဆင်ရေးစတင်သည်မှာ ၁၀ ရက်မြောက်ဖြစ်ပြီး ခေါင်းဆောင်များအပါအဝင် စစ်သွေးကြွ ၇ ဦး သေဆုံးသည်။ 

- တယ်လ်အဖာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၁၀ ဦး သေဆုံးသည်။ 

- အယ်လ်ဆဂါ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၈ ဦး သေဆုံးသည်။ 

- ဂျာလူလာ စစ်ဆေးရေးဂိတ်တွင် စစ်သွေးကြွ ၂ ဦးကို ပစ်သတ်လိုက်သည်။
From:မျိုးမင်းသန့်

ကွယ်လွန်သွားတဲ့ မော်ဒယ် အေးချမ်းမြတ်မိုး အတွက် အစ်မဖြစ်သူက တစ်လကြာ သီလရှင်ဝတ်


ကွယ်လွန် သွားတဲ့ မော်ဒယ် အေးချမ်းမြတ်မိုး အတွက် အစ်မဖြစ် သူ အေးချမ်းမြတ်ဖြိုးက စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းရှိ သီလရှင် စာသင်ကျောင်းတိုက် မှာ တစ်လ ကြာ သီလရှင် ဝတ်နေကြောင်း သိရပါ တယ်။ ကွယ်လွန်သူ မော်ဒယ်အေး ချမ်းမြတ်မိုး အတွက် အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုး သီလရှင် ဝတ်ဖြစ် ခဲ့ပုံကို ဖခင်ဖြစ် သူ ဦးဝဏ္ဏက “သူ့ ညီမလေးရတဲ့ အလှူတွေနဲ့ ညီမလေး အတွက် ဝတ်လိုက်တာပါ။ သူ့ ညီမ လေး ဒကာမဖြစ်အောင် လုပ်ပေးလိုက် တဲ့ သဘောပါ။ သီလရှင် တစ်လဝတ် မှာပါ။ ကျောင်းမှာတော့ တစ်လလုံး နေမှာ မဟုတ်ဘူး။ ကျောင်းကတော့ စာသင်တိုက် ဖြစ်တဲ့အတွက် ကျောင်း မှာ တရား သွားထိုင်ပြီး ညနေကျတော့ သွားပြန်ခေါ်ဖြစ်တယ်”လို့ ပြောပါ တယ်။

ကွယ်လွန်သူ မော်ဒယ်အေး ချမ်းမြတ်မိုး အတွက် အလှူအတန်း များ ဆက်တိုက် လုပ်ပေးဖြစ်ကြောင်း ကိုလည်း ဖခင်ဖြစ်သူ ဦးဝဏ္ဏက “စက် တင်ဘာ၂၆ ရက်နေ့ဆို တစ်လ ပြည့်ပြီ။ အိမ်မှာ ဆွမ်းကပ်မှာပါ။ ၂၅ ရက်နေ့ မနက် သီလရှင်ကျောင်း တိုက်မှာ အရုဏ် ဆွမ်းကပ်မယ်။ သီလရှင်အပါး ၂၆ဝ ရှိတယ်။ ပြီး တော့ အရင်တုန်းက ကျိုက်ကလဲ့ စေတီဘေးက ဘုန်းကြီးကျောင်းမှာ ကျောင်းဆောက် လှူဒါန်းထားတာ ရှိတယ်။ အဲဒီမှာလည်း စက်တင်ဘာ ၁၃ ရက်နေ့က သင်္ကန်းတွေ သွားလှူ ဖြစ် ပါတယ်။ ဒီကြားထဲမှာလည်း ရထားတဲ့ သင်္ကန်းတွေကို တောက် လျှောက် လှူ ဖြစ်မှာပါ”လို့ပြောပါ တယ်။

From: Popular

ပရိုဘောက်စ်ကားများ ဂျပန်နိုင်ငံအတွက်သာ ထုတ်ထားခြင်းဖြစ်၍ မြန်မာနိုင်ငံနှင့် မသင့်လျော်


ပရိုဘောက်စ်ကားများ ကို ဂျပန်နိုင်ငံတွင်သာအသုံးပြုရန် တိုယိုတာကားကုမ္ပဏီက ရည် ရွယ်ထုတ်လုပ်ခြင်းဖြစ်၍ မြန်မာ နိုင်ငံအခြေအနေနှင့် သုံးစွဲရန် မသင့်လျော်ကြောင်း တိုယိုတာ ကားတင်သွင်းဖြန့်ချိရောင်းချခွင့်ရရှိထားသည့် TTAS ကုမ္ပဏီ အ ထွေထွေမန်နေဂျာ ဦးမျိုးမြင့်သိန်းကပြောကြားသည်။

‘‘တိုယိုတာမှာ ပရိုဘောက်စ် က အိတ်စ်ပို့မော်ဒယ် မဟုတ်ပါ ဘူး’’ ဟု ဦးမျိုးမြင့်သိန်းကပြော သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် ပရိုဘောက်စ် တစ်ပတ်ရစ် ကားများမှာ ဂျပန်နိုင်ငံတွင်သုံးစွဲမှုသက်တမ်းကျော် လွန်၍ လေလံဈေးကွက်သို့တင် သွင်းကာ ကမ္ဘာ့နိုင်ငံများသို့ ပြန် လည် တင်ပို့ရောင်းချခြင်း ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် ပရိုဘောက်စ် Brand New ကားများကို မြန်မာနိုင်ငံ ဈေးကွက်သို့ တင်သွင်းရန် အစီအစဉ်မရှိဟု သိရသည်။

ပရိုဘောက်စ် တစ်ပတ်ရစ် ကားများသည် လျှပ်စစ်ပိုင်းဆိုင် ရာ ဝါယာရင်း၊ ဓာတ်ဆီပိုက်များ၊အိတ်ဇောများ စသည်တို့ကို ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်သဖြင့် ပရိုဘောက်စ် ကားအချို့ မီးလောင်ရခြင်းဖြစ်ကြောင်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ များကပြောကြားသည်။

မြန်မာနိုင်ငံဈေးကွက်သို့ ဂျပန်နိုင်ငံမှတင်သွင်းမှုအများဆုံး တစ်ပတ်ရစ် ကားများတွင် ပရို ဘောက်စ်တင်သွင်းမှု အများဆုံး ဖြစ်ပြီး ဒုတိယနေရာတွင် ဘယ်လ်ဘာ၊ တတိယနေရာတွင် ဟွန်ဒါ ဖစ်ဖြစ်သည်ဟု ဂျပန် တစ်ပတ်ရစ်တင်ပို့မှုစိစစ်ရေးအဖွဲ့က ယခုနှစ်စပိုင်းက ၎င်း၏စစ်တမ်းတွင် ဖော်ပြထားသည်။

‘‘ဂျပန်မှာက ပရိုဘောက်စ် ကားတွေစီးရင် သေချာစစ်တယ်။ စနစ်တကျစီးတယ်။ ပုံမှန်ဆားဗစ်လုပ်တယ်။ မီးလောင်တာတွေ ဘာတွေ ဒီနိုင်ငံမှာလို မဖြစ်ဘူး’’ ဟု ရောင်နီဦးကားအရောင်းပြခန်း ပိုင်ရှင်ဦးအောင်ဝင်းကဆိုသည်။

အထူးသဖြင့် တင်သွင်းလာ သည့်ဂျပန်တစ်ပတ်ရစ်ကားများ အပေါ် လက်ရှိမော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီက တိကျစွာ စစ်ဆေး သည့် မူဝါဒမရှိ၍အရည်အသွေးနိမ့် ဂျပန်တစ်ပတ်ရစ်ကားများ မြန်မာနိုင်ငံသို့ ဝင်ရောက်နေ ကြောင်း ၎င်းက ဝေဖန်သည်။

မြန်မာပြည်မှ ပရိုဘောက်စ် ကားများကိုနီးစပ်ရာဝပ်ရှော့များ သို့ လာရောက်ပြုပြင်ရာတွင် ကုန်တင်ရန်နှင့် ဟိုင်းဝေးခရီးများသွားလာနိုင်ရန် ပြုပြင်တပ်ဆင်ပေးနေရပြီး ကားများ၏မူလလုပ်ဆောင်နိုင်စွမ်းထက် ပိုမိုလုပ်ပေးနေရသောကြောင့် ပရိုဘောက်စ်ကားများ ကြံ့ခိုင်မှုအားနည်းခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရှိ အငယ်လေးဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးကပြောသည်။

‘‘အဓိကကတော့ ဒီနိုင်ငံက ပရိုဘောက်စ်တွေက တစ်ဖက် နိုင်ငံမှာ အကြာကြီးသုံးလာပြီးမှ ဒီရောက်လာတာ။ မနိုင်ဝန်ထမ်း နေရတဲ့သဘောပေါ့’’ဟု အထက် ပါစက်ပြင်ဆရာကဆိုသည်။

မြန်မာနိုင်ငံတွင် ကားတင် သွင်းမှု မူဝါဒအပြောင်းအလဲပြု လုပ်အပြီး သုံးနှစ်အကြာတွင်ဂျပန် တစ်ပတ်ရစ်ကားအမျိုးအစား နှစ် သိန်းခွဲကျော် တင်သွင်းထားပြီဖြစ်ပြီး ဂျပန်နိုင်ငံမှ ကားတင်သွင်းမှု အများဆုံးသုံးနိုင်ငံတွင် နယူးဇီလန်နိုင်ငံနှင့် ရုရှားနိုင်ငံပြီးပါက မြန်မာနိုင်ငံသည် တတိယ နေရာတွင်ရပ်တည်နေသည်။

ခင်ပွန်းဖြစ်သူ အဝေးမှာ အလုပ်သွားလုပ်နေစဉ် ယောက္ခထီး ဖြစ်သူက မုဒိန်းကျင့်၍ ကိုယ်ဝန်ရသွားသော မိန်းကလေး


အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh တွင် တည်ရှိသော Muzaffarnagar မှ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးအား သူမ၏ ယောက္ခထီးက သူမခင်ပွန်း အဝေးတွင် အလုပ်သွားလုပ်နေတုန်း တစ်နှစ်ကြာခန့် အဓမ္မပြုကျင့်ခဲ့သဖြင့် ကိုယ်ဝန်လွယ်ထားရကြောင်း သိရသည်။

ထိုအမျိုးသမီး၏ ခင်ပွန်းဟာ ဒူဘိုင်းမှာ အလုပ်သွားလုပ်နေတုန်း လွန်ခဲ့သည့် ရှစ်လခန့်က ခင်ပွန်း၏ဖခင်ဖြစ်သူ သူမ၏ ယောက္ခထီးက သူမအား ၎င်းနှင့် အတူအိပ်ရန် ဖိအားပေးပြီး အဓမ္မပြုကျင့်ခဲ့ပြီးနောက် ထိုအဓမ္မပြုကျင့်သည်ကို ဗွီဒီယိုမှတ်တမ်းတင်ခဲ့ကာ သူမအား ခြိမ်းခြောက်ကာ ဆက်လက် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ခြောက်လက အိမ်သို့ ခဏပြန်ရောက်လာသည့် ခင်ပွန်းအား ထိုအဖြစ်အပျက်များ ပြောပြရာ ခင်ပွန်းနှင့် ခင်ပွန်း၏မိခင် (သူမ၏ယောက္ခမ)တို့က ထိုသို့ပြောခဲ့သည့် သူမအား ရိုက်နှက်ခဲ့ကြသည်ဟု သိရသည်။

ယခုအခါ ကိုယ်ဝန်ခုနှစ်လလွယ်ထားရသော သူမက သူမအား အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ရစေခဲ့သည့် ယောက္ခထီးကို အာဏာပိုင်များက အရေးယူပေးစေလိုကြောင်း တောင်းဆိုခဲ့သည်။
သို့သော် သူမအား အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ရစေခဲ့သူ သူမ၏ ယောက္ခထီးက သူ့အား ခင်ပွန်းအဖြစ် သတ်မှတ်ရန် နှင့် သူမလက်ထပ်ယူထားခဲ့သော ခင်ပွန်းအား သားအဖြစ် သတ်မှတ်ရန် စဉ်းစားဖို့ ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုသို့ပြုမည်ဆိုပါက သူမဟာ သူမခင်ပွန်းကို ကွာရှင်းပြတ်စဲရမည်ဖြစ်ကာ သူမလွယ်ထားသော ဗိုက်ထဲက ကလေးဟာ သူမခင်ပွန်း၏ ညီငယ်လေးဖြစ်လာမည်ဟု သိရသည်။
သူမကမူ ဗိုက်ထဲက ကလေးအား ဖျက်ချပစ်ဖို့ နောက်ကျနေပေမယ့် သူမအား ဖျက်ချခွင့်ပေးဖို့ နှင့် ယောက္ခထီးအား အရေးယူပေးဖို့ တောင်းဆိုထားကာ ထိုသို့မဟုတ်ပါက အဆိပ်သောက်ပြီး သူမဘာသာ သေကြောင်းကြံမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

၂၀၀၅ခုနှစ်ကလည်း Imrana မုဒိမ်းမှု၌ အမျိုးသမီးအား သူမ၏ ယောက္ခထီးက အဓမ္မပြုကျင့်ခဲ့ရာ ကျေးရွာမှ သက်ကြီးဝါကြီးများနှင့် အစ္စလာမ်တရားရုံးက မုဒိမ်ပြုကျင့်ခဲ့သည့် ယောက္ခထီးအား ခင်ပွန်းအဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ရာ တနိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပြီးမှ အဓမ္မပြုကျင့်ခဲ့သော ယောက္ခထီးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အစပထမပိုင်းက မုဒိမ်းမှုကျူးလွန်ခဲ့သော ထိုယောက္ခထီးအား (၁၀)နှစ်ထောင်ဒဏ်ပေးခဲ့ပေမယ့် နောက်ပိုင်းတွင် ဆန္ဒပြခြင်းတို့ကြောင့် သုံးနှစ်သို့ လျှော့ချခဲ့ကြောင်း သိရသည်။

World Myanmar

မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဂျက်ကီချန်းရဲ့သားအား ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ပြီ

ဘေကျင်း ရဲတွေကတော့ ဟောင်ကောင်ရဲ့Martial Arts ရုပ်ရှင်ဇာတ်ကားထဲက နာမည်ကျော်အကျော်အမော် ဂျက်ကီချန်းရဲ့သားကို တခြားသူတွေ မူးယစ်ဆေးဝါးသုံးစွဲမှုခွင့် ပေးထားတယ်ဆိုတဲ့ သံသယကြောင့် အများဆုံးထောင်ဒဏ်(၃) နှစ်ချမှတ်ခံရမယ့် စွပ်စွဲချက်နဲ့ အတူဖမ်းဆီးခဲ့တယ်လို့ အစိုးရရှေ့နေတွေကပြောဆိုခဲ့ပါတယ်။

တစ်ပတ်စောပြီး ရဲမှတောင်းဆိုချက်တစ်ရပ်ပြုလုပ်ပြီးတဲ့နောက် သရုပ်ဆောင် Jaycee Chan ကို တရားဝင်ဖမ်းဆီးဖို့ သဘောတူညီချက်ပေးခဲ့တာဖြစ်တယ်လို့ Dongcheng ခရိုင်ရှေ့နေက ပြောဆိုခဲ့ပါတယ်။ အဲဒီသတင်းကို အစိုးရ Sina Weibo microblog မှာလည်း ထုတ်ပြန်ကြေငြာထားပြီးပါပြီ။

Jaycee Chan အသက် (၃၁) ဟာ သူ ထိုင်ဝမ် ရုပ်ရှင်မင်းသာ Ko Kai နဲ့အတူ သြဂုတ် (၁၄) ရက်နေ့မှာ အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့နှစ်ဦးကို စစ်ဆေးမှုပြုလုပ်ခဲ့အပြီး မူးယစ်ဆေးဝါးသုံးစွဲကြောင်းဝန်ခံခဲ့တာကြောင့် ရက်အနည်းငယ်ကြာပြီးတဲ့နောက် မူးယစ်ဆေး (၁၀၀) ဂရမ် (၃.၅ အောင်စ) ကို Chan နေအိမ်မှ ထုတ်ယူခဲ့ကြောင်း ရဲကဆိုပါတယ်။

တရုတ်နိုင်ငံမှာ ရဲတွေ သံသယရှိသူကို တရားဝင်းဖမ်းဆီးဖို့ ရှေ့နေတွေဆီကနေ တရားဝင်ခွင့်ပြုချက် လိုအပ်ပါတယ်။ တရားဝင်ဖမ်းဆီးမှုပြုနေစဉ် ရဲမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ ရာဇဝတ်မှုအရ စွပ်စွဲချက်ပြုလုပ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ရုံးတင်စစ်ဆေးမှု ဆက်လက် လုပ်ဆောင်ရမှာဖြစ်တယ်။ တခြားသူကို ကိုယ့်အိမ်ကိုယ်ယာ (သို့) ဟိုတယ်မှာ မူးယစ်ဆေးသုံးစွဲခွင့်ပေးမှုအတွက် အများဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် (၃) နှစ်ဖြစ်ပါတယ်။

Marijiuana သုံးစွဲကြောင်း ဝန်ခံခဲ့ပြီးနောက် အသက် (၃၁) နှစ်ရှိ Ko ဟာလည်း ၁၄ ရက်ကြာ ဖမ်းဆီးမှုခံခဲ့ပါတယ်။

သူလွတ်မြောက်ခြင်းနဲ့ ပတ်သက်လို့ သူ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့မိဘတွေက အေးဂျင့်နဲ့အတူ ရောက်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် တောင်းပန်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ တရုတ်အာဏာပိုင်တွေက မူးယစ်ဆေးတိုက်ဖျက်ရေးသံတမန်လို့ နာမည်ပေးခံရတဲ့ ဂျက်ကီချန်းက သူ့သားမူးယစ်ဆေးဝါးသုံးစွဲခြင်းအတွက် တောင်းပန်ခဲ့ပြီး အခြေအနေ ပြန်လည်ကောင်းမွန်လာအောင် သူနဲ့အတူ ပါဝင်ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

တရားမဝင် မူးယစ်များ ရှင်းထုတ်ရမှာကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြင်းထန်စွာ အပြစ်ပေးခံရမှာဖြစ်ကြောင်း သမ္မတ Xi Jinping က ဇွန်လမှာ ကြေငြာချက်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်း မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲချက်နဲ့ အနုပညာရှင်တွေ အများအပြား ဖမ်းဆီးခံခဲ့ကြရပါတယ်။

ဘေကျင်းမှာရှိတဲ့ အနုပညာအဖွဲ့အစည်းတွေနဲ့ ရုပ်ရှင်ကုမ္ပဏီတွေက မူးယစ်ဆေးနဲ့ ပတ်သက်ဆက်နွယ်နေကြတဲ့ အနုပညာရှင်တွေကို မငှားဘူးလို့ ကတိပေးခဲ့ကြပြီး ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေက မူးယစ်ဆေး မကြာခဏသုံးစွဲနေတဲ့ အဖွဲ့ဝင်တွေကို ရုပ်ရှင်ထုတ်လုပ်ခြင်းမှ ဖယ်ထုတ် တားဆီးခံရမှာဖြစ်တယ်ဆိုတဲ့ အသိပေးချက်တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

Source: yahoo

Trend Myanmar

ပျောက်ဆုံးနေသည့် မြန်မာ တောင်တက်သမား နှစ်ဦး ရှာရန် အမေရိကန်နှင့် နီပေါ အကူအညီယူပြီး ဆက်လက်ရှာဖွေမည်


ခါကာဘိုရာဇီ တောင် တက်နေသော မြန်မာ ချေလျင် တောင်တက် အဖွဲ့ဝင် တဦး(ဓာတ်ပုံ – Invitation of Nature Foundation / Facebook)


ကချင်ပြည်နယ် ခါကာဘိုရာဇီ တောင်တက်ခရီးတွင် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေသည့် မြန်မာ တောင်တက်သမား အမျိုးသား ၂ ဦးကို ရှာဖွေရန် အမေရိကန်နှင့် နီပေါ ကျွမ်းကျင်သူများ ထပ်မံ ခေါ်ယူထားကြောင်း သိရသည်။

“လိုက်လံ ရှာဖွေတဲ့သူတွေလည်း ဘေးကင်းဖို့ လုံခြုံဖို့ အရေးကြီးပါတယ်။ အမေရိကန် တောင်တက်သမား နှစ်ဦး မနက်ဖြန် ၉ နာရီ မှာ ရန်ကုန်လေဆိပ်ကို ရောက်လာမှာပါ။ သူတို့ကို ပူတာအို ကို ချက်ချင်း ခေါ်ဆောင်သွားပြီး ရှာဖွေဖို့ လုပ်မှာပါ”ဟု တောင်တက် အဖွဲ့ကို ကူညီနေသည့် ထူး ဖောင်ဒေးရှင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးဖြိုးကိုကိုက ပြောသည်။

အမေရိကန်နှင့် နီပေါ တောင်တက် ကျွမ်းကျင်သူများကို ကမ်းလှမ်းရခြင်းသည် ရေခဲတောင် တက်ဖူးသည့် အတွေ့အကြုံ ရှိသူများ ဖြစ်သည့်အပြင် အမေရိကန်၏ ချစ်ကြည်ရေး အစီအစဉ်ဖြင့် ကူညီခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် တရုတ်ကယ်ဆယ်ရေး အဖွဲ့သည်လည်း တရုတ်-မြန်မာ ချစ်ကြည်ရေး အစီအစဉ်ဖြင့် တရုတ်သံရုံး၏ ကမ်းလှမ်းမှုကြောင့် လာရောက်ကူညီခြင်း ဖြစ်ကြောင်း ဦးဖြိုးကိုကိုက ပြောသည်။

ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးနေသည့် တောက်တက်သမား နှစ်ဦးမှာ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့ ဖြစ်ပြီး လက်ရှိအချိန်၌ ခါကာဘိုရာဇီတောင်တွင် ရာသီဥတု အခြေအနေ ဆိုးရွာနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူ ၂ ဦးသည် အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို ပထမဆုံး ရောက်ရှိကြသည့် မြန်မာ အမျိုသား တောင်တက်သမားများ ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်တွင် တောင်ထိပ်၌ မြန်မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ပြီး တောင်ပေါ်မှ အဆင်းတွင် လမ်းကြောင်းနှင့် ရာသီဥတု အခြေအနေကြောင့် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ထူးဖောင်ဒေးရှင်း ဥက္ကဌ ဦးတေဇသည် ၂၀၁၁ ခုနှစ်က ကချင်ပြည်နယ် မဒွယ်ရေခဲတောင်တက် ခရီးတွင် ၄ ရက်ခန့် ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို လာရောက် ကူညီရှာဖွေခဲ့သည့် ထိုင်းနိုင်ငံ၊ Advance Aviation မှ B4 ရဟတ်ယာဉ် တစီးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ် မောင်းနှင်သည့် အတွေ့အကြုံရှိ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မောင်း Captain Smokiat Kreatip နှင့် Captain Chatchawal Thanthongတို့ကို ပြန်လည် ခေါ်ယူပြီး ရှာဖွေနေသည်ဟု သိရသည်။

အဆိုပါ ခါကာကာဘိုရာဇီ တောင်တက်ခရီးစဉ်ကို မြန်မာ အမျိုးသား ၈ ဦး တက်ရောက်ခဲ့ကာ တောင်ထိပ်သို့ ၂ ဦးသာ ရောက်ခဲ့ပြီး ကျန် ၆ ဦးမှာ တောင်လယ်တွင် ကျန်ခဲ့ကြောင်း၊ တောင်လယ်တွင် ကျန်ခဲ့သူ ၆ ဦးသည် ပူတာအိုသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ခါကာဘိုရာဇီ တောင်ထိပ်ကို ၁၉၉၆ ခုနှစ်က မြန်မာ-ဂျပန် ချစ်ကြည်ရေး ပူးပေါင်းတောင်တက် အဖွဲ့က တက်ရောက်နိုင်ခဲ့ပြီး ဂန်လန်ရာဇီ တောင်ထိပ်ကို ယမန်နှစ်က မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက် အဖွဲ့က တက်ရောက်ခဲ့သည်။

အရှေ့တောင် အာရှနိုင်ငံ ၁၀ နိုင်ငံတွင် ရေခဲတောင်ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ဖြစ်ပြီး ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ စသော တောင်များသည် အမြင့်ဆုံးတောင်များ ဖြစ်ကြသည်။
ဧရာဝတီ

သရုပ်ဆောင် ရဲတိုက်ကို သာသနာ ညှိုးနွမ်းမှုဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ပြီ


သရုပ်ဆောင် ရဲတိုက်အား ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်လာစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)


သရုပ်ဆောင် ရဲတိုက်အား ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းတွင် ဆန္ဒဖော်ထုတ်ခဲ့မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုထားမှု အပေါ် ယနေ့ ဗိုလ်တထောင် တရားရုံးက သာသနာတော် ညှိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၁ နှစ် အမိန့် ချမှတ်လိုက်သည်။

မူလက စွဲဆိုထားသော ပုဒ်မမှာ ပုဒ်မ ၂၉၅ နှင့် ပုဒ်မ ၂၉၅ (က) ၂ ခု ဖြစ်ပြီး ပုဒ်မ တခုလျှင် တနှစ်စီ ဖြင့် ၂ နှစ် ကျခံရမည့် အစား တပေါင်းတည်း တနှစ် ကျခံစေရန် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက်သည် ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က စိန့်မေရီ ဘုရားကျောင်းအတွင်း ဝင်ရောက်ပြီး တကိုယ်တော် ဆန္ဒပြခဲ့ သည့် အပေါ် ဘုရားကျောင်း တာဝန်ရှိသူများက တိုင်ကြားခဲ့ရာ ဗိုလ်တထောင် ရဲစခန်းမှ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် ရဲတိုက်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်က ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်တွင် ဆေးခြောက်ဟု ယူ ဆ ရသော အရွက်ခြောက် တကျပ်သားခန့် တွေ့ရှိမှုနှင့် ဖမ်းဆီး အရေးယူမှုခံခဲ့ရပြီး ယင်းကိစ္စနှင့် ပတ်သတ်၍ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) (မူးယစ်ဆေးဝါး သုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် အမိန့်ကို လက်ရှိ ပြစ်ဒဏ်ခံယူနေရကြောင်းလည်း သိရသည်။

သာသနာတော် ညှိုးနွှမ်းစေမှု ပုဒ်မ ၂၉၅ နှင့် ပုဒ်မ ၂၉၅ (က) ဖြင့် ယနေ့ ချမှတ်ခံခဲ့ရသော ထောင်ဒဏ်နှင့် ပတ်သက်ပြီး အယူခံ ၀င်သွားရန် ရှိမရှိကို မေးမြန်းရန် သရုပ်ဆောင် ရဲတိုက် ၏ ဗီဒီယို ရုပ်ရှင်ကားများ ထုတ်လုပ်သည့် ဆာတိုရီ ဗီဒီယို ထုတ်လပ်ရေးနှင့် နီးစပ်သူများကို ဖုန်းဖြင့် ဆက်သွယ် သွယ်သော်လည်း ဖုန်းဆက်သွယ်မှု မရရှိခဲ့ပေ။
ဧရာဝတီ

မိုဘိုင်းဖုန်း ပြိုင်ပွဲကြီး စပြီ


ရန်ကုန်မြို့လည်ရှိ ဖုန်းအရောင်းဆိုင်တဆိုင် (ဓာတ်ပုံ – Reuters)


ပွဲ ကတော့ စပါပြီ။ မြန်မာနိုင်ငံရဲ့ သုံးစွဲသူ သန်းပေါင်းဆယ်ချီ များပြားတဲ့ မိုဘိုင်းဖုန်း ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်ဖို့ မြန်မာ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဖုန်း အော်ပရေတာ ကုမ္မဏီများအကြား ပြိုင်ဆိုင်မှု အရှိန်မြှင့်တက်လို့ လာနေပါပြီ။

ကာတာ အခြေစိုက် အော်ရီဒူး မိုဘိုင်းဖုန်း အော်ပရေတာ ကုမ္မဏီက အရင်လမှာ သူတို့ ရဲ့ မိုဘိုင်းဖုန်း ကွန်ရက် တွေ စတင်ဖွင့်လှစ် အသုံးပြု ခဲ့ပြီး မြန်မာနိုင်ငံ မိုဘိုင်းဖုန်း အော်ပရေတာ လောကမှာ ပထမဆုံး လုပ်ကိုင်နိုင်တဲ့ နိုင်ငံခြား ကုမ္မဏီ ဖြစ်လာခဲ့ပါတယ်။ အဲဒီ နောက် အခုအပတ်တွင်းမှာ ပဲ မြန်မာပြည် ဆက်သွယ်ရေးကို ဆယ်စုနှစ်များစွာ လက်ဝါးကြီးအုပ်ထားခဲ့တဲ့ အစိုးရလုပ်ငန်းကနေ ကုမ္ပဏီတဖြစ်လဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က မိုဘိုင်း SIM ကတ်တွေ ဈေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ နော်ဝေကုမ္ပဏီ တယ်လီနောကလည်း ဈေးကွက်ထဲ စဝင်ဖို့ တာဆူနေပါပြီ။

MPT က ၁၅၀၀ ကျပ် (၁.၅ ဒေါ်လာ) တန်ဖိုးရှိတဲ့ တန်ဖိုးနည်း 3G SIM ကဒ်တွေ ကို တိုင်းပြည် တ၀ှမ်းမှာ ရှိတဲ့ မိုဘိုင်း ဖုန်းဆိုင်တွေကို ရောင်းချဖို့ ဖြန့်ဖြူးပေးတဲ့ နောက်မှာတော့ ရန်ကုန်မြို့ မိုဘိုင်းဖုန်းဆိုင်တွေ ရှေ့မှာ ဖုန်းကဒ် ၀ယ်ဖို့ တန်းစီ စောင့်နေကြတဲ့ လူတန်းရှည်ကြီး တွေကိုလည်း မြင်တွေ့ရလေရဲ့။ မှောင်ခိုဈေးကွက်လည်း ဖြစ်လာတယ်။

လာရောက်တန်းစီးသူ ဗိုလ်တထောင်မြို့နယ်က ဆိုက်ကားဆရာ ဦးရန်မြင့်က“ ကျနော်က ဆိုက်ကားဆွဲရင် တနေ့ကုန်လုပ်မှ ၃၀၀၀ လောက်ကို မနည်းရှာရတာ။ ဒီမှာ နေ့တ၀က်လောက် တန်းစီနိုင်ရင် တစ်သောင်းတန်းရတာ။ ဆိုက်ကား မဆွဲတော့ဘူး။ ပြီးခဲ့တဲ့ အခေါက်တုန်းက ဆိုရင် တရက်တည်း တသောင်းခွဲအထိ ရဖူးတယ်”လို့ ပြောပြတယ်။

ဖုန်းတန်းစီ တိုးဝှေ့တဲ့ မလှမ်းမကမ်းမှာပဲ ဖုန်းကတ် တကတ်ကို တသောင်းနှုန်းနဲ့ လာရောက် ၀ယ်ယူသူ ဖုန်းပွဲစားများ ရှိပြီး MPT ဖုန်းကတ် ရောင်းချခွင့် မရှိတဲ့ ဖုန်းဆိုင်များကို ပြန်လည် ရောင်းချခြင်း ၊ နယ်မြို့များကို အဆက်အသွယ်များက တဆင့် ပြန်လည် ရောင်းချခြင်းတွေ ရှိနေပါတယ်။

မြောက်ဥက္ကလာ မြို့နယ်က ၄၁ နှစ်အရွယ်ရှိတဲ့ ကို မြင့်ဝင်း ရပ်ကွက်ထဲမှာ MPT ရဲ့ တန်ဖိုးနည်း SIM ကတ်တွေကို မဲနှိုက်ရပြီး မဲပေါက်မယ့် အချိန်ကို စောင့်နေစရာ မလိုတော့တဲ့ အတွက်လည်း အများကြီး စိတ်သက်သာရာရသွားပြီ လို့ပြောပါတယ်။

ယခင် စစ်အစိုးရ ရဲ့ အုပ်ချုပ်မှု သက်တမ်း တစ်လျှောက်မှာ မြန်မာ့ကြေးနန်းနဲ့ ဆက်သွယ်ရေး က မိုဘိုင်းဖုန်းကဒ်တွေ ကို ကျပ်သိန်း ၅၀ ( ဒေါ်လာ ၅၀၀၀) အထိ ဈေးတင်ရောင်းချ ခဲ့ကြပါတယ်။ အရပ်သား အစိုးရ ဆိုပြီး နာမည်တပ်ထားတဲ့ အစိုးရသစ် တစ်ရပ် ၂၀၁၁ ခုနှစ်မှာ တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းမှာတော့ SIM ကဒ် ဈေးကို ၂၅၀၀၀၀ ၀န်းကျင်အထိ လျှော့ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မနှစ်က စတင်ပြီး တော့ MPT က လစဉ် လစဉ် တိုင်းမှာ ရပ်ကွက်တွေ အလိုက် တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် SIM ကဒ်တွေ ကို မဲဖောက်တဲ့ စနစ်နဲ့ ရောင်းချခဲ့ပါတယ်။

MPT ဟာ ဂျပန်ကုမ္မဏီ ၂ခုဖြစ်တဲ့ KDDI Corporation နဲ့ Suimtomo Corporation တို့ရဲ့ လာမဲ့ ၁၀ နှစ်ကျော် ကာလ အတွင်း MPT ရဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေ အတွက် ဒေါ်လာ၂ ဘီလျံ ရင်းနှီးထောက်ပံ့ကူညီ သွားမဲ့ သဘောတူညီချက် မှာလက်မှတ်ထိုးခဲ့ပြီး နောက်ပိုင်းမှာ မှ အခုလို တန်ဖိုးနည်း ဖုန်းကဒ် တွေ ကို လူထုတွေဆီ လွယ်လွယ်ကူကူ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချသွားနိုင်တာ ဖြစ်ပါတယ်။

MPT က ဒီလအတွင်းမှာ ပဲ SIM ကဒ်ပေါင်း ၇၀၀၀၀၀၀ ကျော်လောက်ရောင်းချသွား ဖို့ စီစဉ်ထားပြီး နှစ်ကုန်ပိုင်းမှာတော့ SIM ကဒ်ပေါင်း ၅သန်းထိ ရောင်းချသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အော်ရီဒူးရဲ့ သာမန်ထက် အနည်းငယ် ဈေးပိုများ နေတဲ့ အင်တာနက်သုံးစွဲခ နဲ့ လိုင်းကောင်းကောင်း မမိတာတွေကြောင့်လည်း MPT ရဲ့ SIM ကဒ်ဘက်ကို လူတွေက ပိုပြီး စိတ်ဝင်စားလာကြပါတယ်။

မြန်မာ နိုင်ငံ ထဲမှာ မိုဘိုင်းတယ်လီကွန် လုပ်ငန်း လုပ်ခွင့် လိုင်စင် ရရှိ ခဲ့တဲ့ ကုမ္မဏီ ၂ ခုထဲ က တစ်ခုဖြစ်တဲ့ အော်ရီဒူး ဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ သူတို့ရဲ့ ၁၅၀၀ ကျပ်တန် ဖုန်းကဒ်တွေ ကို စတင် ရောင်းချခဲ့ကြပါတယ်။ အဲဒီ အချိန်က စပြီး လက်ရှိ အချိန် အထိ SIM ကဒ်ပေါင်း ၁ သန်းခန့် ရောင်းချ ခဲ့ပြီး ဖြစ်တယ် လို့လဲ သိရပါတယ်။

“လူတွေ က အော်ရီဒူး ရဲ့ ဈေးနှုန်းတွေ ကို ကြည့်ပြီး အတော်လေး အံ့သြ ကုန်ကြတယ်။ ဟယ်လို လို့တစ်ခွန်းပဲ ပြော ရသေးတယ် ၁မိနစ်စာ ၃၅ ကျပ် က ပါသွားပြီ။ အင်တာနက်လိုင်းကတော့ MPT ထက်ကောင်းပါတယ်။ ဒါပေမဲ့လည်း ဈေးက တော့ အဆင်မပြေ လှဘူး” လို့ မကွေးတိုင်း က အလွတ်တန်း သတင်းထောက် တစ်ဦးဖြစ်သူ ကိုဝင်းကြည် က ပြောပါတယ်။

ရန်ကုန်မြို့ လူကြီးမင်း ဖုန်းဆိုင် ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ ကိုပြည်စိုးထွန်း က အော်ရီဒူး ဖုန်းကဒ်တွေ စရောင်း တော့ ကြိတ်ကြိတ်တိုး ရောင်းချ ခဲ့ရတယ်လို့ပြောပါတယ်။ “လူတွေ က အော်ရီဒူးနဲ့ ပတ်သက်ပြီး တော်တော် မျှော်လင့်ထားကြတယ်ဆိုတော့ ထွက်ပြီ ဆိုတာနဲ့ တိုးကြိတ်ပြီး ၀ယ်ကြတော့တာပဲ။ ၀ယ်ပြီး တော့မှ လိုင်းက မမိဘူးဆိုတော့ လူတွေ လည်းစိတ်ပျက်ပြီး အဲဒီအချိန်မှာပဲ MPT ကလည်း ဖုန်းကဒ်တွေ ကို ထုပ်ရောင်းတော့တာ” လို့ ပြောပြခဲ့ပါတယ်။ သူ က သူတို့ လူကြီးမင်းဆိုင်ခွဲ ၂၅ ဆိုင်အတွက် MPT က ဆင်းကဒ် ၆၅၀၀ ချပေးခဲ့ပြီး အားလုံး တစ်ရက်အတွင်းမှာ ပဲ ရောင်းကုန်သွားတယ် လို့ ဆိုပါတယ်။

“မြန်မာ ပြည်က ၀ယ်သူတွေ က ဈေးကိုပဲကြည့်တာများတယ်။ သူတို့တွေ က သုံးတဲ့ အချိန်နဲ့ တွက်ပြီးကောက်တဲ့ အင်တာနက်သုံးစွဲခ နဲ့ ရင်းနှီးသွားပြီး ဆိုတော့ သုံးတဲ့ ပမာဏနဲ့ ကောက်တဲ့ အပေါ် ကျတော့ စိမ်းနေပြီး မကြိုက်ကြဘူး။ စနစ် ၂ မျိုးလုံးမှာတော့ အားသာချက် အားနည်ချက်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သူက အော်ရီဒူး ရဲ့ အင်တာနက် မြန်နှုန်း က MPT ထက်သာပေမယ့် သူတို့ရဲ့ Network Coverage မကောင်းမွန်တာတွေကြောင့် ဝေဖန်မှုတွေ ခံနေရတယ်လို့လည်းပြောခဲ့ပါတယ်။ “ဖုန်းသုံးတဲ့သူတွေ ကတော့ ရောက်ရာ နေရာကနေ ဖုန်းဆက်ချင်ကြမှာပဲ။ အဲဒါက သုံးစွဲသူတွေရဲ့ ပထမ ဦးစားပေးပေါ့။ MPT ကအဲဒီ အချက်နဲ့ ကြည့်ရင် လူတွေ လက်ခံ နိုင်တယ် ဘာလို့လဲ ဆိုတော့ MPT ဖုန်းတွေ က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကောင်းကောင်းသုံးလို့ ရနေတာပါ” လို့ သူက ပြောသွားခဲ့ပါတယ်။

မန္တလေးတိုင်း မတ္တရာ မြို့ Mobile Corner ဖုန်းအရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ မဖြူသဲမွန် ဆိုသူကလည်း သူတို့ ဆိုင်ရဲ့ အော်ရီဒူး ဖုန်းကဒ်ရောင်းအား တွေ က လိုင်းမမိတဲ့ အတွက် သိသိသာသာ ကျသွားတဲ့ အကြောင်းပြောပြပါတယ်။

“လူတွေ က အော်ရီဒူးအပေါ်မှာ တော်တော် မျှော်လင့်ထားပြီး ထွက်လာတော့ ထင်သလို ဖြစ်မလာလို့ ဆိုပြီး MPT ဘက်ကို စိတ်ပါသွားကြတယ်။ MPT က Network လည်းလုံလုံ လောက်လောက်ရှိပြီးသားလေ” ဆိုပြီး လူကြီးမင်း ဖုန်းဆိုင်ရဲ့ မကွေးတိုင်း ဆိုင်ခွဲ က မန်နေဂျာဖြစ်သူ မနှင်းဝေလွင် က ပြောပြ ပြန်ပါတယ်။

အော်ရီဒူးက လုပ်ငန်းစတင် လည်ပတ်ချိန်မှာ သူတို့ရဲ့ 3G ကွန်ရက် က သုံးစွဲသူ သန်းပေါင်း ၇.၈ သန်းကို လုံလုံလောက်လောက် ပေးနိုင်မယ် ဆိုပြီး ပြောခဲ့ပေမယ့် အခုအခါ သုံးစွဲသူ ၉ သန်းကျော် အထိ ရှိနေပြီးဖြစ်ပါတယ်။ အော်ရီဒူး ကုမ္မဏီ ဟာ ရန်ကုန်မြို့အတွင်း တာဝါတိုင် ၂၀ ရှိပြီး မကွေးတိုင်း သရက်မြို့ ၊ ပဲခူးတိုင်း ရှိ သာယာဝတီ နဲ့ တောင်ငူ မြို့ ၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင် လည်း ကွန်ယက်များ ဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။

“၀ယ်လိုအားတွေ များတဲ့အတွက် အဆင်မပြေတာတွေ ရယ်၊ ရန်ကုန်မြို့လယ် ဧရိယာတွေ မှာ Network နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ နည်းပညာတွေ ကိုလည်း ပြင်ဆင်ပြီး တော့ ၀န်ထမ်းတွေ ကိုလည်း သေချာ စီစစ်ပြီး ခန့်ထားပြီးပါပြီ။ အခုဆိုရင် ဒီ စိန်ခေါ်မှုတွေကို ကျနော်တို့ ကောင်းကောင်းရင်ဆိုင် နိုင်တော့မှာပါ။ ပြီးတော့ ကျနော်တို့ရဲ့ သုံးစွဲသူတွေ အတွက် ပိုပြီးကောင်းမွန်တဲ့ Network Coerage တွေကို ပေးနိုင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ အော်ရီဒူး မြန်မာ မှ အမှုဆောင်ချူပ်ဖြစ်သူ Ross Cormack က မကြာသေးခင်က ရန်ကုန်မြို့ မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခုဆိုရင် ကာတာကုမ္မဏီ က ၁ မက်ဂါဘိုဒ် သုံးတိုင်း ၁၀ ကျပ် ကောက်ခံသွားမယ် ဆိုပြီး ပထမဈေးနှုန်း ဖြစ်တဲ့ ၁ မက်ဂါဘိုဒ် ကို ၂၅ ကျပ်ဆိုတဲ့ ဈေးနှုန်း ကိုပြင်ဆင်ခဲ့ပါတယ်။

MPT ကလည်း ၄င်းတို့ ရဲ့ မိုဘိုင်းသုံးစွဲသူများအတွက် ၅၀၀၀ ကျပ် ငွေဖြည့်ကဒ် ၀ယ်ယူပါက ၂၀ ရာခိုင်နှုန်း အပိုငွေ နှင့် ၁၀၀၀၀ ကျပ်တန် ငွေဖြည့်ကဒ် ၀ယ်ယူလျှင် ၃၀ ရာခိုင်နှုန်း အပိုငွေထည့်သွင်းပေးတဲ့ ပရိုမိုးရှင်း အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ပရိုမိုးရှင်း ကာလက စက်တင်ဘာ ၁၂ ရက်နေ့အထိပါပဲ။ အပြိုင်အဆိုင်များလာရင် ပရိုမိုးရှင်းတွေ ပိုလုပ်မယ့် အနေအထားပါပဲ။

စက်တင်ဘာ ၁၅ မှာ SIM ကတ်တွေ စရောင်းဖို့ ကြော်ငြာထားတဲ့ တယ်လီနောကတော့ အောက်တိုဘာ ၅ ရက်မတိုင်မီဆိုပြီး ရက်ထပ်ရွှေ့ပါတယ်။ ကတ်တွေ ဖြန့်ဖြူးရောင်းချချိန် တာဝါတိုင် ၈၀၀ ကနေ ၁၀၀၀ ကြား တည်ဆောက်နိုင် မယ်လို့ မျှော်လင့် ထားပေမယ့် ခုအခါ တာဝါတိုင် ၆၀၀ ၀န်းကျင်လောက်ပဲ တည်ဆောက်ပြီးစီးလို့ ဆိုပြီး သိရပါတယ်။

ဒီလို ဖြစ်ရတာဟာ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ တာဝါတိုင်ဆောက်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကနေ မြေပါမစ် မရတာ၊ တချို့နေရာတွေမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတာ၊ တချို့နေရာတွေမှာ ဒေသခံတချို့က ကန့်ကွက်တာတွေ ကြုံရလို့ နှောင့်နှေးရတာလို့ ဆိုပါတယ်။ ခုလို ကိစ္စမျိုး MPT က ကြုံရတာ မကြားမိဘူးလို့ တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောတယ်လို့ ဒီဗွီဘီသတင်းတပုဒ်က ရေးပါတယ်။

လေ့လာသူတွေအဆိုအရ MPT ဟာ ဈေးကွက်မှာ အထိုင်ကျပြီးသားဖြစ်သလို ဂျပန်ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ သူ့ဝန်ဆောင်မှုကို ပိုကောင်းလာအောင် လုပ်နိုင်တာမို့ ကျန်ကုမ္ပဏီတွေလောက် အခက်အခဲ မတွေ့ဘဲ ပြိုင်ဆိုင်မှုမှာ အသာစီးအနေအထားလို့ ဆိုကြပါတယ်။ ဒါပေမယ့် ခြုံငုံကြည့်ရင်တော့ အော်ရီဒူး၊ တယ်လီနောနဲ့ MPT ကုမ္ပဏီ တွေနဲ့ အပြိုင်လုပ်လာကြတာမို့ ပြည်သူတွေ အတွက်တော့ ရွေးချယ်စရာတွေများ လာမှာ အသေအချာပါပဲ။

“သုံးစွဲသူတွေအတွက်တော့ ရွေးစရာ ရှိသွားတာပေါ့။ ပြီးတော့ ဈေးကွက်မှာလည်း အပြိုင်အဆိုင် ရှိလာတာပေါ့။ Package plan တွေ ထပ်ပြီး ရှိလာ ဦးမှာပါ။ အရင်ကတော့ MPT က ဈေးကွက်မှာ သူတို့ကြိုက်သလို ကြီးစိုးခဲ့ပေမဲ့ အခုတော့ အပြိုင်တွေ ပေါ်လာပြီဆိုတော့ ၀န်ဆောင်မှုကောင်းကောာင်းပေးမှ ရတော့မယ်” လို့ လူကြီးမင်း ဖုန်းဆိုင်မှ မန်နေဂျာဖြစ်သူ ပြည်စိုးထွန်းကပြောသွားခဲ့ပါတယ်။
ဧရာဝတီ

၂၆ နှစ်တာ ကာလအတွင်းမှာ ဘာတွေပြောင်းလဲ သွားလဲ


ဆန္ဒပြသူများကို နှိမ်နင်းရန် အမိန့်ကို စောင့်ဆိုင်းနေသည့် စစ်သားများ


ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးတဲ့ မြန်မာ့တပ်မတော်က အာဏာသိမ်းကြောင်း ရေဒီယို၊ ရုပ်မြင်သံကြားတွေက စက်တင် ဘာလ ၁၈ ရက် ညနေ ၄ နာရီက ကြေညာခဲ့တာ အခုဆို ၂၆ နှစ်တိုင်ခဲ့ပါပြီ။

စစ်အာဏာသိမ်းမှုနဲ့အတူ ပစ်ခတ်မှု၊ ဖြိုခွင်းမှု၊ ဖမ်းဆီးနှိပ်စက်မှုတွေနဲ့ ဒီမိုကရေစီ တောင်းဆိုမှု လူထုလှုပ်ရှားမှုတွေ ကို အဆုံးသတ်စေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး၊ စစ်အုပ်ချုပ်ရေးနဲ့ တိုင်းပြည် ကို အုပ်ချုပ်ကာ နိုင်ငံရေးပါတီတွေကို တည်ထောင်ခွင့်ပေးလိုက်ပြီး ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။

ထိုစဉ်က နိုင်ငံရေးပါတီပေါင်း ၂၀၀ ကျော်မှာ အင်အားအကြီးဆုံးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ကျောင်း သားတွေ စုစည်း ထားတဲ့ လူ့ဘောင်သစ်က ဒုတိယ၊ နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ-(မဆလ) တဖြစ်လဲ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး – တစည ပါတီဖြစ်တယ်။

အာဏာသိမ်း န၀တ စစ်အစိုးရက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကြီးကို ကြီးမှူးကျင်းပပေး ခဲ့ပေမယ့်၊ တရားဝင် အနိုင်ရပါတီ NLD ပါတီကို အာဏာလွှဲပြောင်းပေးဖို့ တာဝန် ပျက်ကွက်ခဲ့သလို၊ တရားဝင် ကမ္ဘာ သိ ပြောဆိုခဲ့တဲ့ စစ်တပ်က တန်းလျားပြန်မယ်ဆိုတဲ့ စကားလည်း လေထဲမှာ ပျောက်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်း သိမ်းခဲ့သလို၊ စစ်အစိုးရဟာ သူ့စိတ်ကြိုက် အမျိုးသား ညီလာခံကို ခေါ်ယူက အခြေခံဥပဒေ ရေးဆွဲဖို့ ကြိုးစား ခဲ့ပါ တယ်။

၂၀၀၈ ခုနှစ်မှာတော့ နာဂစ်မုန်တိုင်းတိုက်ခတ်နေတဲ့ကြားက တဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုစေခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှသည် ၂၀၁၁ ခုနှစ်ထိ ၂၃ နှစ်တိုင် စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလ စီမံခန့်ခွဲမှု အားနည်းချက် များ၊ အဂတိ လိုက်စားမှုများ၊ မြေယာသိမ်းဆည်းမှုများ အများအပြား ဖြစ်ပွားခဲ့ပါတယ်။

ဈေးကွက်စီးပွားရေးစနစ်ကို သွားမယ်လို့ ကြွေးကြော်ခဲ့ပေမယ့်၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၄င်းတို့၏ နီးစပ်သူတွေသာ လက်ဝါးကြီး အုပ်ချယ်လှယ်ခဲ့တဲ့ အတွက် ၄င်းတို့သာ ကြီးပွားချမ်းသာသွားပြီး နိုင်ငံရဲ့ စီးပွားရေး က တော့ အဆိုးဆုံး အခြေအနေထိ ကျဆင်းသွားခဲ့ပါတယ်။

မြန်မာအစိုးရစစ်တပ်ကိုယ်တိုင် ဦးပိုင် ကုမ္ပဏီလီမိတက်ကို စီးပွားရေး ကဏ္ဍ အသီးသီးကို လွှမ်းမိုးထားတာကြောင့် စစ်တပ် စီးပွားရေးလို့ပင် အမည်တပ်ခေါ်ဝေါ်ခဲ့ရတဲ့ အဖြစ်ရောက်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်တပ်ကနေ အနား ယူခဲ့ပြီး၊ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီက အပြတ် အသတ်အနိုင်ရကာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာ တယ်။

စစ်ဗိုလ်ချုပ်တဖြစ်လဲ သမ္မတ ဦးသိန်းစိန်အစိုးရက နိုင်ငံရေးအကျဉ်းသားတော်တော်များများ ပြန်လွှတ်ပေးတာ အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးလို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံ အထီး ကျန်ဖြစ်မှုတွေကို အဆုံးသတ်ပေးခဲ့ပေမယ့်လည်း၊ လွှတ်တော် ၂ ရပ်တို့မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းက နေရာယူ ထားပြီး အချိန်မရွေး စစ်တပ်က အာဏာသိမ်းပိုင်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံက အာမခံထားဆဲဖြစ်ပါတယ်။

ဒါကြောင့်လည်း နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်များသာ တိုင်းပြည်အား အုပ်ချုပ် လာခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုထိ လည်း စစ်တပ်ကပင် အာဏာဗဟိုချက်မဖြစ်နေဆဲလို့ ဆိုရမှာပါ။

အစိုးရသစ် လက်ထက်မှာ တံခါးဖွင့် ၀ါဒ ကျင့်သုံးတဲ့အတွက် ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်လာပေမယ့်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့နဲ့ နီးစပ်သူ တွေကသာ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားဆဲပါ။

အလားတူ သတင်းမီဒီယာကဏ္ဍမှာ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ်ထုတ်ဝေခွင့် ၊လွတ်လပ်ခွင့်ပေးထားတယ် ဆိုပေ မယ့် လည်း၊ ဖမ်းဆီးထောင်ချ အရေးယူမှုတွေက တော့ ရှိနေဆဲဖြစ်ပြီး၊ နိုင်ငံပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြား ကဏ္ဍတွေမှာတော့ လက်ရှိအစိုးရပဲ ချုပ်ကိုင်ထားတာကို မြင်တွေ့နေရပါတယ်။
ဧရာဝတီ

စတိဗ်ဂျော့၏ ရုံးခန်းကို ခြေရာလက်ရာမပျက်ထားရှိကြောင်း Apple ဆို


နှစ်စဉ်နှစ်တိုင်းပင် ကမ္ဘာလှည့်ခရီးသည်များ Independence Hall နှင့် Graceland သို့ အလည်အပတ် သွားရောက်လေ့ရှိသည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် ၄င်းတို့အနေဖြင့် Apple ဖန်တီးရှင် စတိဗ်ဂျော့၏ ရုံးခန်းကိုလည်း လာရောက်လည်ပတ်ကြဖွယ်ရှိကြောင်း Elite Daily သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

Businessweek နှင့် လည်းကောင်း ချာလီရော့စ်နှင့်လည်းကောင်း အင်တာဗျူးတစ်ခုတွင် လက်ရှိ Apple CEO တင်မ်ကွတ်က ၂၀၁၁ အတွင်း စတိဗ်ဂျော့ကွယ်လွန်ချိန်မှစ၍ စတိဗ်ဂျော့၏ ရုံးခန်းကို ခြေရာလက်ရာမပျက် ထားရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ကုမဏီအနေဖြင့် စတိဗ်ဂျော့ရှိနေ သကဲ့သို့ ခံစားမိနေရန် အရေးကြီးပါကြောင်း တင်မ်ကွတ်က ဆိုသည်။

"ဂျော့ဟာ တီထွင်မှုအတွက်၊ ရိုးရှင်းမှုအတွက် ရှင်သန်ခဲ့သူပါ။ ရှုပ်ထွေးမှုအတွက် ရှင်သန်ခဲ့တာမဟုတ်ပါဘူး။ အဲဒီအရာတွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ကုမဏီကြီးမှာ လက်ရှိအချိန်အထိ နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိနေတုန်းပါပဲ" ဟု တင်မ်ကွတ်က ဆိုသည်။

"ဂျော့ရဲ့နာမည်ဟာ တံခါးမှာ ရှိနေတုန်းပါပဲ၊ ၀န်ထမ်းတွေ အားကျအတုယူပြီး အလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေကြဖို့ ဂျော့ရဲ့ရုံးခန်းကို လုံးဝ လက်ရာမပျက် ထိန်းသိမ်းထားပါတယ်။ ဂျော့ရဲ့ ရုံးခန်းဟာ ပညာတတ်တွေအတွက်ဆွဲဆောင်တဲ့ နေရာကြီးတစ်ခု ဖြစ်မလာဘူးလို့ ဘယ်သူပြောမှာလဲဗျာ" ဟု တင်မ်ကွတ်က ဆိုခဲ့သည်။

Ref: Elite Daily

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


KNU က UNFC ကို ပြန်ဝင်ရေးမဝင်ရေး အောက်တိုဘာ တတိယပတ် ဆုံးဖြတ်မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေး ဆုံးဖြတ်မည့် KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို လာမည့် အောက်တိုဘာလ တတိယပတ်တွင် ကျင်းပရန် ဆုံးဖြတ်လိုက်သည်ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောတာဒိုမူးက မဇ္ဈိမကို ပြောသည်။


စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်ထိ KNU ၏ တပ်မဟာ ၇ နယ်မြေ ဘာအံခရိုင် လောခီးလာတွင် သုံးရက်ကြာ ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ KNU ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၀ ဦး ဆွေးနွေး၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ ဇွန်လအတွင်းက နေပြည်တော်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MNA)

“ရက်အတိအကျတော့ မပြောသေးဘူး။ ဒါပေမဲ့ တတိယပတ်မှာ တွေ့မယ်လို့ သတ်မှတ်လိုက်တယ်။ မဟာမိတ်တော့ ကျွန်တော်တို့ လုပ်ရမှာပေါ့။ NCCT မှာလည်း ပါဝင်လုပ်နေတာပဲ”ဟု သူက ပြောသည်။

အဆိုပါ ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးကို KNU ၏ တပ်မဟာ ၇ နယ်မြေ ဘာအံခရိုင် လောခီးလာတွင် ကျင်းပမည်ဖြစ်ပြီး KNU ၏ တပ်မဟာ၊ ခရိုင်ခေါင်းဆောင်များပါဝင်သော ဗဟိုအမြဲတမ်းကော်မတီ အဖွဲ့ဝင်ပေါင်း ၄၀ ဦးကျော် တက်ရောက် ကြမည်ဟု သူက ဆိုသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများကို သုံးသပ်ခဲ့ကြပြီး လက်ရှိ KNU၏ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြသည်ဟု ပဒိုစောတာဒိုမှူးက ပြောသည်။

“ကျွန်တော်တို့က နဂိုကတည်းက သန္ဓိဌာန်ချထားတာက ငြိမ်းချမ်းရေးကို အခက်အခဲတောထဲကနေပဲ မရရအောင်သွားဖို့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းကိုယ်၌ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်ဆိုတဲ့ အခြေခံက ရှိနေတော့ ဒီအနေအထားကိုတော့ ရတဲ့အနေအထားကနေ တစ်ဆင့်ချင်း လုပ်သွားမယ်”ဟု သူက ပြောသည်။

ထို ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် နိုင်ငံရေး မူဘောင်ရေးဆွဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်သွားရန် ဟူသော အချက်များကို ထပ်မံ ဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

KNU က UNFC ညီလာခံတွင် ဗဟိုချုပ်ကိုင်မှုနည်းသော အုပ်ချုပ်ပုံကို တင်ပြဆွေးနွေးခဲ့သော်လည်း မဟာမိတ် အဖွဲ့ဝင်များဘက်မှ လက်မခံသဖြင့် KNU ကိုယ်စားလှယ်များ ညီလာခံအတွင်းမှ ထွက်ခွာခဲ့သည်ဟု KNUက ဆိုသည်။ ယင်းအပြင် စက်တင်ဘာလ ၁ ရက်တွင် KNU ဥက္ကဋ္ဌ မူတူးစေးဖူးသည် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီ နုတ်ထွက်ကြောင်းနှင့် အဖွဲ့ဝင်အဖြစ်မှ ပါဝင်ရေး၊ မဝင်ရေးကို ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ညီလာခံသို့ စာရေးသားပေးပို့ခဲ့သည်။

UNFCကမူ KNU အနေဖြင့် အဖွဲ့ဝင်အဖြစ် ပြန်လည်ဝင်ရောက်ရန် လိုလားလျက်ရှိသည်ဟု UNFC ခေါင်းဆောင်များက ဆိုသည်။ ယင်းအပြင် UNFC ၏ ခေါင်းဆောင်များအား ပြန်လည်ရွေးချယ်ရာတွင် ဒု-ဥက္ကဋ္ဌ နေရာအတွက် KNU၏ ကိုယ်စားလှယ်တစ်ဦးအား လျာထားထားသည်။

လာမည့် စက်တင်ဘာလ ၂၂ ရက်တွင် စတင်ဆွေးနွေးမည့် ပြည်ထောင်စုအစိုးရဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲသို့ KNU ကိုယ်စားလှယ် ပဒိုကွယ်ထူးဝင်း၊ KNU ၏ နည်းပညာအထောက် အကူပြုအဖွဲ့မှ ပဒိုစောတာဒိုမူးနှင့် ဗိုလ်မှူး တာမလာတောတို့ ပါဝင်မည် ဖြစ်သည်။

ပဒိုစောတာဒိုမူးကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လိုက်နာရမည့် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်း Code of Conduct တွင် ဦးဆောင်ဆွေးနွေးရန်အတွက် NCCT မှ တာဝန်ပေးထားသည်။
Mizzima

MPT နှင့် KDDI ပူးပေါင်း၍ အဓိက လုပ်ဆောင်ချက်လေးခု ဆောင်ရွက်မည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းရွက် မြန်မာနိုင်ငံဆက်သွယ်ရေး ဝန်ဆောင်မှုများပေးရာတွင် အဓိကအားဖြင့် အဓိကလုပ်ဆောင်ချက်လေးခု ဆောင်ရွက်မည်ဟု MPT, KDDI, Sumitomo ပူးပေါင်းဆောင် ရွက်ရေးမှ Chief Commercial Officer ဖြစ်သူ Mr Koichi Kawase ကပြောသည်။ ကွန်ရက်တည်ဆောက်ခြင်း၊ ဝယ်ယူသူများအားအလေးထားခြင်း( Customer Care)၊ ဆင်းမ်ကတ်များ ဖြန့်ဖြူးရောင်းချခြင်း၊ အာမခံပေးနိုင်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆင်းမ်ကတ်များ အလုံအလောက်ရရှိရေး အလေးပေး ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။“Telecommunication နဲ့ ICT ကဏ္ဍကို ဝန်ကြီးဌာန အနေ နဲ့စောင့်ကြည့်နေပါတယ်၊ အဲဒီဆောင်ရွက်ချက်တွေကို အော်ပရေတာ အနေနဲ့မဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်ကပြောသည်။ ICT Eco System ကိုလည်း ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

Internet Journal

ရှမ်းနီပါတီဝင် ရှမ်းနီစာပေဆရာမအား KIA အရာရှိမှ ခြိမ်းခြောက်မှု ဖြစ်ပွား


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ဟဲပါးကျေးရွာနေ ရှမ်းနီပါတီဝင် ရှမ်းနီစာပေ ဆရာမတစ်ဦးအား စက်တင်ဘာ (၁၅) ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ အရာရှိက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ပါတီဝင် ရှမ်းနီစာပေ ဆရာမ ဒေါ်ဝိုင်းသည် မိုးညှင်းမြို့နယ်၊ လုံးဆန့်ကျေးရွာနှင့် ချောင်းဝကျေးရွာများ၌ နေထိုင်သော ရှမ်းနီလူမျိုးများအား ရှမ်းနီလူမျိုးဖြစ်ကြောင်း ကဒ်ပြားများပြုလုပ်ပေးရန် လူအင်အားစာရင်းလိုက်လံ ကောက်ခံစဉ် KIA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ဆန်နီဝင်သိန်းက လာရောက်ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဆရာမက ရွာသူရွာသားတွေကို ရှမ်းနီလူမျိုးဖြစ်ကြောင်း အထောက်အထားပြနိုင်ဖို့ ကဒ်လုပ်ပေးမယ်ဆိုပြီး စာရင်းလာ ကောက်တာပါ၊ အဲဒါကို KIA အရာရှိက လာပြီးခြောက်တာပါ၊ သူမိန်းမလည်း ပါတယ်” ဟု လုံးဆန့် ရွာသားတစ်ဦက ပြောသည်။

KIA အရာရှိမှ ရှမ်းနီစာပေဆရာမအား ကချင်နိုင်ငံတွင် နေထိုင်သူသည် ကချင်လက်အောက်ခံဖြစ်ကြောင်း၊ ရှမ်းလူမျိုးဟု စာရင်းမသွင်းကြရန်နှင့် နောက်နောင်ကျေးရွာများအတွင်း စာရင်းကောက်ခံခြင်း၊ စည်းရုံးခြင်းများပြုလုပ် ပါက ဖမ်းဆီးချုပ်နှောင်၍ KIA ဗဟိုဌာနချုပ်သို့ ပို့ဆောင်အပြစ်ပေးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရ သည်။

“ရှမ်းနီပါတီဝင်လည်းဖြစ်၊ ရှမ်းစာပေ ဆရာမတစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဝိုင်းကို KIA အရာရှိကလာပြီး ခြိမ်းခြောက်တာကို ကျွန်တော်တို့ ပါတီအနေနဲ့ လက်မခံနိုင်ပါဘူး၊ ဒါဟာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေတဲ့ အသုံးအနှုန်း အပြု အမှုတွေဖြစ်ပါတယ်”ဟု ရှမ်းနီပါတီဝင်တစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဟိုပင်မြို့နယ်ခွဲ တိုင်းလိုင်(ရှမ်းနီ) ပါတီဥက္ကဋ္ဌ ဦးထိန်လင်းမှ ကျေနပ်မှုမရှိသဖြင့် ရှမ်းလူမျိုးများအား KIA အဖွဲ့က လက်နက်ကိုင်အားကိုးဖြင့် ခြိမ်းခြောက်နေကြောင်း နိုင်ငံတော်အစိုရသိရှိစေရန် တင်ပြ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုင်းထွန်းရင်
Shan News

အသက်သေဆုံးနိုင်ချေ ရှိမရှိသိနိုင်မယ့် သွေးစစ်ဆေးမှုတစ်မျိုး တွေ့ရှိ

သွေးစစ်ဆေးမှုတစ်မျိုးဟာ အနာဂတ်(၅)နှစ်အတွင်း သေဆုံးနိုင်ချေရှိမရှိကို ခန့်မှန်းတွက်ချက်ပေး နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီစစ်ဆေးမှုကို နျူကလီးယားသံလိုက် စက်ကွင်းကို အသုံးပြုထားတဲ့ spectroscopy နဲ့ ဇီဝအမှတ်အသား (၂၀၀၀)ကျော်ကို တိုင်းတာခန့်မှန်း ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ် ။
လေ့လာမှုခေါင်းဆောင် ဖင်လန် နိုင်ငံ၊ Olulu၊ တက္ကသိုလ်မှ ပါမောက္ခ Mika Korpela က “ဇီဝ အမှတ်အသားတွေအရ သေဆုံးနိုင်ချေများတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်ပြီးသေဆုံးနိုင်ချေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀နေထိုင်မှုနဲ့ ကုသမှုတွေကို ပြင်ဆင်ပြီး အသက်ပိုရှည်ရှည် နေနိုင်မှာ ဖြစ်ပါတယ်” လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ ဖင်လန်နိုင်ငံသား (၁၇၀၀၀)ကျော်ရဲ့ သွေးနမူနာတွေကို အခြေခံပြီး ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
ဒီစစ်ဆေးမှုဟာ အဓိကသွေးတွင်းဇီဝအမှတ်အသား (၄)မျိုးဖြစ်တဲ့ ပရိုတင်းနှစ်မျိုး (အယ်ဗျူမင်နဲ့ အာလဖာ၊ အက်ဆစ် glyeoproter )၊ အဆီဓာတ်နဲ့ citric acid တွေကို အခြေခံ တွက်ချက်တာဖြစ်ပါတယ်။ ဒီအမှတ်အသားတွေဟာ လူတိုင်းမှာရှိနေတာဖြစ်ပြီး ပမာဏကတော့ မတူ ကြပါဘူး။ ပုံပန်းသဏ္ဌာန်အရ ကျန်းမာတဲ့သူတွေ ဖြစ်ပါစေ အဲဒီသွေးတွင်း ဇီဝအမှတ်အသားတွေ မူမမှန် ဖြစ်နေရင်တော့ သေဆုံးနိုင်ချေမြင့်တက် နိုင်ပါတယ်။ ဒီသွေးစစ်ဆေးမှုကို Nuclear Magnetic Resonance Spectroscopy ရှိမှသာ စစ်ဆေးနိုင်မှာဖြစ်ကြောင်း Mika Korpelam က ပြောကြားထားပါတယ်။
ဒီသုတေသနကို Journal Plos mediaire မှာဖော်ပြထားတာ ဖြစ်ပါတယ်။
သက်နှင်း
ref: IANS
Health Updates Journal

ရန်ကုန်-ပြည်ကားလမ်းပေါ်မှ ယာဉ်တိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး သေဆုံး



ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် အင်းမတိုက်နယ်ရှိ ပြည်-ရန်ကုန် ကားလမ်းပေါ်တွင် စက်တင်ဘာလ (၁၇)ရက်နေ့ မနက်ပိုင်းက ဟိုင်းလတ်ကားနှင့်စလွန်းကား မျက်နှာချင်းဆိုင်ဝင်တိုက်ရာ ၁၆ ဦးဒဏ်ရာရပြီး စက်ဘီးစီးလာသည့် ဆယ်တန်းကျောင်းသူတစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ (၁၆)ဦးအနက် (၄)ဦးကို ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသောဒဏ်ရာသူများကို အင်းမတိုက်နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း အင်းမရဲစခန်းမှူး ဦးဝင်းနိုင်က ပြောသည်။

Shwe Myitmakha Media Group