NLD သည် ဗမာသီးခြားပါတီ မဟုတ်ဘဲ တိုင်းရင်းသား တန်းတူအခွင့်အရေး ဆောင်ရွက်နေသည့် ပါတီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


တိုင်းရင်းသားပါတီအချို့ ဦးဆောင်လှုပ်ရှားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ရေးဆွဲရေးပွဲများ တက်ရောက်ခြင်း မရှိသောကြောင့် ဝေဖန်မှုအချို့ ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) သည် ဗမာလူမျိုးများအတွက် သီးခြား တည်ထောင်ထားသည့် ပါတီမဟုတ်ဘဲ တိုင်းရင်းသား တန်းတူအခွင့်အရေး ဆောင်ရွက်နေသည့် ပါတီဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
“ကျွန်မတို့ ပါတီကို ပြည်ထောင်စု ပါတီအဖြစ် ခံယူထားပါတယ်” ဟု ၎င်းကဆိုသည်။


ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နှင့် ဘားအံမြို့တို့မှ လွှတ်တော်သို့ လာရောက်လေ့လာသည့် ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကရင်လူမျိုး အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ထံ ဝင်ရောက်ခဲ့မှုကြောင့် အခက်အခဲနှင့် ဒုက္ခများစွာ ခံစားခဲ့ရကြောင်း၊ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပူးပေါင်း ပါဝင်ပေးကြရန် တိုက်တွန်းကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်မှသာ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

NLD ပါတီသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်အပြီး ဆက်လက်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် နိုင်ငံရေး ပါတီများဘက်မှ ဆွေးနွေးပွဲ မူဘောင် တစ်ခုတည်း ဖြစ်ရေးအတွက် နိုင်ငံရေးပါတီ ၅၀ ကျော် ပါဝင်သော ဆွေးနွေးပွဲများကို တက်ရောက်ရန် ငြင်းဆိုခဲ့ခြင်းကြောင့် တိုင်းရင်းသားပါတီ အချို့၏ ဝေဖန်မှုများ ရှိခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ NLD ပါတီ၏ မိတ်ဖက် အဖွဲ့အစည်း ဖြစ်သော (UNA) သည်လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

“NLD ပါတီရဲ့ ဥက္ကဋ္ဌပြောတာ ပါတီရဲ့ မူဝါဒပဲ ဖြစ်မှာပါ။ သူများရဲ့ မူဝါဒကို မဝေဖန်လိုပါဘူး။ ဒါပေမဲ့ မူဝါဒချထားရင် အဲဒီအပေါ်မှာပဲ ဆက်လျှောက်သင့်တယ်” ဟု ဖက်ဒရယ် မဟာမိတ်ပါတီ FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောကြားသည်။

အဆိုပါ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် နိုင်ငံရေးပါတီများဘက်မှ ဆွေးနွေးပွဲမူဘောင် တစ်ခုတည်း ဖြစ်ရေး ဆွေးနွေးပွဲများသို့ တက်ရောက်ရန် NLD ပါတီနှင့် UNA အဖွဲ့ကို ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲကို ဦးဆောင်သည့် တိုင်းရင်းသား ပါတီများထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment