Showing posts with label PRသတင်း. Show all posts
Showing posts with label PRသတင်း. Show all posts

ပီအာရ်စနစ် ကန့်ကွက်လက်မှတ်ရေးထိုးမှု စပြီ

အနာဂတ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲနေသည့် အချိုးကျ ကိုယ်စားပြုစနစ်(ပီအာရ်) ကို ကန့်ကွက်လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို သြဂုတ် ၂၈ ရက်ကရန်ကုန်မြို့တွင် စတင်လိုက်ပြီဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျခန်းမ၌ ပီအာရ်စနစ် ကန့်ကွက်လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို အရပ်ဘက်အဖွဲ့အစည်း ၂၀ ခန့် ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က စတင်လိုက်ခြင်းဖြစ်ကာ မွန်းလွဲ ၂ နာရီ ကျော်အချိန်ထိ ပြည်သူ ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့သည်။

ရရှိလာသည့်လက်မှတ်များကို လာမည့်စက်တင်ဘာတွင် စတင်မည့် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမည်ဖြစ်သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပီအာရ်စနစ်ကို ကန့်ကွက်သည့် တိုင်းရင်းသားပါတီများထံသို့ ပေးပို့မည်ဟုလည်း ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်မှ တွဲဖက်တာဝန်ခံ ကိုမြတ်ကျော်က ပြောသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာသည့် စာရေးဆရာမနှင်းပန်းအိမ်က “စစ်အာဏာရှင်လက်ထက်ကနေ ပြည်သူကို ဒီနေ့အထိ အငြင်းပွားစရာတွေ ချပေးနေတယ်။ ၁၉၈၈ အရေးတော်ပုံမှာ ဒီမိုကရေစီရေးအတွက် ကျောင်းသားတွေ ပေးဆပ်ခဲ့တယ်။ ဒီနေ့ဒီမိုကရေစီခေတ် တကယ်ရောက်ပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ ကန့်ကွက်လက်မှတ်များကို စက်တင်ဘာ ၁၀ ရက်အထိ ကောက်ခံမည်ဖြစ်ပြီး ပီအာရ်နှင့်ပတ်သက်သည့် ဟောပြောပွဲများပြုလုပ်၍ လက်မှတ်များ လှည့်လည်ကောက်ခံခြင်းဖြစ်သည်။ ကောက်ခံမည့် မြို့နယ်များမှာ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့နယ် လေးမြို့နယ်တို့ဖြစ်သည်။

လက်မှတ်ကောက်ခံပွဲသို့ တက်ရောက်လာသည့် ၁၉၇၄-၇၅ တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးကိုကိုလေးကလည်း “ပထမဦးဆုံးက ရခိုင်အရေးအခင်း၊ လက်ပံတောင်း၊ မြစ်ဆုံ၊ ၅၉(စ)၊ ၄၃၆ နောက် ပီအာရ်၊ အခုခေါင်းလောင်းဆယ်တဲ့ အလှည့်ရောက်နေတယ်။ ဒီလိုနည်းနဲ့မျိုးစုံ လွှဲချနေတယ်”ဟု ဆိုသည်။

အနာဂတ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေးအတွက် ဥပဒေကြမ်းရေးဆွဲနေသည့် ကော်မရှင်၏ လုပ်ငန်းများ အပြီးသတ်တော့မည်ဖြစ်ကာ အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်တော့သည်ဟု အမျိုးသားလွှတ်တော်ပီအာရ် အကောင်အထည်ဖော်မှုကော်မရှင်၊ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့ဝင် ဦးအုန်းတင်က သြဂုတ် ၂၄ ရက်တွင် မဇ္ဈိမကို ပြောထားသေးသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် မဲအများဆုံးရသူ အမတ်ဖြစ်ခွင့်ရှိသည့်စနစ်မှ ပီအာရ်သို့ ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်က ဇွန်လအတွင်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ပီအာရ်စနစ်ကျင့်သုံးရန် ထောက်ခံသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း မြန်မာနိုင်ငံအခြေအနေသည် နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်နေသည့် ကာလဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည်ဟု ဆိုသည်။

“အဓိကကတော့ ငြိမ်းချမ်းရေးရဖို့ပါ။ အဲလိုဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းစွာ နေထိုင်ခွင့်၊ နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ရင် ရရှိလာမယ့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးတွေကို ထိန်းသိမ်းသွားနိုင်အောင် လူမျိုးစုံပါဝင်တဲ့ လွှတ်တော်ရရှိဖို့ လိုပါတယ်”ဟု ပြောသည်။

အနာဂတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် ဥပဒေကြမ်း ရေးဆွဲနေသော်လည်း အချိန်ယူရဦးမည်ဖြစ်သောကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကျင့်သုံးနိုင်ဖွယ် မရှိဟု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပီအာရ်စနစ်ကို မထောက်ခံကြောင်း ဇူလိုင်လ ၃၁ ရက်က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် တိုင်းရင်းသားပါတီများကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။ ကန့်ကွက်ဆန္ဒပြပွဲများလည်း ပြုလုပ်ခဲ့သည်။

လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်အနိုင်ရသည့်စနစ် (First-past-the-post) အစား အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့သည့် ဇွန်လတွင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များက ထောက်ခံကာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲသာရှိသဖြင့် အတည်ဖြစ်ခဲ့သည်။

Mizzima News Daily