အိန္ဒိယနဲ့ ဂျပန် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်မယ်


ဂျပန်နိုင်ငံကို ပထမဆုံး အကြိမ် ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး တို့ဟာ ဂျပန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ အကြား လုံခြုံရေးနဲ့ စီးပွားရေး ပူပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် သဘောတူညီ ခဲ့ကြပါတယ်။

ခေါင်းဆောင် ၂ ယောက် တိုကျိုမှာ တွေ့ဆုံ အပြီး ကြေညာချက် ထုတ်ပြန်ရာမှာ ရေကြောင်း လုံခြုံရေး ဆိုင်ရာ ကတိကဝတ်တွေ အတွက် ထပ်လောင်း ပြောကြား ခဲ့ကြသလို လာမယ့် ၅ နှစ် အတွင်း အိန္ဒိယမှာ ဂျပန်ရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တိုးဖို့ကိုလည်း သတ်မှတ်ခဲ့ကြပါတယ်။


နျူကလီးယား စွမ်းအင် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

နာရန်ဒရာ မိုဒီဟာ တနင်္ဂနွေနေ့က ဂျပန်ကို ရောက်ရှိလာတာ ဖြစ်ပြီး ဒီခရီးစဉ်ဟာ မေလက မိုဒီ ဝန်ကြီးချုပ် ဖြစ်လာပြီး နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။
BBC Burmese

နိုင်ငံရေးဆွေးနွေးသည့်အခါ ပါတီများ တာဝန်ပိုကြီးလာဟု SNLD ဆို


ဓါတ်ပုံ – SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် (Photo:SHAN)
စက်တင်ဘာလ ၁ ရက် ၂၀၁၄
မွေခေါဝ်


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးသည့်အခါ နိုင်ငံရေးပါတီများ တာဝန်ပိုကြီးလာမည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ဆိုပါသည်။

“နိုင်ငံရေးဆွေးနွေးရင် ပါတီတွေ တာဝန်ပိုကြီးလာမယ်။ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဘယ် လိုလုပ်ရမယ်ဆိုတာ ဆွေးနွေးတိုင်ပင်ရမယ်။ လိုချင်တာ ရချင်တာကို ရအောင်ယူနိုင်ဖို့အတွက်ပေါ့။ နိုင်ငံရေးဆွေးနွေးတဲ့အချိန်ကျရင် အဖြေတွေ ထွက်ပေါ်လာမှာပါ။ ဆုံးဖြတ်ချက်တွေ ရမှာပါ” ဟု စိုင်းညွှန့်လွင် က ပြောပါသည်။

နိုင်ငံရေးဆွေးနွေးပွဲအတွက် SNLD ဘက်မှလည်း နိုင်ငံရေးဆွေးနွေးသည့်အခါမည်သည့်အကြောင်း ဆွေးနွေးမည်၊ မည်သည့်သဘောတူညီချက်များ ထားရှိမည်၊ မည်သည့်ရည်ရွယ်ချက် ထားရှိမည်ကို တခြားအဖွဲ့များနှင့် ဆွေးနွေးကြောင်း၊ တခြားအဖွဲ့များထံမှ အတွေးအခေါ်သစ်များကိုလည်း နားထောင်သကဲ့သို့ ပြည်သူ့အသံကိုလည်း နားစွင့်ကြောင်း ဆိုပါသည်။

ယခု အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည်မှာ ကောင်းမွန်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့်အရာဖြစ်ကြောင်း၊ သို့သော် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးအတွက် သဘောတူညီချက် မရသေးသည့် အချက်များကို ကြိုးစားရယူရ မည်ဟု စိုင်းညွှန့်လွင်က ပြောပါသည်။

“သဘောတူညီချက်အားလုံးရဖို့ တော်တော့်ကို ကြိုးစားရမယ်။ အခုဆွေးနွေးတာက သဘောတူညီ ချက်အားလုံး ရပြီးရင်လည်း ငြိမ်းချမ်းရေးရပြီလို့ မဆိုနိုင်ဘူး။ အခုက အပစ်ရပ်ဖို့ဘဲ။ အပစ်ရပ်ပြီးမှ ငြိမ်းချမ်းရေးကိုသွားမှာ။ တိုင်းပြည်တခုမှာ ငြိမ်းချမ်းရေးမရှိရင် မဖြစ်ဘူး။ သျှမ်းပြည်ကိုဘဲကြည့်။ သျှမ်းပြည်မှာ မငြိမ်းချမ်းတော့ ပြည်သူတွေ ဒုက္ခရောက်တယ်။”

လွန်ခဲ့သည့် သြဂတ်စ်လ ၂၉ ရက်နေ့၌လည်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ UNFC နှင့် တွေ့ဆုံရာ၌လည်း တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း UNA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် စိုင်းညွှန့်လွင်က ပြောပါသည်။


Panglong(Burmese)

ယနေ့ည ၈နာရီ၁၅မိနစ်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့်မဟာဗန္ဓုလမ်းထောင့်ရှိ ဗိုလ်မြတ်ထွန်းတာဝါ၌၀ါယာရှော့ ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွား






ရန်ကုန် 
စက်တင်ဘာ - ၁

ယနေ့ည ၈နာရီ၁၅မိနစ်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့်မဟာဗန္ဓုလမ်းထောင့်ရှိ ဗိုလ်မြတ် ထွန်း တာဝါ၌၀ါယာရှော့ ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၈နာရီ၃၅မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


သုတလင်း၊ဇေဝေယံ




တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားမှာ စက်တင်ဘာ ၁ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်က ဖြတ်သွားတဲ့ မြန်မာနိုင်ငံသားတဦးကို စီစီတီဗီကင်မရာက မသင်္ကာလို့ တားဆီး စစ်ဆေးရာကနေ နွားနို့ဗူးထဲ ၀ှက်ယူလာတဲ့ ရာဘမူးယစ်ဆေးပြား အလုံးတထောင်လောက်ပါတဲ့ အထုပ်၅ထုပ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်းဓာတ်ပုံ - စစ်ကိုင်းတိုင်းသတင်း

UNFC တွင် ပါဝင်မှုရပ်ဆိုင်း ၊ KNU နှစ်ခြမ်းမကွဲပါဘူးဟု နော်စီဖိုးရာစိန်ဆို



“ကျမတို့ နှစ်ခြမ်း မကွဲပါဘူး၊ ကျမတို့ ဆုံးဖြတ်ခဲ့တာတော့ KNU မှာ ဆုံးဖြတ်ထားတဲ့ တပ်ပေါင်းစုအပါအ၀င် ပူးပေါင်းမှုဟာ KNU ရဲ့ မူသဘောထားရှိတယ်၊ ဒါကိုလည်း ဆက်လက်ပြီးတော့ သွားမှာကတော့ ဗဟိုကော်မတီက အားလုံးသဘောထားရှိပြီးသား ဖြစ်တယ်။ ဒီမူကတော့ ကျမတို့ကတော့ မပယ် ပျက်ရသေးဘူး၊ ချထားတဲ့မူအတိုင်းပဲ ရှေ့သွားသေးတယ်လို့ အဲ့ဒါ ဒီကွန်ဖရင့်က ဆုံးဖြတ်တဲ့မူပဲ ရှိသေးတယ် အဲ့ဒါကြောင့် ကျမတို့ ဒါကိုဆိုလိုတာလေ၊ ကျမတို့ KNU ဗဟိုကော်မတီတွေကတော့ ဒီမူအတိုင်းပဲ သွားတာ ။အဲ့ဒါကြောင့် KNU က ဒီ မဟာမိတ် ပူးပေါင်းဆောင်ရွက်ရေးမူကို ဆက်လက်ကိုင်သွားရမှာ”


ကရင်အမျိုးသားအစည်းအရုံး KNU အနေနှင့် UNFC အဖွဲ့တွင် ပါဝင်တော့မှာ မဟုတ်ကြောင်း ကိုယ်စားလှယ် အားလုံးကို ရုတ်သိမ်းကြောင်း UNFCညီလာခံနောက်ဆုံးနေ့၌ KNU က အကြောင်းကြားစာပေးပို့ခဲ့သလို အဖွဲ့အစည်းအတွင်း၌လည်း စိတ်ဝမ်းကွဲမှုမရှိဟု ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။

Shwe Myitmakha Media Group

အီတလီက ယူနတီသတင်းထောက်များကို ဂုဏ်ပြု


နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် တရားဝင်လာရောက် ချီးမြှင့်ခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အီတလီ-မြန်မာ မိတ်ဆွေများအသင်း ဥက္ကဋ္ဌက သြဂုတ်လ ၂၇ ရက်နေ့မှာ လာရောက်ပေးအပ် တာဖြစ်ပြီး ဒီဂုဏ် ထူးဆောင်မြို့သား ချီးမြှင့်မှုကို ကာယကံရှင်တွေထံ မိတ္တူပေးပို့ထားပြီးပြီလို့ သူက ပြောပါတယ်။

“တာဝန်ရှိတဲ့ Guiseppe Malpeli ဆိုတဲ့ သံတမန်တဦးက လာပေးတာပါ။ ကာယကံရှင်တွေ တရားဝင်သိသွားပါပြီ။ ကျနော်ရုံးချိန်းနေ့မှာ ကော်ပီကူးပြီး အားလုံးကို ဖြန့်ဝေပေးလိုက်ပါတယ်” လို့ သတင်းထောက် ၄ ဦးရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သတင်းရေးသားမှုနဲ့ ဆက်စပ်ပြီး ထောင်ဒဏ်စီရင်ခံရတဲ့ စာနယ်ဇင်းသမားတွေကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့်ခံရမှုဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်းက လူဦးရေ ၅ သောင်း ၅ ထောင်လောက် နေထိုင်ကြတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ္စတီနာမယ်ရူစီက “လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီရဲ့အခြေခံက သတင်းအချက်အလက် လွတ်လပ်မှု ဖြစ်တာကြောင့် သတင်းစာနယ်ဇင်းကနေတဆင့် ကျင့်သုံး လုပ်ဆောင်သွားတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနဲ့ မြို့ခံသတင်းထောက် ဦးလူမော်နိုင်တို့ကို ဂုဏ်ထူးဆောင်မြို့တော်သားတွေအဖြစ် ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၈ ရက်နေ့ကတော့ သူတို့အတွက် ရှေ့နေတွေက မကွေးတိုင်း တရားလွှတ်တော်မှာ လျှောက်လဲခဲ့ကြပါတယ်။

By အေးနိုင် (ဒီဗွီဘီ)

ကျောက်ဖြူတွင် ရွှံ့မီးတောင်ပေါက်ကွဲ၊ လယ်ကွက်များဆုံးရှုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ရှောက်ချောင်း ကျေးရွာ အုပ်စုထဲမှာ ရွှံ့မီးတောင်ပေါက်ကွဲပြီး လယ် ကွက် တွေ ပျက်စီး ဆုံးရှုံး ခဲ့ပါတယ်။

သြဂုတ်လ ၃၁ ရက် ညနေပိုင်း က ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ၁၃ မိုင်အ ကွာ ရှောက်ချောင်း၊ စည်မော်နဲ့ ကြတ္တိန်ရွာ သုံးရွာကြား က တောင်ကုန်းပေါ်မှာ ရွှံ့မီးတောင်ပေါက် ကွဲတဲ့ အတွက် ချော်ရည် တွေ ကျဆင်းလာပြီး အနီးပတ်ဝန်းကျင်က လယ်ကွင်းထဲကိုပါ ၀င်ရောက်လာတာလို့ ရခိုင်လူမှု ကွန်ရက်အဖွဲ့က ပြောပါတယ်။

ညနေ ၅ နာရီခွဲကျော်ကနေ ၇ နာရီထိ ချော်ရည်တွေမပြတ် စီးတင်းလာတဲ့အတွက် ခန့်မှန်းခြေ လယ်ဧကပေါင်း ၃၀ ကျော်က စပါးပင်တွေ ပျက်စီးသလို နွားတင်းကုတ် တချို့ကိုလည်း ချော်ရည်က တိုက်စားသွားတယ်လို့ အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့သူ ရခိုင်လူမှုကွန်ရက် ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“၅ နာရီ ၄၀ လောက်ကနေ ချော်ရည်တွေ အပေါ်ကို ပွက်လာတာပေါ့ဗျာ။ အစက တထွာလောက်ပဲမြင်ရတာ နောက်တော့ တတောင်လောက် တဖြည်းဖြည်းနဲ့ မြင့်လာတာ ပေ ၈၀ လောက်အထိ။ အုန်းဆိုတဲ့ အသံကြားရတယ်။ ဒေသအခေါ်က နဂါးတောင်ပေါ့၊”

ချော်ရည်တွေဟာ ည ၇ နာရီလောက်မှာမှ ရပ်စဲသွားကြောင်း၊ ဒီဖြစ်ရပ်မှာတော့ ထိခိုက်ဒဏ်ရာရသူတွေမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ရွှံ့မီးတောင်ပေါက်ကွဲတဲ့နေရာဟာ အစိုးရနဲ့ အကျိုးတူကုမ္ပဏီတွေက ကျောက်ဖြူအထူးစီးပွားရေး စီမံကိန်းဇုန်လုပ်ဖို့ ရည်ရွယ်ထားတဲ့နေ ရာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ထဲမှာ ရွှံ့မီးတောင် အများအပြားအပြားရှိပြီး အရင်ကလည်း ရွှံ့မီးတောင် ပေါက်ကွဲမှု ရှိခဲ့ဖူးပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

ဓာတ်ပုံ - ရခိုင်လူမှုကွန်ရက်အဖွဲ့

ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓါးဖြင့်ထိုးသတ်မှု ညောင်လေးပင် မြို့တွင်ဖြစ်ပွား

ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်မြို့မ ရဲစခန်း အပိုင်၊ မြို့မ(၃)ရပ်ကွက်တွင် (၃၁.၈.၂၀၁၄)နေ့ ညနေ(၄း၀၀)အချိန်ခန့်က ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓါးဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။

ဖြစ်စဉ်မှာ မမေသဇင်ဖူးဖူးငုံ (၁၇)နှစ် (ပထမနှစ်)သင်္ချာ အထူးပြု(အဝေးသင်)တောင်ငူ၊ ကေတုမတီ မြို့သစ်၊ နတ်သျှင်နောင်လမ်း၊ တောင်ငူမြို့နေသူအား ခင်ပွန်းဖြစ်သူ ဟိန်းသူဖြိုး(၂၁)နှစ်၊ ယာဉ်မောင်း၊ မုက္ခမူကျေးရွာ၊ ညောင်လေးပင်မြို့နယ်နေသူမှာ ရန်ဖြစ်စကားများပြီး အရှိးအသွား(၈)လက္မခန့်ရှိ မောင်းခလုပ်ပါဓါးဖြင့် ထိုးလိုက်ရာ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိသွား ပါသည်။

ဒဏ်ရာနှင့် မမေသဇင်ဖူးဖူးငုံအား ညောင်လေးပင်မြို့ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။

အဆိုပါ အမှုကို ညောင်လေးပင်မြို့မရဲစခန်းမှ (ပ)၂၅၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆အရ အမှုဖွင့်အရေး ယူထားပါသည်။

မမေသဇင်ဖူးဖူးငုံသည် ညောင်လေးပင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ညနေ(၇း၃၀)ခန့်အချိန်တွင် သေဆုံးသွားသဖြင့် တရားခံ ဟိန်းသူဖြိုးအား ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူပြီး စစ်ဆေး လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် စင်

BY THIT HTOO LWIN


အငှားယာဉ်မောင်းအား ထိုးကြိတ်၍ ယာဉ်အား လုယက်မောင်း နှင်သွားသူများကို စုံစမ်းဖမ်းဆီးရမိ

၂၁.၈.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန်တွင် မြောက်ဥက္က လာပ မြို့နယ်နေ ဦးမောင်မောင်စိုးသည် CC ---- ကယ်ဒီနာ အငှားယာဉ်အား မောင်းနှင်လာစဉ် မြောက်ဥက္ကလာပ မြို့နယ်၊ တံတားအဆင်း ဂက်စ်ဆိုင်ရှေ့ အရောက် ယခင်က သိကျွမ်းသူ အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၂)ဦးတို့မှ နေပြည်တော်သို့ လိုက်ပို့ပေး ရန်ငှားရမ်း သဖြင့် လိုက်ပို့ပေးခဲ့ကြောင်း၊ ၁၀၀၀ အချိန်ခန့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် (၆/၇)နှင့် (၇/၀)ကြားအရောက် ခရီးသည်များမှ အပေါ့သွားလိုကြောင်း ပြောသဖြင့် ကားရပ်ပေး စဉ် ခရီးသည်အမျိုးသား(၂)ဦးမှ ဦးမောင်မောင်စိုးအား ထိုးကြိတ်ပြီး လမ်းဘေးသို့ဆွဲချကာ ယာဉ်နှင့် လက်ကိုင်ဖုန်း(၁)လုံး၊ ငွေ(၂၀၀၀၀)ကျပ်တို့အား လုယူမောင်းနှင်ထွက်ပြေးသွားသဖြင့် စုံစမ်း အရေးယူ ပေးရန်တိုင်တန်းချက်အရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း (ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှု ကျူးလွန်သူ အမျိုးသမီးမှာ သန်လျင်မြို့နယ်နေ ဒေါ်အေးကြည်ဖြစ်ကြောင်း စုံစမ်းသိရှိရ သဖြင့် ကူညီစုံစမ်း ဖမ်းဆီးပေးရန် အမြန်လမ်းရဲတပ်ဖွဲ့မှ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်း ကြားလာခဲ့ရာ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ ဇာမဏီဆည်ဝင်းအတွင်းရှိ ကျူးကျော်တဲများတွင် ဒေါ်အေးကြည်ပိုင်ဆိုင်သော
တဲများ ရှိကြောင်း သိရှိရသဖြင့် စောင့်ကြည့် စုံစမ်းနေစဉ် ၃၁.၈.၂၀၁၄ ရက်နေ့တွင် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ဒေါ်အေးကြည်အား တောင်ဥက္ကာလပမြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ(၂)ဦးမှာ သန်လျင်မီးပွိုင့်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူများ ဖြစ်ကြောင်းနှင့် ၎င်းတို့(၂)ဦးအား ကူညီစုံစမ်း ဖမ်းဆီးပေးနိုင်ပါရန်ထပ်မံ အကြောင်းကြားလာခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ သည် ကျန်ရှိသော ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် သန်လျင်မြို့နယ် မီးပွိုင့်အနီး၌ စုံစမ်းဆောင်ရွက်ခဲ့ရာ ၃၁.၈.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်တွင် သန်လျင်မြို့နယ်နေ ရွှေအ(ခ) သက်ကိုဦး၊ (၃၄)နှစ်၊ (ဘ)ဦးအောင်ကျော်ဇံနှင့် ၂၃၅၀ အချိန်တွင် ချစ်ကို(ခ)ဇော်ထိုက်၊ (၂၂)နှစ်၊ (ဘ)ဦးခင်မောင်ထွေးတို့အား ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့(၂)ဦးအား အမြန်လမ်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police


E-Visa စနစ် မြန်မာနိုင်ငံမှာစတင်


မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အင်တာနက် အွန်လိုင်း ကနေတဆင့် လျှောက်ထား လို့ရတဲ့ e-visa စနစ်ကို စက်တင်ဘာလ (၁) ရက် ဒီကနေ့ကနေ စပြီး ခွင့်ပြုပေး လိုက်ပါပြီ။ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ အာဆီယံနိုင်ငံတွေ အပြင် တရုတ်၊ ဂျပန်နဲ့ မြောက်ကိုရီးယားစတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်မယ့် နိုင်ငံခြားသား ခရီးသွားတွေ အတွက် ခရီးသွားဗီဇာကိုပဲ အဓိကထား လျှောက်ထား ခွင့်ပြုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာမယ့် နိုင်ငံခြားသား ခရီးသွားတွေ အတွက် အွန်လိုင်း ဗီဇာအကြောင်း အပြည့်အစုံကို ကိုစည်သူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသွား ခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ဗီဇာကို အင်တာနက် အွန်လိုင်းကနေ လျှောက်ထားနိုင်မယ့် e-visa စနစ်ကို ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတွင်း သံရုံးဖွင့်လှစ်ခွင့်ရရှိထားတဲ့ နိုင်ငံပေါင်း (၄၁) နိုင်ငံက နိုင်ငံခြားသား ခရီးသွားတွေအတွက် Tourist Visa (ခရီးသွားဗီဇာ) ကိုပဲ အဓိကထား လျှောက်ထားနိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။ E-visa (အွန်လိုင်းပြည်ဝင်ခွင့်) လျှောက်ထားနိုင်တဲ့ နိုင်ငံတွေထဲ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီစတဲ့နိုင်ငံတွေအပြင် မြောက်ကိုရီးယား နိုင်ငံလည်း ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

“၄၁ နိုင်ငံမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့နိုင်ငံတွေကို ပေးတာ ဖြစ်ပါတယ်။ …ဆိုတော့ North ကိုရီးယားက ကျနော်တို့မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျန်တာ ဘာအချက်မှ မပါဘူး။ ဒုတိယအချက်က- ဘယ်လောက် ရင်းနှီးသလဲဆိုတော့ ကနဦး ဒေါ်လာ ၁၇ သန်းလောက် ရင်းနှီးမယ်-လို့ စီမံထားပါတယ်။ အဲဒီအတွက်က ဘာတွေလိုလဲဆိုတော့ IT နဲ့ ပတ်သက်တဲ့ဟာတွေ လိုတာပေါ့။ Up to Date ဖြစ်တဲ့ ပစ္စည်းကိရိယာတွေအကုန်လုံး သုံးရမယ်။ IT ကလည်း အမြဲတမ်း upgrade လုပ်နေမှ ဖြစ်တဲ့အတွက်ကြောင့် အချိန်တန်ရင် upgrade လုပ်မယ်ဆိုတေတတာ့ ဒီကုမ္ပဏီကပဲ တာဝန်ယူပြီး upgrade လုပ်သွားမယ်။ အခြားသော ဆာဗာတွေ ရှိတယ်။ ဒီမှာ လျှပ်စစ်ဓာတ် ချွတ်ယွင်းတယ်ဆိုလို့ရှိရင် သဘောက တရက်၊ နှစ်ရက် ချွတ်ယွင်းတယ်ဆိုရင် ဘယ်လို အစားထိုးပေးမလဲ၊ Disaster ပေါ့၊ နာဂစ်တို့လို Disaster ဖြစ်သွားတယ်။ အကြာကြီး ဒီမှာ failure ဖြစ်မယ်ဆိုရင် ဘယ်လို Back-up လုပ်မယ်ဆိုတာ ပြည်ပမှာပါအစ back-up လုပ်တဲ့ system တွေ ရှိပါတယ်။”

အွန်လိုင်း ပြည်ဝင်ခွင့်လျှောက်ထားမှု (e-visa) ရဲ့ စမ်းသပ်အောင်မြင်မှုပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံအားလုံးကနေ e-visa လျှောက်ထားလို့ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ အခု e-visa စနစ်စတင်ချိန်မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေတဆင့် ၀င်ရောက်မယ့် ခရီးသည်တွေအတွက် စတင်လိုက်တာပါ။ အခု e-visa စနစ်ရဲ့ အောင်မြင်မှုပေါ် မူတည်ပြီး တခြား နိုင်ငံတကာလေဆိပ်တွေ အပြင် မြန်မာနိုင်ငံတွင်း ၀င်ရောက်နိုင်တဲ့ နယ်စပ် ၀င်ထွက်ပေါက်တွေ အပါအ၀င် ၀င်ထွက်ပေါက်တွေအားလုံးကနေ ခွင့်ပြုပေးသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

“နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဝင်ရောက်တဲ့ဥစ္စာက ရန်ကုန်လေဆိပ်က ဝင်ရောက်တာ အများဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ရန်ကုန်လေဆိပ်ကို စတင်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ စက်ပစ္စည်းကိရိယာတွေ၊ နောက်တခုက ကျနော်တို့ ဒီ E-visa လုပ်ငန်းဆိုတာ အခုမှ ကျနော်တို့နိုင်ငံမှာ စတင်ပြီးတော့ ဆောင်ရွက်ရတဲ့လုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ- အကျိုးအပြစ်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပြုပြင်ရမှာတွေ၊ ပြောင်းလဲရမှာတွေ၊ နည်းပညာပိုင်း ပံ့ပိုးရမယ့်အပိုင်းတွေ- ဒီဟာတွေကို ကျနော်တို့က ပြည့်ပြည့်စုံစုံနဲ့ ဂဃနဏ ဆောင်ရွက်သွားချင်တဲ့အတွက်ကြောင့် ရန်ကုန်လေဆိပ်ကနေပြီးတော့ စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ အလားတူပဲ မန္တလေးလေဆိပ်၊ နေပြည်တော်လေဆိပ်၊ ဒါ့အပြင် ကျနော်တို့ နိုင်ငံတကာဝင်ထွက်ပေါက်အဖြစ် သတ်မှတ်ပြီးဖြစ်တဲ့ ဘော်ဒါဂိတ်ပေါက်တွေကနေကအစ ဆက်လက် ဆောင်ရွက်သွားဖို့ဆိုပြီး ကျနော်တို့မှာ အစီအစဉ်ရှိပါကြောင်း ရှင်းလင်း တင်ပြလိုပါတယ်။”

လျှောက်ထားလိုသူ ခရီးသွားတွေအနေနဲ့ အွန်လိုင်း ပြည်ဝင်ခွင့်အတွက် လျှောက်ထားတဲ့အခါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ e-visa အင်တာနက် စာမျက်နှာကို ၀င်ရောက်ပြီးအမေရိကန်ဒေါ်လာ (၅၀) ပေးသွင်းကာ လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားမှုကို လက်ခံ၊ မခံ တစ်နာရီအတွင်း အကြောင်းပြန်ကြားမှာဖြစ်ပြီးတော့ ပြည်ဝင်ခွင့်ပြု မပြုကိုတော့ (၅) ရက်အတွင်း အကြောင်းပြန်ကြားမယ်လို့ လ၀က ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း (၄၁) နိုင်ငံက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို အွန်လိုင်းပြည်ဝင်ခွင့် ခွင့်ပြုတာဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ အမည်မည်းစာရင်း (Blacklist) စာရင်းဝင်သူတွေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ interpo ရဲ့ အမည်မည်းစာရင်းဝင်သူများကိုတော့ လျှောက်ထားမှု လက်ခံမှာမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၁၃ ခုနှစ် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ဦးရေ (၂.၄) သန်း ၀င်ရောက်ခဲ့ပြီး အခုနှစ် (၂၀၁၄) အတွက်တော့ ခရီးသွားဦးရေ (၃) သန်း ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အွန်လိုင်းကတဆင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှု အောင်မြင်ခဲ့ရင်တော့ လာမယ့် ၂၀၁၅ မှာ မြန်မာနိုင်ငံတွင်း နိုင်ငံခြားသားခရီးသွားဦးရေ (၅) သန်း ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်ခင်ဗျာ။

ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)

ဆင်းမ်ကတ်များ စတင်ရောင်းချချိန်မှစ၍ ဖုန်းလိုင်းကျပ်မှုအများဆုံးဖြစ်နေ သည့် ရန်ကုန်တိုင်းဒေသကြီးတွင် အော်ရီဒူးက တာဝါတိုင်များ ထပ်မံ တိုးချဲ့မည်


ဖုန်းလိုင်း ကျပ်မှုအများဆုံးဖြစ်နေသည့် ရန်ကုန် တိုင်းဒေသကြီးတွင် တာဝါတိုင်များ ဦးစားပေး ထပ်မံတိုးချဲ့သွားမည် ဖြစ်ကြောင်း အော်ပရေတာ တစ်ခု ဖြစ်သည့် အော်ရီဒူး(မြန်မာ)မှ သိရသည်။

အဆိုပါအော်ပရေတာမှဆင်းမ် ကတ်များကို မြို့ကြီး၆၈မြို့နယ်တွင် လိုင်းကောင်းမွန်စွာအသုံးပြုနိုင်ပြီ ဟု ကြေညာထားသော်လည်း နယ်မြို့ များတွင်သာ ဖုန်းပြောဆိုနိုင်ခြင်းများ ရှိပြီး ရန်ကုန်တွင် လက်ရှိအချိန်အထိ ဖုန်းလိုင်းကောင်းစွာမရသေးသဖြင့် တာဝါတိုင် တိုးချဲ့ တည်ဆောက်မည် ဖြစ်သည်ဟု သိရသည်။

အော်ရီဒူး(မြန်မာ)မှစီအီးအို Mr Ross Cormack က''ရန်ကုန်က တချို့နေရာတွေ လိုင်းမမိတာရှိပါ တယ်။ လက်ရှိ ရန်ကုန်ဧရိယာကိုပို ကောင်းအောင် လုပ်ပေးနေတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်းတော့ သိသာမှာမဟုတ်ဘူး။ တာဝါတိုင်ဘယ် လောက်ဆောက်မယ်ဆိုတာထက် ကွန်ရက်ဘယ်လောက်
ဖြန့်ကြက်နိုင် ပြီဆိုတာ အရေးကြီးပါတယ်'' ဟုပြော သည်။

လက်ရှိတွင် အင်တာနက်၊ ဖုန်း လိုင်းအသုံးပြုမှု ကွန်ရက်များအတွက် Base Station ပေါင်း၂ဝ ကျော် တည်ဆောက်ပြီးဖြစ်ကာ ထပ်မံ၍ သရက်၊ သာယာဝတီ၊ တောင်ငူနှင့် ပြင်ဦးလွင်အစရှိသည့် မြို့များတွင် လည်း လိုင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အော်ရီဒူးမှဖုန်းပြောဆိုခများ သည် မိနစ်အလိုက်ဖြတ်သည့်စနစ် ဖြစ်သည့် အတွက် MPT ထက်ဖုန်း ပြောခ ပိုမိုဖြတ်တောက်မှုများရှိနေ ကြောင်း ယင်းကတ်အသုံးပြုသူများ က ပြောဆိုကြသည်။

အော်ရီဒူးဆင်းမ်ကတ်အသုံး ပြုသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ် သူဦးကျော်ဝင်းက ''အော်ရီဒူးက ရန်ကုန်မှာ လိုင်းမကောင်းသေးတာ အမှန်ပဲ။ တစ်ခါတလေ ပြောလို့ရရင် လဲ တစ်မိနစ်မပြည့်သေးဘူး။ ပိုက်ဆံ ဖြတ်တာ တစ်မိနစ်စာ ၃၅ကျပ် ဖြတ် တယ်။ အမ်ပီတီကကျတော့ စက္ကန့် အလိုက်မှတ်တဲ့ ပုံစံဆိုတော့ ပိုက်ဆံ ဖြတ်ရင်သိပ်မဖြတ်ဘူးလို့ထင်တယ်''ဟုပြောသည်။

ယင်းအော်ပရေတာမှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များ အပါအဝင် မြို့ကြီး ၆၈မြို့နယ် တွင်သြဂုတ်၁၅ရက်မှစတင်၍ ဆင်းမ် ကတ်များ စတင်ရောင်းချခဲ့ခြင်းဖြစ် ပြီး လက်ရှိတွင် ကတ်ပေါင်း၁သန်း ကျော် ရောင်းချခဲ့ကာ ဆက်သွယ် ရေးကွန်ရက် ကိုးသန်းခန့်ဖြန့်ကြက် နိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ချက်များအရ သိရသည်။

PPT
Democracaytoday
Yangon Media Group

ပါကစ္စတန်တွင် ဆန္ဒပြသူများ နိုင်ငံပိုင် ရုပ်သံကို ၀င်စီး၊ ထုတ်လွှင့်မှု ရပ်ဆိုင်း


ပါကစ္စတန် ဘာသာရေးခေါင်းဆောင် တာဟီရာ အူလ် ကာဒရီ ခေါင်းဆောင်တဲ့ ဆန္ဒပြသမားတွေဟာ စက်တင်ဘာလ ၁ ရက် မနက်ပိုင်းက နိုင်ငံတော် ရုပ်မြင်သံကြား ပါကစ္စတန်တီဗွီ အဆောက်အဦထဲ ၀င်ရောက်လာပြီး အစီအစဉ် ထုတ်လွှင့်မှုတွေကို ဆိုင်းငံ့ထားဖို့ အာဏာပိုင်တွေကို ဖိအားပေးခဲ့ပါတယ်။


ဆန္ဒပြသူတွေဟာ မြို့တော် အစ္စလာမ်မာဘဒ်က အနီရောင်ဇုန်လို့ သတ်မှတ်ထားတဲ့ အရေးကြီးနယ်မြေထဲ အဆောက်အဦထဲက တချို့ပစ္စည်း ကိရိယာတွေကို စတင်ဖျက်ဆီးခဲ့ တာကြောင့် ထုတ်လွှင့်မှုတွေလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။

သံတမန် အဖွဲ့အစည်းတွေ၊ အဓိက ရုံးအဆောက်အဦတွေ တည်ရှိရာ အနီရောင်ဇုန် နယ်မြေကို ဖြတ်ကျော် မလာဖို့ ဆန္ဒပြခေါင်းဆောင်တွေ ကတိပြုထားပေမယ့် လုံခြုံရေးတာဝန်ရှိသူတွေက ဆန္ဒပြသူတွေကို မတားဆီးနိုင်ခဲ့ပါဘူး။

မနက်အစောပိုင်းကလည်း ၀န်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖှ်ရဲ့ နေအိမ်ဆီ ချီတက်လာတဲ့ ကာဒရီရဲ့နောက်လိုက်တွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရာမှာ နှစ်ဖက် ထိပ်တိုက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါသေးတယ်။

သြဂုတ် ၁၄ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ တာဟီရာ အူလ် ကာဒရီနဲ့ အင်မ်ရန်ခန် တို့ဟာ ၀န်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖှ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။

ဝန်ကြီးချုပ်ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို ပယ်ချလိုက်ပြီး နိုင်ငံရေး အကျပ်အတည်းတွေကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ အတိုက်အခံ ခေါင်းဆောင် ၂ ဦး ကမ်းလှမ်းထားပါတယ်။

DVB

လူဟန့်စ် လေဆိပ်ကို ယူကရိန်းတပ်တွေ လက်လွှတ်ရ





ယူကရိန်း အရှေ့ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ အပြီးမှာ ယူကရိန်း တပ်ဖွဲ့တွေ အနေနဲ့ လူဟန့်စ်မြို့ လေဆိပ်ကို လက်လွှတ် လိုက်ရကြောင်း ယူကရိန်း အစိုးရက ပြောပါတယ်။

သူတို့အဆို ရုရှား တင့်ကားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အခုလို လက်လွှတ် ဆုတ်ခွာခဲ့ရတာလို့ ပြောပါတယ်။


အနီးအနားက မြို့တွေမှာလည်း ရုရှား တပ်တွေကို တပ်ဖြန့်ထားတယ်လို့ ယူကရိန်း ပြောခွင့်ရသူက ဆိုပါတယ်။

အစောပိုင်းကတော့ ရုရှားဟာ သူ့တပ်ဖွဲ့တွေကို ယူကရိန်း နယ်မြေထဲ စေလွှတ်ပြီး ပေါ်ပေါ်တင်တင် ကျူးကျော်နေတယ်လို့ ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကိုက စွပ်စွဲထားပြီး မော်စကိုကတော့ သူ့တပ်ဖွဲ့တွေ စေလွှတ်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ယူကရိန်း အစိုးရ၊ ရုရှားနဲ့ ဥရောပ လုံခြုံရေးအဖွဲ့ OSCE တို့ ဘယ်လာရုစ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်း လူ ၂၆၀၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
BBC Burmese

Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား


ဆိုက်ဘာ အဖျက်သမား Hacker များ၏ လက်ချက်ဟု ယူဆရသည့် အခြေအနေကြောင့် အမေရိကန်မှ ရုပ်ရှင်နှင့် ဂီတကြယ်ပွင့် အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်(၃၁)ရက် နံနက်ပိုင်းမှ စတင်ကာ အော်စကာဆုရှင် မင်းသမီး ဂျနီဖာလောရင့်စ်နှင့် Pop ဂီတစတား ရီဟားနားတို့၏ ဓာတ်ပုံများ အပါအဝင် နာမည်ကျော်တို့၏ အဖော်အချွတ်ဓာတ်ပုံ အများအပြား Social Media များပေါ် ရောက်လာခြင်း ဖြစ်သည်။ “ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို တခြားသူတွေက ဆောင်ယူသွားတယ်လို့ ခံစားရတာက ထူးဆန်းတယ်၊ လက်ခံဖို့လည်း ခက်တယ်”ဟု The Hunger Games ဇာတ်ဆောင်မင်းသမီး လောရင့်စ်က Twitter ပေါ်တွင် ရေးသားခဲ့သည်။


အချို့သော နာမည်ကျော်များက မိမိတို့၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ လူသိရှင်ကြား ဖြစ်ခဲ့သဖြင့် စိတ်ပျက်မိကြောင်း ထုတ်ဖော် ဝန်ခံကြပြီး အချို့ကမူ ယင်းဓာတ်ပုံများသည် မိမိတို့၏ ပုံရိပ် အစစ်အမှန် မဟုတ်ဘဲ လုပ်ကြံဖန်တီးထားခြင်း သက်သက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟီလာရီဒပ်ဖ်၊ အမ်ဘာဟတ်ဒ်တို့ကဲ့သို့ မင်းသမီးများ၊ အက်ဗရာလက်ဂ်ဗင်း ကဲ့သို့ အဆိုတော်များ၊ ကိတ်အပ်တန်ကဲ့သို့ ကိုယ်ဟန်ပြ မော်ဒယ်လ်များနှင့် အမေရိကန် အမျိုးသမီး လက်ရွေးစင် ဂိုးသမား ဟုပ်ဆိုလို၏ ဓာတ်ပုံများပါ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ကြောင်း သတင်းများက ဆိုသည်။

“လောရင့်စ်ရဲ့ ဓာတ်ပုံတွေကို ခိုးယူခြင်းဟု မူပိုင်ခွင့်ကို ချိုးဖောက်လိုက်တာပါပဲ။ ဒီကိစ္စအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဆက်သွယ်လာပါတယ်။ ဒီလုပ်ရပ်ကို ကျူးလွန်သူ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု လောရင့်စ်၏ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။

တက်သစ်စ အဆိုတော် မင်းသမီးလေး အေရီယာနာ ဂရန်ဒီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အင်တာနက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများမှာ သူမ၏ အစစ်အမှန် ပုံရိပ်များ မဟုတ်ဟု ငြင်းဆိုခဲ့သည်။ မင်းသမီး မေရီအဲလိဇဘက်သ် ဝင်းစတက်ဒ်ကမူ သူမ၏ ပုဂ္ဂိုလ်ရေး လျှို့ဝှက်အပ်သော ဓာတ်ပုံများ ပေါက်ကြားသဖြင့် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ ဓာတ်ပုံများသည် iCloud ရှိ Account များမှ ခိုးယူခံရခြင်းဟု သတင်းများ ထွက်ပေါ်နေသည်။

အဲလိဇဘက်သ်က “ဒီဓာတ်ပုံတွေကို ကျွန်မရဲ့ ခင်ပွန်းသည်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက ရိုက်ပေးထားတာပါ။ ဒါဟာ ကျွန်မတို့ အိမ်ရဲ့ ပုဂ္ဂိုလ်ရေး ပိုင်ဆိုင်မှု တစ်ခု ဖြစ်ပါတယ်။ အခုတော့ လူတကာလက်ထဲ ရောက်နေပြီ။ ကိုယ်သာ ဒီလို ကြုံရရင် ဆိုတာမျိုး တွေးကြည့်ပြီး ခံစားပေးဖို့ မျှော်လင့်ပါတယ်”ဟု Twitter တွင် ရေးသားထားသည်။

_Ref: Channelnewsasia

ရွှေမန္တလာအဝေးပြေးယာဉ်တိုက်မှုတွင် လူတစ်ဦးသေဆုံး



နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )

“အခင်းဖြစ်ချိန်ကမောင်းခဲ့တဲ့ယာဉ်မောင်းကို ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ခရီးသည်တွေ အဆင်ပြေဖို့ အတွက် လောလောဆယ်တော့ ဒုတိယဒရိုင်ဘာကို မောင်းသွားခိုင်းမှာပါ။ အရေးယူဖို့လုပ်နေပါတယ်။”


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စက်တင်ဘာ(၁)ရက်နေ့ နံနက် (၅း၃၀)နာရီဝန်းကျင်တွင် ကျောက်မဲမြို့အဝင် မုခ်ဦးအနီး ရွှေမန္တလာ အဝေးပြေးယာဉ်မှ ယဉ်တိုက်မှု ဖြစ်ပွားကာ ဆိုင်ကယ်ဖြင့် ဈေးရောင်းချသူ အမျိုးသမီးတစ်ဦးသေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Shwe Myitmakha Media Group

The Voice သီချင်းပြိုင်ပွဲမှာ အကြံပေးအဖြစ်ဆောင်ရွက်မယ့် တေလာဆွစ်ဖ်


အမေရိကန် နိုင်ငံကျော်အဆိုတော် တေလာ ဆွစ်ဖ်သည် အမေရိကန်နိုင်ငံ၏ နာမည်ကျော်ကြားသော ပြိုင်ပွဲတစ်ပွဲဖြစ်သည့် NBC ရုပ်သံလိုင်း၏ The Voice သီချင်းဆိုပြိုင်ပွဲ Season 7 တွင် အကြံပေးတစ်ဦးအဖြစ်ဆောင်ရွက်မည်ဟု Us Weekly မဂ္ဂဇင်းကဖော်ပြသည်။

တေလာဆွစ်ဖ်သည် ပြီးခဲ့ သည့် Season 6 ပြိုင်ပွဲ၌ အဆို တော်ခရစ်မာတင်တာဝန်ယူခဲ့ သည့်အတိုင်း အဖွဲ့များအားလုံးမှ ပြိုင်ပွဲဝင်များအား အကြံဉာဏ် များပေးသွားမည်ဟု Us Weekly ကဖော်ပြသည်။


The Voice သီချင်းဆိုပြိုင်ပွဲ ၏ထုံးစံအရ ပြိုင်ပွဲဝင်များအားလုံး ကို အကြံပေးသူအပြင် အဖွဲ့တစ် ဖွဲ့စီ၌ ကိုယ်ပိုင်အကြံပေးလည်းရှိ မည်ဖြစ်သည်။ ဒိုင်လူကြီး ဘလိတ်ရှယ်တန်၏အဖွဲ့ကို Little Big Town အဖွဲ့က အကူအညီပေး၍ အဒမ်လက်ဗင်း၏အဖွဲ့ကို စတိဗ်နစ်က အကြံပေးမည်ဖြစ်သည်။ ဂွန်းစတက်ဖနီ၏အဖွဲ့ကို ဂဗင်ရော့စ်ဒဲလ်ကအကြံဉာဏ်ပေးကာ ဖာရယ်ဝီလီယမ်၏အဖွဲ့ကို အယ်လစ်စီယာကီးစ်က ကူညီမည်ဖြစ် သည်။

The Voice ပြိုင်ပွဲအကြံပေးအဖြစ် တေလာဆွစ်ဖ် ဆောင် ရွက်မည့်သတင်းကို တာဝန်ရှိသူ များက ယခုချိန်အထိ မည်သည့် မှတ်ချက်မျှမပေးသေးပေ။ The Voice သီချင်းဆိုပြိုင်ပွဲ Season 7 ကို စက်တင်ဘာ ၂၂ ရက်တွင် တင်ဆက်မည်ဖြစ်သည်။

Ref:Access Hollywood

ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ခွေးကလေး ဂျစ်ဖ်



စက်တင်ဘာလအတွင်း နှစ်(၆၀)ပြည့်အဖြစ် ထုတ်ဝေမယ့် ဂင်းနစ်စံချိန် စာအုပ်မှာ စံချိန်နှစ်ရပ် ရေးထိုးနိုင်ခဲ့တဲ့ ခွေးပုလေး တစ်ကောင်အကြောင်း ပါဝင်လာမယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့က ဂျစ်ဖ်ဆိုတဲ့ လေးနှစ်သားအရွယ် ခွေးပုလေးဟာ ခြေနှစ်ချောင်းထောက် အပြေးအမြန်ဆုံး၊ လက်နှစ်ချောင်းတည်းနဲ့ အပြေးအမြန်ဆုံး စံချိန်နှစ်ရပ် တင်နိုင်ခဲ့ပါတယ်။
ဂျစ်ဖ်ဟာ ခြေနှစ်ချောင်းတည်းနဲ့ ၆.၅၆ စက္ကန့်အတွင်း ၁၀မီတာ ပြေးပြနိုင်သလို ခြေထောက်မြောက်ပြီး လက်နှစ်ချောင်းထောက် ပြေးရာမှာ ၅ မီတာကို ၇.၇၆စက္ကန့်ပဲ ကြာမြင့်ခဲ့ပြီး ဂင်းနစ်စံချိန် တင်ခဲ့တာပါ။ ဂင်းနစ်စံချိန် ပြုစုသူတွေရှေ့မှောက် ပထမဆုံး ပြေးပြရာမှာ အဲဒီလို စံချိန်ချိုးနိုင်ခဲ့တာလို့ သိရပါတယ်။ အရုပ်ကလေးနဲ့တူလွန်းတဲ့ ဂျစ်ဖ်ဟာ အပြေးကောင်းရုံတင်မကဘဲ စကိတ်စီးတာ၊ လက်ဆွဲနှုတ်ဆက်တာ၊ ဦးခေါင်းညွတ်ပြီး အရိုအသေပြုတာမျိုးတွေလည်း လုပ်တတ်ပါတယ်။
ကေတီပယ်ရီရဲ့ Dark Horse ဗီဒီယိုမှာ ဂျစ်ဖ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂျစ်ဖ်ဆိုတဲ့ နာမည်နဲ့ ဖေ့ဘွတ်စာမျက်နှာက Like ၁.၃သန်းကျော် ရှိသလို အင်စတာဂရမ်၊ တွစ်တာ စာမျက်နှာတွေမှာလည်း ဂျစ်ဖ်ကို အားပေးတဲ့ ပရိသတ်အများအပြားရှိနေပါတယ်။ Youtube မှာ ဂျစ်ဖ်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရူသူ ၅၀၀၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။
@z (ရိုးရာလေး)
Ref:nydailynews

ဂျနီဖာလောရင့်စ်အပါအ၀င် နာမည်ကျော် ၁၀၀ ၏ ဖုန်းများကို ဟက်ကာတစ်ဦးက ထိုးဖောက်ပြီး ၀တ်လစ်စလစ်ပုံများ အင်တာနက်ပေါ်တင်


ဂျနီဖာလောရင့်စ်နှင့် ကိတ်အပ်တန်အပါအ၀င် နာမည်ကျော် ၁၀၀ ခန့်၏ ဖုန်းများအား ဆိုက်ဘာ ဟက်ကာတစ်ဦးက ထိုးဖောက်ဝင်ရောက်ပြီး ၎င်းတို့ရိုက်ကူး ထားသည့် ၀တ်လစ်စလစ်ပုံများကို အင်တာနက်ပေါ် သို့ တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံများကို iCloud မှ ရရှိခြင်းဖြစ်ကြောင်း Buzzfeed ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယင်းကဲ့သို့ ဟက်ကာထိုးဖောက်မှု လုပ်ဆောင်ခဲ့သူက မိမိတွင် ဂျနီဖာလောရင့်စ်၏ ကြည်လင်ပြတ် သားသော ဗီဒီယိုဖိုင်များရှိနေပြီး သူမ၏ ၀တ်လစ်စလစ် Selfie ပုံ ၆၀ ကျော်လည်း ရှိနေသေးကြောင်း ရေးသားထားသည်။


ထို့ပြင် ဓာတ်ပုံများရရှိထားသူများ အမည်စာရင်းလည်း အင်တာနက်တွင် ဖော်ပြထားကြောင်း သိရသည်။

ဂျနီဇာလော့ရင့်စ်၏ ဓာတ်ပုံများသည် အစစ်များဖြစ်ကြောင်း ၎င်း၏ ကိုယ်စားလှယ်ဖြစ်သူက အတည် ပြု ပြောကြားသည်။

“ဒီလိုရပ်ဟာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်ပါတယ်။ တာဝန်ရှိသူတွေအ နေနဲ့ လိုအပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်နေပြီး ဂျနီဖာလော့ ရင့်စ်ရဲ့ ဓာတ်ပုံတွေကို ခိုးယူပြီး အင်တာနက်တင်သူတွေကို အရေးယူသွားမှာပါ” ဟု ၎င်း၏ ရှေ့နေက ပြောကြားထားသည်။

လောရင့်စ် လိင်ဆက်ဆံနေသည့် ပုံစံပါရှိသည့် ဗီဒီယိုဖိုင်အား ရလိုသူများအနေဖြင့် မိမိအား ငွေပေးပါက ပို့ပေးနိုင်ကြောင်းလည်း အဆိုပါ ဟက်ကာ က ရေးသားထားသည်။

ဟက်ကာထိုးဖောက်ခံရသည်ဟု ပြောလာသည့် မင်းသမီး မာရီအဲလစ်ဇဘက်ဝင်းစတက်က သူမ၏ တွစ်တာတွင် ‘ဒီိဓာတ်ပုံတွေကို ကြည့်နေသူတွေ ကို ပြောချင်တာကတော့ ဒီပုံတွေကို ဟိုးနှစ်တွေက တည်းက ကျွန်မခင်ပွန်းနဲ့ ရိုက်ခဲ့တာဖြစ်လို့ ရှင်တို့အနေနဲ့ သေသေချာချာ နားလည်နိုင်လိမ့်မယ် လို့ မျှော်လင့် ပါတယ်’ ဟု ရေးသားထားသည်။
Ref:Daily Mail/Mirror
Mizzima

ပဲရစ်တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အအုံ ပြိုကျပြီး (၆)ဦးထက်မနည်း သေဆုံး


ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်၏ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုတွင် အဆောက်အအုံ တစ်လုံး၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး ပြိုကျရာ လူ(၆)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် (၃၁)ရက်က ပေါက်ကွဲမှုအပြီး အဆိုပါ အဆောက်အအုံသည် အပျက်အစီးပုံကြီးတစ်ခုသဖွယ် ပြောင်းလဲသွားကြောင်း အရေးပေါ် အခြေအနေ ကူညီပေးသည့် အဖွဲ့များက ဆိုသည်။ အပျက်အစီးများ အောက်မှ ပြန်လည် ရရှိသည့် အလောင်းများတွင် (၁၀)နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။


အရှေ့မြောက်ပိုင်း ရော့စ်နေဆူဘွိုက်စ်ရှိ (၄)ထပ် အဆောက်အအုံ ပြိုကျခဲ့သည့် အပျက်အစီးများ အောက်တွင် နောက်ထပ် ရုပ်အလောင်းများကို လိုက်လံ ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် ယခုထက် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ပေါက်ကွဲမှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် မီတာ (၁၀၀)ခန့် အကွာမှ အဆောက်အအုံများပင် တုန်ခါသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ရဲတပ်ဖွဲ့က အဆိုပါ ပေါက်ကွဲမှုသည် ဓာတ်ငွေ့ ယိုစိမ့်ရာမှ မတော်တဆ ဖြစ်ပွားခဲ့ခြင်းဟု ကနဦး ကောက်ချက် ချထားသည်။ ကယ်ဆယ်ရေးများက မွေ့ရာတစ်ခုအောက် ပိမိသွားသဖြင့် အသက်ရှင်ခွင့် ရခဲ့သည့် ကလေးငယ် တစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူ(၁၁)ဦး ဒဏ်ရာများ ရရှိခဲ့ပြီး (၄)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ကယ်ဆယ်ရေးများက အပျက်အစီးများအောက်တွင် အသက်ရှင်နေသူများ ကျန်နေဦးမည်ဟု မျှော်လင့်ချက်ငွေ့ငွေ့ ထားရှိနေဆဲ ဖြစ်သည်။ အဆိုပါဖြစ်ရပ် အပြီးတွင် ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇီနူဗီသည် အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာခဲ့သည်။

မီးသတ်ဌာနမှ ဂါဘရီရယ်လ် ပလက်စ်က အခင်းဖြစ်ရာ နေရာတွင် လျှပ်စစ်မီး တပ်ဆင်မှု အချို့ကို ပြုလုပ်နေခဲ့သော်လည်း ပေါက်ကွဲမှုသည် အဆိုပါကိစ္စနှင့် ဆက်စပ်နိုင်ဖွယ် မရှိဟု ဆိုသည်။ ရဲတပ်ဖွဲ့က ပေါက်ကွဲမှု ဖြစ်ပွားစေသည်ဟု ယူဆရသည့် ဓာတ်ငွေ့ယိုစိမ့်ရာ နေရာတစ်ခုကို ရှာဖွေ တွေ့ရှိထားကြောင်းလည်း သိရှိရသည်။

_Ref: Channelnewsasia
7 Day

MSN Messenger ကို အောက်တိုဘာလတွင် အပြီးတိုင် ရပ်ဆိုင်းမည်


Windows Live Messenger ဟု လူသိများသည့် MSN Messenger ကို အောက်တိုဘာလ ၃၁ ရက်တွင် အပြီးတိုင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း Microsoft မှ ကြေညာလိုက်သည်။

အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့်နှစ်က Microsoft မှ ကြေညာခဲ့ပြီး Skype ကို ပြောင်းလဲသုံးစွဲ စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံတွင်မူ MSN Messenger ကို ဆက်လက်သုံးစွဲခွင့်ပေးခဲ့သည်။ ထို့နောက် အောက်တိုဘလာ ၃၁ ရက် နောက်ပိုင်းတွင် တရုတ်နိုင်ငံရှိ MSN Messenger သုံးစွဲသူများ အနေဖြင့် Skype ကို ပြောင်းလဲသုံးစွဲရန် လိုအပ်မည် ဖြစ်သည်။


Microsoft သည် MSN Messenger ကို AOL ၏ AIM ဝန်ဆောင်မှုနှင့် ယှဉ်ပြိုင်ရန် ၁၉၉၉ ခုနှစ်က စတင်ခဲ့သည်။ MSN Messenger သည် AIM ကို အသုံးပြုနိုင်ရန် အထောက်အပံ့ ပေးခဲ့သော်လည်း AOL က Microsoft ကို ဆက်လက် တားမြစ်ရန် ကြိုးပမ်းခဲ့သည်။ MSN Messenger ကျော်ကြားလာချိန်တွင် Microsoft က custom emoticon များ၊ ဂိမ်းများနှင့် chat window ကို တုန်ခါစေနိုင်သည့် featureျားကို ဖန်တီး ထည့်သွင်းပေးခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် Microsoft က MSN Messenger ကို Windows Live Messenger ဟု အမည်ပြောင်းလဲခဲ့သည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် Windows Live Messenger ကို လစဉ်သုံးစွဲသူ သန်း ၃၃၀ ကျော် ရှိလာခဲ့သည်။

Microsoft သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် MSN Messenger အသုံးပြုခွင့် ရပ်ဆိုင်းပြီး Skype ကို ပြောင်းလဲအသုံးပြုရန် စီစဉ်ခဲ့သော်လည်း တရုတ်နိုင်ငံရှိ သုံးစွဲသူများအတွက် ၎င်းဝန်ဆောင်မှုကို တရုတ်မီဒီယာကုမ္ပဏီ TOM Group နှင့် ပူးပေါင်းကာ ဆက်လက် အသုံးပြုခွင့်ပေးခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က TOM Group နှင့် Skype တို့အကြား အငြင်းပွားဖွယ် ဖြစ်ပွားခဲ့ပြီးနောက် MSN Messenger အသုံးပြုခွင့် အပြီးတိုင် ရပ်ဆိုင်းရန် Microsoft က ကြေညာခဲ့ခြင်း ဖြစ်သည်။

Ref: Forbes
Internet Journal

၁၅၀၀ တန် MPT ဆင်းကဒ်များ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချမှုမြင်ကွင်းများ






၁၅၀၀ တန် MPT ဆင်းကဒ်များ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချမှုမြင်ကွင်းများ
ဓာတ်ပုံ - ကျော်ကျော် (AF)
Popular Myanmar News Journal

မြန်မာအလှမယ် မေမြတ်နိုးကို သရဖူရုတ်သိမ်းတာနဲ့ ပတ်သတ်ပြီး ပြောစရာလေးတွေရှိလာပါတယ်၊


အေဂျင်စီက လှနုထွန်းနဲ့ မေမြတ်နိုးတို့ကြား ဘလိုတွေကတိကဝတ်တွေ ရှိခဲ့လဲတော့ သေချာမသိဘူး၊ အခုကြားထဲက ဝင်လာတဲ့ ကိုရီးယားအဖွဲ့အစည်းအကြောင်းကို ပြောချင်တယ်၊ နိုင်ငံကိုယ်စားပြုမယ်တစ်ယောက်ကို ဒေါ်လာတစ်သိန်းတန် သရဖူယူပြီးရှောင်နေပါတယ်ဆိုပြီး ကြေငြာချက်ထုတ်လိုက်ကတည်းက အဲ့ဒီအဖွဲ့အစည်းရဲ့ ကလေးကလားဆန်မှုကို ဖော်ပြလိုက်သလိုပါပဲ၊

နောက်ပြီး မေမြတ်နိုး ကိုရီးယားကိုမိခင်နှင့်အတူသွားတဲ့အပေါ်မှာရော အဲ့ဒီအဖွဲ့အစည်းက မိခင်ကို ပြန်လွှတ်ပြီး မေမြတ်နိုးတစ်ယောက်ထဲနေခဲ့ဖို့ ဖိအားပေးတာကလည်း အဲ့ဒီအဖွဲ့အစည်းရဲ့ မရိုးသားမှုကို သိသာစေပါတယ်၊ အသက် နှစ်ဆယ် မပြည့်သေးတဲ့ မိန်းခလေးတစ်ယောက်ကို ဘယ်လိုမိဘက နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ ထားခဲ့နိုင်မလဲ၊ စဉ်းစားကြည့်ကြပါ၊


နောက်ထပ် ထပ်ပြီးမသင်္ကာစရာကတော့ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ထွက်ပေါ်လာတယ်၊ ဒီလိုမျိုးအခြေအနေမှာ မေမြတ်နိုးဘက်ကနေပြီးတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ရပါလိမ့်မယ်၊

သမိုင်းကြောင်းမကောင်းခဲ့တဲ့ ကိုရီးယားအဖွဲ့အစည်းကိုရော၊ မယ်တွေအပေါ်မှာ ကာကွယ်ရပ်တည်မှုလုံးဝမရှိပဲ ကိုယ့်အတွက်ပဲရှေ့တန်းတင်ပြီး ထိမ်းချုပ်ထားချင်တဲ့ လှနုထွန်းရဲ့အေဂျင်စီကိုရော ပြင်းထန်စွာရှုံ့ချလိုက်ပါတယ် --

Dine Khin Khin

အစ္စလာမ်မစ်သူပုန်ကို နိုင်ငံတကာအကူညီနဲ့ အီရတ်တိုက်ခိုက်


အီရတ်နိုင်ငံမြောက်ပိုင်းမှာ ဂျီဟဒ်ဝါဒီတွေ စီးနင်းခံရလို့ မြို့နေလူတွေ နှစ်လကြာ ပိတ်မိနေပြီးတော့ စားရေရိက္ခာနဲ့ပစ္စည်းတွေလည်း လျော့ပါးလာနေတဲ့ အမာလီမြို့ကို အီရတ်တပ်ဖွဲ့တွေ ဒီကနေ့ပဲ ထိုးဖောက် ဝင်ရောက်နိုင်ပြီလို့ အရာရှိတွေက ပြောပါတယ်။


အမာလီမြို့တဝိုက်မှာ ISIS အစ္စလာမ်မစ်နိုင်ငံတော်သူပုန်တွေကို အမေရိကန်က လေကြောင်းက စစ်ဆင်မှုလုပ်ခဲ့ပြီးတော့ မြို့ထဲမှာ ပိတ်မိနေသူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ချပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်လေတပ်က သြစတြေးလျ၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က လေယာဉ်တွေနဲ့အတူ အကူအညီတွေ ချပေးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်ကာဘီ (John Kirby) က ဆိုပါတယ်။

အဲဒီ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီတွေ ချပေးဖို့ လုပ်ငန်းကို ပံ့ပိုးတဲ့အနေနဲ့ အနားက ISIS အကြမ်းဖက်သမားတွေကို အမေရိကန်က တခြားသူတွေနဲ့ ပူးတွဲစီစဉ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်ကြီးကာဘီကပဲ ပြောပါတယ်။

သြစတြေးလျကတော့ ဒီ အစ္စလာမ်မစ်နိုင်ငံတော်စစ်သွေးကြွတွေကို ပြန်ပြီးတော့တိုက်ခိုက်နေတဲ့ ကာ့ဒ်-စ် တပ်ဖွဲ့တွေကို နိုင်ငံတကာက လက်နက်ထောက်ပံ့ရေးမှာ သူတို့လည်း ပါပြီလို့ ဆိုပါတယ်။ အီရတ်ကအခြေအနေက လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ကပ်ဘေးဆိုးကြီးဖြစ်ပါတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Tony Abbott က တနင်္ဂနွေနေ့ကပဲ ပြောသွားတာပါ။

ဂျာမနီပြည်တွင်းထောက်လှမ်းရေးအကြီးအကဲကတော့ ISIS တိုက်ခိုက်ရေးသမားတွေရဲ့ ရက်စက်မှု၊ အစွန်းရောက်မှုနဲ့ ပြင်းထန်မှုတို့ကြောင့် လူငယ်မွတ်ဆလင်တွေ သူတို့ကို ကြိုက်ကြတယ်လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံကနေပြီးတော့ ဒီ အစ္စလာမ်မစ် တိုက်ခိုက်ရေးသမားတွေဆီကို သွားပြီးတော့ ပူးပေါင်းသူ အယောက် ၄၀၀ မက ရှိတယ်လို့ သူက ဂျာမနီရေဒီယိုဌာနတခုကို ဒီကနေ့ပဲ ပြောသွားခဲ့ပါတယ်။ အဲဒီ ဂျာမနီနိုင်ငံကနေပြီးတော့ ISIS အတွက် အသေခံဗုံးခွဲမှု ၅ ခု အနည်းဆုံး ပြုလုပ်ခဲ့ပြီးပြီလို့ ယူဆရကြောင်း သူက ဆိုပါတယ်။

VOA

မော်ရိုကို နိုင်ငံတွင် ခေါင်း နှစ်လုံးနှင့် မျက်စိ တစ်လုံးသာ ပါရှိသည့် နွား တစ်ကောင် မွေးဖွား


မော်ရိုကိုနိုင်ငံတွင် ခေါင်းနှစ်လုံးနှင့် မျက်စိ တစ်လုံးသာပါရှိသည့် နွားပေါက်တစ်ကောင်ကို မွေးဖွားခဲ့ကြောင်းနှင့် အဆိုပါ နွားပေါက် ပိုင်ရှင်များသည် ၎င်းကို Happy Year ဟု အမည် သတ်မှတ်ပေးခဲ့ကြောင်း

ယင်းနိုင်ငံထုတ် သတင်းစာများက သြဂုတ် ၁၇ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။ အဆိုပါ နွားပေါက်ကို Feg မြို့ မြောက် ပိုင်းတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မျက်စိတစ်လုံးသာ ပါရှိသော်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း တိရစ္ဆာန်ဆေးကု ဆရာဝန်များ က ပြောကြားခဲ့သည်။

ထို့ပြင် Happy Year အမည်ရှိ ၎င်းနွားပေါက်သည် အစာစားရာတွင် ပါးစပ် နှစ်ခုလုံးကို အသုံးပြုနိုင်ကြောင်းနှင့် အခြားရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ မရှိကြောင်း ပိုင်ရှင်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာများက ဖော်ပြခဲ့သည်။

မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို


မီဒီယာရှေ့တွင်တောင်း ပန်ပြီး သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။


‘‘မေမြတ်နိုးက မီဒီယာတွေ ရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ ကိစ္စတွေကိုကူညီ ပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အ ကောင်းဆုံးအရာဖြစ်ပြီး မေမြတ် နိုးအတွက်လည်းအကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။

မေမြတ်နိုးကိုလည်း လာ ရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များ လုပ်ဆောင်သွား လိုသည်ဟု၎င်းကပြောသည်။

ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ဆုံး ဖြတ်ချက်အရ လုပ်ဆောင်ခြင်းမ ဟုတ်ဘဲ မေမြတ်နိုးနှင့်၎င်း၏မိ ခင်တို့၏ သဘောတူညီမှုအရလုပ် ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

‘‘သူရော သူ့အမေပါ လက် မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ ဘယ်အော်ပရေးရှင်းမှ ကိုရီးယား မှာမလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်း ဂျင်းကပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများလုပ်ဆောင် လေ့ရှိသဖြင့် မေမြတ်နိုးကိုမည်သည့်အစိတ်အပိုင်းခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများကိုအလုပ်မလုပ် ခြင်း၊ အဖွဲ့အစည်း၏စကားကိုမ လိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကိုမလိုက် နာခြင်းကြောင့် သရဖူကိုရုပ်သိမ်း ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။

မေမြတ်နိုး၏မိခင်ကို ကိုရီး ယားသို့ နှစ်ပတ်လိုက်ပါခွင့်ရရန် မေမြတ်နိုး ကတောင်းဆိုခဲ့၍ စီစဉ် ပေးခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏မိခင် က သမီးနှင့်အတူ သုံးလနေထိုင် ခွင့်ရရန်ကြိုးစားခဲ့ကြောင်း သိရသည်။ သရဖူအသိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ မေမြတ်နိုးသည် စက်တင်ဘာ ၂ရက်တွင်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

7Day

အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းထက်ပိုပါက ယစ်မျိုးခွန်ကောက်ရမည့်အရက်ဟု သတ်မှတ်ထားသော်လည်း သတ်မှတ်ရာခိုင်နှုန်းမပြည့်သော အဖျော်ယမကာမျိုးစုံကို ပြည်တွင်းသို့ တင်သွင်းရောင်းချမှုများ ရှိနေ


ရန်ကုန်မြို့ ဂိုဒေါင်တစ်ခုအတွင်းရှိ အရက်ပုလင်းများအား သက်ဆိုင်ရာက ၀င်ရောက်စစ်ဆေးနေစဉ်
အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းထက်ပိုပါက ၁၉၁၇ ခုနှစ်က ပြဌာန်းခဲ့သည့် ယစ်မျိုးဥပဒေအရ ယစ်မျိုးခွန် (Excise Taxation) ကောက်ရမည့်အရက် (သို့မဟုတ်) အရက်ချိုဟု သတ်မှတ်ထားသော်လည်း လက်ရှိတွင် ယင်းပြဌာန်းချက်ကို အခွင့်ကောင်းယူပြီး အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းမပြည့်သော သစ်သီးဖျော်ရည်၊ ဝိုင်၊ အရက်ချို စသည့်အဖျော်ယမကာမျိုးစုံကို ပြည်တွင်းသို့ တင်သွင်းရောင်းချမှုများ ရှိသကဲ့သို့ ထုတ်လုပ်ရောင်းချမှုများလည်း ပြုလုပ်လျက်ရှိကြောင်း ‘အရက်ယမကာသုံးစွဲမှု ထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ’ တွင် ပြောကြားချက်များအရ သိရသည်။

လက်ရှိအချိန်ထိ အာဏာတည်ဆဲဖြစ်သည့် ယစ်မျိုးဥပဒေအရ အရက်၊ ဘီယာ၊ ဝိုင်၊ ခေါင်ရည်၊ အရက်ချိုနှင့် ဒေသထွက်အရက်များအပြင် ပြည်တွင်းဖြစ်အရက်၊ ပြည်တွင်းဖြစ် နိုင်ငံခြားအရက်၊ နိုင်ငံခြားဖြစ်အရက်ဟူ၍ ခေါ်ဝေါ်သတ်မှတ်မှုများရှိကြောင်းနှင့် လက်ရှိပြည်တွင်းသို့ တင်သွင်းရောင်းချမှု၊ ထုတ်လုပ်ရောင်းချမှုများ ပြုလုပ်နေသည့် အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းမပြည့်သော အဖျော်ယမကာမျိုးစုံကို လူငယ်နှင့် အမျိုးသမီးများသုံးစွဲမှုများ ပြားလျက်ရှိကြောင်း သိရသည်။

ဥပဒေတွင် အရက်နှင့်ပတ်သက်၍ ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်၊ ရောင်းချခွင့်၊ ယစ်မျိုးခွန်များဖြင့် ထုတ်လုပ်ရောင်းဝယ်မှု ထိန်းချုပ်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ရောင်းချခွင့်ထိန်းချုပ်ခြင်းများအနက် ရောင်းချခွင့်လိုင်စင် သတ်မှတ်ခြင်း၊ အရက်ဝယ်ယူရန် ခက်ခဲစေခြင်း၊ အရက်အရောင်းမြှင့်တင်ရန် နည်းမျိုးစုံသုံးသည့် လုပ်ငန်းများထိန်းချုပ်ခြင်း၊ ပညာပေးစည်းရုံးခြင်း၊ အရက်ပုံးများထိန်းချုပ်ခြင်း၊ ယာဉ်မောင်းများ အရက်မသောက်ရန် ပညာပေးခြင်းနှင့်ထိန်းချုပ်ခြင်း၊ လူထုနည်းဖြင့်ထိန်းချုပ်ခြင်း စသည့်လုပ်ငန်းများဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ၏လမ်းညွှန်ချက်အရ အရက်ယမကာသည် နိုင်ငံအချင်းချင်း လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်သော ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံသို့ တင်သွင်းမှုကန့်သတ်ဆဲဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြည်တွင်းထုတ်လုပ်မှု အရှိန်မြင့်တက်လာပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် ဆယ်စုနှစ်တစ်ခုအတွင်း အရက်ကိုတွင်ကျယ်စွာ ဖြန့်ဖြူးရောင်းချမှုများ ရှိလာကြောင်း သိရသည်။

အရှေ့တောင်အာရှဒေသတွင် အရက်၊ ယမကာ ထုတ်လုပ်ဖြန့်ဖြူးမှု ပိုမိုတွင်ကျယ်လာခြင်းနှင့်အတူ အရက်ယမကာသောက်သုံးသည့်ဓလေ့ ပိုမိုထွန်းကားလာခဲ့ကြောင်းနှင့် အမျိုးသားများသာမက လူငယ်များ၊ အမျိုးသမီးများ သောက်သုံးမှုများလာပြီး ချက်အရက် (တရားဝင်) နှင့် ဘီယာသောက်သုံးမှုများလည်း အဆမတန် များပြားလာကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်မှစ၍ စီးကရက်ကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကုန်ပစ္စည်းတန်ဖိုး၏ ရာခိုင်နှုန်း ၁ဝဝ ကောက်ခံထားပြီး အခြားဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရာခိုင်နှုန်း ၅ဝ၊ အရက်၊ ဘီယာ၊ ဝိုင် စသည်တို့ကို ရာခိုင်နှုန်း ၅ဝ ကောက်ခံထားကြောင်း၊ အာဆီယံနိုင်ငံများအကြား ကုန်ပစ္စည်းဖလှယ်မှုတွင် ကုန်သွယ်ခွန်အဖြစ် စီးကရက်ငါးရာခိုင်နှုန်း၊ ဆေးရွက်ကြီးသုံးရာခိုင်နှုန်း ကောက်ခံနေပြီး လာမည့် ၂ဝ၁၅ ခုနှစ်တွင် အကောက်ခွန် ဝ ရာခိုင်နှုန်းဖြစ်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ရရှိထားသည့် အချက်အလက်များအရ တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃ဝ တွင် လက်လီ/လက်ကား အရက်ဆိုင်ပေါင်း ၄၁၂၁ဝ ခန့်ရှိပြီး သိပ္ပံနည်းကျထုတ်လုပ်သည့် စက်ရုံ ၇၃ ရုံ၊ ဘီယာစက်ရုံလေးရုံ၊ ဝိုင်ထုတ်လုပ်သည့်စက်ရုံ ၄ဝ ရုံ၊ တောအရက်ချက်လုပ်ငန်း ၄၁ဝ နှင့် အရက်များကို ပြန်လည်ပြုပြင်ပြီး ဖြန့်ဖြူးသည့်ဆိုင်ပေါင်း ၂၂၈ ဆိုင်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ယစ်မျိုးနှင့် အခွန်ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အရက်နှင့်ဘီယာသောက်သုံးမှု မြင့်မားလျက်ရှိပြီး နှစ်စဉ် ပြည်တွင်း၌ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅ သန်းနှင့်အထက်ရှိနေကြောင်း၊ ဘီယာတစ်မျိုးတည်း ထုတ်လုပ်မှုအနေဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂ဝ နီးပါးထိ ထုတ်လုပ်ခဲ့ရာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၆ သန်းအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် ၁ဝ လအတွင်း ထုတ်လုပ်မှုဂါလန်ပေါင်း ၂၇ သန်းခွဲနီးပါးအထိရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ သိရသည်။




တချိန်ကတော့ ဗိုလ်လောင်းလို့ ဆိုလိုက်ရင် အမျိုးသား ဗိုလ်လောင်းတွေကိုပဲ မျက်စေ့ထဲ ပြေးမြင်မိကြပါလိမ့်မယ်။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။


ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို မှော်ဘီမှာ ရှိတဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ သြဂုတ်လ ၂၈ ရက်နေ့ က ကျင်းပခဲ့ပါတယ်။

အမျိုးသမီးဗိုလ်လောင်းတွေလည်း ပေါ်ပေါက်လာပြီး သူတို့ဟာ တပ်မတော် ပြန်တမ်းဝင် အရာရှိတွေ ဖြစ်လာမှာလို့ သိရပါတယ်။

သင်တန်းဆင်း ဗိုလ်ကြီးမမတွေဟာ အခုဆို တပ်မတော် ကြည်း၊ ရေ၊ လေ တို့မှာ အသီး သီး တာဝန်ထမ်းဆောင်ကြပါတော့မယ်။

တချိန်ကတော့ စစ်ဆေးရုံတွေမှာ အမျိုးသမီး ဆရာဝန် စစ်ဗိုလ်တွေနဲ့ သူနာပြု စစ်သမီးတွေကိုသာ မြင်တွေ့ ခဲ့ရ ပေမယ့် အခုဆို မဟာဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းတွေကို ဗိုလ်အဆင့် တွေနဲ့ စတင်မြင်တွေ့ရပါပြီ။

အမျိုးသမီး ဗိုလ်လောင်း သင်တန်းဆင်းပွဲကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သလို ထူးချွန် အမျိုးသမီး ဗိုလ်လောင်းတွေကိုလည်း ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁) က အကောင်းဆုံး ဗိုလ်လောင်း ဆုရရှိသူက ဗိုလ်လောင်းအမှတ်(၈၂) ဗိုလ်လောင်း လေးနွယ်ထွန်းဖြစ်ပါတယ်။

“ယနေ့ခေတ် ကမ္ဘာကြီး၏ အခြေအနေ ကို လေ့လာကြည့်လျှင်လည်းနိုင်ငံ အများအပြားတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရင်ပေါင်တန်းပြီး အလုပ်လုပ်ကိုင်နေကြကြောင်း၊ အချို့နိုင်ငံများတွင်နိုင်ငံ အကြီးအကဲ တာဝန်ထမ်းဆောင်နိုင်သည်အထိ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာသည်ကို ရဲဘော်တို့ အသိပင်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

ဒီအပြင် “လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သည့် ကာလတွင်လည်း မြန်မာ အမျိုးသမီး အချို့ သည် တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းခဲ့ကြကြောင်း၊ မိမိတို့နိုင်ငံတွင်၁၉၅၄ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေး အတွက် အမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး ထူးချွန်ပြောင်
မြောက် သည့် အမျိုးသမီးစစ်မှုထမ်းများစွာလည်း ပေါ်ပေါက်ခဲ့ကြောင်း” လည်း ထည့်ပြောပါတယ်။

ညပိုင်းမှာတော့ ဂုဏ်ပြု ညစာနဲ့ တည်ခင်းခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ဓာတ်ပုံတွေနဲ့တကွ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ ပုံတွေ အွန်လိုင်းထဲ ရောက်လာတော့ တပ်မတော်တွင် အမျိုးသမီး ပါဝင်မှု ဆိုတာကို အရှိန်မြှင့် ခြေလှမ်းတခု တိုးလိုက်တာလို့ စာဖတ်သူတချို့ မှတ်ချက်ပေးတာတွေလည်း တွေ့နေရပါတယ်။

အမျိုးသမီးအင်အား အများအပြား တနေ့ တချိန်တည်းမှာ အရာရှိသင်တန်း ဆင်းကြပြီး အရာရှိဖြစ်လာကြတဲ့အတွက် ဗိုလ်ကြီးမမတို့ တခေတ်ဆန်းပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အမျိုးသမီးဗိုလ်လောင်းတွေ အလိုရှိကြောင်း အစိုးရသတင်းစာမှာ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း 
အမျိုးသမီးတွေကို စစ်အရာရှိအဖြစ် မွေးထုတ်တဲ့အစီအစဉ် အစပြုခြင်းပါပဲ။

အရာရှိသင်တန်း ၆ လခန့် တက်ပြီးရင် ဒုဗိုလ်ရာထူး စတင် ခန့်အပ်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ပထမအကြိမ်သင်တန်းပြီးလို့ အရာရှိ ၁ဝဝ ကို မွေးထုတ်လိုက်ပါပြီ။ ဒုတိယ 
အကြိမ်သင်တန်းမှာလည်း ဒီအရေအတွက်ထက် ပိုပြီး ခေါ်မလား ဆိုတာက လည်း စိတ်ဝင်စားစရာကောင်းလှတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဧရာဝတီblog

ကာဂါဝါ အသင်းဟောင်းဒေါ့မန်ကို ပြန်လည်ပြောင်းရွှေ့


မန်ယူ ကွင်းလယ်သမား ရှင်ဂျီ ကာဂါဝါဟာ အသင်းဟောင်း ဒေါ့မန်ကို ၄ နှစ်စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ဖို့ သဘောတူညီချက် ရသွားပြီး ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြတာ မရှိပါဘူး။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်သမားဟာ မန်ယူမှာ ပုံမှန် ပွဲထွက်ကစားခွင့် မရတဲ့အတွက် အသင်းပြောင်း သွားတာပါ။

“ကျနော့်အိမ်မက် ပရီးမီးယားလိဂ်မှာ ကစားဖို့ပါ။ ဒါပေ မယ့် ဒေါ့မန် ကို ပြန်ရတဲ့အတွက်လည်း ၀မ်းသာပါတယ်” လို့ ဂျပန် ကွင်းလယ်သမားက ပြောပါတယ်။

ကာဂါဝါဟာ မန်ယူမှာ ကစားတဲ့ ၂ နှစ်ရာသီအတွင်း ၅၇ ပွဲမှာ ၆ ဂိုး သွင်းပေးထားပါတယ်။ မန်ယူ တိုက်စစ်မှူး ဟာနန်ဒက်ဇ်ကိုလည်း ရီရဲလ်မက်ဒရစ်က အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
By ဒီဗွီဘီ

အမေရိကန်လူမည်းတဦးကို ရဲက ပစ်သတ်မှု တရားမျှတစွာ ဖော်ပေးရန် တောင်းဆိုဆန္ဒပြ


အမေရိကန် ပြည်ထောင်စုမှာ လူမည်းဆယ်ကျော်သက်ကို လူဖြူရဲက သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ ဖာဂူဆန် ဆင်ခြေဖုံးမှာ သြဂုတ်လ ၃၀ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီး လွန်ခဲ့တဲ့ ၃ ပတ်က မိုက်ကယ်ဘရောင်း သေဆုံးခဲ့တဲ့ ကိစ္စကို တရားမျှတစွာ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့ ဆန္ဒပြပွဲဟာ ရဲအဖွဲ့ရဲ့ ရက်စက်မှုကို ဆန့်ကျင်တာဖြစ်တယ်လို့ စည်းရုံးတွေက ပြောပါတယ်။

သြဂုတ်လ ၉ ရက်နေ့က လက်နက်မပါတဲ့ လူမည်း ဆယ်ကျော်သက်ကို လူဖြူရဲက သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့တာကို အကြောင်းပြုလို့ စိန့်လူဝစ်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး ကမ္ဘာလုံးက အာရုံစိုက်စရာဖြစ်နေပါတယ်။
By ဒီဗွီဘီ

သူပုန်တပ်များဝိုင်းထားသည့် အမာလီမြို့ကို အီရတ်တပ် ပြန်သိမ်း


အီရတ်လုံခြုံရေးတပ်တွေဟာ ဆီယိုက် ပြည်သူတွေစစ်တွေနဲ့ ပူးပေါင်းပြီး နှစ်လကြာ အစ္စလာမ္မစ် သူပုန်တွေ ၀ိုင်းထားတဲ့ နိုင်ငံ မြောက်ပိုင်းက အမာလီမြို့ကို ပြန်သိမ်းလိုက်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ ဆွန်နီသူပုန်တွေကို အမာလီမြို့ တ၀ိုက်ကနေ တိုက်ထုတ်နိုင်ခဲ့ပေမယ့် အနီးအနားက ရွာတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

အမာလီမြို့ဟာ မဟာဗျူဟာအရ အရေးပါတဲ့မြို့အဖြစ် သတ်မှတ်ထားတဲ့မြို့ ဖြစ်ပါတယ်။

အမာလီမြို့ကို သိမ်းနိုင်ပြီဖြစ်လို့ မြောက်ပိုင်းမှာ အိုင်အက်စ်သူပုန်တွေ သိမ်းထားတဲ့ ဆာလာဟူဒင် ပြည်နယ်ကို ပြန်သိမ်းနိုင်ဖို့ ခြေကုတ်ရပြီလို့ စစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

အီရတ်မှာ ကာဒ်တပ်တွေဟာ အမေရိကန် လေကြောင်း စစ်ကူနဲ့ အစ္စလာမ္မစ် သူပုန်တွေ သိမ်းထားတဲ့ နယ်မြေကို ပြန်သိမ်းပြီး သူပုန်တွေကို ထိုးစစ်ဆင်နေပေမယ့် အီရတ် အစိုးရစစ်တပ်နဲ့ ဆီယိုက် ပြည်သူ့စစ်တွေကတော့ သိသာတဲ့ အောင်မြင်မှုကို အရင်က မရခဲ့ပါဘူး။

အမာလီမြို့ကို သူပုန်တွေ ၀ိုင်းထားတဲ့အချိန်က မြို့ခံ ပြည်သူ့စစ်တွေက သူပုန်တွေကို မြို့ထဲ မ၀င်နိုင်အောင် ခုခံ တိုက်ခိုက်ထားပြီး မြို့တွင်းမှာ ပြည်သူ ၁ သောင်းခွဲလောက် ပိတ်မိနေခဲ့တာပါ။

အခုလို မြို့ကို အီရတ်တပ်တွေ ပြန်မသိမ်းခင်မှာ အမေရိကန် လေတပ်ကလည်း အနီးအနား မြို့တမြို့မှာ သူပုန်တွေကို တိုက်ခဲ့ပြီး အဲဒီမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် လေကြောင်းကနေ အကူအညီတွေ ချပေးခဲ့ပါတယ်။

ဗြိတိန်၊ ပြင်သစ်နဲ့ သြစတြေးလျ လေယာဉ်တွေကလည်း ပြည်သူတွေအတွက် အကူအညီတွေကို ချပေးခဲ့ပါတယ်။
By ဒီဗွီဘီ

အိမ်ခြေ ၁၅၀ ကျော် မပြောင်းရွှေ့ရရေး သပိတ်ကျင်းဒေသခံများ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ကျေးရွာနဲ့ ဝက်သေကျေးရွာ ၂ ရွာ က ဒေသခံရွှေလုပ်သားတွေ စုပေါင်းပြီး လူအင်အား ၁၀၀၀ ကျော်က သူတို့နေထိုင်ရာ ကျေးရွာမြေနဲ့ အိမ်ခြေ ၁၅၀ ကျော် မရွှေ့ပြောင်းရေးအတွက် သြဂုတ် ၃၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကျေးရွာမြေပေါ် က ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေ အမြန်ဆုံးဖယ်ရှားပေးရေး၊ အိမ်ခြေ ၁၅၀ မရွှေ့ပြောင်းရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ သတ္တုတွင်းဥပဒေ နဲ့အညီ ဆောင်ရွက်ပေးရေး၊ အမှန်တရားဖော်ထုတ်ပေးရေး၊ ကျေးရွာမြေနယ်နိမိတ် အမြန်ဆုံး သတ်မှတ်ပေးရေး စတဲ့ အချက် ၇ ချက်ကို ကြွေးကြော်ပြီး ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာတွေမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သပိတ်ကျင်းမြို့ကို ဆန္ဒဖော်ထုတ်ဖို့ သွားရောက်စဉ်မှာလည်း မြို့ဝင်မှာ အာဏာပိုင်တို့ဘက်မှ တားဆီးခဲ့တဲ့အတွက် နှစ်ဖက် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဖက်ရှည်ကျေးရွာနဲ့ ၀က်သေကျေးရွာ ၂ ရွာကို တရားဝင်ကျေးရွာအဖြစ် ၂၀၀၇ ခုနစ်မှာ ပြည်ထဲရေး ၀န်ကြီးဌာန ကို တောင်းဆိုခဲ့ရာ ၂၀၁၀ ခုနစ် ဇန်န၀ါရီလ ၂၀ ရက်နေ့က အဲဒီကျေးရွာတွေ အပါအ၀င် ရွာပေါင်း ၂၄ ရွာကို တရားဝင်ကျေးရွာအဖြစ် ချထားပေးခဲ့ပါတယ်။

ဒါပေမယ့် ကျးရွာပိုင်မြေပေါ်မှာ မြန်မာဂိုးဒန်းပွင့်၊ ရွှေပြည်သာ ထာဝရ စတဲ့ ရွှေနဲ့သတ္တုတူးဖော်ရေး ကုမ္ပဏီတွေ ၀င်ရောက်လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။
By ဒီဗွီဘီ