ISIS ဆိုသော ဆိုင်အမည်ကြောင့် ခြိမ်းခြောက်မှုများ ကြုံနေရသည့် ဖက်ရှင်ဆိုင်ပိုင်ရှင် အမျိုးသမီး



ဗြိတိန်နိုင်ငံမှ ဖက်ရှင်ဆိုင် ပိုင်ရှင် အမျိုးသမီး တစ်ဦးသည် ISIS ဆိုသော သူမ၏ ဆိုင်အမည်အတွက် မဖြစ်မနေ ဖြေရှင်းချက်တစ်ခု ထုတ်ပြန်ခဲ့ရကြောင်း သိရှိရသည်။

အသက်(၅၄)နှစ်ရှိ ဂျင်မ်ကမ့်ဘဲလ်သည် အဆိုပါ ဖက်ရှင်ဆိုင်ကို ဝေါ်ကက်စတာရှိုင်းယားရှိ မယ်လ်ဗန်တွင် လွန်ခဲ့သည့် (၇)နှစ် ကတည်းက ဖွင့်လှစ်ထားခဲ့သည်။ ISIS ဆိုသော စကားလုံးမှာ ရှေးဟောင်းအီဂျစ်ရိုးရာ နတ်ဘုရားမ အိုင်ဆစ်(Isis)ကို ရည်ရွယ်ပြီး ပေးထားသည့် အမည်ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက အရှေ့အလယ်ပိုင်းတွင် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အဖွဲ့တစ်ခုအဖြစ် ISIS မှာ ကမ္ဘာသိ ထင်ရှားလာခဲ့သည်။ အဆိုပါ အဖွဲ့သည် ၎င်းတို့၏ အမည်ကို အစ္စလာမ်မစ် နိုင်ငံတော် (IS)ဟု ပြောင်းလဲလိုက်ပြီ ဖြစ်သော်လည်း ISIS၊ ISIL အစရှိသည့် အမည်များနှင့် လူသိများနေဆဲ ဖြစ်သည်။

IS တို့သည် မကြာသေးမီက ဗြိတိန်နိုင်ငံသား တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကိုလည်း လွှင့်တင်ထားခဲ့ရာ ၎င်းတို့အပေါ် ဗြိတိန်နိုင်ငံသား အများစုက ရွံမုန်းလျက် ရှိသည်။ ကမ့်ဘဲလ်၏ ဆိုင်ကိုလည်း ဖြတ်သွားဖြတ်လာ လူအချို့က စက်ဆုပ်သည့် အမူအယာများ ပြသခဲ့သလို သူမ၏ဆိုင်နှင့် ဆိုင်ဝန်ထမ်းများသည် အင်တာနက်ပေါ်တွင် ပစ်မှတ်ထား စော်ကားပြောဆိုမှုများနှင့် ကြုံနေရသည်။ ထို့အပြင် ဆိုင်နာမည်ကို ပြောင်းမပစ်ပါက ဆိုင်ထဲတွင် ဗုံးလာထောင်မည်ဟု ခြိမ်းခြောက်သော စာမျိုးပင် ကမ့်ဘဲလ်ထံ ရောက်လာခဲ့သည်။

ထိုသို့သော အခြေအနေများကြောင့် ကမ့်ဘဲလ်က သူမ၏ဆိုင်သည် အရှေ့အလယ်ပိုင်း ဒေသရှိ အစွန်းရောက် တပ်ဖွဲ့များနှင့် မည်သို့မျှ မဆက်နွယ်ကြောင်း မဖြစ်မနေ ပြန်လည် ဖြေရှင်းလာရခြင်း ဖြစ်သည်။ “အဲဒီ အကြမ်းဖက်မှုတွေက မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာမှာ ဖြစ်နေတာပါ။ ဒါပေမဲ့ နေရင်းထိုင်ရင်း မယ်လ်ဗန်က ကျွန်မရဲ့ ဆိုင်လေးက ပစ်မှတ်လာဖြစ်နေတယ်။ Facebook ပေါ်မှာဆိုရင် ကျွန်မရဲ့ ဆိုင်နာမည်နဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြောဆိုထားတာတွေ အများကြီးပဲ။ တစ်ယောက်က ဆိုင်နာမည်မပြောင်းရင် ဗုံးခွဲမယ်လို့တောင် ခြိမ်းခြောက်တယ်။ နောက်တစ်ယောက်က မယ်လ်ဗန်ကို အကြမ်းဖက်မှုဝါဒ ရောက်လာပြီလို့ ရေးပြီး ကျွန်မဆိုင်ရဲ့ ဓာတ်ပုံကိုတောင် တင်ထားပါသေးတယ်”ဟု ကမ့်ဘဲလ်က ဆိုသည်။

သူမက “ပြီးခဲ့တဲ့အပတ်ကဆိုရင် ဆိုင်ပြင်မှာ ဖြတ်သွားတဲ့ စုံတွဲမှာ အမျိုးသမီးက ‘ကြည့်စမ်း၊ ဆိုင်နာမည်က ISIS တဲ့’လို့ လှမ်းပြောတော့ အမျိုးသားက ‘ကြည့်ရတာ တွေ့သမျှလူ ခေါင်းဖြတ်နေတဲ့ ကောင်တွေထဲက တစ်ယောက်ပဲ ထင်တယ်’လို့ ပြန်ပြောသွားတာ ကြားလိုက်ရတယ်။ ကျွန်မ တကယ် အံ့ဩမိတယ်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ။ အရှေ့အလယ်ပိုင်းက အကြမ်းဖက်အုပ်စုနဲ့ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းက ဘယ်လိုမှ မပတ်သက်ပါဘူး။ ကျွန်မရဲ့ ဆိုင်ဟာ အဲဒီ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်နေသယောင်ယောင် စွပ်စွဲမှုတွေကို တကယ်ပဲ စိတ်ပျက်မိပါတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။

လက်ရှိ အခြေအနေများကြောင့် ကော့စ်ဝေါလ်တွင် ဆိုင်ခွဲဖွင့်မည့် အစီအစဉ်ကိုပင် ဆိုင်းငံ့ထားရကြောင်း သူမက ပြောကြားခဲ့သေးသည်။ “ကျွန်မရဲ့ စီးပွားရေး လုပ်ငန်းကို ကိုယ်တိုင် အကာအကွယ်ပေးဖို့ လိုလာပြီလို့ ခံစားရပါတယ်။ ကံကောင်းတာက ကျွန်မရဲ့ ဝန်ထမ်းတွေက ဒီအခြေအနေတွေကို နားလည်မှုရှိရှိ ကူညီဖြတ်သန်းနေတာပါ။ ပြီးတော့ ရှိရင်းစွဲ ဖောက်သည်တွေက ဆိုင်ကို လာနေတုန်းပါပဲ။ ကော့စ်ဝေါလ်မှာ ဆိုင်ဖွင့်ဖို့ ကျွန်မ စဉ်းစားထားပေမယ့် လောလောဆယ် အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒါကတော့ စိတ်ပျက်စရာပါပဲ”ဟုလည်း ကမ့်ဘဲလ်က ညည်းညူခဲ့သည်။

သူမက ဆိုင်အမည် မှည့်ခေါ်ဖြစ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး “အော့စ်ဖို့ဒ်က မြစ်တစ်ခုရဲ့ နာမည်ကို သဘောကျလို့ပါ။ အဲဒီမြစ်ကို ဒေသခံတွေကို အိုင်ဆစ်လို့ ခေါ်ကြတယ်။ ပြီးတော့ ဒီနာမည်က ရှေးဟောင်း အီဂျစ်လူမျိုးတွေ ကိုးကွယ်ပြီး မှော်အတတ်၊ ရုပ်ပြောင်းရုပ်လွှဲအတတ်၊ အလှအပနဲ့ အမျိုးသမီး ပီသမှုတွေကို ကိုယ်စားပြုတဲ့ နတ်ဘုရားမ တစ်ပါးရဲ့ နာမည်လည်း ဖြစ်တယ်လေ။ ကျွန်မဆိုင်ကို ဒီနာမည်ပေးထားတဲ့ ရည်ရွယ်ချက်က ဒါပါပဲ”ဟု ဖြေရှင်းသွားသည်။

_Ref: Dailymail
7 Day

0 comments:

Post a Comment