ဗြိတိန်အမွှာညီအစ်မနှစ်ဦး ဆီးရီယားသူပုန်များနှင့် သွားရောက် ပူးပေါင်း

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် ဆယ်မာနှင့် ဇာရာဟာလန် အမွှာညီအစ်မ နှစ်ဦးသည် လွန်ခဲ့သည့် တစ်လခန့် က ဆီးရီးယားနိုင်ငံသို့ သွားရောက်ပြီး ISIS သူပုန်များနှင့် သွားရောက်ပူးပေါင်းကာ အကြမ်းဖက်တိုက် ခိုက်ရေးနည်းလမ်းများကို သင်ယူလျက် ရှိသည်။



ညီအစ်မနှစ်ဦးသည် ISIS သူပုန်များနှင့် လက်ထပ်ထားပြီး တစ်ဦးက မိမိအား ‘အကြမ်းဖက် အမွှာညီအစ်မ’ ဟု အမည်ပြောင်ဖြင့် ခေါ်ခြင်းကို အလွန်နှစ် သက်ကြောင်း ပြောကြားသည်။

အဆိုပါ ညီအစ်မအနက်မှ တစ်ဦးက “အကြမ်းဖက် အမွှာညီအစ်မလို့ အခေါ်ခံရတဲ့အပေါ်မှာ ကျွန်မကတော့ အရမ်းကြိုက်ပါတယ်။ ကျွန်မအတွက် တိုက် ချင်ခိုက်ချင် စိတ်တွေ ပိုမိုဖြစ်လာစေပါ တယ်။ ဆီးရီးယား တပ်ဖွဲ့တွေအပေါ် သတ်ဖြတ်နေတာကို ထောက်ခံပါတယ်။ ဒါဟာ ISIS အဖွဲ့အနေနဲ့ မိမိကိုယ်ကို ကာကွယ်တာပါ” ဟု ပြောကြားသည်။


အစ်ကိုဖြစ်သူသည် ဆီးရီးယားသို့ ဦးစွာ ထွက်ခွာသွားခဲ့ပြီး ၎င်းတို့နှစ်ဦးကလည်း ဇာတိနိုင်ငံ အင်္ဂလန်သို့ ပြန်မည်မဟုတ်ကြောင်း ဆုံးဖြတ်ထားသည်။ လူမှု မီဒီယာများတွင် ရေးသားထားမှုများအရ ၎င်းတို့နှစ်ဦးသည် လက်ပစ်ဗုံးများ၊ ကာလာရှင်နီကော့ဗ်ရိုင်ဖယ်သေနတ်များ ပစ်ခတ်တိုက်ခိုက် တတ် ရန် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ညီအစ်မနှစ်ဦးစလုံးသည် စာကြိုးစားပြီး ဆရာဝန်ဖြစ်ရန် ကြိုးစားခဲ့သူများဖြစ်သည်။

ညီအစ်မနှစ်ဦးအနက်မှ တစ်ဦးက သူမအနေဖြင့် ဆရာဝန်ဖြစ်လိုကြောင်း သို့သော် ISIS သူပုန် များကိုသာ ဆေးကုသပေးလိုကြောင်း ပြောကြားသည်။

မကြာသေးမီက တင်လိုက်သည့် ၎င်းတို့၏ တွစ်တာတွင် “ဆရာဝန်တွေဖြစ်ဖို့ ကြိုးစားသလို တိုက်ခိုက်ရေးသမားတွေဖြစ်ဖို့လည်း ကြိုးစားတော့မှာပါ။ ISIS တွေအတွက် ဆရာဝန်ဖြစ်ဖို့ ကြိုးစားသွားမယ်” ဟု ရေးသားထားသည်။

၎င်းတို့နှစ်ဦးသည် ဆီးရီးယားနိုင်ငံမှ ISIS သူပုန်များ၏ ခြေကုပ်ဒေသဖြစ်သော ရက္ကာမြို့တွင် အခြေချ နေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် အင်္ဂလန်မှ တူရကီသို့ လေယာဉ်ဖြင့် သွားရောက်ကာ နယ်စပ်မှတစ်ဆင့် ဆီးရီး ယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ မိဘများက စည်းကမ်းတင်းကြပ်ပြီး သမီးနှစ်ယောက် အား အခြားကလေးများနှင့် လမ်းပေါ်တွင် ဆော့ကစားခွင့် မပြုခဲ့ကြောင်း အိမ်နီးချင်းဟောင်း တစ်ဦးက ပြောကြားသည်။
Ref: Daily Mail
Mizzima News

နယူးယော့ခ်က ကိုယ်ပျောက်ဖက်ရှင်


လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတာကတော့ နယူးယော့ခ်မြို့က ကိုယ်ပျောက်ဖက်ရှင်ဒီ ဇိုင်းပါပဲ။ အသက်(၃၃)နှစ်အရွယ်ရှိ ခန္ဓာကိုယ် ဆေးခြယ်ပညာရှင် ထရီနာမာရီက နယူးယော့ခ်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ကိုယ်ပျောက်ဖက်ရှင် ဖန်တီးပြခဲ့တာဖြစ်ပါတယ်။


ကိုယ်ပျောက် ဖက်ရှင် သက်ဝင်ဖို့ အဓိကကျတာက ပတ်ဝန်းကျင်ရှုခင်းနဲ့ ခန္ဓာကိုယ် ဆေးရောင် လိုက်ဖက်ဖို့ပါပဲ။ ယာဉ်အသွားအလာ၊ လူအသွား အလာစတဲ့ ပြင်ပအနှောင့်အယှက်တွေ မရှိဖို့လည်း လိုပါတယ်။ ကိုယ်ပျောက်ဖက်ရှင် သရုပ်ပြခဲ့ချိန်မှာ ထရီနာ မာရီရဲ့ မော်ဒယ်အမျိုးသမီး တွေဟာ ခန္ဓာကိုယ် အပေါ်ပိုင်းဗလာကျင်းနေလို့ နယူးယော့ခ်မြို့ ရဲတပ်ဖွဲ့တွေ လာရောက်မေးမြန်းခဲ့ကြပေမယ့် အနုပညာ ဖန်တီးမှုတွေ လုပ်ဖို့အတွက်ဆိုရင် လမ်းမပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနဲ့ နေခွင့်ရှိတဲ့ ဥပဒေ နယူးယော့ခ်မှာရှိလို့ ထရီနာမာရီရဲ့ ဖန်တီးမှု အခုလို ပုံပေါ်လာခဲ့တာပါ။



Ref: Dailymail
@z (ရိုးရာလေး)

အီဘိုလာ ရောဂါကြောင့် လိုင်ဘေးရီးယားတွင် အရေးပေါ် အခြေအနေ ကြေညာ

လိုင်ဘေးရီးယား နိုင်ငံတွင် လူသေဆုံးမှုများသော အီဘိုလာ ရောဂါပိုး ဖြစ်ပွားနေသောကြောင့် သမ္မတ အယ်လန် ဂျွန်ဆင် ရှာလစ်ဖ်က အရေးအပေါ် အခြေအနေ ကြေညာလိုက်ပြီ ဖြစ်သည်ဟု သြဂုတ် ၇ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ပြည်သူ့ လွတ်လပ်ခွင်တစ်ချို့ ဆိုင်းငံ့ထားရလိမ့်မည် ဖြစ်ကြောင်း အမျိုးသား ရုပ်မြင်သံကြား မှတစ်ဆင့် အမျိုးသမီး သမ္မတ ရှာလစ်ဖ်က ပြောကြားသွားသည်။ အီဘိုလာပိုးသည် ဂီနီ၊ ဆီရာလီယွန်နှင့် နိုင်ဂျီးရီးယား နိုင်ငံများတွင် ပျံ့နှံ့ ဖြစ်ပွားနေပြီး လူပေါင်း ၉၃ဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

အီဘိုလာ ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေခြင်းကို တုံ့ပြန် ဆောင်ရွက်သွားရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ပညာရှင်များသည် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာတွင် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။ နှစ်ရက်ကြာအဆိုပါ အစည်းအဝေးက ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာသင့် မသင့် ဆုံးဖြတ် ချက် ချတော့မည် ဖြစ်သည်။

ထိုရောဂါ ဖြစ်နေသည့် လူနာ၏ ကိုယ်အရည်များနှင့် ထိတွေ့ရာမှ တစ်ဆင့် ကူးစက် ပျံ့နှံ့သည်။ အနောက် အာဖရိကတွင် ရောဂါကြောင့် သေဆုံးသူ ၉၃၂ ဦးရှိသွားပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လိုင်ဘေးရီးယားတွင် အနည်းဆုံး ၂၈၂ ဦး သေဆုံးရာ သေဆုံးမှု အများဆုံး ဖြစ်သည်။

ရက် ၉ဝ အကြာ အရေးအပေါ် အ ခြေအနေ ကြေညာလိုက်ပြီး သမ္မတ ရှာလစ်ဖ်က လိုင်ဘေးရီးယား အစိုးရနှင့် ပြည်သူတို့ အနေဖြင့် မိမိတို့ နိုင်ငံ တည်တံ့ ရှင်သန်ရေးနှင့် မိမိတို့ ပြည်သူ များ၏ အသက်အိုးအိမ် ကာကွယ်ရေး အတွက် အစွမ်းကုန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

အီဘိုလာ ရောဂါကို ကုသသော နည်းလမ်း နှင့် ကာကွယ်ဆေး မရှိသေးပေ။ ရောဂါအနုအရင့် အပေါ်မူတည်၍ အီိဘိုလာ ဝေဒနာရှင် ၂၅ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ သေဆုံးလေ့ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုသည်။

သွေး၊ ချွေး၊ မစင် နှင့် လိင်ဆက်ဆံမှုတို့မှ တစ်ဆင့် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်နိုင်သလို ရောဂါကြောင့် သေဆုံးသွား သူများ၏ ရုပ်အလောင်း များအား အကာအကွယ်မဲ့ ထိတွေ့ကိုင်တွယ်မှုများ ကြောင့်လည်း ရောဂါ ကူးစက် နိုင်သည်။
mizzima