ခန္ဓာကိုယ် အတွင်းမှ အဆိပ် အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး

(၁) အသီးအနှံ သင့်ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။

ဒီအထဲက အကောင်းဆုံး နည်းဟာ အစားအစာ စားပြီး သဘာဝ အလျောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာ တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

အသီးအနှံ တွေဟာ များသော အားဖြင့် အရည်ရွှမ်း တတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်။

(၂) အစိမ်းရောင်အစာများ

ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။ အဲဒီအရွက်တွေမှာ အစာချက် နိုင်တဲ့ ကလိုရို ဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက် နေတဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစ ရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။

(၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး

ဒီအချဉ် အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့ ကူညီနိုင်တဲ့ အပြင် အသည်းမှ အဆိပ် ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီ နိုင်ပါတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲ ရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။ ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင် လှုံ့ဆော် ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ် ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ် ဟင်းထဲထည့်ပြီး ချက်စားပါ။

(၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်

ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေ လမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အညှောက်ဟာ အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။

(၆) လက်ဖက်ရည်ကြမ်း

ဓာတ်တိုးဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ လက်ဖက်ရည် ကြမ်းဟာ ကိုယ်တွင်း စနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။

(၇) ပဲစေ့ အမျိုးမျိုး

အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ် အကြွင်းအကျန် တွေကို စုပ်ယူနိုင်ပါတယ်။

(၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)

ကြက်သွန်နီ၊ မုန်လာဥနီ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

(၉) အစေ့နှင့် အခွံမာသီးများ

ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ် ဖြေနေစဉ် အတွင်း အခွံမာသီးနဲ့ ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။

(၁ဝ) အိုမီဂါ ၃ အဆီ

ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ ဆီကို အဆိပ်ဖြေစဉ်မှာ အသုံးပြုပါ။ အူနံရံတွေကို ချောဆီ ဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။ စားသင့်သော အစားစာတွေ ဖြစ်ပါတယ်။

တရုတ်နံနံ၏ ကျန်းမာရေး အာနိသင်များ


တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြ ထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တရုတ်နံနံရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။

၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။


၂) တရုတ်နံနံမှာ အင်တီ အောက်ဆီးဒင့်တွေ အများအပြား ပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

၃) တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေကာ သွေးကြော တစ်ဝိုက်က ကြွက်သားတွေကို အနားရစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

၎)တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိ ပေးနိုင်ပါတယ်။

၅)တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သည်းခြေ အက်ဆစ်ရည် ထွက်စေကာ သွေးတွင်း ကိုလက် စထရော အဆင့်ကို လျော့ကျ စေပါတယ်။

၆)တရုတ်နံနံမှာ Coumarins ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်ရေးမှာ အစွမ်းထက် ပါတယ်။

၇) တရုတ်နံနံက ခေါင်းတစ်ခြမ်း ကိုက်တာကိုလည်း သက်သာ စေပါတယ်။

၈) တရုတ်နံနံမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့ ညီတူညီမျှ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို ထွက်ရှိစေပါတယ်။

၉) တရုတ် နံနံစေ့တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတဲ့ ဆီးသွားစေတဲ့ အစွမ်းထက် အာနိသင် ရှိပါတယ်။

၁ဝ)တရုတ်နံနံမှာ အကိုက်အခဲပျောက်စေ၊ ရောင်ရမ်းမှုကျစေ၊ ဆီးသွားစေတဲ့ ဒြပ်ပေါင်း တွေများစွာ ပါဝင်တာကြောင့် ဆီးအိတ် ပိုးဝင်မှုကို ကုသနိုင်တာ ဖြစ်ပါတယ်။

၁၁) တရုတ်နံနံမှာ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်တွေ ရှိတာကြောင့် အဆစ် ရောင်နာတွေလို ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။

၁၂) တရုတ်နံနံမှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျရေးမှာ အရေးပါပါတယ်။

၁၃) တရုတ်နံနံဟာ ခံတွင်းအနံ့ဆိုး နံတာကို သက်သာ စေပါတယ်။

ကြယ်စင်

ဘေလ်ဘုတ် ကမ္ဘာ့အယ်လ်ဘမ်များ စာရင်းမှာ နံပါတ်(၁)ဖြစ်နေတဲ့ Super Junior ရဲ့ Mamacita



တောင်ကိုရီးယား အမျိုး သားအဆိုရှင်များအဖွဲ့ Super Junior ၏ Mamacita အယ်လ် ဘမ် သည် ယခုသီတင်းပတ် အမေရိကန်ဘေလ်ဘုတ် ကမ္ဘာ့ အယ်လ်ဘမ်များစာရင်း၌ နံပါတ် တစ် နေရာရရှိခဲ့သည်။

Super Junior အဖွဲ့၏ သတ္တမမြောက် အယ်လ်ဘမ် Mamacita သည် သြဂုတ် ၃၀ ရက်တွင် Apple iTunes မှတစ် ဆင့် တရားဝင် ထွက်ရှိခဲ့သည်။ ထွက်ရှိပြီး ရက်ပိုင်းအတွင်းတွင် ပင် ဘေလ်ဘုတ်ကမ္ဘာ့အယ်လ် ဘမ်များစာရင်း၌ နံပါတ်တစ်ဖြစ် ခဲ့သည်။

Mamacita အယ်လ်ဘမ် သည် နိုင်ငံလေးနိုင်ငံ၏ iTunes တေးဂီတစာရင်း၌လည်း ထိပ်ဆုံး မှ ရပ်တည်လျက်ရှိသည်ဟု သိရ သည်။

Mamacita အယ်လ်ဘမ် တွင် သီချင်း ၁၀ ပုဒ် ပါဝင်ပြီး Super Junior အဖွဲ့ဝင် ၁၀ ဦး ပါဝင်သီဆိုထားသည်။

Mamacita ဒရာမာတေးဂီ တဗီဒီယိုသစ်ကို စက်တင်ဘာ ၅ ရက်တွင် Super Junior အဖွဲ့ဝင် တရားဝင်ဝက်ဘ်ဆိုက်နှင့် ယူ ကျု့ဘ်ရုပ်သံလိုင်းတို့မှတစ်ဆင့် ထွက်ရှိခဲ့သည်။

Super Junior အဖွဲ့သည် အယ်လ်ဘမ်သစ် ပရိုမိုးရှင်းအဖြစ် စက်တင်ဘာ ၁၉ ရက်တွင် Super Show 6 နိုင်ငံတကာ နယ် လှည့်ဖျော်ဖြေပွဲကို စတင် မည်ဖြစ်သည်။ —Ref: STAR N

ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲ မြန်မာဗိုလ်စွဲလက်ရွေးစင်အဆင့်တွင် ရှစ်နှစ်အတွင်း ပထမဆုံးဆုဖလားပြန်လည်ရရှိခြင်းဖြစ်

မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး ဆုဖလားနှင့်အတူ မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလား (PFF Peace Cup 2014) ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းက အိမ်ရှင် ဖိလစ်ပိုင် လက်ရွေးစင်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း လက်ရွေးစင် အဆင့်တွင် ပထမဆုံးဆုဖလား အဖြစ် ပြန်လည်ရယူနိုင်ခဲ့သည်။

စက်တင်ဘာ ၆ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် ဗိုလ်လုပွဲ၌ မြန်မာ အသင်းသည် အရပ်အမောင်းနှင့် ကြံ့ခိုင်မှု ပိုကောင်းသည့် ဖိလစ်ပိုင်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး အချိန်ပိုတွင် စိုးမင်းဦး၏ သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

မြန်မာအသင်းအတွက် ဦး ဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်တွင် ကျော်ကိုကိုက အဝေးမှ လှပစွာသွင်းယူ ပေးခဲ့ပြီး ပထမပိုင်းတွင် ဦး ဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်း တွင် ဖိလစ်ပိုင်အသင်းက ပြန် လည်ဖိအားပေးကာ ပွဲချိန် ၅၀ မိနစ်နှင့် ၆၉ မိနစ်(ပင်နယ်တီ)တို့တွင် ချေပဂိုးနှင့် ဦးဆောင်ဂိုးပြန်လည် ရယူခဲ့သည်။

မြန်မာအသင်းအတွက် အ ဖိုးတန်ချေပဂိုးကို ပွဲချိန် ၉၀ မိနစ် တွင် ကျော်ဇေယျာဝင်းအစား ၀င်လာသော မင်းမင်းသူက ခေါင်းတိုက် သွင်းယူကာ အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပို ပထမပိုင်း ၁၀ မိနစ်တွင် မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လူစားဝင်ကစားသမား စိုးမင်းဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားပြိုင်ပွဲ ပြီးခဲ့ သည့် နှစ်ကြိမ် ဆက်တိုက်တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက ဗိုလ် စွဲထားပြီး ယခုနှစ်ပြိုင်ပွဲ၌ မြန်မာ အသင်းအနေဖြင့် ပထမဆုံးအ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း သည် ဖိလစ်ပိုင်အသင်းကို ပြီးခဲ့ သည့် ၂၀၁၂ ဆူဇူကီးဖလားအုပ် စုအဆင့်တွင် တွေ့ဆုံစဉ်က (၀-၂) ဂိုး ၂၀၁၃ နှစ်ဆန်းပိုင်းက ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့ သည့် ခြေစမ်းပွဲစဉ်၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့ရာ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ပြိုင်ပွဲတွင် ပြန်လည်အနိုင်ယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့သည်။

မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

မြန်မာ့လက်ရွေးစင် ဘော လုံးအသင်းအနေဖြင့် ၂၀၀၆ မာ ဒေးကားဖလား ပြိုင်ပွဲ၌ ဗိုလ်စွဲ ပြီးနောက် ရှစ်နှစ်အကြာ နိုင်ငံတကာပြိုင်ပွဲဆုဖလားတစ်ခုအား ပြန်လည်ရယူနိုင်ခဲ့သည်။ ထို့အပြင် ယခုဆုဖလားသည် ၂၀၁၄နှစ်ဆန်းပိုင်းက မြန် မာအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် နည်းပြချုပ် အေဗရာမိုဗစ်ရယူပေးသော ပထမဆုံး ဆုဖလားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဖိလစ်ပိုင်နည်းပြက ပွဲမတိုင်ခင် မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်မှာ စင်ကာပူကိုင်တွယ်ခဲ့စဉ်က ၂၀၁၂ ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲရှုံးကြွေးပြန်ဆပ်ရန် စိတ်ဓာတ်မြှင့်တင်မှုဖြစ်စေသည်ဟုဆိုခဲ့သည်။

မြန်မာ−ဖိလစ်ပိုင် ဘောလုံးပွဲကို လက်ဖက်ရည်ဆိုင်တွင် ကြည့်ရှုနေသော ပရိသတ်များ (ဓာတ်ပုံ − နစ်ကီ)

သို့သော် ပွဲတွင် မြန်မာကစားသမားများက ခြေမသာသော်လည်း နိုင်လိုစိတ် ပိုပြင်းပြခဲ့သည်ကို တွေ့ရသည်။

ဗိုလ်လုပွဲမတိုင်မီ ယှဉ်ပြိုင် ကစားခဲ့သည့် တတိယ နေရာလုပွဲတွင် ပါလက်စတိုင်းအသင်းက တရုတ်(တိုင်ပေ) အသင်းကို(၇-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
7 Day

ဆွစ်ဇာလန်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၁၆၄ သန်း ကူညီမည်

ဓာတ်ပုံ − အီးပီအေ
ဆွစ်ဇာလန်နိုင်ငံကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအ တွက် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် အမေရိကန် ဒေါ်လာ ၁၆၄ သန်းအကူအညီ ပေးရေး သဘောတူညီလိုက် ကြောင်း သတင်းရရှိသည်။

ထို့အပြင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးအတွက် နိုင်ငံ ခြားရေးဝန်ကြီးဌာန အရာရှိများ ကြား ဒုဝန်ကြီးအဆင့်ပုံမှန်ဆက် ဆံဆွေးနွေးသည့် ယန္တရားထူ ထောင်ရေးကိုလည်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံရာတွင် သဘောတူညီမှု ရခဲ့ကြောင်း သမ္မတဦးသိန်းစိန်နှင့် ဥရောပခရီး စဉ်အတွင်း အတူလိုက်ပါသွားသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။

‘‘ဆွစ်ဇာလန်မှာ ပုဂံနဲ့ ပျူ ခေတ်ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာပြပွဲကျင်းပနိုင်ရေးနဲ့ ရန် ကုန်မြို့တော်က ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးလည်း ဆွေးနွေးခဲ့တယ်’’ဟု ၎င်းက ဖြေကြားသည်။

မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံ သမ္မတတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ တွင် နိုင်ငံ့ဝန်ထမ်းများစွမ်းဆောင် ရည်မြှင့်တင်ရေး၊ ဒေသန္တရအုပ် ချုပ်ရေး အဖွဲ့အစည်းများ စွမ်း ဆောင်ရည် မြှင့်တင်ရေး၊ ငြိမ်း ချမ်းရေး တည်ဆောက်မှု၊ လူ့အ ခွင့်အရေးမြှင့်တင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ နှင့် လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက်ပွဲဆိုင်ရာကိစ္စ ရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်သည် ဆွစ်ဇာလန်နိုင်ငံတွင် ဖက်ဒရယ်ကောင်စီ၊ ဆွစ်ဇာလန်သမ္မတ တို့နှင့် တွေ့ဆုံပြီးနောက် စက် တင်ဘာ ၆ ရက်တွင် ဆွစ်ဇာလန် နိုင်ငံ၏ နေရောင်ခြည်စွမ်းအင်နှင့် မွေးမြူရေးလုပ်ငန်းများသို့ သွား ရောက်လေ့ လာမည်ဖြစ်သည်။

ဆွစ်ဇာလန် နိုင်ငံသည် မြန်မာနိုင်ငံ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကန်ဒေါ်လာ ၁၅ သန်းကို ၂၀၁၃-၁၄ ခုနှစ်အတွက် ပံ့ပိုးကူညီခဲ့ပြီး ယခုကန်ဒေါ်လာ ၁၆၄ သန်းတန် ငါးနှစ်စီမံကိန်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွင် အသက်မွေးဝမ်းကျောင်းအပြင် ကျေးလက်ဒေသနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး  တိုးတက်ရေး ကဏ္ဍတို့ ပါဝင်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၇ ရက်တွင် နယ်သာလန်နိုင်ငံသို့ ထွက်ခွာ မည်ဖြစ်ပြီး ဥရောပခရီးစဉ်ကို စက်တင်ဘာ ၉ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။

မာယာချိုနဲ့မတူတဲ့ ဇာတ်ရုပ်ကို ကြိုးစားသရုပ်ဆောင်ခဲ့တဲ့ ၀င့်ယမုံလှိုင်


မကြာမီ ထုတ်လွှင့်ပြသမည့် The Sign of Love Book 2တွင် ပရိသတ်များ မြင်တွေ့နေကျ မာယာချိုပုံစံနှင့် မတူသည့် ဇာတ်ကောင်စရိုက်ကို တွေ့မြင်ရမည်ဟု ၀င့်ယမုံလှိုင်က ပြောသည်။

‘‘ဒီဇာတ်လမ်းမှာက မာယာချိုဆိုတာ မဖြစ်ခင်ဆိုတော့ ဘာမှ နားမလည်သေးတဲ့ သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ တွေ့ရမှာပါ။အရင်က ပုံစံတွေနဲ့လည်းလုံးဝကွဲသွားပါတယ်’’ဟု ၎င်းကပြောသည်။

ဒရာမာဇာတ်လမ်းဖြစ်၍ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရပြီး သရုပ်ဆောင်မှု လိုအပ်ချက်နှင့် ပတ်သက်၍လည်း ပရိသတ်များဘက်မှ ဝေဖန်အကြံပြုစေလိုကြောင်း ၀င့်ယမုံလှိုင်က ပြောသည်။

The Sign of Love Book 2 ကို စက်တင်ဘာ ၁၅ ရက်မှ စတင်၍အပတ်စဉ် တနင်္လာမှ သောကြာအထိ ညစဉ်ထုတ်လွှင့် ပြသပေးမည်ဖြစ်သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသည့် ပထမဆုံးဗီဒီယိုဇာတ်ကား Good Luck ဇာတ်ကားမှ ဇာတ်ရုပ်ကို ပရိသတ်များအားပေးခဲ့၍ ၀မ်းသာခဲ့ရသည်ဟု ၀င့်ယမုံလှိုင်ကပြောသည်။
7 day

ပျောက်ဆုံးခဲ့သော အဆိပ်ပြင်းမြွေဟောက်ဖြူ တစ်ကောင် ပြန်လည်ဖမ်းဆီးရမိ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် သုံးရက်ကြာပျောက်ဆုံးသွားခဲ့သည့် အဆိပ်ပြင်းသည့်ရှားပါးမြွေဟောက်ဖြူ တစ်ကောင်ကို လော့စ်အိန်ဂျလိစ်ခရိုင် တိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း


သတင်းဌာနများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။ တိရစ္ဆာန်ထိန်းသိမ်းရေး အရာရှိများသည်အဆိုပါ မြွေဟောက်ဖြူကို သောင်ဇန်အုတ်စ်မြို့ အိမ်ခြံဝင်းတစ်ခု အတွင်းရှိ သစ်တိုသစ်စ ပုံတစ်ခု အတွင်းမှ စက်တင်ဘာ ၄ ရက်ညနေပိုင်းတွင် ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း

ခရိုင်ပြောရေး ဆိုခွင့်ရှိသူ ဘရန်ဒန်ဒေါလင်းက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ မြေဟောက်သည် စက်တင်ဘာ ၁ ရက် ညနေပိုင်းကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ပျောက်ဆုံးနေချိန်တွင်ခွေးတစ်ကောင်သည် ယင်းမြွေဟောက် အကိုက်ခံရ၍ သေဆုံးခဲ့ ရကြောင်း၊ သို့သော် လူတစ်ဦး တစ်ယောက်မှ အကိုက်ခံခဲ့ရခြင်း မရှိကြောင်း ဒေါလင်းက ပြောကြားခဲ့သည်။
မြ၀တီ

ကျောက်ကပ်ကို သန့်စင်ပေးနိုင်မည့် သဘာဝဆေးဘက်ဝင် နံနံပင်


ကျောက်ကပ်ဟာ ပဲစေ့ပုံသဏ္ဍာန်ရှိပြီး ခန္ဓာကိုယ် အလယ်ပိုင်း ကျောဘက်ခြမ်းမှာရှိပါတယ်။ ကျောက်ကပ်ရဲ့ အဓိကလုပ်ဆောင်ချက်က သွေးထဲက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို စုပ်ထုတ်ဖယ်ရှားပေးခြင်း ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေးဖိအားပုံမှန်ဖြစ်စေရန်နှင့် ကောင်းမွန်တဲ့ သွေးဆဲလ်များ တိုးပွားအောင်ဆောင်ရွက်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာစားနည်း၊ လေ့ကျင့်ခန်းနှင့် ရေပမာဏ လုံလောက်စွာ သောက်သုံးခြင်းတို့ကလည်းကျောက်ကပ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ပိုမိုအထောက်အကူဖြစ်စေဖို့ နံနံပင်ရဲ့ကျောက်ကပ်သန့်စင်ရာတွင် အထောက်အကူ ပြုပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 
နံနံပင်ဟာ ဟင်းခတ်အမွှေးအကြိုင်တွေထဲက ဘုရင်တစ်ဆူလို့တောင် ဆိုနိုင်ပါတယ်။ နံနံပင်ကို အနံ့အရသာပြည့်စုံစေရုံ၊ အရသာရှိစေရုံမျှမက ဆေးဘက်ဝင်အပင်တစ်မျိုး အနေနှင့်ပါ အသုံးပြုနိုင်ပါတယ်။ 
နံနံပင်ကို စားသုံးခြင်းဖြင့် ဆီးရွှင်စေပြီး ခန္ဓာကိုယ်တွင်း ဆီးလမ်းကျောင်းတစ်လျှောက်လုံးမှာရှိသော အဆိပ်အတောက် အညစ်အကြေးအားလုံးကို အစွမ်းကုန်ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

ထိုင်းနိုင်ငံတွင် နိုင်ငံကူး လက်မှတ် အတုပြုလုပ်သူ လေးဦးအား DSI အဖွဲ့ဖမ်းဆီး


ပါကစ္စတန် နိုင်ငံသား နှစ်ဦးနှင့် ထိုင်းအမျိုးသမီး နှစ်ဦးတို့ကို နိုင်ငံပေါင်း ၄ဝ ကျော်၏ နိုင်ငံ ကူးလက်မှတ်များ အတုလုပ်မှုဖြင့် ထိုင်းနိုင်ငံ အတွင်းရှိ အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ DSI က


ဖမ်းဆီးခဲ့ကြောင်း ဗန်ကောက်ပို့စ် သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။

DSI အဖွဲ့သည် အသက် ၄၆ နှစ်အရွယ်ရှိ ရှာဇဒ်နာမာဘတ်၊ အသက် ၃၂ နှစ်အရွယ်ရှိ ခါဝါဂျာရစ်ဇ်ဝန်ဟာလမ် အမည်ရှိ ပါကစ္စတန် နိုင်ငံသား နှစ်ဦးနှင့် ဘိုရာဝန်နှင့် နွန်ဂရက်စ် ရက်စ်ဝေါင်ဆရီ အမည်ရှိ ထိုင်းအမျိုးသမီး နှစ်ဦးတို့ကို Din Daeng ခရိုင်၌ သြဂုတ် ၃ဝ ရက်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို စက်တင်ဘာ ၅ ရက်ထိ တိုင်အောင် ပြည်သူလူထုကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။

၎င်းတို့လေးဦးသည် Pathunam ဒေသ၌ စားသောက်ဆိုင် တစ်ဆိုင်ကို နှစ်ပေါင်း၂ဝ ကြာ ဟန်ပြဖွင့်လှစ်ခဲ့ပြီး နိုင်ငံကူး လက်မှတ် အတုများကို ထုတ်လုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ ရေးရာနှင့် ရာဇဝတ်ရေးရာ ဌာနမှ အကြီးအကဲ ဆုန်ဆက်ခ်ရက်ခ် ဆရီဆာကူလ်က ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံခြားသားများ ထံမှ ခိုးယူထားသော နိုင်ငံကူး လက်မှတ်အစစ်များကို ဝယ်ယူ၍ အမည်များနှင့် အခြားအချက် အလက်များကို ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း ဆုန်ဆက်ခ်၏ ပြောကြားချက်ကို ကိုးကား၍ ဗန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
မြ၀တီ

ရှောက်သီး၏ တန်ဖိုး


ရှောက်သီး (Lemon)သည် အချဉ်ဓါတ် ပါသော အသီးများ အုပ်စု (Citrus Fruit) တွင် ပါဝင်သည်။ Citrus Fruit အုပ်စုတွင် လိမ္မော်၊ သံပရို၊ သံပရာနှင့် ဂရိတ် ဖရုသီး များလည်း ပါဝင်ပါသည်။

ရှောက်သီးသည် ပြည်တွင်းတွင် ဖူလုံစွာ စားသုံး နိုင်ရုံ သာမက ပြည်ပသို့လည်း တင်ပို့နေသော ဈေးကွက်ဝင် အသီး တစ်မျိုးလည်း ဖြစ်ပါသည်။ ရှောက်သီးကို အိန္ဒိယပြည် အနောက် မြောက်ပိုင်း ဒေသတွင် စတင် တွေ့ရှိရပြီး ရှေးနှစ်ပေါင်းများစွာ ကတည်းက အရှေ့တောင် အာရှမှာ စိုက်ပျိုးခဲ့ ပါတယ်။ ၁၂ ရာစု၊ ၁၃ ရာစု လောက်မှာ ဥရောပ နိုင်ငံများသို့ ရောက်ရှိခဲ့ပါသည်။ မြန်မာပြည်တွင် အပူပိုင်းဒေသများ၌ အများဆုံး စိုက်ပျိုးလာကြပြီ ဖြစ်ပါသည်။ လူအများစုသည် ရှောက်သီးနံ့ကို သဘောတူပြီး ဟင်းပွဲများတွင် ထည့်သွင်း အသုံးပြုလာကြ သကဲ့သို့ ဆေးဘက်ဝင် အသီးတစ်မျိုး အဖြစ်လည်း အသုံးပြုကြပြီ ဖြစ်ပါသည်။

ရှောက်ရည်တွင် Citric Acid ၅%ခန့် ပါဝင်ပါသည်။ ဗီတာမင်စီ (Vitamin C)လည်း အလွန် ကြွယ်ဝသည့် အပြင် ဗီတာမင်ဘီ၊ ကယ်လဆီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ် ကဲ့သို့သော သတ္တုများ သာမက ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်များလည်း ပါဝင်ကြောင်း သိရပါသည်။ ၄င်းအပြင် ယခုအခါ ဖိုလိတ် (Folate) နှင့် အမျှင်ဓာတ် (Fibre) များလည်း ပါဝင်ကာ ၄င်းအဆီတွင် လီမွန်နင် (Lemonene) ခေါ် ဓာတုဒြဗ်စင် တစ်မျိုးလည်း ပါဝင်ကြောင်း သိလာကြပြီ ဖြစ်သည်။

ရှောက်ရည် ၁၀၀ ဂရမ်တွင် ဗီတာမင်စီ ၆၀ ဂရမ်ပါဝင်သည့် အတွက် အသီးများထဲတွင် ဗီတာမင်စီ အများဆုံး ပါဝင်သော အမျိုးအစား ဖြစ်သည်။ ရှောက်ရည်ကို နံနက်စောစော သောက်သုံးမည် ဆိုပါက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါသည်။ နေ့စဉ် သောက်သုံးပါက ရရှိလာမည့် ကျန်းမာရေး အတွက် အကျိုး ၁၀ ပါးက Commerce ပရိသတ်ကြီး အတွက် ဖော်ပြလိုက်ပါသည်။

၁။ အစာအိမ်အတွက်

အစာမကြေခြင်းကြောင့် မူးဝေ အော့အန်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်ပါက ရှောက်ရည်ကို ရေနွေးနှင့် ရော၍ သောက်ခြင်းဖြင့် သက်သာ စေနိုင်ပါသည်။ ရှောက်ဖျော်ရည်သည် လေချဉ် တက်ခြင်းကိုလည်း သက်သာ စေနိုင်ပါ သည်။ ရှောက်သီး ဖျော်ရည်ကို မှန်မှန် သောက်ပေးခြင်း အားဖြင့် အူသိမ် အူမများမှ မလိုအပ်သော စွန့်ပစ် ပစ္စည်းများကို ဖယ်ရှားသည့် အခါ များစွာ အထောက်အကူ ဖြစ်စေပါသည်။ ရှောက်ရည်သည် သွေးထဲမှ အညစ်အကြေးများ ကိုလည်း သန့်စင် စေပါသည်။ ဝမ်းချုပ်ခြင်း ကိုလည်း ကုသပေး နိုင်ပါသည်။ ကြို့ထိုးလျှင်လည်း ရှောက်ရေကို သောက်ပေးခြင်းဖြင့် သက်သာ စေပါသည်။ Lemon Juice (ရှောက်ရည်) သည် အသည်း အားဆေးရည် တစ်ခုဖြစ်သော သည်းခြေရည် ပိုမို ထုတ်ပေးပြီး အစာချေခြင်းကို ကူညီပေးနိုင်ပါသည်။ ခန္ဓာကိုယ်မှ ချွဲသလိပ် ထွက်ခြင်း ကိုလည်း လျော့စေပါသည်။ ၎င်းသည် သည်းခြေတွင် တည်သော ကျောက်များ ပျော်ဝင် သွားစေရန် ကူညီနိုင် ပါသည်။

၂။ အသား အရေပြားအတွက်

ရှောက်သီးသည် သဘာဝ ပိုးသတ်ဆေး တစ်မျိုး ဖြစ်ပြီး အရေပြားနှင့် ပတ်သက်သော ရောဂါ များကို ကုသနိုင်သည်။ ရှောက်သီးသည် ဗီတာမင်စီ ကြွယ်ဝသော Citrus Fruit ဖြစ်ပြီး အရေပြားကို ပွတ်လိမ်း ပေးပါက အစက်အပျောက်များ မှိန်ပြီး အလှတိုး စေပါသည်။ နေ့စဉ် ရှောက်ရည်ကို သောက်ပါက အရေပြားအလှကို သိသာ လာစေမှာ ဖြစ်ပါသည်။ ရှိရင်းအသက် ထက် ပိုမို နုပျိုစေပြီး အရေပြား တွန့်ခြင်းကို ဖယ်ရှားစေပြီး ဆံပင်ကိုလည်း နက်စေပါသည်။ မီးလောင် ထားသော နေရာကို ရှောက်ရည် သုတ်လိမ်းပေးပါက အမာရွတ်များကို မှိန်စေပါသည်။ ရှောက်ရည်သည် အေးသော သတ္တိရှိပြီး မီးလောင်သော အရေပြားကို အပူ လျော့စေပါသည်။

၃။ သွားအတွက်

ရှောက်ရည်သည် သွားအတွက်လည်း ကောင်းမွန်ပြီး လတ်ဆတ်သော ရှောက်ရည်ကို သွားကိုက်သော နေရာကို သုတ်လိမ်းပေးပါက နာကျင်မှုကို သက်သာ စေပါသည်။ သွားဖုံး ပြည်ယိုခြင်း၊ သွေးထွက်ခြင်း စသော သွားရောဂါများကို ပျောက်ကင်းစေပြီး ခံတွင်း အနံ့ဆိုး ကိုလည်း ပျောက်စေ ပါသည်။

၎။ လည်ချောင်း ရောဂါများအတွက်

ရှောက်သီးသည် ရောဂါပိုးများကြောင့် ဖြစ်ပေါ်သော ပါးသီရောင်ခြင်း၊ လည်ချောင်း နာခြင်း စသော လည်ချောင်း အတွင်း ဖြစ်တတ်သော ရောဂါများ အတွက်လည်း ဆေးဘက်ဝင် စေပါသည်။ ရှောက်ရည်နှင့် ရေကို ဆတူရောပြီး မကြာခဏ အာခေါင် ကျင်းပေးခြင်းဖြင့်လည်း ချောင်းနာခြင်းကို လျှော့ချ စေနိုင်ပါသည်။

၅။ အဝလွန်သူများအတွက်

ရှောက်ဖျော် ရည်ကို သောက်သုံးခြင်းဖြင့် အဓိက ကျန်းမာရေး အကျိုးကျေးဇူး များအနက် တစ်ခုမှာ ခန္ဓာကိုယ် အလေးချိန်ကို လျင်မြန်စွာ ကျစေခြင်း ဖြစ်သည်။ ရှောက်ရည်တစ်ဆ၊ ရေနွေး (ကြက်သီးနွေး) တစ်ဆကို ပျားရည်နှင့် ရော၍ သောက်ပါက ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာ ကျစေ နိုင်ပါသည်။

BY COMMERCE JOURNAL

ISတို့၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက ပူးပေါင်းတုံ့ပြန်ရန် အိုဘားမား တိုက်တွန်း.........

ခြိမ်းခြောက်မှု ကြီးမားလာသည့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို နိုင်ငံတကာက ပူးပေါင်းတိုက်ခိုက်သင့်ကြောင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက တိုက်တွန်းခဲ့သည်။

စက်တင်ဘာ (၅)ရက်က ဝေလတွင် ပြုလုပ်သည့် NATO မဟာမိတ်တပ်ဖွဲ့ ညီလာခံ နောက်ဆုံးနေ့တွင် အိုဘားမားက မိန့်ခွန်း ပြောကြားခဲ့ရာ အမေရိကန် အနေဖြင့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို ချေမှုန်းတိုက်ခိုက်ရေးအတွက် အရှေ့အလယ်ပိုင်း မဟာမိတ်များနှင့် ပူးပေါင်းပါဝင်သွားမည်ဟုလည်း ကတိပြုသွားသည်။


“ဒီကိစ္စက တစ်ညတည်းနဲ့ ထပြီး အကောင်အထည် ပေါ်လာမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း ချဉ်းကပ်ဦးတည်ဖို့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဆီ ရောက်နိုင်မှာပါ”ဟု အိုဘားမားက ဆိုသည်။

ISတို့ကို တိုက်ခိုက်နေသည့် အီရန်နိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆင်နွှဲရန် အမေရိကန်တွင် အစီအစဉ် မရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ကြေညာထားသော်လည်း အိုဘားမားက မိမိတို့ အနေဖြင့် IS၏ အရေးကို အထူး အလေးအနက် ထားရမည်ဟု ဝန်ခံသွားခဲ့သည်။ “ISရဲ့ စုဖွဲ့မှုကို ယုတ်လျော့သွားအောင် လုပ်ရမယ်။ အဆုံးစွန် ရည်မှန်းချက်အရ သူတို့ကို အပြီးသတ် ဖယ်ရှား ဖျက်ဆီးဖို့ထိ ကြိုးစားရမယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်သည် ISအဖွဲ့ကို အီရတ်မြောက်ပိုင်း ဒေသများတွင် လေကြောင်းမှ အကန့်အသတ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေသော်လည်း မြေပြင်တပ်များဖြင့် ထိုးစစ်ဆင်ရန် တောင်းဆိုမှုများကို အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။ အမေရိကန်၏ ဗုံးကြဲမှုကို တုံ့ပြန်သည့် အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ISတို့က ဖမ်းဆီးထားသည့် အမေရိကန် သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် ပြည်သူ့စစ်များ၊ ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများ ပါဝင်စုစည်းထားသည့် အီရတ် တပ်များသည် ISတို့ သိမ်းယူထားသည့် အေမာလီနှင့် ဆူလိုင်မန်ဘက်ခ် မြို့များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေး အသာစီး ရလဒ်များ ဖော်ဆောင်နိုင်နေကြောင်း သိရှိရသည်။

7daynews

ထိုင်းဝန်ကြီးချုပ် ပြုစားခံရ၊ ပရိတ်ရေလောင်းမိလို့ အအေးပတ်..........


ထိုင်းဝန်ကြီးချုပ်က သူဟာ မှော်ဆရာတွေရဲ့ တိုက်ခိုက်မှုဒဏ် ခံနေရတယ်၊ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အာဏာသိမ်းမှုဆန့်ကျင်ရေးအုပ်စု ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ဘန်ကောက်မြို့ စစ်တပ်အဆောက်အအုံတခုမှာပြုလုပ်တဲ့ အစည်းအဝေးကြီးတခုအတွင်း သူက အဲဒီလို ပြောဆိုလိုက်ခြင်းပါ။


အဲဒီအစည်းအဝေးကို ပြုပြင်ပြောင်းလဲရေးကောင်စီဝင်ရွေးချယ်ရေးအတွက် တာဝန်ရှိသူများ တက်ပါတယ်။

အစည်းအဝေးမှာ မိန့်ခွန်းပြောနေတုန်း သူက ဘယ်ပုံဘယ်နည်း ထိသွားတယ်ဆိုတာကိုပါ ရှင်းပြခဲ့တယ်လို့ ဆိုတယ်။

"ဒီနေ့ဒီအချိန်မှာ ကျုပ်တို့ အချင်းချင်း ယိုင်းပင်း ဖေးမရမယ် တယောက်ကိုတယောက်။ ပြုပြင်ပြောင်းလဲရေး မအောင်မြင်ဘူး ဆိုရင် ရှေ့ဆက်ပြီးဘာလုပ်ရမယ် ဆိုတာကို ကျုပ် သိမယ်မဟုတ်ဘူး"

"ဆက်ပြီးတော့ ပုန်းလျှိုးကွယ်လျှိုး ဖိုက်ချင်သေးတယ် ဆိုရင်တော့ လုပ်ပေါ့။ မှော်အတတ် စုန်းအတတ်နဲ့ လုပ်မယ် ဆိုရင်လည်း ဆက်လုပ်ပါ" လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် ပရာရွတ်က ဆိုပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ရည်ရွယ်ပြီး သူက ပြောလိုက်ခြင်းပါ။

"ဒီနေ့ ကျုပ် လည်ချောင်းနာတယ်၊ ဇက်ကြောတွေ တင်းတယ်။ ကျုပ်ကို အောက်လမ်းနည်းနဲ့လုပ်နေတယ်ဆိုပြီး ပြောတဲ့သူ ရှိတယ်၊
ခေါင်းကို ပရိတ်ရေ အများကြီး လောင်းချရလို့ အအေးတောင်မိသွားတယ်" လို့ ဗိုလ်ချုပ်ပရာရွတ်က ပြောပါတယ်။

ဒါကတော့ ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်း သတင်းတပုဒ်ပါ။

အစိုးရပိုင်း အစည်းအဝေးတွေ တက်တဲ့အခါ (နက်ကတိုင် ကြောင်လျှာသီးနဲ့) အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းခြင်း မပြုဘဲ ကော်လံကတုံးဂျက်ကက်အင်္ကျီဝတ်ဖို့လည်း သူက တိုက်တွန်းတယ်လို့လည်း သတင်းမှာ ဆက်ရေးပါတယ်။
သူက ဒီလို အဝတ်အစားဆိုင်ရာ ညွှန်ကြားချက်ပေးကြောင်း ဆိုတာကို တခြားသတင်းဌာနတွေကလည်း ရေးကြပါတယ်။

irrawaddy

နမ့်ယွန်းချောင်းထဲ အမှိုက်ပစ်သူတစ်ဦး ချောင်းထဲပြုတ်ကျ


ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး ရေကြီးရေလျှံမှု အရှိန်ကြောင့် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် နမ့်ယွန်းတံတား၏ လက်ရန်းကျိုးသွားရာ လတ်တလောကာလအတွင်း ယာယီအဖြစ် အဆိုပါနေရာအား ပလပ်စတစ်ကြိုးဖြင့် ဟန့်တား ချည်ထားရာ ချောင်းအတွင်း ညစဉ်အမှိုက်ပစ်သူဟု ယူဆရသူ ဈေးသည်တစ်ဦးသည် ယနေ့ည (၈း၅၃)နာရီအချိန်က အမှိုက်လာပစ်ချိန်တွင် ချောင်းအား ခါတိုင်းကဲ့သို့ ထင်မှတ်ထားဟန်ဖြင့် အမှိုက်ပစ်ရာ ချောင်းအတွင်း ပြုတ်ကျသွားခဲ့သည့် CCTV မှတ်တမ်းကို "သူရိယ"သင်္ကန်းတိုက်မှ ရယူ၍ တဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ ချောင်းရေမှာ နံနက်ကလို မဟုတ်ပဲ ရေစီးကျသွားသည့်အတွက် အမှိုက်ပစ်သူမှာ အသက်အန္တရာယ်စိုးရိမ်မှုမရှိပဲ တံတားပေါ်သို့ ပြန်တက်လာနိုင်ခဲ့ကြောင်း သိရသည်။ နမ့်ယွန်းချောင်းအတွင်း ရေစီးရေလာ မကောင်းသည့် ကိစ္စသည့် စည်းကမ်းမဲ့ အမှိုက်ပစ်မှုများကြောင့် အပါအ၀င်ဖြစ်ကြောင်းလည်း သိရသည်။


Tachileik Online News

တပ်မတော်နှင့် ကေအိုင်အိုကြား တိုက်ပွဲထိတွေ့မှု ၉၀ ရာခိုင်နှုန်းထိ လျော့ကျဟုဆို

တပ်မတော်နှင့် KIO အကြားတိုက်ပွဲများ ဖြစ်ပွားမှုလျော့ကျပြီး နယ်မြေထိစပ်နေသည့် နေရာများတွင် နှစ် ဖက်တပ်ထိတွေ့ပစ်ခတ်မှုများ ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာကမဇ္ဈိမကိုပြော သည်။
စက်တင်ဘာလ ၅ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးကော်မတီနှစ်ရပ် ခြောက်ကြိမ်မြောက်ေ တွ့ ဆုံဆွေးနွေးရာမှ ထွက်ရှိလာသည့် အချက်ဖြစ် သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။


“ကော်မတီက စောင့်ကြည့်တယ်။အထက်ကဆွေးနွေးတဲ့ အချက်တွေကို အောက်ခြေကို စီးဆင်းအောင် လုပ်တော့ နားလည်မှုတွေရလာတာပါ”ဟု ပြောသည်။
နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးညှိနှိုင်းမှုများ အောင်မြင်နေသော်လည်း ၂၀၁၄ ခုနှစ်၊ နှစ်လယ်ပိုင်းထိ အစိုးရ နှင့် ကေအိုင်အိုတို့အကြား အောက်ခြေတပ်များတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်ကပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးထားသည်ဟုအမည်ထွက်နေသည့် ကျောက်စိမ်းတူး ဖော်ရေးဖားကန့်မှော်ကိစ်္စနှင့်မူးယစ်

ဆေးဝါးတားဆီးပညာပေးရေးဆိုင်ရာ ကိစ္စရပ်များ လည်း ဆွေးနွေးခဲ့သည်ဟု နှစ်ဖက်တာ ၀န်ရှိသူများက မဇ္ဈိမ ကိုပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “မှော်ကိစ္စက ကောလာဟလပါ၊ နောက်(KIO)နယ်မြေမှာ မူးယစ်ဆေးဝါးထိန်းချုပ် ပညာ ပေးတာ အရင်ကမအောင်မြင်ဘူး၊ ခုတော့တော်ေ တာ် အောင်မြင်တယ်၊ အရင်ကလမ်းပေါ်မှာ၊ ကျောင်းမှာ သုံးတဲ့ သူတွေရှိတယ်။ အခုပပျောက်လာပြီ” ဟု ဆိုသည်။

မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းဆောင်ရွက်ရာ ကေအိုင်အိုမှ ဖမ်းဆီးကာ အစိုးရထံအပ်နှံခြင်းများ ပြု လုပ်နေပြီး မှောင်ခိုဂိုဏ်းများကိုလည်း ပူးပေါင်းဖမ်း ဆီး နိုင်ရန် ဆွေးနွေးနေဆဲဖြစ်သည်။

အစည်းအဝေးတွင် ဆွေးနွေးကြသူများမှာ အစိုးရဘက်က ကချင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးသန်းအောင် ဦးဆောင်ပြီး ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများ ပါဝင်သည်။ ကေအိုင်အို အဖွဲ့ တွင်ကေအိုင်အိုမှ ဗိုလ်မှူးကြီးဇော်တောင် ဦးဆောင်သည့်အဖွဲ့တို့ဖြစ်သည်။
မဇ္ဈိမ

LikeLike · · Share · 4

လေးလကြာ ကစားခွင့် ပိတ်ခံ ထားရသည့် ဆွာရက်ဇ် ဘာစီလိုနာ အသင်း၌ လေ့ကျင့်မှုများ စတင်

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား တစ်ဦးကို သွားဖြင့် ကိုက်ခဲ့မှုနှင့် ပတ်သက်၍ FIFA ဘောလုံး အဖွဲ့ချုပ်၏ ကစားခွင့် လေးလကြာ ပိတ်ပင် ခံထားရသည့် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်သည် ယခုအခါ ၎င်း၏ အသင်းဖြစ်သော ဘာစီလိုနာ အသင်း၌ လေ့ကျင့်မှုများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။


မိမိ အနှစ်သက်ဆုံး ဖြစ်သည့် အသင်းတွင် ကစားသမား ဘဝဖြင့် ဘောလုံး လောကသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး အသင်းသစ်ဖြစ်သည့် ဘာစီလိုနာ အသင်းအတွက် အကောင်းဆုံး ကြိုးပမ်း ကစားသွားမည် ဖြစ်ကြောင်း ဆွာရက်ဇ်က လူတွေ့မေးမြန်းမှု တစ်ခုတွင် ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် အောက်တိုဘာ လကုန်၌ ရီးယဲလ်မက်ဒရစ် အသင်း၏ အိမ်ကွင်းတွင် ကစားမည့် လာလီဂါ ပွဲစဉ်၌ ၎င်း၏ ပွဲဦးထွက် ပွဲစဉ်အဖြစ် ပါဝင်ကစား သွားနိုင်ဖွယ် ရှိသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်သည် ဘရာဇီး နိုင်ငံ၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ်တွင် အီတလီခံစစ် ကစားသမား ဂျော်ဂျီယို ချီယယ်လီနီအား သွားဖြင့် ကိုက်ခဲ့သောကြောင့် ၎င်းအား FIFA ဘောလုံး အဖွဲ့ချုပ်က ကစားခွင့် လေးလ ပိတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ


တချို့ ဟင်းသီး ဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမို အာနိသင် ရရှိစေပါတယ်။

ခရမ်းချဉ်သီးနှင့် ထောပတ်သီး


ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် ပါဝင်တဲ့ ရောင်ခြယ် ပစ္စည်း တစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်ပါတယ်။

ဂျုံမှုန့်နှင့် လိမ္မော်ရည်

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။

ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲဖက် စားတာကြောင့် ဆီးကျိတ် ကင်ဆာကို ကာကွယ် ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။

ဘလူးဘယ်ရီသီးနှင့် စပျစ်သီး

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

ဘလူး ဘယ်ရီသီးနဲ့ စပျစ်သီးတွေကို တစ်ခုချင်းစီ စားတာထက် တွဲဖက်ပြီး စားပေး တာကြောင့် မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်ကို တွန်းလှန်ပေးနိုင်တဲ့ အင်တီ အောက်ဆီးဒင့် အာနိသင်ကို ပိုမို ရရှိစေ ပါတယ်။

သံပရာသီးနှင့် ကိုက်လန်ရွက်

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

သံပရာသီးမှာ ပါတဲ့ ဗီတာမင်စီဟာ ကိုက်လန်မှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ် က စုပ်ယူမှု ပိုအားကောင်းအောင် ကူညီ ပေးနိုင်ပါတယ်။

နနွင်းမှုန့်နှင့် ငရုတ်ကောင်းမှုန့်

ဘယ်လို အကျိုးကျေးဇူး ရှိသလဲ

နနွင်း ထည့်ချက်ထားတဲ့ ဟင်းလျာထဲ ငရုတ်ကောင်းမှုန့်ကို ထည့်ချက်ပေး တာကြောင့် ခန္ဓာကိုယ်မှ ကာကူမင် ဒြပ်ပေါင်း စုပ်ယူမှုကို အဆ တစ်ထောင် ပိုအားကောင်း စေပါတယ်။

ဇွန်

သိမ်းဆည်းလယ်ဧက တစ်သိန်းနီးပါး ပြန်ရရှိရေး ဘားအံမှာ သတင်းစာရှင်းလင်း

ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့နဲ့ မြဝတီမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ စစ်တပ်တွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက တစ်သိန်းနီးပါး ပြန်လည်ရရှိဖို့အတွက် ဒီနေ့ လယ်သိမ်းခံထားရတဲ့ လယ်သမားတွေ ဘားအံမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ခဲ့တဲ့ ၈၈ ကရင်မျိုးဆက်ကျောင်းသားများအဖွဲ့ ဥက္ကဌ ဦးစောမောင်ကြီးက အခုလို ပြောပါတယ်။

"သတင်းစာရှင်းလင်းပွဲကို ၂၆ နှစ် အတွင်းမှာပေါ့၊ ပထမဦးဆုံးအကြိမ် ပြည်နယ်အဆင့်ပေါ့၊ လယ်သမားတွေက စုပေါင်းပြီးတော့ မိမိတို့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး သမ္မတတွေဆီကို ပေါက်ကြားအောင်လို့ သတင်းအမှန်သိအောင်လို့ ဖော်ပြတဲ့ပွဲပဲဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၈၆ လောက်ကစတင်ပြီး ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ အစိုးရစစ်တပ်၊ ဆည်မြောင်းဦးစီးဌာန၊ ငြိမ်းချမ်းရေးယူထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင့်တပ်မတော် DKBA စတဲ့ ဌာနအသီးသီးက သိမ်းဆည်းထားတာဖြစ်တယ်လို့ ပြောပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေက လယ်ယာမြေ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့လက ဘားအံမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် လယ်သမားတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘားအံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU ကို သွားရောက်တင်ပြခဲ့တဲ့အခါ ဒီစက်တင်ဘာလအတွင်းမှာ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်ပြပေးမယ်ဆိုပြီး လယ်သမားတွေဆီကနေ အထောက်အထားတွေကို တောင်းခံထားတာတွေရှိတယ်လို့ သိရပါတယ်။

RFA Burmese


အီဘိုလာရန်ကြောင့် တနိုင်ငံလုံး ၃ ရက် တံခါးပိတ်

ဆီယာရာ လီယွန်းနိုင်ငံက အီဘိုလာဗိုင်းရပ်စ် ပြန့်ပွား မှုကို တားမြစ်ဖို့အတွက် နိုင်ငံကို ၃ ရက်ကြာ တံခါးပိတ်ဖို့ စီစဉ်နေပါတယ်။ ၃ ရက် တာ ကာလ အတွင်းမှာ လူအားလုံးဟာ အိမ်ထဲက အိမ်ပြင် မထွက်ကြပဲ ကိုယ့်အိမ်မှာကိုယ်ပဲ နေကြရမှာ ဖြစ်ပါတယ်။

အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဆီယာရာ လီယွန်းနိုင်ငံဟာ အီဘိုလာရောဂါဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ တိုင်းပြည်တပြည်လည်း ဖြစ်ပါတယ်။

ဒီလို တိုင်းပြည်ကို တံခါးပိတ်ထားတဲ့ ကာလအတွင်းမှာ ကျန်းမာရေး လုပ်သားတွေအနေနဲ့ အီဘိုလာ ရောဂါ ခံစားရသူ လူနာသစ်တွေကို မှတ်တမ်းတင်ပြီး သီးခြားခွဲထား နိုင်မှာ ဖြစ်တယ်လို့ သမ္မတရဲ့ အကြံပေးအရာရှိ တဦးက ပြောပါတယ်။

လူတွေအိမ်ထဲက အိမ်ပြင်မထွက်ရေးကို ကြီးကြပ်ဖို့အတွက် လူပေါင်း ၂ သောင်းကို ခန့်ထားကွပ်ကဲမယ်လို့ ဆိုပါတယ်။ အီဘိုလာ တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေအနက်မှာ အခုဆောင်ရွက်ချက်ဟာ အပြင်းထန်ဆုံး လုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ ဒီလို အတင်းအကြပ်ဆောင်ရွက်မှုမျိုး ကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားလာနိုင်တဲ့ အလားအလာရှိပါတယ်။

BBC Burmese


ဆီယာရာ လီယွန်း အီဘိုလာ သတိပေး ကြေညာချက်


ပါကစ္စတန်နိုင်ငံတွင် ရေကြီးမှုကြောင့် လူရာနှင့်ချီ သေဆုံး

ပါကစ္စတန် နိုင်ငံမှာ မုတ်သုန်မိုးကြောင့်ဒေသအတော်များများ ရေကြီးရေလျှံမှုနဲ့ ကြုံနေသလို လူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ အနည်းဆုံး ၅၀ သေဆုံးခဲ့ပြီး ရေကျမယ့် အခြေအနေမရှိသေးတာကြောင့် နောက်ထပ် လူသေစာရင်း တိုးလာနိုင်ပါတယ်။

အိမ်တွေ၊ အစိုးရ အဆောက်အအုံတွေ၊ ကျောင်းတွေထဲမှာ ရွံ့ရေတွေနဲ့ ပြည့်လျှံနေပါတယ်။ လမ်းတွေ ပိတ်နေသလို နိုင်ငံ အစိတ်အပိုင်း အတော်များများမှာ လျပ်စစ်မီးလည်း ပြတ်တောက်နေပါတယ်။

ပါကစ္စတန်မှာ မိုးတွင်းကာလမှာ ဆိုးရွားတဲ့ ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ ပုံမှန်လို ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ် ရေကြီးတဲ့ အခြေအနေဟာ တချို့ ဒေသတွေမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလို သဘာဝကပ်ဘေးနဲ့ ကြုံနေရတဲ့အချိန်မှာ နိုင်ငံရေး ပြသနာကလည်း အရှိန်မြင့်နေပါတယ်။ မြို့တော် အစ္စလာမ်မာဘတ်မှာ လူထောင်ပေါင်းများစွာဟာ အစိုးရနယ်မြေထဲအထိ ၀င်ပြီး ၀န်ကြီးချုပ် န၀ပ်ရှာရပ်စ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။ သဘာဝကပ်ဘေး ကယ်ဆယ်ရေး အာဏာပို်င်တွေက ရေဘေးကို ထိန်းနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

စစ်တပ်ကလည်း အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုနေပါတယ်။ နောက်ထပ် မိုးရွာသွန်းဦးမယ့် အလားအလာရှိသေးတာကြောင့် အခြေအနေတွေ အခုထက် ဆိုးနိုင်တာကိုလည်း စိုးရိမ်နေကြပါတယ်။

By ဒီဗွီဘီ

မိုဆိုးအနီး ဇာတက်တောင်ကို ကာ့ဒ်တွေ သိမ်း

အီရတ်နိုင်ငံ မြောက်ပိုင်း မှာ မဟာ ဗျူဟာမြောက် အရေးပါ တဲ့ Zartak တောင်ကို အမေရိကန် လေကြောင်း ပစ်ကူတွေ နဲ့ ကာ့ဒ်ဒစ်ရှ် တပ်ဖွဲ့တွေ ဟာ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် သူပုန်တွေ လက်ထဲက ပြန်လည် သိမ်းယူ လိုက်နိုင်ပါ တယ်။

ဒီတောင်ဟာ မိုဆိုးလ်မြို့ အရှေ့ဘက် လွင်ပြင်ဒေသ ကို အပေါ်စီးကနေ ထိန်းချူပ် နိုင်တာ ဖြစ်တဲ့ အတွက် စစ်ရေး အရ မြေနေရာ အသာစီး ရယူနိုင် တဲ့ အနေအထား ဖြစ်ပါတယ်။

အဆိုပါ Zartak တောင်ကို အရင်လက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ သိမ်းယူပြီးခဲ့တဲ့ နောက်ပိုင်း ကာ့ဒ်ဒစ်ရှ်တပ်တွေ က တဖြည်းဖြည်း ပြန်လည် တိုက်ခိုက် လာခဲ့တာ ဖြစ်ပါတယ်။

ဆွန်နီ မွတ်ဆလင်မ် အများစု အခြေစိုက်ရာ မိုဆိုးလ်မြို့က တော့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ လက်အောက် ကျရောက်ဆဲ ဖြစ်ပါတယ်။

မိုဆိုးလ်ကို တော့ သူတို့ တပ်ဖွဲ့တွေ အင်အား သက်သက်နဲ့ ပြန်လည် သိမ်းပိုက်ဖို့ မရည်ရွယ် ထားဘူး လို့၊ ကာ့ဒ်တွေက ပြောထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ကာ့ဒ်ဒစ်ရှ် ပက်ရှ်မက်ဂါ တပ်ဖွဲ့


ရုရှားနဲ့ယူကရိန်း သမ္မတနှစ်ဦး ငြိမ်းချမ်းရေးဆွေးနွေး

ယူကရိန်း အရှေ့တောင်ဘက်ပိုင်း Mariupol ဆိပ်ကမ်းမြို့မှာ၊ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားနေ ရပါတယ်။ ယူကရိန်း အစိုးရရဲ့ အရေးကြီး တဲ့ စစ်ဆေးရေးဂိတ် တစ်ခုကို၊ ရုရှားလိုလားသူ သူပုန်တွေ က လက်နက်ကြီးတွေ နဲ့ ပစ်ခတ် ဖျက်စီးခဲ့တယ် လို့ ၊ လက်နက်ကြီး ကျည်တွေ ကျရောက်တာ ကို မျက်မြင်ကြုံခဲ့ရ တဲ့၊ သတင်းထောက်တွေ က ဆိုပါတယ်။

အစိုးရတပ်ဘက် က လက်နက်ကြီး နဲ့ ပြန်လည် ပစ်ခတ်သံ လည်း ထွက်ပေါ် လာပါတယ်။

Mariupol မြို့ဟာ ခရိုင်းမီးယားနယ် ကို သွားရာ လမ်းကြောင်းပေါ် က အဓိက မြို့တစ်မြို့ ဖြစ်သလို၊ Donbass ဒေသ လွတ်လပ်ရေး အတွက်၊ စီးပွားရေးအရ အချက်အချာ မြို့ အဖြစ် လည်း၊ ရုရှားလိုလားသူ လက်နက်ကိုင်တွေ က ရှု့မြင် ထားကြပါတယ်။

အခုလို တိုက်ခိုက်မှု ဖြစ်ပေါ်လာတဲ့ အတွက်၊ သောကြာနေ့ က ရယူထားတဲ့ အပစ်ရပ် သဘောတူမှု အပေါ် ဘယ်လောက် ထိခိုက် နိုင်တယ် ဆိုတာကို၊ ပြောဖို့ စောသေးတယ် ဆိုပြီး၊ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

အစောပိုင်း တုန်းကတော့ ယူကရိန်း နဲ့ ရုရှား သမ္မတ တို့ တယ်လီဖုန်း ပြောဆို ခဲ့ရာမှာ၊ ယူကရိန်း အရှေ့ခြမ်းမှာ အစိုးရနဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ အကြား ရယူထားတဲ့ အပစ်ရပ်မှု အပေါ်၊ ၂ ဘက် စလုံးက လိုက်နာကြောင်း ကျေနပ်လောက်ဖွယ် တွေ့ရတယ် ဆိုပြီး ပြောခဲ့ကြပါသေးတယ်။

မစ္စတာ ပေါ်ရိုရှန်ကိုဘက် က ထုတ်ပြန်ချက်မှာ တော့ ရေရှည် တည်တံ့မယ့် အပစ်ရပ်ရေး ဖြစ်ဖို့ ဆွေးနွေး ခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို စောင့်ကြည့် ရာမှာလည်း ဥရောပ လုံခြုံရေး နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OSCE ရဲ့ အစွမ်းကုန် ပါဝင်မှု လိုအပ်ကြောင်း ကို သမ္မတ နှစ်ဦးစလုံး က အလေးပေး ဆွေးနွေး ပြောဆိုခဲ့တယ် လို့ ဖော်ပြပါတယ်။

နောက်ပြီး ပဋိပက္ခဒေသတွင်း ကို လူသားချင်း စာနာမှု အကူအညီ တွေ ပို့ရာမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ လည်း သဘောတူ ဆွေးနွေးခဲ့တယ် လို့ ပြောပါတယ်။

သမ္မတ ပူတင်ဘက်က ကြေငြာချက်မှာတော့ သမ္မတနှစ်ဦး ဟာ ညှိနှိုင်း ဆွေးနွေး အဖြေရှာရေး ကို ဆက်လက် ဆောင်ရွက်ဖို့ သဘောတူ ခဲ့ကြတယ် လို့ ဖော်ပြပါတယ်။

ဒီ အတောအတွင်းမှာ ပဲ ဥရောပ သမဂ္ဂ အီးယူကနေ ရုရှားကို နောက်ထပ် ပိတ်ဆို့ အရေးယူမှု တွေ လုပ်မယ်ဆိုတဲ့ အပေါ် ရုရှားဘက်က လည်း တုံ့ပြန်သွားမယ် လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သမ္မတ နှစ်ဦးဟာ ဖုန်းပေါ်ကနေ ဆွေးနွေးခဲ့ကြ


PFF Peace Cup 2014 ဘောလုံးပြိုင်ပွဲ မြန်မာအသင်း ဗိုလ်စွဲ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ စက်တင်ဘာ ၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ PFF Peace Cup 2014 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မြန်မာအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာ ကျော်ကိုကိုက သွင်းယူပြီး အိမ်ရှင် ဖိလစ်ပိုင်အတွက် ချေပဂိုးကို မိနစ် ၅၀ လောက်မှာ သွင်းယူပါတယ်။ ဒုတိယ ဦးဆောင်ဂိုးကို ပင်နယ်တီကနေ ဖိလစ်ပိုင်က ရသွားပြီး မြန်မာအတွက် ချေပဂိုးကို ပွဲပြီးကာနီးမှာ မင်းမင်းသူက သွင်းယူပါတယ်။

နောက်ဆုံး အနိုင်ဂိုးကို အချိန်ပိုမိနစ်မှာ စိုးမင်းဦးက သွင်းယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။

ဆုဖလားနဲ့ ဝေးကွာနေတဲ့ မြန်မာဘောလုံးအသင်းတွေအတွက် ၁ လအတွင်းမှာပဲ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယူ ၁၉ အသင်းတို့က ချန်ပီယံဆုဖလား ၂ ကြိမ် ရယူနိုင်ပေးနိုင်ခဲ့ပါတယ်။

By ဒီဗွီဘီ

တာချီလိတ်မှာ ရုတ်တရက် ရေကြီး

ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ အလျင်အမြန်ကျလာတဲ့အတွက် လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မနက် ၁၁ နာရီကျော်မှာ တံတားပေါ်ရောက်လုနီးထိ တက်လာတဲ့ မဲဆိုင်ချောင်းရေမှာ မျောပါလာတဲ့ သစ်တုံးတွေနဲ့ ရိုက်ခတ်ခဲ့တဲ့အတွက် မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေး တံတားကိုလည်း ယာယီပိတ်ထားလိုက်ရပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၁၅ နှစ်ကျော်အတွင်း တာချီလိတ်မြို့မှာ တောင်ကျရေကြီးတဲ့အတွက် မဲဆိုင်ချောင်းရေတက်လာပြီး မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားကို ယာယီပိတ်ပစ်လိုက်ရကြောင်း မဲဆိုင်မြို့က ကုန်သည် ဟောင်းနေပေမယ့် ကျိုးမယ့် အခုလို ပြောပါတယ်။

“တံတားက ကြာပြီမို့လား၊ ဟောင်းလည်း ဟောင်းနေပြီလေ။ ဟောင်းနေပေမယ့် ကျိုးမယ့်တံတားတော့ မဟုတ်ဘူးပေါ့။ တောင့်တောင့်တင်းတင်း တံတားပဲ၊ ဒါပေမယ့် သစ်တုံးကြီးကလာရိုက်ထားတာရယ်၊ ရေက တံတားပေါ်အထိ ရောက်လာတဲ့အခြေအနေ ဖြစ်သွားတယ်လေ။ ဒီတခေါက် ရေကြီးတာက တော်တော်ကို ထူးထူးခြားခြားနဲ့ အတော်ကို မြန်ဆန်တယ်။ မယ်ဆိုင်ဘက်ဆိုလို့ရှိရင်လည်း မြို့အောက်ပိုင်းတွေ အကုန်လုံးကို ရေပြည့်သွားတာ။ တခါမှ မကြုံဖူးသလောက်ပေါ့နော်။ ဒီဘက်မှာ။ တံတားပေါ်မှာ ရေကတက်သွားတော့ ခဏ ပိတ်လိုက်ရတာပေါ့နော်။ မယ်ဆိုင်ဘက်မှာလည်း ဈေးထဲကနေပြီးတော့ တံတားဘေးနား ကပ်လျက်ပေါ့။ အဲဒီဘက်မှာလည်း တချို့ဆိုင်တွေက ပစ္စည်းတွေ မျောပါသွားတယ်ပေါ့နော်။ ရေက ဝေါကနဲ ဆင်းကျလာတာလေ။ ချောင်းထဲမှာ ရေခဲသေတ္တာတို့၊ တီဗွီတို့၊ ဟိုးအပေါ်ဘက်က အိမ်တွေကနေပြီးတော့ ထွက်လာတဲ့ပစ္စည်းတွေပေါ့နော်။ မျောပါလာတာတွေလည်း ရှိတယ်။ အဲဒါတွေကို လိုက်ပြီးတော့ ဆယ်ကြတာပေါ့နော်။ လူ ၂ ယောက် ပျောက်နေတယ်ဆိုတဲ့ သတင်းတော့ ထွက်နေတယ်။ ရေထဲ မျောပါသွားတယ်ပေါ့နော်။”

ရုတ်တရက်ကျလာတဲ့ တောင်ကျရေကြောင့် တမြို့လုံးနီးပါးမှာ ရေတွေဝင်လာပြီး အိမ်တွေ၊ ဆိုင်တွေက ပစ္စည်းတွေတောင် ရွှေ့ချိန်၊ သယ်ချိန်မရခဲ့တဲ့အကြောင်း တာချီလိတ်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

“အိမ်တွေကတော့ ထောင်နဲ့ချီမြုပ်တယ်ဗျ။ အကုန်လုံး၊ ကျနော်တို့ custom ဝန်းရှေ့၊ စတိုးဆိုင်တွေ၊ ပရိဘောဂဆိုင်တွေ၊ သံထည်ပစ္စည်းဆိုင်တွေ၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေကအစပေါ့နော်။ တချို့ တထပ်အိမ်တွေဆို ဘာမှကို မရတော့ဘူးဗျ။ အကုန်လုံး ရေထဲပါကုန်တာ။”

တာချီလိတ်မြို့မှာတော့ လူတွေ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရသလို ပစ္စည်းဆုံးရှုံးမှု အများအပြားရှိကြောင်း ဦးဇင်းတပါးက အခုလို မိန့်ပါတယ်။

“ရေထိုးတဲ့နေရာတွေမှာဆို အိမ်တွေက အောက်ခြေတွေကပါ ပြိုပြီးတော့ အိမ်တွေပါ ပြိုကျ ပျက်စီးလို့၊ ကားတွေပါ အကုန်လုံး ရေထဲနစ်မြုပ်၊ ဆိုင်ကယ်တွေပါ အကုန်လုံးပါ။ လူတွေအကုန်လုံး ဒုက္ခရောက်နေတာကို တွေ့ရတယ်။ တောင်ကျရေ က ရုတ်တရက်ဆင်းလာတာ- ရင်ခေါင်းလောက်ထိအောင် ရှိတယ်။ တချို့ဆိုရင် ထွက်ပြေးကြတာ၊ တောင်ကျရေက ညမှာပါ ဆက်တက်မယ်ဆိုလို့ရှိရင် မြို့လုံးကျွတ်နီးပါး အကုန်သေကုန်မှာ။ ပြီးခဲ့တဲ့အခေါက်က ရေကြီးတာက ဆုံးရှုံးမှုမရှိဘူး။ ဒီတခေါက်ကြီးတာက တော်တော်လေး ဆုံးရှုံးမှုရှိတယ်။”

ရေဘေးဒုက္ခရောက်နေသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရကြောင်း အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အတည်မပြုရသေးကြောာင်း တာချီလိတ်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်က ပြောပါတယ်။

“ကျနော်တို့က ရေကျသွားတော့မှ ပျက်စီးတယ်၊ မပျက်စီးတယ်ဆိုတာ ပြောလို့ရမှာဗျ။ အခုတော့ ပြောမရသေးဘူးဗျ။ အခု ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ မီးသတ်၊ ကြက်ခြေနီတွေနဲ့ ပေါင်းပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်ဗျ။ တချို့ စိတ်မချရတဲ့လူတွေကိုတော့ ရွှေ့ပေးနေပါပြီဗျ။”

တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ရေကြီးမှု ဖြစ်ခဲ့သေးပေမယ့် ၁၅ နှစ်အတွင်းမှာတော့ ဒီတကြိမ်ရေကြီးတာ ပိုပြီးဆိုးဝါးပြင်းထန်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ တာချီလိတ်မြို့က ပျက်စီးဆုံးရှုံးမှုက ဘတ်ငွေ သန်းနဲ့ချီပြီး ရှိနိုင်ကြောင်း မြို့ခံတွေက ခန့်မှန်းနေသလို ရေမျောပစ္စည်းတွေကို လိုက်ဆယ်သူတချို့ ပျောက်ဆုံးနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုဖို့တော့ ခက်ခဲနေပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)



မယ်ဆိုင် တာချီလိတ် တောင်ကျရေကြောင့် မြို့တွင်း ရေဝင်လာပုံ။ (စက်တင်ဘာ ၇၊ ၂၀၁၄)