အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားမည်ဟု အလှမယ် ခင်ဝေဖြိုးဟန် ပြော


နိုင်ငံတကာပွဲတွေ သွားပြိုင်ခဲ့ကြတဲ့ မြန်မာမယ် ၂ ယောက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး ဂျပန်နိုင်ငံမှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်ထားတယ်လို့ Miss Myanmar International 2014 အလှမယ်ဘွဲ့ ပူပူနွေးနွေးရထားတဲ့ မခင်ဝေဖြိုးဟန်က ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။


“အခုဆို အစ်မနှစ်ယောက်လုံး က သွားပြီး ယှဉ်ပြိုင် ထားပြီး ဖြစ်တဲ့အတွက် သူတို့ လိုအပ်ချက်တွေရှိမယ်၊ သူတို့အားသာ ချက်တွေရှိမယ်၊ အဲနှစ်ခုလုံး ကို သေချာ ကြည့်ပြီးတော့ ညီမ လိုအပ်တဲ့ဟာတွေ အကုန်လုံး ကိုကြည့်မယ်။ ပြိုင်ပွဲက စပါဝင်ပြီဆိုတော့ အကောင်းဆုံးလည်း လုပ်ရမယ်၊ အကောင်းဆုံးလည်း မှန်းပြီးတော့ ဆုရရှိအောင် ကြိုးစားပြီး ပြိုင်မှာပါ။


ဂျပန်နိုင်ငံမှာ လာမည့်အောက်တိုဘာ ၂၇ ကနေ နိုင်ဝင်ဘာ ၁၁ အထိ ကျင်းပမယ့် Miss International 2014 ပြိုင်ပွဲမှာ နိုင်ငံတကာက အလှမယ်တွေနဲ့ အတူ မြန်မာနိုင်ငံကလည်း တတိယအကြိမ် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။


ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ Miss Myanmar International 2014 ပြိုင်ပွဲမှာ သရဖူဆောင်းခဲ့တဲ့ အလှမယ် မခင်ဝေဖြိုးဟန်တို့ ပူးပေါင်းပြီး ရန်ကုန်မှာ ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တာပါ။


Miss International အလှမယ် ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက ၂၀၁၂ ခုနှစ်မှာ နန်းခင်ဇေယျာ၊ ၂၀၁၃ ခုနှစ်မှာ ဂုဏ်ရည်အေးကျော်တို့က သွားရောက်ယှဉ်ပြိင်ခဲ့ဖူးပါတယ်။


မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) အတွင်းရေးမှူး ဦးခင်အောင်ထွန်းကတော့ ခုလို မြန်မာအလှယ်မယ်တွေ ပြည်ပထွက်ပြိုင် တာကြောင့် မြန်မာကို ကမ္ဘာကပိုသိပြီး ခရီးသွားလုပ်ငန်းကို အများကြီး အထောက်အကူဖြစ်တယ်လို့ ပြောပါတယ်။

“အလှမယ်တွေ သွားပြိုင်တဲ့အခါ ကမ္ဘာ့အဆင့်ကို တခါတည်း ရောက်သွားတာပေါ့။ miss universe ပဲဖြစ်ဖြစ်၊ miss world ပဲဖြစ်ဖြစ်၊ miss international ပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့်ကို ရောက်သွားတယ်။ နိုင်ငံပေါင်း ၇၀၊ ၈၀၊ ၉၀ ဒီကြားထဲမှာ မြန်မာဆိုတဲ့အတွက်ကြောင့် အများကြီး အထောက်အကူပြုတယ်။ နောက် စိတ်ဝင်စားလာရင် မြန်မာပြည်ကို လာလည်မယ်။ လာလည်ချင်တဲ့အခါ မြန်မာပြည်အကြောင်းကို မေးချင်မယ်။ သူတို့ဟာ တယောက်တည်း သွားပြိုင်ပေမယ့် နိုင်ငံကို ကိုယ်စားပြုပြီး ကမ္ဘာ့အလယ် စင်မြင့်ပေါ်ကို ရောက်သွားတာဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းကို အများကြီး အထောက်အကူဖြစ်တယ်။”


မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေအနေနဲ့ လွန်ခဲ့တဲ့ ရာစုနှစ် တ၀က်လောက်က နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိရာကနေ ၂၀၁၂ ခုနှစ်မှာ အလှမယ် နန်းခင်ဇေယျာက ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။


၂၀၁၃ ရှရှားနိုင်ငံမှာ ကျင်းပတဲ့ မယ်စကြ၀ဠာ ပြိုင်ပွဲမှာလည်း အလှမယ် မိုးစက်ဝိုင်ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ဒေသတွင်းနဲ့ နိုင်ငံတကာအလှမယ် ပြိုင်ပွဲစင်မြင့်တွေမှာ မြန်မာ့အလှမယ်တွေ ပြန်လည်ခေတ်စားလာခဲ့ပါတယ်။


တဖက်မှာလည်း ပွဲစီစဉ်သူနဲ့ မော်ဒယ်အလှမယ်တွေအကြား နားလည်မှု လွဲမှားကြတာကြောင့် သရဖူတွေ ပြန်လည်သိမ်းယူတာတွေ ရှိနေပါတယ်။


ဒီဗွီဘီ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် ၁၅ဝဝတန် ဆင်းမ်ကတ်များ ဆက်လက်ရောင်းချရန် စီစဉ်


ပုဂ္ဂလိက အော်ပရေတာများမှ တန်ဖိုးနည်း ဆင်းမ်ကတ် များ ရောင်းချပေးနေ သော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချနေသည့်ကျပ် ၁၅ဝဝတန် ဆင်းမ်ကတ်များကို ဆက် လက် ရောင်းချပေးသွားမည် ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်မည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ဂျပန်ကုမ္ပဏီများနှင့်ပူးပေါင်း၍ ဆင်းမ်ကတ်များ မရောင်းချမီစပ် ကြားတွင် တိုင်းဒေသကြီးများမှတစ် ဆင့်မြို့နယ်အလိုက် ယခင်ရောင်း ချလျက်ရှိသည့်အတိုင်း ဆင်းမ်ကတ် ရောင်းချပေးရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှတာဝန်ရှိသူတစ်ဦးက ''လက်ရှိ ရောင်းနေတဲ့ ဆင်းမ်ကတ်တွေကို တော့ဆက်လက်ချထားပေးဖို့ အစီ အစဉ်ရှိပါတယ်။ MPT က အော် ပရေတာအနေနဲ့ ဆင်းမ်ကတ်တွေ လိုအပ်သလောက် မရောင်းနိုင်သေး ချိန်မှာ တိုင်းနဲ့ပြည်နယ်တွေမှာ ချ ထားပေးဦးမှာပါ။ ဘယ်နှလလောက် အထိ ရောင်းပေးဦးမလဲဆိုတာ တော့ မပြောနိုင်သေးပါဘူး'' ဟု ပြော သည်။

လက်ရှိတွင်မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှအော်ပရေတာအဖြစ် ဆောင်ရွက်ပြီးဆက်သွယ်ရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်ပြင်ဆင်နေသည့် ကာလ ဖြစ်ပြီး ယင်းအော်ပရေတာမှ ဝန် ဆောင်မှုပေးနိုင်ရန် လပိုင်းကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း(MEC)မှတာဝန်ရှိသူတစ်ဦး က'' MPT နဲ့ ကတော့ ပူးပေါင်းပြီး ကတ်တွေချသွားဖို့ အစီအစဉ်ရှိပါ တယ်။ ဘယ်ကာလလောက်အထိ ရောင်းသွားမလဲဆိုတာတော့ စီစဉ် နေတုန်းပဲရှိပါသေးတယ်''ဟု ပြော သည်။

တိုင်းနှင့်ပြည်နယ်ဒေသအသီး သီးသို့ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ပင်စင်စားဝန်ထမ်းများအပါ အဝင် တစ်လလျှင် ဆင်းမ်ကတ် အရေအတွက် လေးသိန်းချထားပေး လျက်ရှိကြောင်း သိရသည်။

PPT
‎Democracytoday‬

ရွေးကောက်ပွဲရလဒ်အပေါ် ဆန္ဒပြသူများကို အင်ဒိုနီးရှား ရဲများက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် လူစုခွဲ


ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဟောင်းအား ထောက်ခံသူများ၏ဆန္ဒပြမှုများကို ရဲများက မျက်ရည်ယိုဓာတ်ငွေ့များနှင့် မီးသတ်ရေပိုက် များသုံးကာ သြဂုတ် 
၂၁ ရက် လူစုခွဲခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဆူဘီအန်
တို၏ ကန့်ကွက်မှုအား ပယ်ချခဲ့ပြီး ဂျိုကိုဝီဒိုဒိုသာ အနိုင်ရရှိကြောင်း ဆုံးဖြတ်ခဲ့အပြီး ယခုကဲ့သို့ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးသို့ သွားသည့်လမ်းကို တားဆီးထားသည့် ရဲများအား ဆန္ဒပြသူများက ကျောက်ခဲများ ဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ဆန္ဒပြသူများထံ မျက်ရည်ယို ကျည်ဆံများ၊ ရေပိုက်များဖြင့် ရဲများက လူစုခွဲခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ပရာဘိုဝိုသည် သမ္မတဟောင်းဆူဟာတိုလက်ထက်က ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခဲ့ပြီး လူ့အခွင့်အရေးမှတ်တမ်းတွင် အစွန်းအထင်းရှိခဲ့ပြီး ၀ီဒိုဒို သည် ပြုပြင်ပြောင်းလဲရေးသမား ဂျာကာတာ မြို့တော်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည်။ ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် နှစ်ဦးစလုံးက အနိုင်ရကြောင်း ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေရုံး၏ ယခုဆုံးဖြတ်ချက်ကို အယူခံခွင့် မရှိကြောင်း သိရသည်။

Ref:AFP
Mizzima

ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျားမအင်္ဂါမပါသော ကလေးငယ်တစ်ဦးမွေးဖွား


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ် ၁၈ ရက်နေ့ နံနက် ၄း၁၂ မိနစ်အချိန်ခန့်တွင် ကျားမအင်္ဂါမပါသော ကလေး တစ်ဦးမွေးဖွားခဲ့သည်။ အဆိုပါကလေးငယ်၏ ကျားမအင်္ဂါကို ဖုံးအုပ်ထားသော အသားပိုကြောင့် ကျားမခွဲခြား၍မရဖြစ်နေသည်။

ကလေးငယ်၏မိဘများသည် ကော့ကရိတ်မြို့နယ် ဇော်ဟဲကျေးရွာဇာတိဖြစ်ပြီး

တောင်သူလယ်သမားမျာဖြစ်သောကြောင့် ကလေးငယ်အား ခွဲစိတ်ကုသရန်အတွက် အခက်အခဲရှိနေသည်။ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံ မှ ဆရာဝန်တစ်ဦးမှ“ ကလေးငယ်အား အမြန်ခွဲစိတ်ကုသပါက အသက်ရှင်နိုင်ကြောင်း” ပြောကြားသွားခဲ့သည်။ ကလေးငယ်၏မိဘများမှာ ဦးဖာသကျူးနှင့် ဒေါ်မူးကလယ်(၂၁)နှစ် တို့ဖြစ်သည်။ ရှေ့ဦးစွာ ကော့ကရိတ်မြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကလေးငယ်ခွဲစိတ်ကုသရန်အတွက် အလှူငွေ(၁၃၅၀၀၀)ကျပ်ကို သွားရောက်လှူဒါန်းခဲ့သည်။

အဆိုပါကလေးငယ်သည် သြဂုတ် ၂၀ ရက်နေ့ နေ့လည် ၁၁း၀၀အချိန်တွင် ကော့ကရိတ်မြို့ ဂရုဏာဖောင်ဒေးရှင်းအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရန် ထွက်ခွာသွားပြီး သက်ဆိုင်ရာ လူထုလူတန်းစား၊ အဖွဲ့အစည်းများမှ ကူညီစောင့်ရှောက်မှုကို မျှော်လင့်လျက် ရှိသည်။

MOI

ရာနှုန်းပြည့် ပြည်တွင်းဖြစ် တိုက်လေယာဉ်များ ဂျပန် ထုတ်လုပ်ဖွယ်ရှိ


အမေရိကန်နှင့် သဘောတူညီမှု အသစ်အရ ဂျပန်နိုင်ငံသည် ရာနှုန်းပြည့် ပြည်တွင်းဖြစ် တိုက်လေယာဉ်များကို မကြာမီ နှစ်ပိုင်းများအတွင်း ထုတ်လုပ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။


ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ချုပ်ဆိုထားသည့် လက်နက်ထိန်းချုပ်ရေး စာချုပ်များအရ ဂျပန်သည် ကိုယ်ပိုင် တိုက်လေယာဉ်များ ထုတ်လုပ်နိုင်ခွင့် မရှိချေ။ (၁၉၈၀)ပြည့်လွန် နှစ်များတွင် ဂျပန်က ပြည်တွင်းဖြစ် တိုက်လေယာဉ်များ တည်ဆောက်ခွင့်ရရေး ပထမဆုံးအကြိမ် ကြိုးစားလာခဲ့သည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စု၏ တားဆီးမှုကြောင့် F-2 အမျိုးအစား တိုက်လေယာဉ်များကို အမေရိကန်နှင့် ပူးပေါင်း၍သာ ထုတ်လုပ်နိုင်ခဲ့သည်။

အမေရိကန်မှ Lockheed Martin နှင့် ဂျပန်မှ Mitsubishi ကုမ္ပဏီများ ပူးပေါင်းထုတ်လုပ်သည့် ဘက်စုံသုံး F-2 များကို (၂၀၀၀)ပြည့်နှစ်မှ စတင်ကာ ဂျပန်၏ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွင် အသုံးပြုခဲ့သည်။ သို့သော်လည်း F-2 များ ထုတ်လုပ်မှုကို လွန်ခဲ့သည့် (၂)နှစ်ခန့်က ရပ်ဆိုင်းထားပြီး ဖြစ်သလို လက်ရှိ အသုံးပြုနေသည့် F-2 အားလုံးကိုလည်း (၂၀၂၈)ခုနှစ်တွင် အနားပေးရန် စီစဉ်ထားသည်။

ဂျပန်သည် စစ်မဟာမိတ် အမေရိကန် ပြည်ထောင်စုနှင့် မကြာသေးမီက ရယူခဲ့သည့် သဘောတူညီမှုသစ်အရ ကန့်သတ်ချက် အချို့ကို ဝိနည်းလွတ် လျှော့ချပြီး ရာနှုန်းပြည့် ပြည်တွင်းဖြစ်စစ်စစ် တိုက်လေယာဉ်များကို ထုတ်လုပ်ရန် စီစဉ်နေဖွယ်ရှိပြီး ယင်းအတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ယန်းငွေ(၄၀)ဘီလီယံ တန်ဖိုးရှိ စီမံကိန်း တစ်ခုကို (၂၀၁၅)ခုနှစ် အစောပိုင်းတွင် အစပြုရန် စီစဉ်နေကြောင်း သိရသည်။

လတ်တလောတွင် ဂျပန်သည် ရေတို စီမံကိန်း တစ်ရပ်ဖြင့် လေယာဉ်အင်ဂျင်၊ ရေဒါရှောင်လွှဲမှု ကိုယ်ပျောက် နည်းပညာနှင့် လေယာဉ်ကိုယ်ထည် ဒီဇိုင်းများကို သုတေသန ပြုလုပ်နေပြီး (၂၀၁၈)ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အစိုးရ အနေဖြင့် ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်ရန် သင့်မသင့် အတည်ပြု ဆုံးဖြတ်ဖွယ် ရှိနေသည်။ ယခုလ အစောပိုင်းက ရေဒါရှောင်လွှဲနိုင်သည့် ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ် တစ်စီးကို ကနဦးအဆင့် စမ်းသပ်ပျံသန်းရန် ဂျပန်က စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ ဩဇာ ဖြန့်ကျက် လွှမ်းမိုးမှု ကြီးမားလာသည့် ခြိမ်းခြောက်မှုကို ဂျပန်က တုံ့ပြန်ရန် ကြိုးစားလျက်ရှိရာ ပြည်တွင်းဖြစ် တိုက်လေယာဉ်များ တည်ဆောက်ရေးသည် အဓိကျသည့် မဟာဗျူဟာ ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်သည်။ ဂျပန်သည် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ရှင်ဇိုအဘေး လက်ထက်တွင် စစ်ရေးကဏ္ဍ၌ နိုင်ငံ၏ ရပ်တည်မှုကို မြှင့်တင်ရန် ပိုမို ကြိုးပမ်းလာရာ ပြီးခဲ့သည့် လအတွင်းက ဂျပန်စစ်သည်များသည် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေး ကဏ္ဍတွင် ပါဝင်တိုက်ခိုက်မည့် ပြဋ္ဌာန်းချက် အသစ်ကို ထုတ်ပြန် ကြေညာခဲ့သည်။

_Ref: Channelnewsasia

ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ စကားပြောရမှာ ရှောင်ကြဉ်ရမယ့် အမှား (၇) မျိုး


ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ရာမှာ ပထမဆုံး သတိပြုရမှာက စကားအပြောအဆိုပါပဲ။ ဒါဟာ တော်တော်လေး အရေးပါသလိုကိုယ်ပြောဆိုတတ်ရင် တတ်သလောက် တစ်ဖက်လူကို ကြွေသွားစေမှာပဲ မဟုတ်လား။ ဒီတော့ ဘယ်လိုအချက်မျိုးတွေ ရှောင်ပြီး ဘယ်အရာကို အလေးပေးသင့်သလဲဆိုတာ ပြောပြချင်ပါတယ်။

၁။ တစ်ဖက်လူ ပြောတဲ့စကားကို သေချာနားထောင်ပေးပါ။

သူမ ပြောနေတာကို နားမထောင်ချင်သလိုလို၊ စိတ်မ၀င်စားသလိုလို မလုပ်မိပါစေနဲ့။ ဘာအကြောင်းအရာမျိုးကို ပြောနေတာလဲဆိုတာ သင်စိတ်ဝင်တစား နားထောင်နေလား၊ ဟန်ဆောင်ခေါင်းညိမ့်နေတာလား ဆိုတာ တစ်ဖက်လူက သိရှိခံစားမိတယ်ဆိုတာ မယုံရှိပါနဲ့။ ဒီတော့ သူမပြောပြီးသွားတဲ့အခါ သင့်ဘက်ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေ ပြန်မေးတာမျိုး၊ သူမပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆက်ပြောတာမျိုးတွေ လုပ်ပေးလိုက်ပါ။

၂။ တစ်ဖက်လူကို စိတ်ရှုပ်အောင် မလုပ်လိုက်ပါနဲ့။

ကိုယ်စိတ်ဝင်စားနေရတဲ့သူ ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်ရာမှာ တစ်ဖက်လူ စိတ်ရှုပ်စေမယ့် မေးခွန်းတွေ အတင်းမေးတာမျိုးတွေ၊ မသင့်လျော်တဲ့ အကြောင်းအရာတွေ ပြောတာမျိုးတွေ ရှောင်သင့်ပါတယ်။ တစ်ခါစိတ်ရှုပ်သွားတာနဲ့ တစ်သက်လုံး အာရုံနောက်ရမယ် အမှတ်နဲ့ သင့်ကို ထည့်စဉ်းစားမှာ မဟုတ်တော့ပါဘူး။

၃။စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်း ပြောပါ။

မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ သိပ်အဆင်ပြေတတ်တာမျိုး၊ မပြောတတ်တာမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူတွေ အများကြီးပါ။ ခုလည်း ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ စကားပြောနေရတာမို့ စိတ်လှုပ်ရှားတာ၊ ရင်ခုန်တာမျိုး တွေရှိနေနိုင်ပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ အသံကိုတိုးတိုးလေး ပြောတာမျိုးတွေ၊ မြန်မြန်ပြောတာမျိုးတွေ မလုပ်မိပါစေနဲ့။ လေသံကို ချိန်ဆပြီး ရှင်းရှင်းလင်းလင်း ပြောပါ။

၎။ကိုယ်ချည်းပဲ မရပ်မနား စကားပြောနေတာမျိုး မလုပ်မိပါစေနဲ့။

စတွေ့ကတည်းက ကိုယ်ချည်းပဲ ဆက်တိုက်ဆိုသလို စကားတွေ ပြောနေမိတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေချည်း သူ့ကို ပြောခွင့်မပေးပဲ ဆက်တိုက်ပြောနေမယ်ဆိုရင် တစ်ဖက်လူလည်း စိတ်ညစ်လာမှာ အမှန်ပါပဲ။ မိန်းကလေးတွေဟာ သူတို့စကားပြောတဲ့အခါ ဂရုတစိုက်နားထောင်တတ်တဲ့ သူတွေကို သဘောကျတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။

၅။ငြင်းခုန်ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။

သူနဲ့ကိုယ်ခုမှ ချစ်သူတွေတောင် မဖြစ်သေးပဲ စကားလေးတစ်ခွန်းပြောလိုက်တာနဲ့ ကိုယ်ကလိုက်ငြင်းပြောဆိုနေမယ်ဆိုရင်တော့ ဒီတစ်ခါဆုံပြီး နောက်တစ်ခါ သင့်ကို လာတွေ့ဖို့ သူမငြင်းဆန်နိုင်တဲ့ ရာခိုင်နှုန်းတော်တော်များသွားပါပြီ။

၆။သူမနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပါ။

မိန်းကလေးတွေနဲ့ ပတ်သက်နေကျ မဟုတ်တဲ့အတွက် သူမနဲ့ မျက်လုံးချင်းဆုံအောင် မကြည့်ရဲဘူးဆိုရင်တောင် ဒီတစ်ခါတော့ အားမွေးပြီး မျက်လုံးချင်းဆုံအောင်ကြည့်ပြီး စကားပြောပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းမရှိခြင်းဟာ သင့်မျက်လုံးက သူမကို ပြောပြနေတဲ့ အရာတွေထဲက တစ်ခုဆိုတာ မမေ့ပါနဲ့။ ဘယ်မိန်းကလေးမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ယောင်္ကျားတွေကို ရင်ခုန်ကြမှာပါ။

၇။ဆဲရေးပြောဆိုတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

ယောင်္ကျားလေးသူငယ်ချင်း အချင်းချင်း စကားပြောတဲ့အခါ ထည့်သုံးလေ့ရှိတဲ့ စကားလုံးရိုင်းရိုင်းတွေ၊ ဆဲရေးတိုင်းထွာတာမျိုးတွေ သူမနဲ့ စကားပြောတဲ့အခါ ရှောင်ပါ။ မပြောမိစေဖို့ သတိထားရမှာပါ။

Ref:mensxp.com
Trend Myanmar

ဘရူနိုင်းဘုရင့်ဖလား ဗိုလ်လုပွဲ မြန်မာနှင့်ဗီယက်နမ် ယှဉ်ပြိုင်မည်


ဘရူနိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ဘရူနိုင်း ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို မြန်မာ ယူ ၁၉ အသင်းနဲ့ ဗီယက်နမ် ယူ ၁၉ အသင်းတို့ လာမယ့် သြဂုတ် ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရူနိုင်းဘုရင့်ဖလား အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်အသင်းကတော့ အကြိုဗိုလ်လုပွဲမှာ ထိုင်းယူ ၁၉ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ ၁၉ အသင်းဟာ ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ထိုင်းလူငယ်အသင်းကို ၃-၂၊ တီမောလူငယ် အသင်းကို ၃-၁ ဂိုးရ၊ ဖိလစ်ပိုင် လူငယ်အသင်းကို ၃-၁ ဂိုး၊ အကြိုဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၃-၀ ဂိုး စသဖြင့် ရှုံးပွဲမရှိ ခြေစွမ်းပြအနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာပါ။

သြဂုတ် ၂၃ ရက်နေ့ ကစားမယ့် မြန်မာယူ ၁၉ ဘောလုံးအသင်းနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ဗိုလ်လုပွဲကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့ ကြေညာထားပါတယ်။

By ဒီဗွီဘီ

ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ရန် အမျိုးသားညီလာခံ မဲပေးရွေးချယ်






ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာသည် နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ရန် ရွေးချယ်ခြင်းခံရကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်တပ်အစိုးရက အဓိက ခြယ်လှယ်ဖွဲ့စည်းထားသည့် အမျိုးသား ညီလာခံတွင် ကိုယ်စားလှယ် စုစုပေါင်း (၁၉၇)ဦးအနက် (၁၉၁)ဦးက ပရာယွတ်သ်ကို ဝန်ကြီးချုပ် ရာထူးအတွက် ထောက်ခံ မဲပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပရာယွတ်သ်နှင့် ယှဉ်ပြိုင်သည့် အတိုက်အခံ တစ်ဦးမျှ မရှိရာ ဝန်ကြီးချုပ် ရာထူးအတွက် ၎င်းတစ်ဦးတည်း ရွေးကောက်ခံခဲ့ခြင်း ဖြစ်သည်။

ပရာယွတ်သ်သည် မေ(၂၂)ရက်၊ အာဏာသိမ်းမှုဖြင့် ထိုင်းနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စီမံအုပ်ချုပ်ခွင့်ကို လွှဲပြောင်းယူခဲ့သည်။ ထိုင်းနိုင်ငံသည် (၂၀၀၆)ခုနှစ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာကို စစ်တပ်က ဖြုတ်ချလိုက်သည့် နောက်ပိုင်း နိုင်ငံရေး မငြိမ်သက်မှုများနှင့် တောက်လျှောက် ကြုံနေရသည်။

ဝန်ကြီးချုပ် ရာထူးအတွက် ပရာယွတ်သ် တာဝန်ယူရန် ထိုင်းဘုရင်မင်းမြတ်၏ အသိအမှတ်ပြုမှုကို လိုအပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း တော်ဝင်မိသားစုက ပရာယွတ်သ်ကို လက်ခံပေးမည့် အရိပ်အခြေမျိုး ရှိနေသည်။ စစ်တပ်၏ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်က ယူနီဖောင်းချွတ်ကာ ဝန်ကြီးချုပ်ရာထူး ရယူခြင်းသည် လက်ရှိ ထိုင်းနိုင်ငံရေး အာဏာကို စစ်တပ်က ချုပ်ကိုင်ထားကြောင်း ထင်ရှားစွာ ပေါ်လွင်စေခဲ့သည်။ ထိုင်းအာဏာသိမ်း စစ်အစိုးရသည် (၂၀၁၅)ခုနှစ်၊ အောက်တိုဘာလ မတိုင်မီ မည်သည့် ရွေးကောက်ပွဲကိုမျှ ကျင်းပမည်မဟုတ်ဟုလည်း ကြိုတင် ကြေညာထားသည်။

ပရာယွတ်သ်သည် စက်တင်ဘာလတွင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာထူးမှ အနားယူကြောင်း ကြေညာဖွယ် ရှိသည်။ အမျိုးသား ညီလာခံတွင် မဲပေးနေချိန်တွင် ပရာယွတ်သ် တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ ဘန်ကောက်မြို့ပြင်၌ စစ်အခမ်းအနား တစ်ရပ်သို့ သွားရောက်နေခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7 Day

အီဘိုလာဗိုင်းရပ်စ် သံသယလူနာတွင် ငှက်ဖျားပိုးတွေ့


ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


သြဂုတ် ၂၀ ရက် ညနေတွင်ရရှိသော ဓာတ်ခွဲအဖြေအရ ထုတ်ပြန်ခြင်းဖြစ်ပြီး အီဘိုလာရောဂါ သံသယရှိသူ အသက်(၂၂)နှစ်အရွယ် လူနာသည်လည်း သြဂုတ် ၂၁ ရက်တွင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ၎င်းနှင့်အတူ စစ်ဆေးကုသနေသော အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့်ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သတင်းများကို နိုင်ငံပိုင်ရုပ်သံလိုင်းက ကြေညာသွားသည်။

ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း 
အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီဖြစ်သည်။ ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ဟုတ်၊ မဟုတ် သိရှိရန် ဓာတ်ခွဲခန်းအဖြေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
7 Day

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား


ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။


နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။

''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။

တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။

တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင် တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရ သည်။

Yangon Media Group

ခင်ပွန်းဖြစ်သူနှင့် စကားများပြီး ခင်ပွန်းဖြစ်သူအား ပြောမရသဖြင့် ကြိုးဆွဲချ သေဆုံး


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အနောက်ရွာတော်ကျေးရွာတွင် ခင်ပွန်းဖြစ်သူနှင့် စကားများ ခင်ပွန်းဖြစ်သူအား ပြောမရသဖြင့် ဆွဲကြိုးချ သေဆုံးခြင်းမှု သြဂုတ် ၂၀ ရက်၊ နံနက် (၇) နာရီဖြစ်ပွားရာ ကျောက်ဆည်မြို့ မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်လွင်အောင်က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ အနောက်ရွာတော်ကျေးရွာနေ မချောစု (၂၅) နှစ် (ဘ) ဦးကျော်ဝင်းသည် နေအိမ် ဘုရားခန်း သစ်သားထုတ်တန်းတွင် ရေပုံကြိုးအား ကွင်းလျောလုပ်၍ တွဲလောင်းအနေအထားဖြင့် သစ်သားခုံတန်း လက်တန်ပေါ်တွင် ခြေလွတ်၊ လက်လွတ် ထိုင်သည့်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းအား မှုခင်းဆေးစာဖြင့် ကျောက်ဆည်ဆေးရုံသို့ တင်ပို့ခဲ့ပြီး မချောစု သေဆုံခြင်းအား ကျောက်ဆည်မြို့ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄) ဖြင့် အမှုဖွင့်ဆောင် ရွက်ပြီး စခန်းမှူး ဒုရဲမှူး အေးအောင်က ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
MOI

တောင်ကြီးမြို့လယ်ခေါင်တွင် ဓားထိုးမှုဖြစ်


တရားဝင်ကွာရှင်းထားသည့် ဇနီးဟောင်းကို ယောကျာ်းက ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု တောင်ကြီးမြို့တွင် သြဂုတ် ၂၀ရက်၊ နံနက်ပိုင်း ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု တောင်ကြီး မြို့မရဲစခန်းက ထုတ်ပြန်ထားသည်။


ဖြစ်ပွားပုံမှာ တောင်ကြီးမြို့၊ မင်္ဂလာဦး ရပ်ကွက်နေ မခင်ခင်သန့်သည် အလုပ်သို့သွားရန် မောင်ဖြစ်သူ ထွန်းလင်းအား ဆိုင်ကယ်နှင့် လိုက်လံ ပို့ဆောင်ခိုင်းခဲ့ရာ ကန်ရှေ့ရပ်ကွက်၊ ဓမ္မရက္ခိတလမ်း၊ ရွှေကျွန်းဟိုတယ်အနီးသို့ အရောက်တွင် လွန်ခဲ့သော တစ်နှစ်ခန့်က မခင်ခင်သန့်နှင့် တရားဝင် ကွာရှင်းထားသော မျိုးမင်းသန့် (ခ) သားဖောသည် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး ထွန်းလင်း မောင်းနှင်သော ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်သဖြင့် ထွန်းလင်းက ဆိုင်ကယ်အား ရပ်တန့်ပေးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ ရပ်တန့်ပေးစဉ် မျိုးမင်းသန့် (ခ) သားဖောသည် ထွန်းလင်း၏ ဆိုင်ကယ်သော့အား ဖြုတ်ယူခဲ့ပြီး မခင်ခင်သန့်နှင့် ၎င်းတို့၏ ကလေးနှင့် ပတ်သက်၍ စကားပြောဆိုနေခဲ့သည်ဟု ဆိုသည်။

စကားပြောဆိုနေရာမှ ငါးမိနစ်ခန့်အကြာတွင် မျိုးမင်းသန့်(ခ) သားဖောသည် ၎င်း၏ ခါးကြားအတွင်းမှ အရိုးခြောက် လက်မခန့်၊ အသွား ကိုးလက်မခန့်ရှိ လက်ကိုင်အနက်ရောင် ဓားဦးချွန်ဖြင့် ထိုးရာ မခင်ခင်သန့် ၀မ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဘယ်လက်မောင်းတွင် ထိုးသွင်းဒဏ်ရာသုံးချက် ရရှိခဲ့ပြီး မျိုးမင်းသန့်(ခ) သားဖောသည်လည်း အခင်းဖြစ်နေရာမှ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“လူတွေ အမြဲစည်ကားနေတဲ့ မြို့လယ်ခေါင်ကြီး ဈေးနဲ့လည်းနီးတယ်။ ဓားထိုးခံရတယ်အော်လို့ ကျွန်တော်တို့လည်း ပြေးကြည့်တော့ တရားခံက ထွက်ပြေးသွားပြီ” ဟု တောင်ကြီးမြို့ခံ ခွန်အောင်ထွန်းမင်းက မဇ္ဈိမကို ပြောသည်။

အမဖြစ်သူ ဓားဖြင့် ထိုးခံရသဖြင့် မောင်ဖြစ်သူ ထွန်းလင်းမှ အခင်းဖြစ်ရာအနီးရှိ ဆေးဆိုင်အား သွားရောက် အကူအညီ တောင်းခံပြီး စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ရာ လမ်းတွင် သေဆုံးခဲ့သည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ထွက်ပြေး လွတ်မြောက်သွားသူ မျိုးမင်းသန့် (ခ) သားဖောအား နေ့လယ် ၁၁ နာရီ မိနစ်၂၀ တွင် ဖမ်းဆီးနိုင်ခဲ့ပြီး သက်သေခံ ဓားအားလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ သမီးဖြစ်သူ သေဆုံးအောင် ဓားဖြင့်ထိုးသူအား အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးအောင်ချစ်မှ ဓားဖြင့် ထိုးသူ မျိုးမင်းသန့်(ခ)သားဖော(၃၅) နှစ်အား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းလာသဖြင့် တောင်ကြီးမြို့မ ရဲစခန်းမှ(ပ) ၁၉၀/ ၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၀၂ အရ အမှုဖွင့်ထားသည်။

Credit To :Mizzima

အစ္စရေးလ်တိုက်ခိုက်မှုကြောင့် Hamas ခေါင်းဆောင် ဇနီးနှင့်သားသေဆုံး


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့မှာ ဆက်ဖြစ်ခဲ့ပါတယ်။ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုတခုမှာတော့ ဂါဇာမှာရှိတဲ့ Hamas စစ်ခေါင်းဆောင်တဦးရဲ့ ဇနီးနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးသွားတာပါ။

မြေထဲပင်လယ်တလျှောက် ပါလက်စတိုင်းနယ်မြေတွင်း ပစ်မှတ် ၉၀ ကျော်ကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလ်က ပြောပါတယ်။ ဒီအထဲမှာ Hamas စစ်ခေါင်းဆောင် Mohammed Deif ရဲ့ နေအိမ်လည်းပါဝင်ပြီး၊ အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုမှာ သူ့နေအိမ် ထိမှန်ခဲ့တာပါ။

ဒါပေမဲ့ Mohammed Deif ကတော့ အသက်ရှင်ကျန်ရစ်ပြီး အသက် ၂၇ နှစ်အရွယ် သူ့ဇနီးနဲ့ ၇ လအရွယ် သားငယ်တို့ သေဆုံးခဲ့တယ်လို့ Hamas အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီ အသုဘမှာတော့ လူထောင်ဂဏန်း တက်ရောက်ခဲ့ကြပြီး၊ လက်တုံ့ပြန်မယ်ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

ရုပ်အလောင်းတွေကို အစိမ်းရောင် Hamas အလံနဲ့ လွှမ်းခြုံထားပြီး၊ ၀တ်ပြုဗလီတခုကနေ Jabliya က ဒုက္ခသည်စခန်းတခုမှာ သင်္ချိုင်းကို ပို့ဆောင်ခဲ့ကြပါတယ်။ အဲဒီ စစ်ခေါင်းဆောင် Deif ဟာ လူသတ်တရားခံဖြစ်ပြီး၊ အစ္စရေးလ်အနေနဲ့ သူ့ကို သတ်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားသွားရမယ်ဆိုပြီး အစ္စရေးလ် ပြည်ထဲရေးဝန်ကြီး Gideon Saar က ပြောခဲ့ဖူးပါတယ်။

အစ္စရေးလ်နိုင်ငံသားတွေအတွက် တည်ငြိမ်အေးချမ်း လုံခြုံမှု စိတ်ချရတဲ့အထိ ဂါဇာကို ထိုးစစ်ဆင် သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyahu ကလည်း ပြောထားပါတယ်။

VOA

လူတစ်ဦး သိန်း(၂၀)နှုန်းဖြင့် KIA အဖွဲ့ ပြန်ပေးဆွဲ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်ရှိ လဖစက်လှေဆိပ်တွင် သွားလာနေသော ဒေသခံပြည်သူ များအား သြဂုတ်လ ဒုတိယပတ်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ပြန်ပေးဆွဲမှုများ ပြုလုပ် နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ စက်လှေဆိပ်ကမ်းမှ ဆွမ်ပရာဘွမ်မြို့နယ် လယန်ရွှေမှော်သို့ ပြေးဆွဲလျက်ရှိသော စက်လှေများတွင် လိုက်ပါလာသော ခရီးသည်များနှင့် ယာဉ်မောင်းများအား မှတ်ပုံတင်နှင့် မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ကာ ငွေတောင်းပြန်ပေးဆွဲနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ စက်လှေပေါ်မှာပါတဲ့ ခရီးသည်တွေနဲ့ စက်လှေမောင်းသမားတွေကို KIA အဖွဲ့က မှတ်ပုံတင်စစ်တယ်၊ မူးယစ်ဆေး သုံး၊ မသုံး စစ်တယ်လို့ အကြောင်းပြပြီး ငွေတောင်းတယ်၊ ငွေမပေးနိုင်ရင် ဖမ်းသွားတော့တာ ” ဟု ကိုယ်တွေ့ကြုံခဲ့သော မြို့ခံတစ်ဦးက ဆိုသည်။


KIA အဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြစွပ်စွဲခံရသော ဒေသခံခရီးသွားပြည်သူများအနေဖြင့် တစ်ဦးလျှင် သိန်း(၂၀) ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရေကြောင်း၊ မပေးနိုင်ပါက ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေဖြင့် ပြန်ရွေးခိုင်းကြောင်း သိရသည်။


“ မူးယစ်ဆေး သုံးတာ မသုံးတာ သူတို့အဖွဲ့နဲ့ ဘာမှ မဆိုင်ဘူး၊ သက်သက်မဲ့ အကြောင်းရှာတာ၊ သူတို့ KIA စစ်သားမှန်သမျှ အကုန်လုံး ဘိန်းစားဆေးသမားတွေချည်းပဲ၊ တစ်ယောက် သိန်း(၂၀)တောင်းတယ်၊ ခရီးသွား နေတာဆိုတော့ ဘယ်ပေးနိုင်မလဲ၊ အဲဒါ ဖမ်းသွားတယ်လေ၊ ပြီးတော့မှ မိသားစုဆီ ဆက်သွယ်ပြီး ငွေနဲ့ လာရွေးခိုင်းတာ၊ ဒါဟာ ပြန်ပေးဆွဲတာပဲပေါ့ ” ဟု ကချင်စုရပ်ကွက်နေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။


မူးယစ်ဆေး သုံးစွဲသည်ဟု စွပ်စွဲကာ KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံအမျိုးသား(၂၀)ဦးခန့်ရှိကြောင်းနှင့် ငွေသိန်း(၂၀)ဖြင့် ပြန်မရွေးပါက လူသစ်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့မှ ငွေမပေးနိုင်၍ ဖမ်းဆီးထားသော အမျိုးသား(၂၀)ဦးအား လူသစ်အဖြစ် အိုရှီဇွတ်စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းစခန်းမှတစ်ဆင့် KIA သင်တန်းကျောင်းရှိရာ အင်ဂွန်းလသို့ ဆက်လက် ခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။




ထိုက်ဇော်

အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးအား အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ရှိ မရှိ စောင့်ကြည့်စစ်ဆေးနေ


အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူကို အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသလျက်ရှိပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် ၎င်းတို့၏ သွေးနမူနာများကို အိန္ဒိယသို့ ပေးပို့စစ်ဆေးထားကြောင်း အထူးကုဆေးရုံ(ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေး၏ ပြောကြားချက်အရ သိရသည်။

သြဂုတ် ၁၉ ရက် ည ၈ နာရီဝန်းကျင်ခန့်က ထိုင်းနိုင်ငံမှ MAI လေကြောင်း လိုင်း 8M 332 ဖြင့် ပြန်လာသည့်ခရီးသည်များအနက်မှ ခရီးသည်တစ်ဦးမှာ လေဆိပ်ရှိ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးရာတွင် ကိုယ်လက်မအီမသာဖြစ်ကာ အပူချိန်မြင့်နေပြီး အီဘိုလာဗိုင်းရပ်စ်ပိုး သံသယလက္ခဏာများတွေ့ရှိခဲ့ကြောင်း၊ သံသယလက္ခဏာများ တွေ့ရှိခဲ့သူလူနာမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယင်းလူနာသည် အီဘိုလာဗိုင်းရပ်ပိုး ကူးစက်ဖြစ်ပွားနေသည့် ဂီနီနှင့်လိုင်ဘေးရီးယားနိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူဖြစ်ကြောင်းနှင့် လူနာနှင့်အတူ ခရီးစဉ်အတွင်းပါလာသူလေးဦးကိုလည်း အထူးကုဆေးရုံ(ဝေဘာဂီ)သို့ ပို့ဆောင်ထားကြောင်း သိရသည်။

"လေဆိပ်ကပို့ထားတဲ့ ဖျားနေတဲ့လူနာအပြင် သူနဲ့အတူပါလာတဲ့လေးဦးစလုံးကို ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ထားထားပါတယ်။ လူနာရဲ့အခြေအနေကတော့ အားလုံးကောင်းပါတယ်။ လူနာက မအီမသာဖြစ်နေပြီး အပူချိန်နည်းနည်းရှိနေတဲ့အတွက် ခေါ်ထားတာပါ။ အခုသူတို့ရဲ့သွေးကိုဖောက်ပြီး အိန္ဒိယနိုင်ငံကို ပေးပို့စစ်ဆေးထားပါတယ်။ စစ်တာသုံးလေးရက်တော့ စောင့်ရမယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ရှိ မရှိ အတည်ပြုနိုင်ဖို့ မြန်မာပြည်မှာလည်း စစ်လို့မရပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသေးစိတ်လုပ်တာဖြစ်တဲ့အတွက် ကျွန်မတို့က လူနာရဲ့သွေးကိုဖောက်ပြီး လေဆိပ်ကိုပို့လိုက်တယ်။ သူတို့က ဆက်လုပ်သွားမှာပါ" ဟု အထူးကုဆေးရုံ (ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေးက သြဂုတ် ၂၀ ရက်မနက်ပိုင်းက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ လူနာနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက "အာဖရိကနောက်ပိုင်းမှာ အီဘိုလာရောဂါဖြစ်တဲ့အချိန်မှာ ၀န်ကြီးဌာနအနေနဲ့ ကိုယ့်နိုင်ငံထဲရောဂါမရောက်အောင် ပြည်အ၀င်အထွက်တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းတွေလုပ်တယ်။ ရောက်လာတာနဲ့ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေမှာ သွားထားလား၊ ရောဂါဖြစ်ပွားတဲ့လူတွေနဲ့ ထိတွေ့မှုရှိမရှိစတာတွေကို မေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နေရင်းနဲ့ပဲ ၁၈ ရက်နေ့ထိတော့ သံသယလူနာတစ်ယောက်မှမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၁၉ ရက်မှာ လေကြောင်းလိုင်းမှာပါလာတဲ့ လူနာတစ်ယောက်ကို တွေ့ရတယ်။ သူက အရမ်းကိုဖျားလာတယ်။ ကိုယ်မအီမသာဖြစ်တယ်။ ရောဂါလက္ခဏာတွေကိုကြည့်ပြီး သွားခဲ့တဲ့နိုင်ငံတွေကိုမေးလိုက်တဲ့အခါမှာ ရောဂါဖြစ်ပွားနေတဲ့ လိုင်ဘေးရီးယားနိုင်ငံကိုသွားခဲ့တာ ဖြစ်နေတယ်။ အဲဒါကြောင့် သူ့ကို သံသယလူနာလို့သတ်မှတ်တယ်။ လုပ်ငန်းအရ သီးခြားခွဲခြားကုသရတဲ့အတွက် ဝေဘာဂီဆေးရုံကိုပို့ထားပါတယ်။ အဲဒီမှာရှိတဲ့ ဆေးရုံအုပ်ကြီးနဲ့ သမားတော်အဖွဲ့က သူ့ကိုစောင့်ကြပ်ကုသနေပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကနေပြီး လူနာကို ရောဂါ ဟုတ် မဟုတ် စစ်ဆေးပေးနိုင်ဖို့အတွက် ဓာတ်ခွဲနမူနာတွေယူပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ညွှန်းပို့ဓာတ်ခွဲခန်းဖြစ်တဲ့ အိန္ဒိယကဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ သူနဲ့အတူ တောက်လျှောက်ပါလာပြီး သူ့ကိုပြုစုကုသခဲ့တဲ့ လူလေးယောက်ကိုလည်း စိတ်ချရအောင် ဝေဘာဂီကိုပို့ထားပြီး စောင့်ကြပ်ထားပါတယ်။ သူတို့ရဲ့ သွေးနမူနာကိုလည်း ဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ ဓာတ်ခွဲစစ်ဆေးတာ ပုံမှန်ကတော့ အနည်းဆုံးသုံးလေးရက်တော့ကြာတတ်တဲ့အတွက် ဓာတ်ခွဲခန်းအဖြေပေါ်မူတည်ပြီး ဆက်လက်ထုတ်ပြန်ပြောကြားသွားမှာပါ" ဟုပြောကြားသည်။

ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးတင်က "မြန်မာနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း ရှိ မရှိ အတည်ပြုနိုင်ဖို့ ဓာတ်ခွဲခန်းတွေမှာ အတည်မပြုနိုင်ပါဘူး။ တကယ်လို့ သံသယလူနာဟုတ်နေတယ်၊ သံသယအချက်အလက်တွေလည်း ကိုက်ညီနေတယ်ဆိုရင် အဲဒီသူရဲ့အချက်အလက်တွေကို အိန္ဒိယနိုင်ငံကို ပေးပို့စစ်ဆေးသွားပြီး ရရှိလာတဲ့အချက်အလက်ပေါ်မူတည်ပြီး အတည်ပြုထုတ်ပြန်သွားမှာပါ" ဟု ပြောကြားသည်။

လေဆိပ်ကပို့ထားတဲ့ ဖျားနေတဲ့လူနာအပြင် သူနဲ့အတူပါလာတဲ့လေးဦးစလုံးကို ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ထားထားပါတယ်။ လူနာရဲ့အခြေအနေကတော့ အားလုံးကောင်းပါတယ်။ လူနာက မအီမသာဖြစ်နေပြီး အပူချိန်နည်းနည်းရှိနေတဲ့အတွက် ခေါ်ထားတာပါ။ အခုသူတို့ရဲ့သွေးကိုဖောက်ပြီး အိန္ဒိယနိုင်ငံကို ပေးပို့စစ်ဆေးထားပါတယ် 
အာဖရိကအနောက်ခြမ်းနိုင်ငံများတွင်ဖြစ်ပွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်မှုမရှိစေရန် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ လုပ်ဆောင်ပေးလျက်ရှိပြီး သံသယရှိဖွယ်လူနာများတွေ့ရှိခဲ့ပါက စောင့်ကြပ်ကြည့်ရှုကုသနိုင်ရန် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန်အထွေထွေရောဂါကုဆေးရုံနှင့် အထူးကုဆေးရုံ(ဝေဘာဂီ)၊ မန္တလေးတိုင်းဒေသကြီး၊ ကန်တော်လတီကူးစက်ဆေးရုံများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့်နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းလူများကို ရောဂါသံသယလက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ရန်ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

ယင်းဗိုင်းရပ်စ်သည် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အာဖရိကအနောက်ခြမ်းနိုင်ငံဖြစ်သည့် ဂီနီတွင်စတင်ဖြစ်ပွားခဲ့ပြီး ယင်းနိုင်ငံမှတစ်ဆင့် ရောဂါဝေဒနာခံစားနေရသူများ၏ ခရီးသွားလာမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လိုင်ဘေးရီးယား၊ နိုင်ဂျီးနီးယားနှင့် ဆီယာရာလီယွန်နိုင်ငံများသို့ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအဆိုပါလေးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်ကြောင်းနှင့် ယခုကဲ့သို့ဖြစ်ပွားမှုသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၆ ရက်အထိ ထုတ်ပြန်ချက်အရ အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူဦးရေ ၂၂၄၀ ဦးရှိနေပြီး သေဆုံးသူ ၁၂၂၉ ဦးရှိပြီဟု ထုတ်ပြန်ထားသည်။

Eleven 


အနောက်အဖရိကတွင် အီဘိုလာ ကူးဆက်ခံရသူ အရေအတွက် ၂၂၄၀ သို့ရောက်ရှိ။


အနောက်အဖရိက နိုင်ငံများဖြစ်သော ဂီနီ၊ လိုက်ဘေးရီးယား၊ နိုင်ဂျီးရီးယားနှင့် ဆီယာရာလီယွန် တို့တွင် အီဘိုလာ ကူးစက်ခံရသူ အရေအတွက်မှာ ၂၂၄၀ အထိ ရောက်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူဦးရေမှာ ၁၂၂၉ ဦးရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အချက်အလက်များကိုးကား ၍ ကုလသမဂ္ဂပြောခွင့်ရ ပုဂ္ဂိုလ် စတိဖိန်း ဒူဂျာရစ် က သတင်းထောက်များကို သြဂုတ် ၁၉ ရက်က ပြောကြားခဲ့သည်။
Ref : Xinhua

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကေအိုင်အို၏ မူဝါဒတို့ကို ဗိုလ်ချုပ်ဂွမ်မော် ရှင်းလင်း

ကချင်ဒေသခံများအား စစ်သားစုဆောင်းသည့်ကိစ္စနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ မူဝါဒတို့ကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဩဂုတ် ၁၈ ရက်နှင့် ၁၉ ရက်များတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားသည်။
ကေအိုင်အို ဗဟိုအနေဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်ခြင်း မပြုလုပ်ရန် အပါအဝင် တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်သည့် စည်းကမ်းများရှိသည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

“တပ်မတော်တစ်ရပ်မှာ အမြဲတမ်းစည်းကမ်းတွေရှိပါတယ်။ ပြီးတော့လည်း အမြဲတမ်းစည်းကမ်း မလိုက်နာတာလည်း ရှိပါတယ်။ ဥပမာ အသက်မပြည့်တဲ့ ကလေးတွေကို စုဆောင်းရေး မလုပ်ရဘူးဆိုတာတွေလည်း ရှိပါတယ်။ ဒါတော့ အဖွဲ့တိုင်း တပ်တိုင်းမှာ အနည်းနဲ့အများတော့ ရှိပါတယ်။ ဒီလိုဖြစ်ရင်လည်း အရေးယူလေ့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်တွင် ကချင်နှင့် ရှမ်းတိုင်းရင်းသားများ အပါအဝင် ဒေသခံများအား ကေအိုင်အေတပ်အချို့မှ ဖမ်းဆီးကာ တပ်သားစုဆောင်းမှုများ ရှိနေသည်ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်အားမေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော်က “ကေအိုင်အိုမှာက စစ်တပ်ကြီးပဲ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိပါတယ်။ တချို့ဖမ်းဆီးမှုတွေက တပ်သားစုဆောင်းရေး မဟုတ်ဘဲနဲ့ ပြစ်မှုကျူးလွန်တာတို့ အမှုကိစ္စတွေနဲ့ ဖမ်းဆီးထားတာ ရှိပါတယ်။ ဒီလိုဟာမျိုးကျရင် တရားစီရင်ပြီးမှ ဥပဒေနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက်ရှင်းပြရာတွင် ကေအိုင်အိုအဖွဲ့အနေဖြင့် ကချင်လူမျိုးတိုင်းသည် မိမိ၏ ကာကွယ်ရေး တပ်မတော်ဖြစ်သော ကေအိုင်အေတွင် ပါဝင်ရမည်ဆိုသည့် မူဖြစ်ကြောင်း၊ ထိုနည်းတူ ကချင်ပြည်နယ် ဌာနေသားများဖြစ်သော အထူးသဖြင့် ရှမ်းလူမျိုးများလည်း ပါဝင်ရမည်ဆိုသည့်မူကို ချမှတ်ထားသည်ဟု ပြောကြားသည်။

“မိမိသဘောဆန္ဒအလျောက်၊ နောက်တစ်ခုက တာဝန်ပိုင်းအရ ဥပမာ ကချင်ဆိုရင် ကချင်လူငယ်တိုင်းက ပါဝင်ရမယ် ဆိုတဲ့မူဝါဒ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ကိုယ်စားလှယ်များသည် ဩဂုတ် ၁၂ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို၏ ဆက်ဆံရေးရုံးတွင် တွေ့ဆုံခဲ့ရာ တပ်မတော်နှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲများ မဖြစ်ပွားရေးကိစ္စ အပါအဝင် ကေအိုင်အေအောက်ခြေ တပ်အချို့၏ တပ်သားသစ်စုဆောင်းမှု ပြုလုပ်ခဲ့သည့် ကိစ္စများကိုလည်း ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


MPC ၌ ပြုလုပ်သော UPWC, NCCT နှင့် နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲ၌ ဗိုလ်ချုပ်ဂွမ်မော် ဆွေးနွေးစဉ်
Eleven Media Group

မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတားလက်ရန်းဘောင်အား ၀င်တိုက်

မဟာဗန္ဓုလတံတားပေါ်တွင် လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ကိုယ်ပိုင်ယာဉ်တစ်စီးနှင့် တံတားလက်ရန်းဘောင်အား ဝင်တိုက်မှု ဩဂုတ် ၂ဝ ရက်ည နေ ၅ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်တွင် ဗိုလ်တထောင်ဘက်မှ ဒေါပုံဘက်သို့ လမ်းပြောင်းပြန်မောင်းနှင်လာသော ကွန်တိန်နာယာဉ်သည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ဘလောက်တုံးများကို ဝင်တိုက်ခဲ့သည်။ ထို့နောက် လမ်းမှန်ဘက်သို့ ချိုးကွေ့ကာ ပါဂျဲရိုးအမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးအား ထပ်မံတိုက်မိခဲ့ပြီးနောက် တံတားလက်ရန်းဘောင်ကို ဝင်တိုက်မိခဲ့ကာ အဆိုပါ ကွန်တိန်နာယာဉ်၏ ရှေ့ဘီးနှစ်ဘီးကျွံကျခဲ့ကြောင်း သိရသည်။
“ညနေ ၅ နာရီလောက်က လမ်းပြောင်းပြန်မောင်းလာတဲ့ ကွန်တိန်နာကားကြီး လမ်းလယ်က ဘလောက်တုံးတွေကို ဝင်တိုက်တယ်။ နောက်ပြီး ဒေါပုံဘက်ကို ဆင်းလာတဲ့ ပါဂျဲရိုးကားကို ထပ်တိုက်ပြီးတော့ တံတားလက်ရန်းဘောင်ပေါ်ကို ရှေ့ဘီးနှစ်ဘီးကျွံ ကျသွားတယ်။ ကွန်တိန်နာကားမောင်းသမားကတော့ ထွက်ပြေးသွားတယ်။ ပါဂျဲရိုး ကားပေါ်က အမျိုးသမီးတစ်ယောက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်” ဟု အဆိုပါ ယာဉ်တိုက်မှုအား တွေ့မြင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောကြားသည်။
ယင်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိယာဉ်ထိန်းရဲတစ်ဦးက “ ကားကို မဆင်မခြင်မောင်းနှင်လာတဲ့ ကွန်တိန်နာ ယာဉ်မောင်းက ထွက်ပြေးသွားတဲ့အတွက် သူ့ကိုမော်တော်ယာဉ် ဥပဒေအတိုင်း စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာပါ” ဟု ပြောကြားသည်။
ယင်းကဲ့သို့ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သောကြောင့် မဟာဗန္ဓုလတံတားပေါ်၊ ဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးတစ်လျှောက်နှင့် သာကေတတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ယခင်ကထက် ပိုမိုဖြစ်ပွားခဲ့သည်။ အဆိုပါမဟာဗန္ဓုလတံတား အဆင်းနှင့်ယမုံနာလမ်းဆုံရာ မီးပွိုင့်အနီးလမ်းကွေ့တွင် ကွန်တိန်နာယာဉ် တိမ်းမှောက်မှုများ၊ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

မဟာဗန္ဓုလတံတားပေါ်တွင် ရှေ့ဘီးနှစ်ဘီး ကျွံကျသွားသော ကွန်တိန်နာယာဉ်အား သြဂုတ်၂၀ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- အောင်ထက်ခိုင်)
Eleven

ဂျက်ကီချန်းက သားဖြစ်သူ ဆေးခြောက်မှုဖြင့် အဖမ်းခံခဲ့ရခြင်းအပေါ် ရှက်မိကြောင်း ပြောကြား


တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိနေအိမ်တွင် ဆေးခြောက် ၁၀၀ ကီလိုဂရမ်နှင့်အတူ သြဂုတ် ၁၄ ရက်က ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၆ ခုနှစ် မှစ၍ ဆေးခြောက်သုံးစွဲခဲ့ကြောင့် စစ်ဆေးတွေ့ရှိခဲ့ရသည့် သားဖြစ်သူ ဂျေစီချန်းကြောင့် မိမိအနေဖြင့် အလွန်တရာရှက်မိကြောင်း သြဂုတ် ၂၀ ရက်တွင် ဂျက်ကီချန်းက ပြောကြားလိုက်သည်။


ထိုကဲ့သို့ ဖြစ်ရခြင်းမှာ မိမိ၏သားအား ကောင်းမွန်စွာ မသွန်သင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း ဂျက်ကီချန်းက ၀န်ခံပြောကြားခဲ့သည်။

ဂျက်ကီချန်းသည် တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖျက်ရေးဆိုင်ရာ သံတမန်တစ်ဦးအဖြစ် ၂၀၀၉ ခုနှစ်တွင် ခန့်အပ်ခြင်း ခံခဲ့ရသူတစ်ဦးဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် သားဖြစ်သူ ယခုကဲ့သို့ ဖမ်းဆီးခံရမှုအပေါ် များစွာစိတ်ဆိုးပြီး အလွန်အမင်းတုန်လှုပ်သွားခဲ့ကြောင်း ဂျက်ကီချန်းက Sina Weibo လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“ထင်ရှားကျော်ကြားသူ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကျွန်တော်အနေနဲ့ များစွာရှက်မိသလို ဖခင်တစ်ဦးအနေနဲ့လည်း များစွာတုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော့်သားကို သွန်သင်ဆုံးမနိုင်ခဲ့ခြင်းမရှိလို့ အခုလိုဖြစ်ရတာပါ။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်ပြည်သူတွေကို တောင်းပန်ပါတယ်” ဟု ဂျက်ကီချိန်းက ရေးသားခဲ့သည်။

တရုတ်နိုင်ငံတွင် ဆေးခြောက်သုံးစွဲခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့ကို ဥပဒေအရ တားမြစ်ထားသည်။

ဂျေစီချိန်သည် ထိုင်ဝမ်သရုပ်ဆောင် ကိုင်ကိုးနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် တရားမ၀င် မူးယစ်ဆေးဝါးသုံးစွဲသူများကို ပုံမှန်ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့ရာ ထင်ပေါ်ကျော်ကြားသူ အနု ပညာရှင် ၁၀ ဦးထက်မနည်း ယခုနှစ်အတွင်း ဖမ်းဆီးခံခဲ့ရသည်။

သြဂုတ် ၂၀ ရက်က ရေးသားခဲ့သော လူမှုကွန်ရက်တွင် ဂျက်ကီချန်းက သားဖြစ်သူကို တိုက်ရိုက်ရည်ညွှန်း၍ “မင်းမဟုတ်တာ လုပ် ရင်တော့ နောက်ဆက်တွဲတွေကို မင်းပဲခံရမှာပဲ။ ဖခင်တစ်ယောက်အနေနဲ့ ငါကတော့ အနာဂတ်ကို မင်းနဲ့အတူ ဆက်ပြီး ရင်ဆိုင်သွားမှာပါပဲ” ဟု ဖော်ပြထားသည်။

Ref:AFP, CNA
Mizzima

မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း





(၂၀.၈.၂၀၁၄)ရက်နေ့၊ နေ့လည် (၁၄း၁၅)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြားတွင် JJ Express ယာဉ်လိုင်းမှ နေပြည်တော်-မန္တလေးခရီးစဉ်၊ ယာဉ်အမှတ် 1G/1493၊ ယာဉ်မောင်း - ဦးတင်လင်းအောင်၊ အသက် (၃၅)နှစ်၊ (ဘ) ဦးစံလှ မောင်းနှင်သောယာဉ်သည် မိုးရွာသွန်းနေစဉ် အရှိန်ဖြင့်မောင်းနှင်မှုကြောင့် လမ်းကွေ့တွင်စလစ်ဖြစ်ပြီး အသွားလမ်းမှ လမ်းလယ်ကျွန်းကို ကျော်ကာ အပြန်လမ်းဘက်သို့ရောက်ရှိပြီး ဘေးတစ်စောင်းတိမ်းမှောက်သွားသော ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။


အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ ပေါင်း (၂၉)ဦးပါရှိခဲ့ပြီး ယာဉ်မောင်းအပါအ၀င် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၂)ဦးတို့မှာ ဒဏ်ရာအသီးသီး (အားလုံးမစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး နေပြည်တော်ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာရရှိသူများတွင် တယ်လီကွန်းကုမ္ပဏီမှ တရုတ်နိုင်ငံသား အင်ဂျင်နီယာအမျိုးသား(၂)ဦးနှင့် သြစတေးလျနိုင်ငံသူ မြန်မာစာ (Ph.D)စာတမ်းပြုစုရန် လေ့လာနေသူတစ်ဦးတို့ ပါရှိခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သောယာဉ်၏ နောက်ဘီး(၄)ဘီးလုံးမှ တာယာများမှာ တာယာသားပန်းများလုံးဝမရှိဘဲပြောင်ချောနေပြီး စတီးကြိုးများပေါ်သည့်တိုင်အောင် ပါးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၄င်းယာဉ်မောင်းသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိစေရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှပူးပေါင်းပြီး ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းဖြင့်သာမောင်းနှင်စေရေး အချိန်ထိန်းကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက် လျက်ရှိနေသော နေပြည်တော် (စီ)လမ်းဆုံ တိုးလ်ဂိတ်အားဖြတ်သန်းမောင်းနှင်ခြင်းမရှိဘဲ အမြန်လမ်းပေါ်တက်ရောက်ရန် ခွင့်ပြုထားခြင်းမရှိသောနေရာမှ မောင်းနှင်တက်ရောက်ခဲ့ပြီး ရာသီဥတုပုံမှန်မဟုတ်ဘဲမိုးသည်းထန်စွာရွာသွန်းနေစဉ်တွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့မှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်း များမှ ယာဉ်မတော်တဆမှုများဖြစ်ပွားခြင်းမရှိစေရေးအတွက် အမြန်လမ်းအသုံးပြုသည့် မော်တော်ယာဉ်များအားယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှု မရှိစေရေး အချိန်ထိန်းစနစ်ဖြင့်စစ်ဆေးခြင်း၊ ခရီးသည်တင်ယာဉ်များပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ် စာနာငဲ့ညှာခြင်းမရှိဘဲ သက်တမ်းကုန်ဆုံးပြီး အရည်အသွေးလုံးဝမရှိသော တာယာဘီးများအသုံးပြုခဲ့သည့် မော်တော်ယာဉ်ပိုင်ရှင်/ မော်တော်ယာဉ်လိုင်းနှင့် မိမိယာဉ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ရာသီဥတုအခြေအနေတွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့သူမော်တော်ယာဉ်မောင်းအား ပညာပေးကာလကုန်ဆုံးခဲ့ပြီးဖြစ်သဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon-Mandalay Expressway

အမေပြောတဲ့ ဆင်းရဲခြင်း



သားရေ လောကမှာ ပိုက်ဆံရှိတိုင်းလည်း ချမ်းသာတာ မဟုတ်သလို ပိုက်ဆံ မရှိတိုင်းလည်း ဆင်းရဲတာ မဟုတ်ပါဘူး။ လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ဟာ အရေးကြီး ပါတယ်ကွယ်။

ငါ့သား မှတ်ထားရမည်က " ဘာကိုမှ မလိုချင်ဘူးဆိုရင် ဘယ်တော့မှ ဆင်းရဲမှာ မဟုတ်ဘူး။ ဆင်းရဲတယ်ဆိုတာ မိမိရှိတဲ့ ပစ္စည်း ဥစ္စာတွေနဲ့ မတင်းတိမ်ဘဲ
အလိုရမ္မက်တွေ ကြီးနေတယ်ဆိုရင် ပိုက်ဆံ ဘယ်လောက် ချမ်းသာ ချမ်းသာ ဆင်းရဲ နေအုံးမှာပါပဲကွယ် "


ငါ့သား အပေါ်ကိုပဲ မကြည့်ပါနဲ့ လည်ပင်းညောင်းလိမ့်မယ် တစ်ခါတစ်လေ အောက်ဘက်ကိုလည်း ကြည့်ပေးပါ။

ကျော်လင်းနိုင် (ရိုးရာလေး)

ပြည်သူလိုလားက ဖွဲ့စည်းပုံပြင်ရန် တရုတ်ထောက်ခံ



မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန် ဓာတ်ပုံ - လွင်မောင်မောင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူများ ပြင်ဆင်ရန် ဆန္ဒရှိပါက တရုတ်နိုင်ငံက ထောက်ခံသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က Mizzima Business Weekly နှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုလိုက်သည်။


“ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ထောက်ခံသွားမှာပါ”ဟု ယန်ဟူလန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပါတီအဖွဲ့အစည်းများကြား သဘောထားကွဲလွဲမှုရှိနေသော်လည်း တရုတ်နိုင်ငံက မြန်မာပြည်သူများ၏ ရွေးချယ်မှုကို အသိအမှတ်ပြု လေးစားသွားမည်ဟု သံအမတ်ကြီးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် လာမည့် လွှတ်တော်အစည်းအဝေးကာလအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းတော့မည်ဟု နာယက သူရဦးရွှေမန်းက ပြောဆိုထားပြီးဖြစ်သည်။

အမည်မဖော်လိုသူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဥပဒေကြမ်းတင်သွင်းလာပါက ပြည်ထောင်စုလွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးခြင်းများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု မျှော်မှန်းထားသော အထွေထွေရွေးကောက်ပွဲ မတိုင်မီ ခြောက်လခန့်အလို အပြီးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားထားပြီးဖြစ်သည်။

လူဦးရေ သန်းခြောက်ဆယ်ရှိသည်ဟု ခန့်မှန်းပြောဆိုထားကြသည့် မြန်မာနိုင်ငံအတွင်း ပြည်သူ ငါးသန်းနီးပါးက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနည်းလမ်းများ ဖော်ပြထားသည့် ပုဒ်မ ၄၃၆ ကိုပြင်ရန် ထောက်ခံထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်သည်။

၎င်းတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ရက်၊ အာဇာနည်နေ့ မတိုင်မီအထိ ၅၄ ရက်ကြာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ၊ 
ထောက်ခံလက်မှတ်များ နိုင်ငံအနှံ့ ကောက်ခံကြခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှု မလိုအပ်ဟု သုံးသပ်သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရန် ဖွဲ့စည်းပုံကို ပြင်ကိုပြင်မည်သာ ဖြစ်သည်ဟု ဗွီအိုအေကို ပြောထားသည်။
Mizzima

အထောက်အထားမဲ့ ဘင်္ဂါလီများကို အခြားဒေသများသို့ အခြေချခွင့်ပြုရန် ရခိုင်လူမှုအဖွဲ့များ သမ္မတထံ စာတင်မည်



ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင် လုံခြုံရေးယူထားသည့် ရဲသားတစ်ဦးကို တွေ့ရစဉ်။ 
ဓာတ်ပုံ-အီးပီအေ

ရခိုင်ပြည်နယ် ဘင်္ဂါလီဒုက္ခသည်စခန်းများမှ အထောက်အထားမဲ့သည့် ဘင်္ဂါလီဒုက္ခသည်များကို ရခိုင်မဟုတ်သည့် အခြားဒေသများတွင် အခြေချနေထိုင်စေရန် သမ္မတထံ အဆိုပြုမည်ဟု ရခိုင်လူမှုအခြေပြု အဖွဲ့အစည်းများက သြဂုတ်၂၀ ရက်တွင် မဇ်္ဈိမကို ပြောသည်။


“အဓိကကတော့ အထောက်အထား တစ်စုံတစ်ရာရှိတဲ့သူတွေကို သူတို့မူလနေရာမှာ ထားဖို့၊ အထောက်အထားမရှိသူတွေကိုတော့ ရခိုင်ပြည်နယ်ထဲမှာ ထိန်းသိမ်းရေးစခန်းတစ်ခု ဖွင့်ပြီးသော်လည်းကောင်း ရခိုင်မှာမဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားကို သွားရောက် အခြေချနေထိုင်ခွင့်ပြုဖို့သော်လည်းကောင်းဖြစ်ပါတယ်”ဟု ဦးသန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ဒုက္ခသည်များ နေရာချထားရေးသည် လုပ်ငန်းစဉ်တစ်ခုအဖြစ် ပါဝင်ပြီး ဒုက္ခသည်များနှင့်ပတ်သက်၍ အပြောင်းအလဲတစ်ခုကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်း အစိုးရက ပြုလုပ်မည်ဟု ရခိုင် ရပ်မိရပ်ဖများနှင့် တွေ့စဉ် ပြောသည်ဟု ဆိုသည်။

ဒုက္ခသည်များကို အစိုးရက မည်သို့မည်ပုံပြုလုပ်မည်ကို မသိရသေးဘဲ ယခုတင်ပြမည့် စာထဲတွင် ရခိုင်တို့၏ သဘောဆန္ဒကို အဖွဲ့အစည်း ၄၀ ကျော်က ပူးပေါင်း၍ ပေးပို့ခြင်းဖြစ်သည်ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

ထိုအဆိုပြုစာကို သမ္မတ ဦးသိန်းစိန်ထံသို့ သြဂုတ် နောက်ဆုံးပတ်တွင် ပေးပို့မည်ဟု ရခိုင်လူမှုအခြေပြု အဖွဲ့အစည်းများက စီစဉ်ထားသည်။

ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဘင်္ဂါလီ ဆယ်သိန်းခန့်ရှိပြီး ဒုက္ခသည်စခန်းများတွင် တစ်သိန်းကျော်ရှိနေသည်။ 
ယင်းတို့အနက် အဖြူရောင်ကတ်နှင့် အခြား အထောက်အထားတစ်စုံတစ်ရာရှိသူများကို ၎င်းတို့၏ မူလနေထိုင်ရာ နေရာတွင် ပြန်လည် အခြေချခွင့်ပြုရန်ဟု တင်ပြသွားမည်ဟု ဆိုသည်။

ထို့ပြင် အထောက်အထားတစ်စုံတစ်ရာ မရှိသူများကို ထိန်းသိမ်းရေးစခန်း တစ်ခုခု ဖွင့်လှစ်ပေးရန် သို့မဟုတ် ရခိုင်ပြည်နယ် မဟုတ်သော တိုင်း၊ ပြည်နယ်များသို့ လွတ်လပ်စွာ အခြေချနေထိုင်ခွင့်ပြုရန်တို့ ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘင်္ဂါလီဒုက္ခသည်စခန်းမှ ဒုက္ခသည်ခေါင်းဆောင် ဦးအောင်ဝင်းက “သီးခြားထားပြီး ပိတ်လှောင်ထားတာမျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ရခိုင်ပြည်နယ်ထဲမှာလည်း ကျွန်တော်တို့ ပညာသင်ခွင့်ကစပြီး အားလုံးအခွင့်အရေး အပြည့်အ၀မရဘူး။ ဖြစ်နိုင်ရင်တော့ တရားဝင်ခွင့်ပြုချက်တွေနဲ့ ပြည်နယ်ပြည်မ ကုန်သွယ်ရေးတွေ လုပ်ချင်တယ်”ဟု မဇ်္ဈိမကို ပြောသည်။