ဖလော်ရီဒါတွင် လူ(၈)ဦးသေဆုံးသည့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွား


အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်တွင် လူတစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ၎င်း၏ မိသားစုဝင် အများအပြား သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အသက်(၅၁)နှစ်ရှိ ဒွန်ချားလ်စ် စပရစ်သည် ၎င်း၏ သမီးဖြစ်သူနှင့် သူမ၏ သားသမီး (၆)ဦးတို့ကို ပစ်သတ်ပြီးနောက် မိမိကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ကြောင်း ရဲများက ဆိုသည်။ ဖလော်ရီဒါရှိ ဘဲလ်မြို့မှ နေအိမ်တွင် ဖြစ်ပွားသော ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် ကလေးများမှာ (၃)လသား အရွယ်မှ (၁၀)နှစ်သား အရွယ်အတွင်းသာ ရှိနေသေးကြောင်း ဂီလ်ချရစ်ခရိုင် ရဲတပ်ဖွဲ့မှ ရောဘတ်ရှုဇ်က ပြောကြားခဲ့သည်။

ရှုဇ်က စက်တင်ဘာ (၁၈)ရက် ညနေခင်းက ဖြစ်ပွားသော ပစ်ခတ်မှုအကြောင်း သတင်းကြားသိချိန်၌ ရဲတပ်ဖွဲ့ဝင် တစ်ဦးက အလျင်အမြန် သွားရောက်ပြီး စပရစ်က မိမိကိုယ်ကိုယ် သေကြောင်းမကြံမီ အဆက်အသွယ်ပြု တားဆီးရန် ကြိုးစားခဲ့သေးကြောင်း ဆိုသည်။

ရှုဇ်က “ဒီလိုမှုခင်းမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူးဘူး။ ဒီခရိုင်၊ ဒီလူ့အဖွဲ့အစည်းဟာ ဒီမှုခင်းအတွက် တုန်လှုပ်ခြောက်ခြားသွားမှာပဲ။ ဒီမှာက နယ်ကျဉ်းကျဉ်းလေးပါ။ အားလုံးက မိသားစုတွေလိုပါပဲ။ သေဆုံးသူတွေအတွက် အားလုံးက ဝိုင်းဝန်း ဆုတောင်းပေးဖို့ ပန်ကြားချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိသွားချိန်တွင် စပရစ် အပါအဝင် အလောင်း(၈)လောင်းကို တွေ့ရှိခဲ့ပြီး နေအိမ်ထဲတွင် အခြား အသက်ရှင်ကျန်ရစ်သူများလည်း ရှိနေကြောင်း သိရသည်။ သို့သော်လည်း ၎င်းတို့သည် လူသတ်မှုတွင် မပတ်သက်ဘဲ စပရစ် တစ်ဦးတည်းသာ သံသယ တရားခံအဖြစ် ရဲများက သတ်မှတ်ခဲ့သည်။

စပရစ်သည် သေနတ်နှင့် ပတ်သက်၍ ပြစ်ချက်ဟောင်း ရှိခဲ့ဖူးပြီး တစ်ကြိမ် ထောင်ကျဖူးသော်လည်း (၂၀၀၆)ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည် လွတ်မြောက်လာသည်။ ဘဲလ်သည် လူဦးရေ (၃၅၀)မျှသာ ရှိသည့် မြို့ငယ်လေးတစ်ခုလည်း ဖြစ်သည်။

_Ref: BBC

0 comments:

Post a Comment