အမေရိကန် လက်နက်အထောက်အပံ့တွေ IS လက်ထဲရောက်

ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani ကိုခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီးအမေရိကန်က လေကြောင်းကနေချပေးလိုက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ညတုန်းက အမေရိကန်လေတပ်က လေထီးနဲ့ ချပေးလိုက်တဲ့ လက်နက်တွေကို စစ်သွေးကြွတွေက ရရှိသွားတယ်လို့ ဆီးရီးယားနိုင်ငံ အတွင်းမှာရှိတဲ့ သူတို့ရဲ့ အဆက်အသွယ်က သတင်းပို့ခဲ့ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

IS အဖွဲ့ကိုလိုလားတဲ့ မီဒီယာတခုက ပြသတဲ့ ဗွီဒီယိုထဲမှာ မျက်နှာကို ဖုံးကွယ်ထားတဲ့ တိုက်ခိုက်ရေးသမား တယောက်က လက်ပစ်ဗုံးတွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ လက်ပစ်ဗုံးသုံး ရော့ကက်လောင်ချာတွေကို စစ်ဆေးနေတဲ့ပုံကို တွေ့မြင်ရပြီး ၀မ်းသာအားရဖြစ်နေတဲ့ သူ့ရဲ့အသံကိုလည်း ကြားနေရပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်ကတော့ လေကြောင်းကနေ လက်နက်တွေ ၂၈ ကြိမ် ချပေးခဲ့ရာမှာ ၂၇ ကြိမ်ဟာ သတ်မှတ်ထားတဲ့နေရာကို တိုက်ရိုက်ကျခဲ့ပြီး Kurdish တိုက်ခိုက်ရေးသမားတွေထံ ရောက်သွားတာ သေချာတယ်လို့ ပြောဆိုပါတယ်။

ဒါပေမဲ့ ပစ္စည်းထုတ်ဟာ လွဲမှားပြီး စစ်သွေးကြွတွေလက်ထဲ ရောက်သွားမှုမရှိဘူး ဆိုတာ ဘယ်သူကမှတော့ တတ်အပ် သေချာ မပြောနိုင်ဘူးလို့ စစ်ဘက်ပြောခွင့်ရ သူက ပြောဆိုပါတယ်။ ရရှိထားတဲ့ ဗွီဒီယိုကို စစ်ဆေးနေတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

VOA

ဒု ဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA က ထုတ်ပယ်

ဒု ဗိုလ်မှူးကြီးဆန်းအောင်ကို DKBA ( ကလိုထူးဘော တပ်ဖွဲ့) က တာဝန်က ရုပ်သိမ်းပြီး တပ်ဖွဲက ထုတ် ပယ် လိုက်တယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက် ထွက်လာပါတယ်။ 


ဒု ဗိုလ်မှူးကြီး ဆန်းအောင်၊ ဓာတ်ပုံ- ဧရာဝတီ
အဲဒီ ကြေညာချက်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ရဲ့ ကိုယ်စား စောမိုရှေးက လက်မှတ်ထိုး ထားပြီး ကျိုက်မရော မှာ အစိုးရစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်ကို လာရောက်ရှင်းပြဖို့ တာဝန်ရှိသူ ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ဆန်းအောင်အား အောက်တိုဘာလ ၅ ရက်နေ့က ဖုန်းနဲ့ ဆင့်ခေါ် ခဲ့တယ်လို့ အစချီပြီး ဖော်ပြထားပါတယ်။ 

ဒါပေမယ့် အခုထိ လာရောက်ရှင်းလင်းမှု မရှိပဲ ပျက်ကွက်တဲ့အတွက် တပ်ဖွဲ့က ပေးအပ်ထားတဲ့ တာဝန်တွေ ကို ရုပ်သိမ်းလိုက်ပြီး တပ်ဖွဲ့ကလည်း ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ကြေညာချက်က ရေးထားပါတယ်။ 

ဒု ဗိုလ်မှူးကြီးဆန်းအောင်ကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်လို့ မရသေးပါဘူး။ 

ဒု ဗိုလ်မှူးကြီးဆန်းအောင်ဟာ လက်ပံတောင်းမှာ သံဃာတော်တွေ မီးလောင်ဗုံးသင့်တုန်းက လည်း မြဝတီ မှာ DKBA တပ်ဖွဲ့နဲ့အတူ ဆန္ဒပြခဲ့ပါတယ်။ အဲဒီအပြင် သမီးလေး ကျေးရွာ အဖျက်ခံရတုန်းကလည်း ရွာသူ၊ ရွာသားတွေကို သူက နေဖို့ စီစဉ်ပေးခဲ့ဖူးတယ်။ 




အိမ့်သံစဉ် ~ 


ဧရာဝတီ 

မန္တလေးသား နဲ့ ဆတ်သား


မန္တလေးမြို့က ဘာသာရေးကို နေရာတိုင်းမှာ အခြေခံ ထားတယ်။ အပြောအဆို၊ အနေအထိုင်၊ အရောင်းအဝယ် ကအစ စားသောက်တာ အဆုံး ဘာသာတရားနဲ့ ငြိနေရင်၊ ဆန့်ကျင်နေမယ် ဆိုရင် မလုပ်ကြဘူး။ ရှောင်ကြတယ်။ ဥပမာ ကြက် ဝက် အစရှိသဖြင့် သားတိုးမွေးတာ မန္တလေးသား၊ မန္တလေးသူ စစ်စစ်တွေ မလုပ်ကြ ပါဘူး။ မန္တလေးသား၊ မန္တလေးသူ အများစု က ဘာသာတရား တကယ်ကို ကိုင်းရှိုင်းပါတယ်။ ဟင်းစား တာတောင် အမဲသား (နွားသား) ဆိုရင် မစားကြဘူး။ စားသူနည်း ပါတယ်။ ဝက်သား၊ ကြက်သား ပဲ စားကြတယ်။ အစား အများဆုံးက ဝက်သားပါပဲ။ အလှူအတန်း အစရှိတဲ့ အကျွေးအမွေး ပြုလုပ်တဲ့ နေရာတိုင်းမှာ ဝက်သား၊ ကြက်သားပဲ ကျွေးတယ်။ အမဲသား ကျွေးတဲ့ အလှူအတန်း မရှိဘူး။ မတွေ့ကြ ရပါဘူး။


ဈေးထဲ အသားရောင်းတဲ့ ဆိုင်တန်း သွားရင်လဲ အမဲသားဆိုင် အတော် ရှာယူရတယ်။ ဈေးတစ်ခုလုံးမှ တစ်ဆိုင် နှစ်ဆိုင် ဆိုတာ အများဆုံးပဲ။ ထမင်းဆိုင် အတော်များများ ကလဲ အမဲသားဟင်း မေးရင်း ခေါင်းခါကြ ပါလိမ့်မယ်။


အမဲသားစားတဲ့ နယ်မြို့တွေက ပြောင်းလာခါစ လူတွေ ဆိုရင် အတော် အခက်ကြုံကြ ရပါတယ်။ နွားတွေဟာ လူနဲ့ဖက်ပြီး နွေ၊ မိုး၊ ဆောင်း ထွန်ထယ်တွေနဲ့ ခြေကန်ရုန်းပြီး လူတွေစားတဲ့ ဆန်စပါးတွေ၊ သီးနှံတွေ၊ လူတွေဝတ်မယ့် အဝတ်အထည် ရက်လုပ်တဲ့ ဝါဂွမ်းတွေ ထွက်အောင် လုပ်ပေးတာမို့ ကျေးဇူးရှင်လို့ မြင်ကြပါတယ်။ ဒါကြောင့် ဗြဟ္မစိုရ် စိတ်ထားပြီး နွားသားကို ရှေးက မန္တလေးသား၊ မန္တလေးသူ တို့ ရှောင်ခဲ့ ကြပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်၊ မွန်မြတ်တဲ့ အသိတရား နဲ့ အမဲသား ရှောင်ခဲ့တဲ့ မန္တလေးမြို့သူ၊ မြို့သားတွေ ဘယ်အချိန်က စပြီး အညာခံ၊ အလိမ်ခံ ရတယ် မသိဘူး။ ကျွန်တော်တို့ လူမှန်း သိတတ်တော့ အညာခံ နေရပါပြီ။ ဆတ်သားခြောက် ရောင်းနေကြပါပြီ။ ဝိသမသမား တွေရဲ့ စီးပွားရေး ဈေးကွက်ရှာ ရာမှာ အမဲသားက မန္တလေး မြို့ပေါ်မှာ ရောင်းအား နည်းတော့ ဆတ်သားခြောက် ဆိုတဲ့ နာမည်တစ်မျိုး နဲ့ပြောင်းပြီး ဈေးတွေမှာ ရောင်းလာ ပါတယ်။ တဖြည်းဖြည်း ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေမှာပါ ရောင်းလာကြ ပါတယ်။ အမဲသား ရောင်းသူ ရှားပေမယ့် ဆတ်သားခြောက် ကတော့ ဈေးတွေထဲမှာ ပေါလိုက်သမှ တောင်ပုံ၊ ရာပုံပါ။ ဘယ်နှပိဿာ ယူမလဲ။ အချိန် ဘယ်လောက် ယူမလဲ။ ပေါလိုက်တဲ့ ဆတ်သား ခြောက်တွေ။ လူအတော် များများလဲ ဆတ်သားခြောက် စားမိကြ ပါတယ်။


ကလေးဘဝ အတွေးနဲ့ တွေးမိတယ်။ ဒီအကောင် (ဆတ်)တွေကို ဘယ်လို နေရာကများ ဖမ်းကြသလဲလို့ မန္တလေးတောင်၊ စစ်ကိုင်းတောင် လိုနေရာ တွေကများ ဖမ်းကြသလား။ ဒါမှမဟုတ် ပြင်ဦးလွင် ဘက်တောင်တွေ ကများ လား။ နောက်နည်းနည်း အရွယ်ရောက်လို့ ခရီးလေး ဘာလေးသွားမှ ဆတ်အကြောင်း နားလည် ပါတော့တယ်။ ဆတ်ဆိုတာ ကချင်ပြည်နယ် လို တောထူထပ်တဲ့ နေရာမှာသာ ရှိနိုင်တဲ့ ရှားပါး တိရ စ္ဆာန်မျိုးပါ။ နောက်ပိုင်း ပြည်နယ်တွေမှာ ဆတ်က ရှားပါး လာပါတယ်။ ဒါပေမဲ့ မန္တလေးမြို့ ဈေးတွေမှာတော့ ဆတ်သား အလွယ်တကူ ရနိုင်တုန်း ပါပဲ။ ပထမတော့ မန္တလေး ဆတ်သားက အတုံး နည်းနည်းကြီးပြီး ကြပ်တင် ထားပါတယ်။ ခပ်မည်းမည်း ပါ။ 


နောက်ပိုင်း ဆိုးဆေးတွေ ခေတ်စားလာတော့ အမဲသားကို ဆိုးဆေးနယ်ပြီး ကပ်ကြမ်းတွေ ပေါ်တင် ယင်တဝီဝီ နဲ့ လှန်းထားတာ ရပ်ကွက် အချို့မှာ တွေ့နေရ ပါတယ်။ ဆေးရောင်ကြောင့် အမဲသားနဲ့ မတူတဲ့ နီရဲရဲအရောင် ဖြစ်သွားပါတယ်။ မန္တလေးမြို့ ဈေးတွေထဲက ဘုရားစူး ဆတ်သား၊ မိုကြိုးပစ် ဆတ်သားပါ။


နွားများကို သနားသော၊ နွားသားကို မစားသော မေတ္တာ ထားသော ဗြဟ္မစိုရ်တရား ပွားများသော ထိုမြို့သားများ အတွက်ပါရမီ ဖြည့်ဆည်းရန်၊ ကုသိုလ်ယူ နိုင်ရန် အမဲသားကို ဆတ်သား လုပ်ရောင်းခြင်း တော့ မဖြစ်နိုင် ပါဘူး။ ကိုယ်ကျိုး စီးပွားအတွက် အတ္တကို ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ၊ ငါ့ အကျိုးစီးပွား အတွက် ဘယ်သူ့ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး ထိခိုက်ထိခိုက် ငါအမြတ်ရရင် ရောင်းကြမှာပါ။ ဆတ်သား မဟုတ်ဘူး ဆိုတာ ထူတဲ့ပြိန်းတဲ့ လူအနည်းစု လောက်သာ မသိပေမယ့် လူတော်တော် များများကတော့ သိကြပါတယ်။ ဒါပေမဲ့ ဆတ်သားခြောက် ဆိုတဲ့ အမှတ်နဲ့ ဝိနည်းကို လက်တစ်လုံးခြား ကပ်ရှောင်ပြီး ဝါးလက်စ ဆက်ဝါး၊ စားလက်စနဲ့ ဆက်စားကြ ပါတယ်။ တို့ကတော့ အမဲသား မစားဘူး၊ ဆတ်သားခြောက် ဝယ်တာပဲ မစစ်ရင် သူတို့ရောင်းတာ သူတို့ ခံလိမ့်မယ် ဆိုတဲ့ ဆင်ခြေနဲ့ စားသူက စားပါတော့တယ်။ မူလ ရည်ရွယ်ရင်းတွေ စောင့်ထိန်းမှုတွေ ပျောက်ကွယ်ကုန် ပါတယ်။


မန္တလေးမြို့ နာမည်ကြီး ထမင်းဆိုင် အတော်များများ က ထမင်းစားပြီး ထန်းလျက်ခဲ၊ လက်ဖက်သုပ်၊ ဆတ်သားခြောက်ဖုတ် ရေနွေးကြမ်း တို့ဖြင့် တထီးတနန်း ဧည့်ခံတတ် ကြခြင်းက ဓလေ့ထုံးစံ တစ်ခုပါပဲ။ ချပေးတတ်ပါ သေးတယ်။ ကြိုက်လို့ကတော့ စားပါ။ ဆတ်သား ခြောက်ဖုတ် ကတော့ ပေါပေါပဲ။ နောက်ထပ် လိုက်ပွဲချပေး တတ်ပါတယ်။ အမဲသား မစားသူများ အတွက် အမှတ်ရစရာ လေးတစ်ခုပါ။ ဆတ်သားခြောက် ရောင်းသူ အတော်များများ ကလဲ ရောင်းအား ကောင်းခဲ့ကြ ပါတယ်။


အခုအချိန် မှာတော့ ဆတ်သားခြောက် ပျောက်ကွယ် သွားပါပြီ။ ဆတ်သားခြောက် ရောင်းသူတွေရဲ့ ပဉ္စလက် အတတ်ပညာနဲ့ မျက်လှည့် ဆရာ ဒေးဗစ် ကော်ပါဖီး တို့လို ဆတ်ကို ဟိုက်ချလောင်း လုပ်ပြီး ဆိတ်ဖြစ်သွား ပြန်ပါပြီ။ဆတ်သားခြောက် ကတော့ ဆေးဆိုးတာ၊ ကပ်ကြမ်းပေါ် လှန်းတာ မြင်နိုင် တွေ့နိုင်တယ်။ အသားချင်း ကလဲ ကွာတယ်။ မန္တလေး မြို့ကြီးမှာ ဆတ် လွယ်လွယ် ကူကူ မရနိုင်ဘူး ဆိုတာလဲ သိနိုင်တဲ့ အတွက် တကယ် စဉ်းစားပြီး ရှောင်ရင် ဆတ်သားက မစားမိ နိုင်ပါဘူး။ ဆိတ်သား ခြောက်ကတော့ ဈေးကိုယ်တိုင် ဝယ်လို့ အမြီး တန်းလန်းနဲ့ မြင်ရရင် ဆိတ်သားစစ် ပါလိမ့်မယ်။ မမြင်ရ ရင်တော့ စစ်ဖို့ မသေချာ၊ စားဖို့ သတ္တိမရှိ တာလဲ အမှန်ပါ။ မစားရဲ ပါဘူး။


စာရေးသူက မနက်စောစော အိပ်ရာထတဲ့ အကျင့် ရှိပါတယ်။ တစ်နေ့မနက် လေးနာရီ လောက် အိပ်ရာ ထချိန်မှာ မြင်းခွာသံ တခွပ်ခွပ် နဲ့ မြင်းလှည်း တစ်စီး မောင်းနှင် လာပါတယ်။ မိမိ အရှေ့နား အရောက်မှာ မြင်းဇက် သတ်ပြီး ရပ်လိုက် ပါတယ်။ အင်္ကျီချွတ်နဲ့ အသား မည်းမည်း ခပ်သန်သန် လူတစ်ယောက် တုတ်ကြီး တစ်ချောင်းကို ကျောတွင် လက်ပြန် ကပ်ပြီး ဆင်းလာ ပါတယ်။ မိမိလဲ သူ့ကိုကြည့်ပြီး ကိုယ့်ကို အန္တရာယ် ပြုတော့မယ့် အထင်နဲ့ အတော် ကြောက်လန့် သွားပါတယ်။ နောက်တော့ မဟုတ်ဘဲ လမ်းဘေးက ခွေးတစ်ကောင်ရဲ့ ဦးခေါင်းကို တုတ်ခနဲ ရိုက်ချ လိုက်ပါတယ်။ ကိန်ဆိုတဲ့ အသံ တစ်ချက်ပဲ ထွက်လိုက် နိုင်ပါတယ်။ ခွေးက ဆန့်နေပါပြီ။ ခြေထောက် နှစ်ချောင်းဆွဲ လှည်းပေါ် ပစ်တင်ပြီး ဒုန်းစိုင်း မောင်းထွက် သွားပါတယ်။ နောက် မကြာမကြာ လဲ ဒီလှည်းနဲ့ ဒီလူတွေ ဒီလို ခွေးတွေ လိုက်ရိုက် နေတာ တွေ့ရပါတယ်။ လှည်းက အမိုးတပ် မထားတော့ အလားတူ ခွေး အတော်များများ ကိုလဲ လှုပ်တုတ် လှုပ်တုတ်နဲ့ အပုံလိုက် ပါသွားတာ တွေ့လိုက် ရပါတယ်။ တကယ်လို့ ဒီအသားတွေ ဈေးထဲ ရောက်ပြီး ဘုရားစူး ဆိတ်သား မိုးကြိုးပစ် ဆိတ်သား တွေ ဖြစ်ကုန်ရင် ဆိုတဲ့ အတွေးနဲ့ ဆိတ်သား နဲ့ ဆိတ်သားခြောက် ဆိုရင် (ဝေရာမဏိ) ရှောင်ကြဉ်မိ ပါတော့တယ်။


အချို့ ဆတ်သားခြောက် မဟုတ်ဘူး။ ဆိတ်သားခြောက် မဖြစ်နိုင်ဘူး ဆိုတာ တွေးခေါ် နိုင်တယ်။ ယုတ္တိ ဘယ်လိုမှ မရှိဘူး ဆိုတာလဲ သိတယ်။ သိရက်နဲ့ စားကြ ပါတယ်။ အမဲသား လုံးဝ ရှောင်ထားကြ သူတွေပါ သူများ မိုးခါးရေ သောက်လို့ မိမိတို့လဲ လိုက်သောက်ကြ တာလား။ တကယ်လို့ အပြစ်ရှိမယ်၊ ငရဲကြီးမယ် ဆိုရင် ဆတ်သားခြောက်၊ ဆိတ်သားခြောက် ဆိုတဲ့ နာမည် ပြောင်းထားရုံနဲ့ အပြစ်လွတ် မှာလား။ အမဲသား စားချင်တာ အမဲသားပဲ စားပါ တော့လား။ သူများ လိမ်တာ သိသိကြီးနဲ့ အလိမ်မခံ ပါနဲ့။ မိမိ ကိုယ်ကိုလဲ ပြန်မလိမ်ချင် ပါနဲ့။ မုသာဝါဒ အပြစ်တစ်ခု ထပ် မကျူးလွန် ပါနဲ့တော့လား။ အမဲသားကို အမဲသားလို့ စားတာက ဈေးလဲပိုချို ကိုယ်ကြိုက်တဲ့ နေရာက အသား၊ မိုးခိုသား၊ ပေါင်သား၊ လိုချင်တဲ့ အသား၊ ကြိုက်တဲ့အသား၊ ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ အသားကို စားလို့ ရပါတယ်။ စားကြ စမ်းပါ။


အခုခေတ်မှာ ဆတ်သားခြောက် ကတော့ မရောင်းကြ တော့ပါဘူး။ ဆိတ်သားခြောက် ကတော့ အခုခေတ် စားဆဲပါ။ ထမင်းဆိုင် မှာလဲ ဆိတ်သားဟင်း၊ ဆိတ်သားခြောက်၊ လက်ဖက်ရည် ဆိုင်မှာလဲ ဆိတ်သား ခြောက်ဖုတ်၊ ထမင်းဆီဆမ်း၊ ဆိတ်ကီးမား၊ ဆိတ်ပလာတာ၊ ဆိတ်ခပတ်၊ ဆိတ်စွပ်ပြုတ်၊ ဆိတ်နာမည် တပ်ထားတဲ့ အစားအစာ အတော် များများ တွေ့နေ ရပါတယ်။ မန္တလေးသူ၊ မန္တလေးသား တွေက ရှေးက ဘိုးဘွားတွေ လက်ထက် ကလို တကယ် ယုံကြည်လို့ တကယ် မေတ္တာထားလို့ တကယ် ရှောင်မယ် ဆိုရင်တော့ တိတိကျကျ လိုက်နာ ရှောင်ကြဉ်သင့် ပါတယ်။ သူများ လိမ်တာလဲ မခံချင်ပါနဲ့။ မိမိ ကိုယ်ကိုလဲ ပြန်မလိမ်ချင်ပါနဲ့။ သူများ ယောင်လို့ လိုက်ယောင်တာ လူအထင် ကြီးအောင် လုပ်တာ ဘာအကျိုး မှ မရှိပါဘူး။ ကုသိုလ်လဲ ရမှာ မဟုတ်ပါဘူး။ အသားမစားဘူး ဆိုမှတော့ အာရုံ ပြတ်ပြတ် နေစမ်းပါ။ ဂျုံကို အသားတု လုပ်မစားချင် ပါနဲ့တော့လား .. ဗျာ။


#Yadanarpondaily

တရားမ၀င် ၀င်ရောက်လာသော တူရကီနိုင်ငံသား ငါးဦးအား IS အဖွဲ့နှင့် ဆက်နွှယ်မှု ရှိမရှိ စစ်ဆေးလျက်ရှိ

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော တူရကီနိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့အား အောက်တိုဘာ ၁၆ ရက်မွန်းတည့် ၁၂ နာရီတွင် ကျိုင်းတုံမြို့ ရပ်ကွက်(၂) နမ့်ချပ်ရပ် ကျိုင်းတုံ-တာချီလိတ်လမ်းလက်ဖက်ရည်ဆိုင်အတွင်း၌ တွေ့ရှိဖမ်းဆီးရမိပြီး IS အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

၎င်းတို့အား ကျိုင်းတုံမြို့ရှိ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့(၇)ရုံးသို့ ခေါ်ဆောင်စစ်ဆေးချက်အရ ဘာသာခြားဦးမြင့်နိုင် (၄၁ နှစ်) (ဘ)ဦးညို၊ ကျပန်းလုပ် ကမ်းနားလမ်းရပ်ကွက်(၈)တောင်ငူမြို့ (ယခုနေရပ်-ရွှေလီမြို့ တရုတ်နိုင်ငံ) နေသူသည် အောက်တိုဘာ ၁ဝ ရက်တွင် ရွှေလီမြို့နေ သူငယ်ချင်းဖြစ်သူ နှာခေါင်း(ခ)ရှာရွတ်ခန်းမှ နိုင်ငံခြားသားငါးဦးအား ရွှေလီမြို့မှ တာချီလိတ်မြို့သို့ တစ်ဦးလျှင် မြန်မာငွေကျပ် ခုနစ်သိန်းနှုန်းဖြင့် သယ်ဆောင်ပေးရန် စရန်ငွေအဖြစ် ကျပ် ၁၅ သိန်း ပေးအပ်ခဲ့ပြီးကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူးက “IS အဖွဲ့နဲ့ ပတ်သက်ဖို့တော့ မဖြစ်နိုင်ဘူး။ ကြည့်ရတာ တတိယနိုင်ငံကို ခိုးဝင်ချင်လို့ဖြစ်မယ် အခုတော့ သူတို့ကို ကျိုင်းတုံအကျဉ်းထောင်ကို ပို့ထားတယ် . . . . .
တာချီလိတ်မြို့သို့ ရောက်ရှိပါက အောင်ဖြိုးဆိုသူက နိုင်ငံခြားသားများအား လာရောက်ခေါ်ဆောင်ပြီး ကျန်ငွေကျပ်သိန်း ၂ဝ အား ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၂ ရက်တွင် ရွှေလီမြို့ တရားမဝင်(ဝင်/ထွက်)ပေါက်မှတစ်ဆင့် ၎င်းဆိုင်ကယ်အပါအဝင် အငှားဆိုင်ကယ်လေးစီးဖြင့် နိုင်ငံခြားသားငါးဦးအား ခေါ်ဆောင်လာကာ မန္တလေးမှတောင်ကြီးသို့ရောက်ပြီး ၎င်းဆိုင်ကယ်သမားများအား ပြန်လွှတ်၍ အေးသာယာမြို့သစ်မှ အငှားဆိုင်ကယ်မောင်းနှင်သူ လေးဦးတို့အား ထပ်မံငှားရမ်း၍ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ သွားပို့ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုချက်အရ သိရသည်။

ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူးက “IS အဖွဲ့နဲ့ ပတ်သက်ဖို့တော့ မဖြစ်နိုင်ဘူး။ ကြည့်ရတာ တတိယနိုင်ငံကို ခိုးဝင်ချင်လို့ဖြစ်မယ် အခုတော့ သူတို့ကို ကျိုင်းတုံအကျဉ်းထောင်ကို ပို့ထားတယ်” ဟု ပြောကြားသည်။

အဆိုပါ ဖမ်းဆီးချုပ်နှောင်ထားသော အဗ္ဗဒူလာ (၂၉ နှစ်) (ဘ)မိုဟာမက်၊ အဗ္ဗဒူလာအာမတ် (၂၂ နှစ်) (ဘ)အာဟာမက်၊ ဟာဆန်(၁၇ နှစ်) (ဘ)မိုဟာမက်ယာရှင်း၊ အာလီထူလစွန်း(၂၉ နှစ်)(ဘ)စူလစွန်း၊ မိုဟာမက် (၂၈ နှစ်) (ဘ) အဗ္ဗဒူဝါဘတ်၊ တူရကီနိုင်ငံသား ငါးဦးနှင့် ၎င်းတို့အား သယ်ဆောင်လာသော မြန်မာနိုင်ငံသား မြင့်နိုင် (ခ) နူဒူး (ဘ) ဦးညိုနှင့် အေးသာယာမြို့သစ် တောင်ကြီးရပ်တွင် နေထိုင်သူများဖြစ်သော သက်ထွန်း(၄၆ နှစ်) (ဘ)ဦးမောင်၊ နိုင်နိုင်ဝင်း (၄၈ နှစ်)(ဘ) ဦးအေးမောင်၊ ကျော်စိုးပိုင် (၂၅ နှစ်) (ဘ)ဦးကျော်အောင်၊ စိုင်းသီဟထွန်း (၂၅ နှစ်) (ဘ) ဦးမြင့်ထွန်းတို့အား ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) အရ အရေးယူဆောင်ရွက်လျက်ရှိပြီး IS အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Eleven

ယူ-၁၉ ကစားသမားများအား ဆူဇူကီးဖလားပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းသို့ ခေါ်ယူတော့မည်


၂၀၁၄ ခုနှစ် နိုဝင်ဘာ လတွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ဆူဇူ ကီးဖလားပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြ ချုပ်အေဗရာမိုဗစ်ခ်ျက ပြောသည်။ 
ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမှတစ်ဆင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး လာအိုနိုင်ငံတွင် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ရကာ အုပ်စု ပထမနေရာကို ရရှိခဲ့သည်။ ၎င်း ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ထိုင်း၊ မလေးရှားနှင့် အိမ်ရှင် စင် ကာပူအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိသည်။ 

‘‘အသင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ရှိပါတယ်။ လက် ရွေးစင်အသင်းအောင်မြင်မှုရရှိဖို့ အတွက် အသင်းမှာ လိုအပ်နေတဲ့ ကစားသမားတွေကို ယူ-၁၉ အ သင်းကနေ ခေါ်ယူသွားမယ်။ အဓိက ခေါ်ယူချင်တာကတော့ ကွင်းလယ်ကစားသမားတွေပါ’’ ဟု ၎င်းက ပြောသည်။

ယူ-၁၉ လက်ရွေးစင်အ သင်းမှ ကစားသမားများ၏ ခြေ စွမ်းကို ပြန်လည်ကြည့်ရှုကာ လက်ရွေးစင်အသင်းအတွက် ခေါ်ယူ အားဖြည့်သွားမည်ဖြစ်ကြောင်း အနည်းဆုံး ငါးဦးခန့်ခေါ်ယူသွား မည်ဖြစ်ကြောင်း ဆူဇူကီးဖလား ပြိုင်ပွဲတွင် အုပ်စုကျပ်ထဲ ကျ ရောက်နေသော်လည်း ပြိုင်ဘက် အသင်းများကို ကြောက်ရွံ့နေ မည်မဟုတ်ဘဲ အကောင်းဆုံးယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း လိုအပ် သည့် ပြင်ဆင်မှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံက အိမ် ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ရလဒ် ကောင်းရရှိရန် ကြိုးစားသွားမည် ဖြစ်ကြောင်း အုပ်စုအဆင့်မှ ကျော်ဖြတ်ရန်အတွက် မျှော်မှန်းထား သော်လည်း ယခုအနေအထား တွင် ပြိုင်ပွဲနှင့် ပတ်သက်ပြီး မည် မျှအောင်မြင်မှုရရှိမည်ကို ပြောရန်စောလွန်းသေးကြောင်း ပြိုင်ပွဲ ရောက်မှသာ ပြိုင်ဘက်အသင်း များ၏ ခြေစွမ်းကို လေ့လာပြီး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်း ကသည်။ 

ထို့ပြင် ယူ-၁၉ လက်ရွေးစင်အသင်းအောင်မြင်မှုရရှိခြင်းမှာ လက်ရွေးစင်အသင်းအတွက် များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း ယူ-၁၉ အသင်း ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့ခြင်းမှာလည်း လက်ရွေး စင်အသင်းကြီးအတွက် အား တက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

7Day Daily

ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး

ကာတာအသင်းဘက်သို့ မြန်မာအသင်းဒုတိယဂိုးသွင်းပြီး ချိန်တွင် ပခုက္ကူမြို့မှ မြန်မာ
ပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်း သီးပြီးရုတ်တရက်ကွယ်လွန် သွားကြောင်း
သတင်းရရှိသည်။

အာရှယူ-၁၉ ဘောလုံးပြိုင် ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အ သင်းတို့ သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

အာရှအင်အားကြီး ကာတာ လူငယ်အသင်းသည် ပထမပိုင်း ဦးဆောင်ဂိုးဖြင့် မြန်မာအသင်း ကို အနိုင်ရနေသော်လည်း တိုက် စစ်မှူးအောင်သူက ပွဲချိန် ၆၂ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့ သည်။

အောင်သူ၏ ချေပဂိုးအ ပြီး နောက်ထပ်နှစ်မိနစ်အကြာ ပွဲချိန် ၆၄ မိနစ်တွင် ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် ခေါင်းတိုက် ဂိုးသွင်းယူပြီးချိန် တွင် ယင်းပွဲကို ရုပ်သံမှကြည့်ရှု နေသူ ပခုက္ကူမြို့ရှိ ဘောလုံးပရိ သတ်တစ်ဦးသည် အောင်ပွဲခံရင်း ရုတ်တရက် ကွမ်းယာသီးကာ ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၂)နေ အသက်(၅၃)နှစ်အရွယ် အဆိုပါ အမျိုးသားအားအရေးပေါ် ကျန်း မာရေးအကူအညီပေးရန် ကျန်းမာရေးဝန်ထမ်းများ ချက်ချင်း သွားရောက်ခဲ့သော်လည်း အ သက်မမီတော့ကြောင်း ပခုက္ကူ မြို့မှ သုဂတိစေတနာလူမှုကူ ညီ ရေးအသင်း အသင်းသားများက ပြောသည်။

‘‘ကျွန်တော်တို့ ရောက်တော့ အသက်မမီတော့ဘူး။ ၀မ်းသာ လွန်းလို့ အော်ရင်းနဲ့ ကွမ်းဖတ်က လည်ပင်းမှာ ကပ်သွားတာလို့ တော့ သိရတယ်’’ ဟု သုဂတိစေ တ နာလူမှုကူညီရေး အသင်းမှ ဦးသိန်းအေးက ပြောသည်။

အာရှယူ-၁၉ သမိုင်းတွင် ဒုတိယအောင်မြင်ဆုံးဖြစ်သည့် မြန်မာယူ-၁၉ အသင်းသည် ကာတာအသင်းကို နောက်ကျ ဂိုးများကြောင့် ၂-၃ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ၄၄ နှစ်အတွင်း ပထမ ဆုံးအကြိမ် ဗိုလ်လုပွဲကစားရ မည့်အခွင့်အရေးနှင့် လွဲချော်ခဲ့ သည်။

မြန်မာယူ-၁၉ အသင်းသည် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ သည့် ကာတာ၊ ဥဇဘက်ကစ္စ တန်နှင့် မြောက်ကိုရီးယားအသင်း နှင့်အတူ ၂၀၁၅ မေလတွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။

7Day

အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်း နိုင်ဂျီးရီးယားလေဆိပ် အတွင်းပျက်ကျ

US drone crashes at Niger airport


နီယာမီ ၊ ၂၂-၁၀-၂၀၁၄

အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းသည် နိုင်ဂျီးရီးယား နိုင်ငံရှိ အဓိက လေဆိပ်တစ်ခု ၌ အောက်တိုဘာ ၂ဝ ရက်က ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျ ခဲ့ကြောင်း နှင့် ယင်း မတော်တဆမှု ကြောင့် ၄င်းလေဆိပ်ရှိ လေယာဉ် ပြေးလမ်းကို နာရီ ပေါင်းများ စွာကြာ ပိတ်ပစ် ခဲ့ရကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန် ခဲ့သည်။

MQ-9 Reaper အမျိုးအစား အဆိုပါ မောင်းသူမဲ့ လေယာဉ် သည် နီယာမီမြို့ရှိ Diori Hamoni နိုင်ငံတကာ လေဆိပ်သို့ ပျက်ကျခဲ့ခြင်း ကြောင့် လေယာဉ် ပြေးလမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ဒဏ်ရာရရှိသူ တစ်စုံတစ်ဦးမျှ မရှိကြောင်း အမေရိကန် လေတပ်က ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ခဲ့သည်။

အဆိုပါ လေဆိပ်ကို လေယာဉ်ပြေးလမ်း ပြန်လည် ပြုပြင်ရန် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၃ဝ ထိတိုင်အောင် ပိတ်ပစ်ခဲ့ကြောင်း သိရသည်။

PyiChitThar

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဝန်ခံချက်ကို တရားဝင်ပြန်ရုပ်သိမ်းပြီ

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက ပြောလိုက်ပါပြီ။ 


လိပ်ကျွန်းအမှု တရားဆွဲဆိုသူထံ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတို့ သွားရောက်ကာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ၀န်ခံချက်ကို ပြန်ရုပ်သိမ်းတဲ့စာ သွားပေးစဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
အောက်တိုဘာလ ၂၁ ရက်နေ့က ကော့စမွေအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်း ရှေ့နေ များ ကောင်စီက သူတို့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေ မစ္စတာ Ratsada Manurassada ဟာ ၆ နာရီ ကြာတွေ့ဆုံခဲ့စဉ်မှာ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာ ၀စ်သရစ်ခ်ျ တို့ကို သူတို့ လုံးဝ မသတ် ခဲ့ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ဒီအမှုကို သူတို့ လုံးဝ မကျူးလွန်ခဲ့တာတာကြောင့် ထိုင်းရဲတွေဆီမှာ သူတို့သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ချက်ကို တရားဝင် ပြန်ရုပ်သိမ်းတာဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။ 


ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲက ညှင်းပန်းနှိပ်စက်ပြီး အတင်း လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်တယ် လို့ ဝန်ခံခိုင်းခဲ့လို့သာ ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့လည်း ရှေ့နေ Ratsada Manurassada က ပြောထားပါ တယ်။ 



"ရဲက မေးခွန်းတွေ မေးတာကို စကားပြန်က ပြန်ဆိုပေးခဲ့တဲ့အခါ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့ က ပြောတယ်။ ကျနော်တို့က မျှမျှတတဖြစ်ဖို့ စကားပြန်ပြောတာကိုလည်း နားထောင်မယ်။ ဘက်ပေါင်းစုံ က အချက် အလက်တွေ စုဆောင်းမယ်" လို့ ရှေ့နေ Ratsada Manurassada က ဘန်ကောက်ပို့စ် ကို ပြောပါတယ်။

အခု အမှုမှာ စကားပြန် ကိုကမာဆိုတဲ့ ရိုတီရောင်းသူက မှားယွင်းဘာသာပြန်ဆိုမှုတွေ လုပ်ခဲ့တယ်ဆိုတာ
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ပြောတယ်လို့ သူက ဆက်ပြောထားပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ သူတို့ရဲ့ ၀န်ခံချက် ရုပ်သိမ်း တဲ့ ကြေညာချက်ကို လက်မှတ်ထိုးပေး တာကြောင့် ရှေ့နေ Ratsada Manurassada က စာရွက်ကို ယူလာပြီး ထိုင်းအစိုးရရဲ့ တရားစွဲဆိုရေး လုပ်ဆောင်ခဲ့သူPaiboon Achawananthakhun ကို ပေးအပ်ခဲ့ပါ တယ်။ 

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေလည်း ထိုင်းရဲက ဖမ်းဆီးထားတဲ့ သူတို့ရဲ့ သားတွေကို တွေ့ဖို့ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 

သူတို့အတွက် နေထိုင်မှုကိစ္စတွေကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက စီစဉ်ဆောင် ရွက်ပေးထားပြီး သားဖြစ်သူတွေကို ထိုင်းနိုင်ငံ အကျဉ်းထောင်တခုဖြစ်တဲ့ ကော့စမွေ အကျဉ်းထောင်ဆီ သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ 

သူတို့ရဲ့ မိဘတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့နဲ့ လိပ်ကျွန်း အရေး ကူညီပေးနေသူတွေ ငွေကြေး အခက် အခဲရှိနေတာကြောင့် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ (ဇေကမ္ဘာ)နဲ့ ၊ လွှတ်တော်ကိုယ် စားလှယ် ဦးနေဝင်းထွန်းတို့က တဦးလျှင် ကျပ် သိန်း ၁၀၀ စီနဲ့ စုစုပေါင်း ကျပ် သိန်းပေါင်း ၃၀၀ ကို အလှူငွေထည့် ၀င်မှုကိုမနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ မှတ်တမ်း တင်ခဲ့ကြပါတယ်။ 

အိမ့်သံစဉ် ~ ဧရာဝတီ 

လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို


မြန်မာ ဗွီဒွီယို ဇာတ်ကားတွေကို ဆင်ဆာ အဖွဲ့က ပြန်လည် စိစစ်ရတာက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ကားတွေ များလာတာကြောင့် ထိန်းကြောင်း ပေးတဲ့ သဘောသာ ဖြစ်တဲ့ အကြောင်း ဆင်ဆာဘုတ် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်ကစပြီး ဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ထုတ်လုပ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

ဆင်ဆာအဖွဲ့က အခုလိုပြန်လည် စိစစ်ရတာဟာ မြန်မာ့ရုပ်ရှင်လောကကို ထိန်းချုပ်လိုတာကြောင့် မဟုတ်ဘဲ ဗွီဒီယိုဇာတ်ကားတွေမှာ လိင်အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေအပါအ၀င် မြန်မာ့ရိုးရာဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာတာကြောင့် ထိန်းကြောင်းပေးတဲ့သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကားအဆင့်အတန်း သတ်မှတ်စိစစ် အကဲဖြတ်အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ဦးတင်ငြိမ်းက ပြောပါတယ်။

မြန်မာဗွီဒီယိုဇတ်ကားတွေမှာ လိင်အသားပေး အခန်းတွေ များလာလို့ ဆင်ဆာပြန်တင်ခိုင်းတာကို လက်ခံနိုင်ပေမယ့် ဇာတ်ကားတကားလုံးပြီးမှ ဆင်ဆာဖြတ်မှာထက် ဇာတ်ညွှန်းကို အရင်တင်ပြီး ဖြုတ်တာမျိုးလုပ်ရင် ပိုအဆင်ပြေနိုင်မယ်လို့ ဒါရိုက်တာ ဦးသော်ကိုကိုကျော်က ပြောပါတယ်။

ဆင်ဆာအဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့် အနုပညာဖန်တီးမှုစွမ်းအားကို လျှော့ကျစေလို့ ဒါဟာ မြန်မာ့ရုပ်ရှင်လောကကို တိုးတက်သင့်သလောက်တိုးတက်မှု မရှိဘူးလို့ ဝေဖန်မှုတွေကလည်း အရင်က ရှိခဲ့တာပါ။

ဒါပေမယ့် ဆင်ဆာဖွင့်ပေးပြီး ၃ နှစ်နီးပါးလောက်အထိ ရုပ်ရှင်လောကမှာ ထူးခြားတဲ့ တိုးတက်မှုမျိုး မတွေ့ရပေမယ့် လိင်အသားပေး ပြကွက်တွေသာများလာပြီး မြန်မာဗွီဒီယို ဈေးကွက်ကလည်း အောက်ဆုံးအဆင့်ကို ရောက်နေတယ်လို့ ၀င်းရုပ်ရှင်ထုတ်လုပ်ရေး ဦးနေဒွေးဇော်က ဒီဗွီဘီကို ပြောပါတယ်။

By သိုက်ဇင် (ဒီဗွီဘီ)

ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား

လူတိုင်း လူတိုင်း အသက်ရှည်စွာ နေနိုင်ရေး အတွက် ကျန်းမာရေး ကောင်းမွန်ခြင်း သည် အဓိက လိုအပ်ချက် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာစွာ နေနိုင်ရန် အတွက် အနေအထိုင်၊ အစားအသောက် နှင့် သင့်တင့်သော လေ့ကျင့်ခန်း တစ်ခုခု လုပ်ရန် လိုသည်။


ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်သည် ဆိုရာ၌ ပြင်းထန်သော အားကစား လေ့ကျင့်ခန်းများ ပြုလုပ်ရန် မဟုတ်ဘဲ၊ လူတစ်ယောက် အတွက် သွေးလေ ညီညွတ် မျှတစွာ လည်ပတ်နိုင်ရန် လှုပ်ရှားမှု တစ်ခုခု ပြုလုပ် ပေးခြင်းမျိုး ဖြစ်သည်။ ထိုသို့သော လှုပ်ရှားမှုမျိုးကို အိမ်တွင်း ကျန်းမာရေး ဟု ခေါ်ဆိုသည်။


အိမ်တွင်း ကျန်းမာရေး သည် အခြားမဟုတ် နံနက်စောစော အိပ်ရာထလျှင် သော်လည်းကောင်း၊ ရေချိုးမည့် အချိန်၌ သော်လည်းကောင်း၊ ငါးမိနစ်၊ ၁ဝမိနစ် ခန့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပေးခြင်း ဖြစ်သည်။ သွေးပူ လေ့ကျင့်ခန်း ဟုလည်း ပြောနိုင်သည်။ လမ်းလျှောက် နေစဉ်လည်း ကိုယ်လက် လှုပ်ရှား၍ လမ်းလျှောက် နိုင်ပါက ပိုမို အဆင်ပြေ နိုင်သည်။


လှုပ်ရှားမှု မရှိသော၊ လှုပ်ရှားမှု နည်းသော သူတို့တွင် ကိုယ်ခန္ဓာ အတွင်း၌ ကိုလက်စထရော များသောကြောင့် သွေးလေ လည်ပတ်မှု နှေးကွေးပြီး လေးလံ ထိုင်းမှိုင်း နေတတ်သည်။ လှုပ်ရှားမှု ပုံမှန် လုပ်ပေးခြင်းဖြင့် သွေးလေ လည်ပတ်မှု အားကောင်း စေနိုင်သည်။ အရိုးအဆစ် အကြောတို့ သန်မာ စေနိုင်သည်။ ထို့ကြောင့် လူတိုင်း လူတိုင်း အနေဖြင့် အိမ်တွင်း ကျန်းမာရေးကို အထူး ဂရုပြု လုပ်ဆောင်သင့် ပေသည်။


သို့သော် အချို့သော သူများ အနေဖြင့် အိမ်တွင်း ကျန်းမာရေးကို လုပ်ရကောင်းမှန်း မသိ၍ လည်းကောင်း၊ အလုပ်များ၍ လည်းကောင်း၊ မိမိ ကျန်းမာရေး အတွက် အလေးမထား ၍လည်းကောင်း ပြုလုပ်ကြသူ နည်းပါးသည်။ ထို့ကြောင့် သေးဖွဲသော နာဖျားမှုများ ဖြစ်တတ်ခြင်း၊ ကိုယ်လက် လေးလံ ကိုက်ခဲခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း များ ဖြစ်တတ်သည်။


ထိုသို့သော ကျန်းမာရေး ညံ့ဖျင်းမှုများ ဖြစ်လာလျှင် ဆေးထိုး၊ ဆေးသောက်ခြင်း များဖြင့် ကုစားပါက ရံဖန်ရံခါ ကောင်းသော်လည်း အရှည်သဖြင့် မကောင်းနိုင်ပေ၊ ဝေဒနာ တစ်ရပ် အဖြစ်သာ ခံစားနေကြ ရမည် ဖြစ်သည်။


သို့ဖြစ်ရာ လူတိုင်း လူတိုင်း အတွက် ရောဂါဘယ ကင်းဝေးပြီး အမြဲ ကျန်းမာစွာ နေနိုင်စေရန် အိမ်တွင်း ကျန်းမာရေးကို နေ့စဉ်နံနက် အိပ်ရာထချိန် တွင်လည်းကောင်း၊ ရေမချိုးမီ အချိန်တွင် လည်းကောင်း ကိုယ်လက် လှုပ်ရှား သွေးပူ လေ့ကျင့်ခန်း တစ်ခုခုကို ငါး မိနစ်၊ ၁ဝ မိနစ်ခန့် ပြုလုပ် ပေးသင့်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

Yadanarpondaily

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားငါးဦးကို ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်အား ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ကြေညာချက်ထုတ်

RSF ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်


Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားငါးဦးကို မှားယွင်းဖော်ပြသည့်အတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

‘ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်’ ဟူသော ခေါင်းစဉ်ဖြင့် Bi မွန်းတည့်နေဂျာနယ်တွင် မျက်နှာဖုံးသတင်း ဖော်ပြခဲ့သည့်အတွက် အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်မှ ဝန်ထမ်းငါးဦးကို ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းတရားရုံးမှ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြင်းထန်စွာကန့်ကွက်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ အာရှအဖွဲ့ခွဲဥက္ကဋ္ဌ Benjamin Ismaïl က “ဒီပြစ်ဒဏ်နဲ့ ပြစ်မှုဟာ မမျှတပါဘူး။ ပြီးတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုလည်း ဆိုးဆိုးရွားရွား ချိုးဖောက်ရာရောက်နေပါတယ်” ဟု ပြောကြားသည်။

“ဒီလိုပြစ်ဒဏ်မျိုး ချမှတ်လိုက်ခြင်းအားဖြင့် မြန်မာအာဏာပိုင်တွေဟာ ယခင်တပ်မတော် အာဏာရှင်အစိုးရလက်ထက်က တရားစီရင်မှုပုံစံတွေကို စွန့်လွှတ်ဖို့ မလိုလားဘူး၊ သတင်းလွတ်လပ်ခွင့်ကို ပိုမိုအလေးထားတဲ့ တရားစီရင်မှု ပုံစံသစ်ကို ကျင့်သုံးဖို့ မလိုလားဘူးဆိုတာ ဖော်ပြနေပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် သတင်းသမားတစ်ဦးဖြစ်သူ ကိုကျော်ဇော်ဟိန်းကလည်း “ဒါဟာ လုံးဝမတရားပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်ရဖို့ လိုအပ်ပါတယ်” ဟု တရားစီရင်မှုအပြီးတွင် ပြောကြားသည်။

ထိုကဲ့သို့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် ရာဇဝတ်ဥပဒေပုဒ်မ (၅ဝ၅/ခ) အရ အကြီးမားဆုံး ပြစ်ဒဏ်ဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများ အနေဖြင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေက ပြောကြားသည်။

EMG

ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိလိုက်စားမှုဖြင့် ထောင်ဆယ်နှစ်ချ


အဂတိတိုက်ဖျက်ရေးဥပ ဒေဖြင့် အမှုရင်ဆိုင်နေရသော ဟုမ္မလင်းမြို့နယ် တရားသူကြီး အား အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၆ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒဏ်ငွေ ကျပ်ငါး သောင်း (ဒဏ်ငွေမပေးဆောင်ပါ က ထောင်ဒဏ် သုံးလ)ကျခံစေရန် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က အောက်တိုဘာ ၂၁ ရက် နံနက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အဂတိတိုက်ဖျက်ရေးကော်မတီ စစ်ဆေးရေးမှူးတစ်ဦးက တရားလို ပြုလုပ်၍ ဟုမ္မလင်းမြို့နယ် တရားသူကြီး အဂတိလိုက်စားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ယခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဟုမ္မလင်းမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့်စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

‘‘ဟုမ္မလင်းမြို့နယ် တရားသူ ကြီးက တာဝန်ထမ်းဆောင်နေစဉ် အမှုရင်ဆိုင်နေရတဲ့ မူးယစ်ဆေး ၀ါးအမှု၊ ယာဉ်တိုက်မှုတွေမှာ လာဘ်ငွေရယူတယ်လို့ စစ်ဆေး တွေ့ရှိရတဲ့အတွက် ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး အဂတိတိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ် တရားသူ ကြီးသည် တာဝန်ထမ်းဆောင်နေ စဉ်အတွင်း လာဘ်ငွေရယူမှုများ၊ စားသောက်ဆိုင်တွင် မှာယူစား သောက်မှုများကို အထောက်အ ထားများဖြင့် စစ်ဆေးတွေ့ရှိခဲ့ သည်ဟု စစ်ကိုင်းတိုင်း တရား လွှတ်တော်ရုံးမှတ်တမ်းများအရ သိရသည်။

‘‘ဒီအမှုနဲ့ ပတ်သက်ပြီး နေ ပြည်တော် ပြည်ထောင်စုတရား လွှတ်တော်မှာ အယူခံဝင်မယ်။ အယူခံပယ်ချခံရရင် အထူး အယူခံအနေနဲ့ ထပ်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ တရားခံရှေ့နေအဖြစ် ကလေးဝက ဦးမင်းမောင်နဲ့ မုံရွာက ဦးညွန့်ဝေတို့ လိုက်ပါဆောင်ရွက်ခဲ့တာပါ’’ဟု ဟုမ္မလင်း တရားသူကြီးဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သူ ဦးညွန့်ဝေက ပြောကြားခဲ့သည်။