ဆောင်းပါးအမှတ်(၁)မှာ ရေးခဲ့သလိုပင် ကျနော်ဟာ ကျောင်းသားသမဂ္ဂတွေ
အချင်းချင်းကြား ညီညွတ်ရေးကို အထူးလိုလားပါတယ်။
ပင်ကိုယ်သဘောအရ ကျနော်ဟာ ဗကသများအဖွဲ့ချုပ်ရဲ့ မူ (၅) ချက်ကို
ထောက်ခံပါတယ်။ ဒါပေမယ့် ဗကသဟာ ဖက်ဒရေးရှင်းပုံစံဖြစ်တာကြောင့်
`ဘုံရည်မှန်းချက်များ´ အတွက် မဖောက်ပြန်တဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်မှု
ဆိုတာ ရှိရပါမယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ဗကသရဲ့ အမျိုးသားခွပ်ဒေါင်း
အလံကို အမြင့်ဆုံး လွှင့်ထူနိုင်ခဲ့တဲ့ ကျောင်းသားလူငယ်တွေကြား
အခြေခံသဘောထားတချို့ ကွဲလွဲမှုကြောင့် ကသဖ၊ တကသ စသဖြင့်
ကွဲပြားနေတာကို သိပ်သဘောမတွေ့ပါဘူး။
ဒါပေမယ့် အခုဖြစ်ပေါ်နေတဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်း ဆန့်ကျင်ရေး
တိုက်ပွဲမှာ ဗကသများအဖွဲ့ချုပ်နဲ့ တကသတွေဟာ ပူးတွဲကြေငြာချက်တစ်စောင်
ထုတ်ပြန်နိုင်တာ တွေ့ရတော့ တော်တော်ဝမ်းသာမိပါတယ်။
၂၀၁၄ သြဂုတ်လထဲမှာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ
ကွန်ယက် (NNER) က သဘောထားတစ်ရပ် ထုတ်ပြန်ပြီး အမျိုးသားပညာရေး
ဥပဒေကို ကန့်ကွက်ခဲ့ပါတယ်။ အချက် (၉) ချက် ထောက်ပြခဲ့ပါတယ်။
သြဂုတ်လထဲမှာပဲ ဗကသများအဖွဲ့ချုပ်က NNER ကို ထောက်ခဲ့ကြောင်း
ကြေငြာခဲ့ပြီး စက်တင်ဘာလထဲမှာ ဗကသများအဖွဲ့ချုပ်နဲ့ တကသတွေဟာ
အဲ့ဒီ့အချက် (၉) ချက်ကို အကောင်အထည်ပေါ်လာသည် အထိ မရမချင်း
ကျောင်းသားထု တစ်ရပ်လုံးက အတူတကွ ညီညွတ်စွာဖြင့် တိုက်ပွဲဝင်မယ်ဆိုပြီး
ကြေငြာချက် ထုတ်ခဲ့ပါတယ်။ ဒါကို တက္ကသိုလ်ဆရာများ သမဂ္ဂကလည်း
ထောက်ခံကြောင်း ကြေငြာတယ်။
NNER က ပညာရှင်တွေ အဖြစ် ထောက်ပြတယ်။ ဆရာများသမဂ္ဂက ထောက်ခံတယ်။ အရင်က ကွဲလွဲမှု ရှိနေတဲ့ ကျောင်းသားသမဂ္ဂ အသီးသီးက
အတူတူ တိုက်ပွဲဝင်ဖို့ စုစည်းမိသွားတယ်။ ဒါဟာ အုပ်စိုးသူ အာဏာရှင်
လူတန်းစားကို ပစ်ထိုးလိုက်တဲ့ သံမဏိလက်သီး ပါပဲ။
ကျောင်းသားသမဂ္ဂတွေထဲမှာလည်း အခြေခံအမျိုးမျိုး၊ အယူအဆ အမျိုးမျိုး
ရှိနေပါတယ်။ ဒါပေမယ့် ဒီ ဘုံရည်မှန်းချက်မှာ စုစည်းမိပါတယ်။
ပင်ကိုယ်အားဖြင့် ဗကသဟာ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားအရေးကို
သာမက ပြည်သူ့အရေးမှာပါ ပါဝင်ရမယ်ဆိုတဲ့ မူမှာ `ထိုင်´ပါတယ်။
ဗကသတွေထဲမှာ အဲ့ဒီမူကို သဘောမတူတာတွေ ရှိကောင်းရှိနိုင်ပေမယ့်
ပညာရေးဥပဒေ ကိစ္စမှာတော့ ဒါဟာ အနှောက်အယှက် မဟုတ်ပါဘူး။
အစိုးရက ဒါကို အခွင့်ကောင်းယူပါတယ်။ ဗကသနဲ့ တကသတွေကြား ရထားတဲ့
ညီညွတ်မှုကိုခွဲဖို့ ``ဖြူနှင်းထွေး´´ကို ဖမ်းတာပဲလို့ ကျနော် ဒီနေရာကနေ
စွပ်စွဲပါမယ်။
တကသဟာ ကျောင်းနေဆဲ ကျောင်းသားငယ်တွေကို အခြေပြုတဲ့အတွက်
ကျောင်းသားအရေးကို ဦးစားပေးပါတယ်။ အဲ့ဒီအတွက် လက်ရှိအစိုးရက
ဗကသနဲ့ ပူးပေါင်းရင် ဒီလိုဖြစ်မယ်လို့ ခြိမ်းခြောက်တဲ့သဘောလို့ မြင်ပါတယ်။
ဗကသများ အဖွဲ့ချုပ်ကတော့ စစ်မျက်နှာ နှစ်ခု ဖွင့်ရတော့မှာပါ။ ``ဖြူနှင်းထွေး´´
လွတ်မြောက်ရေးနဲ့ ပညာရေးဥပဒေ ကန့်ကွက်ပွဲတွေ ပြင်းပြင်းထန်ထန်
ပြုလုပ်ရေးပါပဲ။ ကျနော် ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက ကျောင်းသားသမဂ္ဂတွေဟာ ``ဖြူနှင်းထွေး´´လို လူထုနိုင်ငံရေးမှာ
ဝင်ပါတာမမှားဘူး။ လုပ်ကို လုပ်ရမယ်ဆိုတာကို ကျောင်းသားထု အားလုံးကို
တိုက်တွန်းချင်တာပါ။
ဘာ့ကြောင့် လူထုနိုင်ငံရေးမှာ ကျောင်းသားသမဂ္ဂတွေ ပါဝင်ရမှာလဲ။
လက်ရှိဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဦးသိန်းစိန်အစိုးရရဲ့ ရပ်တည်မှုဟာ
ကျောင်းသားသမဂ္ဂတွေကို လူထုနိုင်ငံရေးထဲ ပါဝင်ဖို့ နှိုးဆော်နေတဲ့ ကိစ္စတွေပဲ။
ပညာရေးအဆင့်အတန်း အဘက်ဘက်က နိမ့်ပါးနေတာ၊ ဘွဲ့ရအလုပ်
လက်မဲ့တွေ များသထက်များလာတာ၊ အတတ်ပညာ၊ အသိပညာ တကယ်မပါဘဲ
ဘွဲ့တွေပေးခဲ့တာတွေဟာ ပြောဖို့ မလိုတော့တဲ့ ကိစ္စတွေဖြစ်တယ်။
ဗမာပြည်ရဲ့ လူအများစုဟာ လယ်သမား၊ အလုပ်သမား၊ လက်လုပ်လက်စားတွေ
ဖြစ်တယ်။ ဒီတော့ ကျောင်းသားအများစုဟာလည်း ဒီလူတန်းစားရဲ့
သားသမီးတွေပဲ ဖြစ်မှာ သဘာဝပဲ။ ဒီလူတန်းစား မလွတ်မြောက်ဘဲ
ကျောင်းသားလူတန်းစား သီးခြားလွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။
ဒီတော့ ကျောင်းသားသမဂ္ဂတွေဟာ လယ်သမားတိုက်ပွဲ၊ အလုပ်သမား
တိုက်ပွဲတွေမှာ ပါဝင်နေတာဟာ မမှားဘူး။ မှန်တယ်။ ဦးသိန်းစိန် အစိုးရဟာ
တကယ်တော့ တရုတ်ပြည်မှာ ဖောက်ပြန်ခဲ့တဲ့ ချန်ကေရှိတ် အစိုးရနဲ့
ဘာမှမထူးဘူး။ စစ်တပ်နဲ့ စစ်တပ် အကျိုးစီးပွားကို အခြေခံပြီး အာဏာကို
တည်ဆောက်တာပဲ။
တရုတ်ပြည်မှာ ချန်ကေရှိတ်အစိုးရဟာ သူတို့ အကျိုးစီးပွားအတွက်ဆိုရင်
ဖက်ဆစ်ဂျပန်ကိုတောင် မတိုက်ဘဲနေတယ်။ သူတို့ အကျိုးစီးပွားအတွက်
တိုင်းပြည်ကို ရောင်းစားတယ်။ ပြည်သူဟာ အုံကြွလာတယ်။ ကျောင်းသားတွေက ထကြွတယ်။ ဒီလိုနဲ့ တရုတ်ပြည်မှာ မေ (၄) အရေးတော်ပုံ
ဖြစ်ခဲ့တာပဲ။
ချန်ကေရှိတ်အစိုးရနဲ့ လူတန်းစားလက္ခဏာ ရည်တည်ပုံတူတဲ့ ဦးသိန်းစိန်
အစိုးရကို လယ်သမား အလုပ်သမားတွေက ဆန့်ကျင်ရာမှာ ဗမာပြည်တ၀ှမ်းက
ကျောင်းသားသမဂ္ဂတွေဟာ ပညာတတ်ပီပီ ဦးဆောင်မှုပေးဖို့ လိုတယ်။
၁၉၃၉ ခုနှစ်၊ မေလက ယင်အန်းမြို့ထုတ် သတင်းစာတွေမှာ ရဲဘော်မော်စီတုန်း
ရေးခဲ့တဲ့ ``မေလ ၄ ရက်နေ့ အရေးတော်ပုံ´´ ဆောင်းပါးထဲက ကောက်နှုတ်
တင်ပြချင်ပါတယ်။
``တရုတ်ပြည် ဒီမိုကရေစီ တော်လှန်ရေး လှုပ်ရှားမှုတွင် ပညာတတ်များသည်
ရှေးဦးစွာ နိုးကြားသူများ ဖြစ်ကြသည်။ ဤအချက်ကို ၁၉၁၁ ခုနှစ်
တော်လှန်ရေးနှင့် မေလ ၄ ရက်နေ့ အရေးတော်ပုံတို့က အထင်အရှား
ဖော်ပြခဲ့သည်။ မေလ ၄ ရက်နေ့ အရေးတော်ပုံကာလက ပညာတတ်များသည်
၁၉၁၁ ခုနှစ် တော်လှန်ရေးကာလက ပညာတတ်များထက် ပို၍ များပြားပြီး ပို၍
နိုးကြားကြသည်။ သို့သော် ပညာတတ်များသည် အလုပ်သမား
လယ်သမားထုနှင့် မပူးပေါင်းက မည်သည့်လုပ်ငန်းကိုမှ အောင်အောင်မြင်မြင်
လုပ်နိုင်မည် မဟုတ်ပေ။တော်လှန်သော ပညာတတ်လား၊ မတော်လှန်သော
ပညာတတ်လား၊ တော်လှန်ရေးကို ဖျက်ဆီးသော ပညာတတ်လားဟူ၍
နောက်ဆုံး ခွဲခြားရာတွင် အလုပ်သမား၊ လယ်သမားထုကြီးနှင့် ပူးပေါင်းလိုစိတ်
ရှိမရှိ၊ ကာယကံမြောက် ပူးပေါင်း၊မပူးပေါင်းဆိုသည့် အချက်ကို ကြည့်ရမည်။
ဤအချက်ဖြင့်သာ သူတို့ကို နောက်ဆုံး ခွဲခြားနိုင်သည်။ စန်မင်ဝါဒတို့
မာ့က်ခ်ဝါဒတို့ကို ပါးစပ်က ရွတ်ဖတ်နေသည့် အချက်ဖြင့် မခွဲခြားနိုင်။
တော်လှန်ရေးသမား စစ်စစ်သည် အလုပ်သမား၊ လယ်သမားထုကြီးနှင့်
ပူးပေါင်းလိုစိတ်လည်းရှိ၊ ကာယကံမြောက်လည်း ပူးပေါင်းသူ ဖြစ်ရမည်´´ လို့
ဆိုပါတယ်။
ပြောချင်တာကတော့ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံကို ရောင်းစားတဲ့ ဗိုလ်သန်းရွှေ
စစ်အစိုးရကို အမွေခံတဲ့ အစိုးရ။ သူတို့ဟာလည်း တိုင်းပြည်ကို ဆက်ရောင်းစား
နေတယ်။ ပြည်သူဟာ ကျပ်တည်းသည်ထက် ကျပ်တည်းနေတယ်။ ဗမာပြည်ဟာ
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မဟုတ်ဘူး။ တော်လှန်ရေးကာမှာပဲ ရှိသေးလို့
တော်လှန်ရေးသမား စစ်စစ်တွေပဲ လိုအပ်နေသေးတယ်။
ဒါ့ကြောင့် ကျောင်းသားဟာ ``ရွှေရည်စိမ်ဘွဲ့´´ တွေကို မက်မောပြီး
နစ်မွန်းမနေဘဲ လယ်သမား၊ အလုပ်သမားထုကြီးနဲ့ ပူးပေါင်း တိုက်ပွဲဝင်ဖို့
လိုတယ်။
တရုတ်ပြည် မေလ ၄ ရက်နေ့ အရေးတော်ပုံမှာ ကျောင်းသားလူငယ်တွေဟာ
နိုင်ငံကို ရောင်းစားတဲ့ အစိုးရကို ဆန့်ကျင်ခဲ့သလို ဗမာပြည်မှာလည်း
ကျောင်းသားတွေဟာ နိုင်ငံကို ရောင်းစားနေတဲ့ အစိုးရကို တော်လှန်ပစ်ဖို့
လယ်သမား၊ အလုပ်သမားထုကြီးနဲ့ ပူးပေါင်းဖို့လိုတယ်။
ဒါ့ကြောင့် လယ်သမားထုကြီးနဲ့ အတူတူပူးပေါင်းတိုက်ပွဲဝင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့
ရဲဘော်ဖြူနှင်းထွေး ကိစ္စမှာ ဖြူနှင်းထွေးဟာ မှန်ကန်တယ်။ ကျောင်းသားထုဟာ
ဖြူနှင်းထွေး ဥပမာအတိုင်း လယ်သမား၊ အလုပ်သမားထုဆီ သွားရမယ်။
တပြိုင်တည်းမှာ ကျောင်းသားထုရဲ့ ပင်မတိုက်ပွဲဖြစ်တဲ့ အမျိုးသားပညာရေး
ဥပဒေတိုက်ပွဲကို လယ်သမား၊ အလုပ်သမား၊ ပြည်သူလူထုကြီးရဲ့ အကူအညီနဲ့
အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြပါလို့ တိုက်တွန်းရေးသား
လိုက်ပါတယ်။
The Myanma Age