အားနည်းချက်တွေကို ပြုပြင်သွားမယ့် ဆောင်းယွန်းစံ


ကာရိုက်တာ အေးအေးလေးတွေနဲ့ တွေ့ရတတ်တဲ့ သရုပ်ဆောင် ဆောင်းယွန်းစံက ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မှုပိုင်းမှာ အားနည်းနေသေးကြောင်း ပြောပြခဲ့ပါတယ်။ “ညီမကို ပရိသတ် တော်တော်များများက သရုပ်ဆောင် ကောင်းလာပြီလို့ ပြောကြပေမယ့် ညီမဘက်က အိုက်တင်ပိုင်းမှာ အများကြီး ကြိုးစားဖို့ လိုအပ်ပါသေးတယ်။ နောက်ပိုင်း ဘယ်လို အိုက်တင်ပဲ ဖြစ်ပါစေ မျက်နှာအနေအထားက အရမ်းအရေးကြီးလို့ ညီမယူဆတယ်။ အဲဒါကြောင့် ညီမဘက်က အနုပညာတွေကို တင်ဆက်နိုင်အောင် အများကြီး ကြိုးစားနေပါတယ်။ နောက်ပြီး ညီမဘက်က အခြားလိုအပ်တဲ့ သရုပ်ဆောင်ပိုင်းတွေကိုလည်း ပြင်ဆင်သွားမှာပါ။ ရှေ့မှာလည်း သရုပ်ဆောင် ထားတာတွေ ရှိပေမယ့် နောက်ထပ်လုပ်ခွင့်ရမယ့် အရာတွေမှာလည်း ဖြည့်စွက်ပြီး လုပ်ဆောင်သွားမှာပါ”လို့ ပြောပြခဲ့ ပါတယ်။ လက်ရှိမှာတော့ ဗီဒီယိုကားအချို့ ရိုက်ကူးထားကာ ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးမယ့် “ချစ်ခြင်းကို မခွဲပါနဲ့” ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အိချောပို တို့နှင့်အတူ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


The Messenger

သရုပ်ဆောင်ပိုင်းကူးမယ့် နန်းစန္ဒာလှထွန်း


Miss Myanmar 2nd Runner Up ဆုရှင် နန်းစန္ဒာလှထွန်းက သူမအနေနဲ့ သရုပ်ဆောင်ပိုင်းကို ကူးဖို့အတွက် ပြင်ဆင်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။ “ညီက အခုအချိန်မှာ ကင်မရာနဲ့လည်း မစိမ်းတော့ပါဘူး။ ထိုက်သင့်တဲ့ ပရိသတ်လည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ကြိုးစားနေပါပြီ၊ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်တန်းတွေ မတက်ခဲ့ရပေမယ့် အိမ်မှာ လေ့ကျင့်တာမျိုးတွေ နောက်ပြီး MTV အတွေ့အကြုံလည်း ရှိပြီဆိုတော့ သရုပ်ဆောင်ပိုင်းကူးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ညီမအခွင့်အရေး ရခဲ့မယ်ဆိုရင်တော့ သရုပ်ဆောင် ကြည့်ချင်ပါတယ်။ အဲဒီအတွက် အနုပညာဝမ်းစာကို တတ်နိုင်သလောက် ဖြည့်ထားပါတယ်။ ကိုယ်တိုင်လည်း ၀ါသနာ ပါတယ်။ Miss ပြိုင်ပွဲတွေကလည်း အတွေ့အကြုံကောင်းတွေ ရခဲ့သလို သရုပ်ဆောင်ပိုင်းမှာလည်း ရချင်ပါတယ်။ တကယ်လို့ ဇာတ်လမ်း ရိုက်ခွင့်ရမယ်ဆိုရင် ဒရာမာလေးတွေကို ရိုက်ချင်ပါတယ်”ဟု ပြောပြခဲ့ပါတယ်။ နန်းစန္ဒာလှထွန်းသည် လက်ရှိတွင် Photo တွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။


The Messenger

စကိတ်စီးပြီး ကား( ၅၃) စီးအောက်ထဲ ဖြတ်သန်းပြခဲ့တဲ့ ကလေးငယ်


အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း အံ့အားသင့်စရာ စွမ်းဆောင်ရည်ကြောင့် ဂင်းနစ်စံချိန်ဝင်ရန် မျှော်လင့်နိုင်တော့မည် ဖြစ်သည်။ အိန္ဒိယနိုင်ငံသား ပါရာဆက်သည် မြေကြီးနှင့် ( ၇) လက်မသာ ကွာသည့် ကား( ၅၃) စီးအောက်ကို စကိတ်စီးပြီး ဖြတ်သန်းပြခဲ့သည်။ Limbo စကိတ်စီး ကစားသမား ပါရာဆက်သည် တီယူပါတီ အရပ်ဒေသမှာ နေထိုင်ပြီး မီတာ (၁၀၀) အရှည်ရှိသည့် ကား( ၅၃)စီး တန်းစီရပ်ထားခြင်းကို ဖြတ်သန်းပြခဲ့ခြင်း ဖြစ်သည်။ ယခင်စံချိန်မှာ မီတာ(၃၀)သာ ဖြစ်သည်။ ပါရာဆက်သည် ယင်းသို့ ပြုလုပ်ရန် အတွက် အချိန် ( ၂၂ ဒသမ ၅၉ ) စက္ကန့် အချိန်ယူခဲ့ရသည်။


ပါရာဆက်သည် ငယ်စဉ်ကတည်းက စကိတ်စီးခြင်းကို ၀ါသနာပါခဲ့သည်။ မိသားစုကလည်း အားပေးခဲ့သောကြောင့် ကျောင်းမှ ပြန်ရောက်သည့် အခါတိုင်း လေ့ကျင့်ခဲ့သည်။ ဖခင်ဖြစ်သူက သားဖြစ်သူ ပါရာဆက်ကို သင်ကြားပေးခဲ့ပြီး စွမ်းဆောင်မှုများကို ဗီဒီယိုရိုက်ကာ ပြန်ပြလေ့ရှိသည်။ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ခြင်းကြောင့် ပါရာဆက်သည် စံချိန်များကို ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

The Messenger

အာလူးကနေ စွမ်းအင်ထုတ်ယူတဲ့ ကမ္ဘာ့ပထမဆုံး လျှပ်စစ် ဓါတ်အားပေးစက်


ဗြိတိန် နိုင်ငံက မုန့်နှစ် ကုမ္မဏီ တစ်ခုဟာ အာလူးကနေ စွမ်းအင်ထုတ်လုပ်ယူပြီး လျှပ်စစ်ဓါတ်အားပေးစက် လုပ်ဆောင်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုံ ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ၊ Carlisle မြို့မှာ အခြေစိုက်တဲ့ Cavaghan and Gray ဆိုတဲ့ ရယ်ဒီမိတ် အစားအစာ ထုတ်လုပ်ရေး စက်ရုံဟာ စွန့်ပစ်ထားတဲ့ အာလူးတွေနဲ့ အာလူးအခွံတွေကို လျှပ်စစ်စွမ်းအင် နဲ့ ရေနွေးငွေ့စွမ်းအင် အဖြစ် ပြောင်းလဲလိုက်တဲ့ Biorefinery စနစ်နဲ့ လည်ပတ်နေတာပဲ ဖြစ်ပါတယ်။


သူတို့ စက်ရုံရဲ့ Green Generator ဆိုတဲ့ သဘာဝ စွမ်းအင်သုံး ဓါတ်အားပေးစက်ဟာ တစ်နှစ်မှာ လျှပ်စစ်စွမ်းအင် ၃၅၀၀ MWh ထုတ်လုပ်နိုင်ပြီး ပျမ်းမျှအားဖြင့် အိမ်ခြေပေါင်း ၈၅၀ ရဲ့ လျှပ်စစ်စွမ်းအင် နဲ့ ညီမျှတယ်လို့လည်း သိရပါတယ်။

ထို အာလူးကရတဲ့ စွမ်းအင်နဲ့ လည်ပတ်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ဟာ နောက်ပိုင်းမှာ ရေနွေးငွေ့ နဲ့ တစ်နှစ်ကို ၅၀၀၀ MWh အထိ ဓါတ်အား ထုတ်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထို ကုမ္မဏီဟာ စွမ်းအင်ထုတ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ အာလူးနဲ့ အာလူးအခွံတွေကိုတော့ သူတို့ ကုမ္မဏီက ထုတ်လုပ်တဲ့ အစားအစာတွေက တစ်ဆင့် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

Cavaghan and Gray ကုမ္မဏီ ဟာ အမဲသားနဲ့ ကြက်သွန်အရသာကို အာလူးနဲ့ ဖုံးအုပ်ထားတဲ့ Pie တွေကို ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ ရဲ့ ထုတ်ကုန် တွေကနေ ရလာတဲ့ အကြွင်းအကြန် ပစ္စည်းတွေကို အသုံးပြုပြီး စွမ်းအင်အဖြစ် ပြန်လည် အသုံးချကြတာပဲ ဖြစ်ပါတယ်။ Cavaghan and Gray ကုမ္မဏီ ရဲ့ မိခင်ကုမ္မဏီ ဖြစ်တဲ့ ဘာမင်ဂမ်မြို့ အခြေစိုက် 2 Sisters အစားအသောက် ကုမ္မဏီကလည်း သူတို့ဟာ ထို Biorefinery စနစ်နဲ့ သူတို့ပိုင်ဆိုင်တဲ့ ဗြိတိန် နိုင်ငံ တစ်ဝှမ်းက စက်ရုံတွေမှာ ဓါတ်အားပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

ထို Cavaghan and Gray ကုမ္မဏီဟာ နိုင်ငံပေါင်း ၃၆ နိုင်ငံက လာရောက်တဲ့ ၀န်ထမ်း ၂၃၀၀၀ ယောက်ကျော်ကျော် ခန့်ထားပြီး တစ်နှစ်ကို ကာဗွန်ထုတ်လုပ်မှု ၃၅၀၀၀ တန် တိတိလျှော့ချနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

( Mario )
Ref : Mirror

တစ်တီတူး ငှက်ဆိုတာ ဘယ်လို ငှက်မျိုးလဲ


ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်တဲ့ တိရိစ္ဆာန်အမျိုးပေါင်း ၇ မျိုးရှိပါတယ်။ အဲ့ဒီထဲမှာ တောက်တဲ့၊ ဇီးကွက်၊ ရွှေပြည်စိုး၊ ယောက်ဖခွေးခေါ်ငှက်၊ တစ်တီတူး(တီတီတွတ်)၊ ဥသြငှက်၊ ဘုတ်ငှက် တို့ဖြစ်ကြပါတယ်။

အဲ့ဒီငှက် အမျိုးအစားတွေထဲက တစ်တီတူးငှက်ကလေးအကြောင်းကို ပြောပြချင်ပါတယ်။

တစ်တီတူးငှက်ဟာ ကယ်ရာဒရိုင်အီဒီး မျိုးရင်းမှာ ပါဝင်တဲ့ ငှက်အမျိုးအစားပါ။ အဲ့ဒီငှက်ကို သတ္တဗေဒ အလိုအားဖြင့် လိုဗီဗင်နဲလပ် အင်ဒီကပ် လို့ခေါ်ပါတယ်။ တစ်တီတူးလို့‌ခေါ်ခြင်းမှာ အဲ့ဒီငှက်ရဲ့ ‌အော်သံကိုအစွဲပြု ပြီး ခေါ်ခြင်းလည်း ဖြစ်ပါတယ်။ အလျား ၁၃ လက်မခန့်ရှိပါတယ်။ ခါထက် ကိုယ်ထည်အနည်းငယ် ပိုပြီး ကြီးကာ ‌ခြေတံ၊ လည်တံ များဟာလည်း ခါရဲ့ ‌ခြေတံလက်တံတွေထက် ပိုရှည်ပါတယ်။

တစ်တီတူးရဲ့ ကိုယ်အ‌ပေါ်ပိုင်းဟာ အညိုရောင်ရှိပြီး ‌အောက်ဘက်က အဖြူ‌ရောင်ရှိပါတယ်။ မျက်နှာ၊ ရင်အုပ်နှင့် ဦး‌ခေါင်းတို့ဟာ မည်းနက်ပါတယ် ။ တစ်တီတူးအဖို၊ အမတို့ဟာ မျက်လုံးတစ်ဘက်စီရဲ့ အ‌ပေါ်နဲ့ ‌ရှေ့ဘက်မှာ ကြက်‌သွေး‌ရောင် အသားပိုတစ်ခုစီ ရှိပါတယ်။ ငှက်ငယ်ဦး‌ခေါင်းရှိ အ‌မွှေးတွေဟာ အဖျားမှာ အညို‌ရောင်သန်း ‌နေပါတယ်။ ‌မေး နဲ့ ဇလုတ်တို့ဟာ ဖြူပါတယ်။

တစ်တီတူးငှက်ဟာ အ‌နှောက်အယှက်ခံရလျှင် ပျံဝဲပြီး ထပ်တလဲလဲကျယ်‌လောင်စူးရှစွာ ‌အော်‌နေတတ်ပါတယ်။ တစ်တီတူးကို သဲ‌သောင်ပြင်၌ စိုက်ပျိုးခင်းနှင့် သွေ့‌ခြောက်‌သောကုန်းမြင့်ရှိ ‌မြေလပ်များ၌၎င်း တွေ့ရတတ်ပါတယ်။ ဒါ့အပြင် ထုံးအိုင်‌ဒေသများတွင်လည်း ‌တွေ့နိုင်ပါတယ်။ ဒီ‌ရေအတက်အကျရှိ‌သော ‌ဒေသများတွင်မူ တစ်တီတူးကို မ‌တွေ့ရတတ်ပါဘူး။ ရန်သူအနီးအနား၌ ရှိသည်ဟု မယုံသင်္ကာဖြစ်‌သောအခါ ‌ခေါင်းညိတ်‌လေ့ရှိပါတယ်။ အဲ့ဒီလို ‌ခေါင်းညိတ်သည့်အ‌လေ့မှာ တစ်တီတူးငှက်ရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။

တစ်တီတူးငှက်ဟာ ‌မြေကြီးပေါ်၌ ခုန်ဆွခုန်ဆွ သွားလာကာ ပိုးမွှားကောင်နှင့် ခရုမျိုးများကိုရှာ‌ဖွေ စား‌သောက် လေ့ရှိပါတယ်။ အဲ့ဒီငှက်ဟာ ‌နေ့အချိန်၌သာမဟုတ်၊ ညအချိန်၌လည်းပျံသန်း ‌အော်မြည်‌နေတတ်ပါ တယ်။ ပျံသန်းတဲ့အခါမှာလည်း တောင်ပံများကိုမှန်မှန်ရိုက်၍ ‌နှေးနှေးပျံသန်းလေ့ရှိပါတယ်။ ခဏပျံသန်းပြီးနောက် ‌မြေကြီးသို့ တဖန် ဆင်းသက်ပြီး အနည်းငယ် ခုန်ဆွခုန်ဆွ သွား‌လေ့ရှိပါတယ်။ ထိတ်လန့်တဲ့အခါမှာလည်း လျှင်မြန်စွာ ပျံသန်း နိုင်တဲ့အပြင် ပျံသန်း‌နေခိုက် ကိုယ်ကိုလည်း ကျင်လည်စွာလှည့်ပတ်လှုပ်ရှားနိုင်ပါတယ်။

မတ်လနဲ့ ဩဂုတ်လတို့မှာ ဥအု‌လေ့ရှိပါတယ်။ ‌မြေကြီး‌ပေါ်၌ သဘာဝအ‌လျောက် ချိုင့်နေတဲ့‌နေရာများမှာ အသိုက်လုပ်တတ်ပါတယ်။ မိုးဥတုက ရေဝပ်ခဲ့‌သော ချိုင့်ခွက်များ၌လည်းကောင်း၊ ကျွဲနွားတို့ရဲ့‌ခြေရာခွက်၌ လည်းကောင်း အသိုက်လုပ်‌လေ့ရှိပါတယ်။ ရေခြောက်‌နေ‌သောကန်များ၌လည်း တစ်တီတူးအသိုက်များကို ‌တွေ့ရတတ်ပါတယ်။ အသိုက်တခုမှာ ဥ ၄ ဥ ‌တွေ့ရလေ့ရှိပါတယ်။ တစ်တီတူးငှက်ဥ၌ အညို‌ရောင်တွင် အ မည်း ကွက်‌လေးများ ရှိပါတယ်။

အဲ့ဒီဥအ‌ရောင်နဲ့ ပေါက်စငှက်ငယ်က‌လေးများရဲ့အ‌ရောင်ဟာ ပတ်ဝန်းကျင်ရှိအ‌ရောင်နဲ့ ဆင်တူလှ တာကြောင့် သူတို့ကိုပတ်ဝန်းကျင်နှင့်ခွဲခြားသိဖို့ ခက်ခဲလှပါတယ်။ ငှက်ဖိုနဲ့ငှက်မများဟာ သူတို့ရဲ့ ငှက်ငယ်က‌လေးများကို အလွန်ဝိရိယကြီးစွာ ‌စောင့်‌ရှောက်ကြပါတယ်။ အကယ်လို့ သူတို့ရဲ့ အသိုက်အနီးသို့ တခြားတိရိစ္ဆာန်များ ကျုးကျော်လာလျှင်လည်း ပြင်းထန်စွာ ခုခံတတ်ကြပါတယ်။


ကိုးကားသတင်း။ ။ ၀ီကီပီးဒီးယား

မင်္ဂလာစုံတွဲတချို့အတွက် အကောင်းဆုံးဓာတ်ပုံတွေပေးခဲ့တဲ့ လေမုန်တိုင်း


Dujuan လေမုန်တိုင်း မနေ့က ၀င်ရောက်ခဲ့တဲ့ တရုတ်ပြည် ရှန်ဒေါင်းခရိုင် Rizhao ရှိ ပင်လယ်ကမ်းခြေဧရိယာတလျှောက်မှာ ကြီးမားတဲ့ လှိုင်းတွေ၊ လေပြင်းတွေ ဖြစ်ပေါ်တိုက်ခတ်ခဲ့ပါတယ်။


ရာနဲ့ချီတဲ့ မင်္ဂလာစုံတွဲတွေဟာ သူတို့ရဲ့ မင်္ဂလာဓာတ်ပုံများကို ကြီးမားပြင်းထန်တဲ့ လှိုင်းကြီးတွေ လာရောက် ရိုက်ခတ်တဲ့ ပင်လယ်ကမ်းခြေကို နောက်ခံထားရိုက်ကူးကြဖို့ ရွေးချယ်လာကြပါတော့တယ်။ ဒါကို ဘေးက ကြည့်ရှုနေကြတဲ့သူများက လှိုင်းတံပိုးဒဏ်ကို သူတို့ရဲ့ ချစ်မြင်းမေတ္တာတွေက ကြံ့ကြံ့ခံနိုင်တယ်ဆိုတာမျိုးကို သက်သေပြချင်တဲ့ ဆန္ဒမျိုးဖြစ်မယ်လို့ မှတ်ချက်ပေးကြပါတယ်။







Ref: CCTV news
ဧရာဝတီ

မိမိရဲ့အလှအပကို သဘာဝအတိုင်း ထိန်းသိမ်းခဲ့တဲ့ ၅၉နှစ်အရွယ် နာမည်ကြီးမော်ဒယ်လ်


ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၅၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လ်တဦးဖြစ်တဲ့ Yasmina Rossi ဆိုသူပါ။ သူမဟာ Marks & Spencer ၊ Hermes နဲ့ Macy’s စတဲ့ နာမည်ကြီးထုတ်ကုန်ပစ္စည်း တော်တော်များများရဲ့ မော်ဒယ်လ်တဦးလည်းဖြစ်ပါတယ်။ Rossi ဟာ ၁၉၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့တယ်ဆိုပေမယ့် Corsica ဆိုတဲ့ကျွန်းမှာ ကြီးပြင်းလာခဲ့သူပါ။



သူမကိုမြင်တဲ့သူတိုင်းက သူမရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သူမ ဘယ်လို ထိန်းသိမ်းပြု ပင် သလဲဆိုတဲ့ လျို့ဝှက်ချက်ကို အလွန်ပင်သိချင်နေကြတာပါ။ ဒါကို သူမက “သူ့မှာ ကြီးကြီးမားမား လျို့ ၀ှက်ချက် မရှိပါဘူး” လို့ Sunday Times’ Style မဂ္ဂဇင်းမှာ ဖြေကြားခဲ့ပါတယ်။



“အခုလို ခေတ်ဆန်ဆန်လှပနေတဲ့သူဖြစ်မလာခင်မှာ ကျမအနေနဲ့ အော်ဂန်းနစ်အစားအစာမှန်သမျှကို ကြာရှည်စားသုံးလာခဲ့တာပါ။ ကျမရဲ့ ဆံပင်တွေကို မုန်းညင်းဆီ ထည့်ပါတယ်။ တပတ်ကိုတကြိမ် သံလွင်ဆီ နောက်ပြီး ကောင်းမွန်တဲ့ သကြားတို့နဲ့ ကျမရဲ့အသားအရည်ကို ချေးချွတ်တာတို့ ပွတ်တိုက်တာ လုပ်ဖြစ်ပါ တယ်။ နောက် အရေးပြားကိုလည်း အဆီသုတ်လိမ်းပေးပါတယ်။ တနေ့ကို ထောပတ်သီးတလုံး နဲ့ အော် ဂန်းနစ် အသားတွေ ငါးတွေကို စားဖြစ်ပါတယ်” လို့ Rossi က သူ့ရဲ့ လှပခြင်း လျို့ဝှက်ချက်ကို ပြောပြသွားပါတယ်။




Ref: NRJ Lebanon 99.1fm
ဧရာဝတီ

ခါးနာခြင်းနှင့် ဓာတ်စာ


ဆရာခင်ဗျာ။ ကျွန်တော် ခါးနာနေတာ ကြာပါပြီ။ အခန့်မသင့်ရင် လှေကား အတက်အဆင်း လုပ်တဲ့အခါ မှာလည်း နာပါတယ်။ အဲဒါ ဘယ်လို အစားအစာတွေ စားရမယ် ဆိုတာ ညွှန်ကြား ပေးပါဦး ဆရာ။
ဦးဝင်းမြင့် (ဘုရားကြီး)
ခါးနာခြင်း ဆိုတာ ဖြစ်စမှာ အတော် နာကျင်ပြီး မကုန်းနိုင်၊ မဆန့်နိုင် ဖြစ်တတ်ပါတယ်။ ဒီထက် ပိုလာပါက ခါးကိုက်တဲ့ အဆင့် အထိ ရောက်သွား တတ်တယ်။ နာကျင်မှုက တစ်ရက်မှ နှစ်ပတ်ကြာ နာနေတတ်တယ်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သက်သာ ပျောက်ကင်း သွားနိုင်ပါတယ်။ မဆင်ခြင်ရင် နာကျင်မှု ဝေဒနာ ပိုပြီး ဖြစ်တတ်တယ်။ သာမန် ခါးနာခြင်း ဝေဒနာမှာ တစ်ပတ်ခန့် အတွင်း သက်သာ ပျောက်ကင်း နိုင်ပါတယ်။
ခါးနာခြင်း ဝေဒနာဟာ အဆင့်ဆင့် ခါးမှတစ်ဆင့် တင်ပါး၊ တင်ပါးမှ ဦးခေါင်း တစ်ဖက် တစ်ချက်စီ၊ ယင်းမှ တင်ပါး ကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်တယ်။
နာကျင်ခြင်း ဝေဒနာကြောင့် တစစ်စစ် ကိုက်ခဲခြင်း၊ တောင့်တင်း နေခြင်း၊ ထုံကျင် နေခြင်း၊ အားနည်း လာခြင်း၊ အပ်ဖြင့် ထိုးသလို စစ်ခနဲ နာကျင်ခြင်း ဖြစ်တတ်တယ်။
ကျောအောင့်ခြင်း၊ ခါးနာခြင်း၊ တင်ပါးမျက်ခြင်း၊ ပေါင်ကိုက်ခြင်းမှသည် ကြွက်တက်ခြင်း၊ ကြွက်သား ကျုံ့ဝင်ခြင်း အထိ ဖြစ်တတ်ပါတယ်။
နောက်ဆက်တွဲ ဝေဒနာများ အနေနဲ့ ခါးနာဝေဒနာကို ခံစားနေရသူများမှာ ကောင်းကောင်း မအိပ်နိုင်ဘဲ စိတ် ဖိစီးခြင်း၊ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးခြင်း ဖြစ်စေတယ်။ ဆီးသွား၊ ဝမ်းသွား ခက်ခဲခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ပျော်ရွှင်မှု ကင်းဝေးခြင်း၊ သောကများခြင်း ဖြစ်စေတယ်။
ခါးနာဝေဒနာ ဆိုးရွားစေခြင်းမှာ နေထိုင်မှု စနစ် ကိုယ်ဟန် အနေအထား မှားယွင်းခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း၊ လုပ်ငန်း သဘောအရ အချိန် ကြာကြာ မတ်တတ် ရပ်ရခြင်း၊ ခါးကို အထောက်အကူ အပြည့်အဝ မပေးတဲ့ ထိုင်ခုံ၌ ထိုင်ခြင်း၊ ပျော့ပျောင်း အိစက်သော မွေ့ရာဖြင့် အိပ်ခြင်း၊ အချိန် ကြာမြင့်စွာ ကားမောင်းခြင်း၊ ကိုယ်ခန္ဓာ အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ လေးလံသော ဝန်ထုပ်ဝန်ပိုး မခြင်း၊ ထမ်းခြင်း၊ တွန်းခြင်း၊ ဆွဲယူခြင်း၊ လှေကား အတက်အဆင်း များခြင်း၊ ခါးရိုးအဆစ် လွဲချော်မှုကို ဆရာဝန်နှင့် ပြသ စစ်ဆေးမှု မရှိခြင်း ဖြစ်ပြီး ခါးရိုး ဓာတ်မှန်ရိုက် စစ်ဆေးရင် သိနိုင်ပါတယ်။
ဓာတ်စာ အနေနဲ့ ချယ်ရီသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ပန်းသီး စတဲ့ သစ်သီးတွေ စားပါ။ အရိုးပါတဲ့ ငါးလေးများ ငါးကွမ်းရှပ်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးမန်းတောင်နှင့် တိရစ္ဆာန် အရိုးစွပ်ပြုတ်များ ဗီတာမင်ဘီဓာတ် ကြွယ်ဝတဲ့ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ လူး၊ ဆတ်၊ ပြောင်းဖူးများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကိုကိုး၊ ရွှေဖရုံသီးစေ့များ၊ အာလူး၊ ကန်စွန်းဥ၊ သံလွင်ဆီ၊ နေကြာဆီ၊ ဟင်းရွက်ဆီ၊ နှမ်းဆီ၊ ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်သော နေကြာစေ့၊ ဖရုံစေ့၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ သစ်ကြားသီး၊ မက်မွန်သီးများ စားသင့်ပါတယ်။
ခါးနာ သက်သာစေသော ပါရာစီတမော စတဲ့ အကိုက်အခဲပျောက်ဆေး အမျိုးမျိုး၊ ဗီတာမင်ဘီ ဆေးဝါးများ၊ အိုမီဂါ (၃)၊ အိုမီဂါ (၆)၊ ငါးကြီးဆီ၊ ဗီတာမင်ဘီနှင့် ကယ်လ်စီယမ် ပါသော ဆေး၊ ဗီတာမင် စီ၊ ဗီတာမင် အီး သတ္တုဓာတ် ပါတဲ့ အားဆေးများကို ဆရာဝန် ညွှန်ကြားချက် အတိုင်း သောက်သုံးနိုင်ပြီး ဆေးပူ တစ်ခုခု လိမ်းထား နိုင်ပါတယ်။
ရှောင်ကြဉ်ရန်မှာ အက်စစ် ဖြစ်စေသော အစာများ ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်၊ အချိုရည်များ၊ ဆေးလိပ်၊ ဟင်းခတ် အမွေးအကြိုင်များ၊ ဝမ်းတွင်း ကလီစာများနဲ့ အသင့် စားသုံးနိုင်တဲ့ အစားအစာများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ။