တွေ့ဖူးသမျှ ကစားသမားတွေထဲ စီရော်နယ်ဒိုက အကောင်းဆုံးဟု အန်စလော့တီပြော


စပိန် ရီးရဲလ်မက်ဒရစ် နည်းပြ အန်စလော့တီက နည်းပြသက်တမ်းအတွင်း တွေ့ဖူးတဲ့ ကစားသမားတွေထဲမှာ ခရစ်စတီယာနို ရော်နယ်ဒိုက အကောင်းဆုံး ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ညမှာ ယှဉ်ပြိုင်မယ့် ဘူဂေးရီးယားကလပ် ဘူဒိုနဲ့ ပွဲစဉ်အကြို ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုတာ ဖြစ်ပါတယ်။


“ရော်နယ်ဒိုက ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး နံပါတ်တစ် ဖြစ်တယ်ဆိုတာကို သံသယ ရှိစရာ မလိုဘူး။ သူက စကားအများကြီး မပြောပေမယ့် အသင်းကို ဦးဆောင်နိုင်တယ်” လို့ အသက် ၅၅ နှစ်အရွယ် နည်းပြ အန်စလော့တီက ပြောပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရာသီမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးသွင်း အများဆုံး စံချိန်တင်ထားပါတယ်။

မြေထဲပင်လယ်ကို ဖြတ်သန်းရန် ကြိုးပမ်းသည့် နိုင်ငံပြောင်းရွှေ့ နေထိုင်သူ (၃၀၀၀) ကျော်သေ


ယခုနှစ် အတွင်း နိုင်ငံ ပြောင်းရွှေ့ နေထိုင်သူ (၃၀၀၀) ကျော်ခန့် မြေထဲပင်လယ်ကို ဖြတ်သန်းရင်း စက်လှေနစ်မြုပ် သေဆုံးခဲ့ ရကြောင်း နိုင်ငံတကာ ပြောင်းရွှေ့ နေထိုင်မှု အဖွဲ့ (IOM) က ထုတ်ပြန်ခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ မှပြောင်းရွှေ့ နေထိုင်သူများသည် ဥရောပ နိုင်ငံများတွင် ခိုလှုံခွင့်ရရှိရေး အတွက် စက်လှေ များဖြင့် မြေထဲပင်လယ်ကို ဖြတ်သန်းပြီး စွန့်စား ထွက်ခွာလေ့ ရှိရာ ဥရောပသည် ပုံမှန် မဟုတ်သော နည်းလမ်း များဖြင့် ပြောင်းရွှေ့ နေထိုင်သူများ အတွက် အန္တရာယ်များသော အရပ်တစ်ခု ဖြစ်လာခဲ့ကြောင်း IOM ၏ တနင်္လာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် သေဆုံးသူ ဦးရေသည် ယမန်နှစ် ကထက် လေးဆပို များပြီး ၂၀၁၁ ခုနှစ် ကထက် နှစ်ဆပိုများ နေသည်။ ဇန်န၀ါရီမှစပြီး ကမ္ဘာ့ တစ်ဝန်း နိုင်ငံပြောင်းရွှေ့ နေထိုင်သူ (၄၀၇၇) ခန့် သေဆုံးခဲ့ပြီး ၎င်းတို့ အနက် (၇၅) ရာခိုင်နှုန်းမှာ ဥရောပသို့ ဦးတည် လာရောက်သူများ ဖြစ်ကြကြောင်း IOM ၏ စာမျက်နှာ (၂၁၆) မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မကြာသေးမီရက်များ အတွင်းတွင်လည်း မော်လ်တာ ကမ်းလွန်တွင် ခရီးသည် (၅၀၀) ခန့် တင်ဆောင် လာသော စက်လှေ တစ်စင်း နစ်မြုပ် ခဲ့ပြီး ဖြစ်သည်။နိုင်ငံများသည် ပျောက်ဆုံး နေသော နိုင်ငံ ပြောင်းရွှေ့နေထိုင်သူများနှင့် ပတ်သက်ပြီး စာရင်းအင်း မှတ်သားထားလေ့ မရှိ သောကြောင့် သေဆုံးသူများ မည်သည့် နိုင်ငံသား ဖြစ်သည်ကို ခွဲခြား ထုတ်ဖော်ရန် မလွယ်ကူကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

နို
င်ငံပြောင်းရွှေ့ နေထိုင်သူ ထောင်ပေါင်း များစွာ သေဆုံးခဲ့ရပြီးဖြစ် သောကြောင့် တစ်ကမ္ဘာလုံးသည် ယင်းကဲ့သို့ ပြောင်းရွှေ့ နေထိုင်သူများ အသေဆိုးဖြင့် သေဆုံးနေ ရခြင်းကို ရပ်တန့်နိုင်ရေး ၀ိုင်းဝန်း လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်း IOM ၏ အရာရှိချုပ် ၀ီလျံလေစီဆွမ်း ကပြောဆို ခဲ့သည်။ ၂၀၀၀ ခုနှစ်မှ စပြီး နိုင်ငံ ပြောင်းရွှေ့ နေထိုင်သူ (၄၀၀၀၀) ကျော် သေဆုံးခဲ့ပြီး ဖြစ်ကာ ၎င်းတို့ အနက် (၂၂၀၀၀) မှာ ဥရောပသို့ ဦးတည် လာရောက်သော ပြောင်းရွှေ့ နေထိုင်သူများ ဖြစ်ကြကြောင်း သိရသည်။

Source:BBC

ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ


မြန်မာလူမျိုးများဆင်ယင်ကျင်းပလေ့ရှိတဲ့ 
ဆယ့်နှစ်လရာသီပွဲတော်များနှင့် ပန်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်

တန်ခူးလ ။ ။ သင်္ကြန်ပွဲတော်။
ရာသီပန်း ။ ။ ကံကော်ပန်း။ ပိတောက်ပန်း။

ကဆုန်လ ။ ။ ညောင်ရေသွန်းပွဲတော်။
ရာသီပန်း ။ ။ စကားဝါပန်း။

နယုန်လ ။ ။ စာပြန်ပွဲတော်။
ရာသီပန်း။ ။ စံပယ်ပန်း။

ဝါဆိုလ ။ ။ ရဟန်းခံရှင်ပြုပွဲ၊ ၀ါဆိုသင်္ကန်းကပ်ပွဲ။
ရာသီပန်း ။ ။ ပုန်းညက်ပန်း။

ဝါခေါင်လ ။ ။ စာရေးတံမံပွဲတော်။
ရာသီပန်း ။ ။ ခတ္တာပန်း။

တော်သလင်းလ ။ ။ လှေပြိုင်ပွဲတော်။
ရာသီပန်း ။ ။ ယင်းမာပန်း။

သီတင်းကျွတ်လ ။ ။ မီးထွန်းပွဲတော်။
ရာသီပန်း ။ ။ ကြာပန်း။

တန်ဆောင်မုန်းလ။ ။ ကထိန်ပွဲတော်။
ရာသီပန်း ။ ။ ခ၀ဲပန်း။

နတ်တော်လ။ ။ စာဆိုတော်ပွဲ။
ရာသီပန်း ။ ။ ဂမုန်းပန်း။ သဇင်ပန်း။

ပြာသိုလ ။ ။ မြင်းခင်းသဘင်ပွဲတော်။
ရာသီပန်း ။ ။ ခွာညိုပန်း။

တပို့တွဲလ ။ ။ ထမနဲပွဲတော်။
ရာသီပန်း ။ ။ ပေါက်ပန်း။

တပေါင်းလ ။ ။ သဲပုံစေတီပွဲတော်။
ရာသီပန်း ။ ။ သရဖီပန်း။

Credit- မြန်မာမှုမြန်မာ့ဟန်

ဆေးဖက်ဝင် မာလကာရွက်


နေအိမ်အများစုမှာ မာလ ကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာ အဓိကထား စားသုံး လေ့ရှိကြ ပါ တယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့အချက်က တော့ မာလကာရွက် ရဲ့အံ့ဖွယ် ဆေးဖက်ဝင် အစွမ်း သတ္တိတွေပဲ ဖြစ်ပါတယ်။

မာလကာရွက်ဟာ သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုး မွှားတွေ ကူးစက်တာကိုကာကွယ် နိုင်တဲ့အစွမ်းသတ္တိ၊ ရောင်ရမ်း တာတွေ၊ နာကျင် တာတွေ ကို ပျောက် ကင်းစေတဲ့ ဂုဏ်သတ္တိ တွေပါဝင်ပါတယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက် ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။


ကိုယ်အလေးချိန်လျှော့ချ ချင်ရင်လည်း မာလကာရွက်က ထောက်ကူပေးနိုင်ပြီး သွေးတွင်း သကြား ဓာတ်ပမာဏကို လျှော့ချ ပေးနိုင်တာကြောင့် ဆီးချိုရောဂါ အတွက်ပါ ကောင်းကျိုးပြုပါ တယ်။ မာလကာရွက် လက်ဖက် ခြောက်ကို သုံးလလောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကိုအ ကျိုးမပြုတဲ့ ကိုလက် စထရောတွေ ကိုဖယ်ရှားပေးနိုင်တယ်လို့ဆိုပါ တယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်း ကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက် က ဆေးဖက် ဝင် ပြန်ပါ တယ်။ နောက်ပြီး အစာအ ဆိပ်သင့်တာတွေ၊ အော့အန်တာတွေနဲ့ အစာမကြေဖြစ် တာတွေကို လည်း သက်သာပျောက်ကင်းစေ ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ် ရောဂါအတွက်ဆိုရင်လည်း မာ လကာရွက်နဲ့ ကုသနိုင်ပါသေး တယ်။

သွားကိုက်တာ၊ လည်ချောင်းနာတာနဲ့ သွားဖုံးရောဂါတွေဆိုရင် လည်း မာလကာရွက်လတ်လတ် ဆတ်ဆတ်ကိုချေပြီး အရည်ညှစ် ပလုတ်ကျင်းပေးရင်ပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့်မို့ မာလ ကာရွက်ကို သွားတိုက်ဆေးထုတ် လုပ်ရာမှာထည့်သွင်းကြပါတယ်။

ခံတွင်းနံ့သင်းဖို့အတွက်သာမက ခံတွင်းကျန်းမာရေးအတွက် မာ လကာရွက်ကို ကြိတ်ခြေအနှစ်ပြု လုပ်ပြီး အိမ်မှာသဘာဝဆေးဝါး အဖြစ်သုံးနိုင်ပါတယ်။
မာလကာရွက်ကို သွေးလွန် တုပ်ကွေးရောဂါနဲ့ ပရော့စတိတ် ကင်ဆာရောဂါကုသဖို့လည်း အ သုံးပြုပါတယ်။ ဓာတ်မတည့်လို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာ တွေဖြစ်ရင်လည်း မာလကာရွက် နဲ့ပွတ်ပေးရင် သက် သာပျောက် ကင်းနိုင်သလို ထိခိုက်ရှနာဖြစ်ရင် လည်း မာလကာရွက်ကိုကြိတ်ခြေ ပြီးအုံပေးရင်ပျောက်ကင်းနိုင်ပါ တယ်။

အရေပြားအရောင်မမှန်တာ တွေ၊ ဝက်ခြံ၊ ဆားဝက်ခြံတွေကို လည်း မာလကာရွက်အနှစ်နဲ့ သုတ်လိမ်းပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်သလို မာလကာရွက်အနှစ်နဲ့ ပေါင်းတင်ပေးရင်လည်း အရေပြား တွန့်တာတွေပျောက် ကင်းပြီး တင်းရင်းလှပစေပါ တယ်။ ဒါတင်မကသေးဘဲ မာလ ကာရွက် လက်တစ်ဆုပ်စာကို ရေ တစ်လီတာလောက်နဲ့ မိနစ် ၂၀ လောက်ပြုတ်ပြီး အေးသွားတဲ့ အခါ မာလကာ ရွက်ပြုတ်ရည်နဲ့ ဦးရေပြားကိုသုတ်လိမ်းပြီး နှိပ် နယ်ပေးရင် ဆံပင်ကျွတ်တာတွေ ပျောက်ကင်းပြီး သန်စွမ်းစေပါတယ်
Ref: stylecraze
7day daily

ပြင်ဦးလွင်မြို့ ကျေးလက် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလေးချိန် ၁၈ ကျပ်သားကျော် ရှိ ရွှေတုံးတစ်တုံး တွေ့ရှိ

ကာလတန်ဖိုး ငွေကျပ် ၁၁၇၅၄ဝဝဝ ရှိ ရွှေတုံး

ပြင်ဦးလွင် ၊ ၁-၁၀-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့နယ် ရပ်ကွက်ကြီး (၁ဝ) ရတနာလမ်း၊ ကားကြီးဝင်း မြောက်ဘက် (ယခင် သင်္ချိုင်းဟောင်း) မြေနေရာတွင် သီရိရတနာ ဈေးသစ် တည်ဆောက်ရေး လုပ်ငန်းတွင် မြေထိုး၊ မြေညှိ၊ မြေဖို့ခြင်း ကို ၄င်းဈေး မြေနေရာ၏ အရှေ့ မြောက်ထောင့် မှ စက်ယန္တရားဖြင့် သယ်ယူပြီး အလုပ်သမား သုံးဦးက မြေဖြန့် ဆောင်ရွက်ရာ အလျား ၃ လက်မ၊ အနံ ၁ လက်မ၊ ထု သုည ဒသမ ၅ စင်တီမီတာ ခန့်ရှိ ရွှေဟုယူဆ ရသော အလေးချိန် ၁၈ ကျပ်သား ၁၂ ပဲ ခန့်ရှိ ရွှေတုံး တစ်တုံးကို စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခန့်က တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ရွှေတုံး တွေ့ရှိသူ များမှာ ဦးသန်းဦး (ဘ) ဦးတင်အောင်၊ လက်သမား ဦးကျော် (ခ) ဦးအုတ်ကျော် (ဘ) ဦးသောင်းရွှေ၊ သံချီသံကွေး နှင့် ဦးဇော်မျိုးထွန်း (ဘ) ဦးသောင်းရွှေ သံချဉ်သံကွေး တို့ဖြစ်ပြီး အဆိုပါ ရွှေဟုယူဆရသော ရွှေတုံးကို ဦးဇော်မျိုးထွန်း က စတင် တွေ့ရှိပြီး ၄င်းတို့ သုံးဦးသည် ဈေး တည်ဆောက်ရေး ဝင်းအတွင်း ၌ အုတ်ရေကန် တွင် ရေဆေးပြီး ကြည့်ရာ ရွှေဖြစ်ကြောင်း သေချာစွာ မသိသဖြင့် ဈေး တည်ဆောက်ရေး လုပ်ငန်းမှ ကန်ထရိုက် ဦးသန်းနိုင် ထံ သွားရောက် ပြသရာ ၄င်းမှ တစ်ဆင့် ဈေး တည်ဆောက်ရေး အင်ဂျင်နီယာ ဦးဇော်ဇော် ထံ ဆက်လက် အပ်နှံ ခဲ့ကြောင်း သိရသည်။

ရွှေတုံး တွေ့ရှိမှုနှင့် ပတ်သက်ပြီး ရပ်ကွက်ကြီး (၁ဝ) အုပ်ချုပ်ရေးမှူး ဦးအောင်သက်ဆွေ မှ တစ်ဆင့်စကား အရ စုံစမ်းရာ ဈေး တည်ဆောက်ရေး အင်ဂျင်နီယာ ဦးဇော်ဇော် ထံတွင် အဆိုပါ ရွှေဟု ယူဆရသော အတုံးတစ်တုံး လက်ခံ သိမ်းဆည်း ထားကြောင်း သိရသဖြင့် စက်တင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီခွဲက ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး ထံ သတင်းပို့ ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ ရောက်ရှိလာပြီး ဈေး တည်ဆောက် ရေး မြေနေရာ ရှင်းလင်းဆောင် တွင် ရွှေတုံးအား လက်ခံ သိမ်းဆည်း ထားသူ ဦးဇော်ဇော် က မြို့နယ်အဖွဲ့ ရှေ့တွင် ပြသပြီး မြို့နယ်အဖွဲ့ မှ မြို့မဈေးကြီး အတွင်းရှိ ဦးဇော်မင်းဦး ရွှေဆိုင်တွင် ရွှေ ဟုတ်၊ မဟုတ် စိစစ် ခြင်း၊ အလေးချိန် ချိန်တွယ်ခြင်း၊ တိုင်းတာခြင်းများ ဆောင်ရွက် ခဲ့သည်။ 

အဆိုပါ တွေ့ရှိသော ရွှေတုံးသည် အလေးချိန် ၁၈ ကျပ်သား ၁၂ ပဲ၊ ရွှေ အရည်အသွေး ၂၄ ဒသမ ၉ဝဝ ကာရက်၊ ကာလတန်ဖိုး ငွေကျပ် ၁၁၇၅၄ဝဝဝ ဖြစ်ပြီး ၄င်းရွှေတုံး ပေါ်တွင် NATIONAL BANK OF INDIA : 24.900: MOCATTA & GOLDSMID BULLION BROKERS. LONDON ဟု စာတန်း ပါရှိကြောင်း သိရသည်။

နတ်ဒေါင်း (ပြင်ဦးလွင်)

PyiChitThar
Yadanarpondaily

Facebook ဆန့်ကျင်ရေးကွန်ရက် Ello

လူမှုကွန်ရက် အသစ် Ello ကို သြဂုတ် ၇ ရက်တွင် အမေရိကန် ပြည်ထောင်စု ဗာမောင့် ပြည်နယ် မှ စက်ဘီး အရောင်းဆိုင် ပိုင်ရှင်တစ်ဦး က လူအများ အသုံးပြု နိုင်ရန် ဖွင့်လှစ် ပေးထားခြင်း ဖြစ်ပြီး Facebook ကဲ့သို့ ကြော်ငြာများ မပါခြင်း နှင့် အသုံးပြုသူ များ၏ အချက်အလက် များကို ကုမ္ပဏီများထံ မရောင်းချခြင်း တို့ကြောင့် '' Facebook ဆန့်ကျင်ရေးကွန်ရက် '' ဟုလည်း လူသိများသည်။

Ello.co ကို Paul Budnitz စတင် တည်ထောင် ခဲ့စဉ်က သူငယ်ချင်း ၉ဝ ဦး ခန့်အတွက် တွေ့ဆုံရာ ကွန်ရက်တစ်ခု အဖြစ်သာ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ Ello ကွန်ယက်နှင့် ချိတ်ဆက် အသုံးပြုရန် တောင်းဆိုချက် ၃၁ဝဝဝ နှင့်အထက်တွင် ရှိနေပြီ ဖြစ်ကြောင်း Paul Budnitz က BBC သတင်းဌာန အား ပြောပြခဲ့သည်။

Ello ကွန်ရက်တွင် ပါဝင်သည့် feature များကို အပြည့်အဝ အသုံးပြုနိုင်ရန် app store များက အက်ပလီကေးရှင်း များ ရောင်းချ သကဲ့သို့ feature များကို ရောင်ချခြင်း၊ Ello ဝက်ဆိုက်၏ ဒီဇိုင်းမှာ ထူးခြားနေ သဖြင့် စတင် အသုံးပြုသူများ အတွက် အဆင်မပြေ ဖြစ်ခြင်း၊ အသုံးပြုသူ ရုတ်တရက် များပြား လာသဖြင့် Service ခေတ္တ ပိတ်ပင်ခြင်း ခံရခြင်း စသည်တို့ကြောင့် အသုံးပြု သူများက Ello ကို ဝေဖန်ကြသည်။

ကျွမ်းကျင်သူ အများစုက ကွန်ရက်တစ်ခု အောင်မြင်ရန် အတွက် အခမဲ့ အသုံးပြုနိုင်ခြင်း က သော့ချက် ဖြစ်ကြောင်း Whatsapp, Instagram, Pinterest တို့ကို ဥပမာပေးကာ ပြောကြ သည်။ တည်ထောင်သူ Paul Budnitz က ၄င်းတို့၏ Ello မှာ Beta ဗားရှင်းသာ ရှိသေးသဖြင့် အမှားအယွင်း များစွာ ရှိနေသေးကြောင်၊ ၄င်းတို့၏ အမှားအယွင်း များမှ သင်ခန်းစာ ယူကာ အမြန်ဆုံး ပြင်ဆင် သွားမည် ဖြစ်ကြောင်း၊ တောင့်တင်းသော နည်းပညာ အဖွဲ့သားများ လည်း ရှိကြောင်း ပြောပြခဲ့သည်။

Ello ကို ဖေ့ဘွတ် ဆန့်ကျင်ရေး ကွန်ရက်ဟု လူအများက နာမည်ပေး ကြသော်လည်း Paul Budnitz က ၄င်း၏ ကွန်ရက်ကို ထိုကဲ့သို့ မယူဆကြောင်း၊ Facebook ကို ပြိုင်ဘက်အဖြစ် မသတ်မှတ်ကြောင်း၊ Facebook က ကြော်ငြာ ပလက်ဖောင်း ဖြစ်ပြီး ၄င်းတို့က ကွန်ရက်တစ်ခု ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

www. အင်တာနက် စာမျက်နှာကို စတင် တီထွင်သူ Sir Tim Berners Lee က တိုးတက်လာ နေသည့် Ello နှင့် ပတ်သက်၍ မိမိတို့သည် ကြော်ငြာခြင်း အပေါ် မလိုလားသည့် စိတ်များ ထားရှိရန် မလိုအပ်ကြောင်း အကြံပေးသည်။

Sir Tim Berners Lee က ကုမ္ပဏီများက မိမိတို့၏ ကိုယ်ပိုင် အချက်အလက်များ အပေါ် အမြတ်အစွန်း ထုတ်ယူသဖြင့် မိမိတို့ ကြော်ငြာများကို မနှစ်သက် သော်လည်း လူအများစု အင်တာနက် အသုံးပြုပုံကို လေ့လာလျှင် ကုမ္ပဏီများက မိမိတို့ အလိုရှိသည်ကို ဖြည့်ဆည်း ပေးခြင်းဖြစ်ပြီး နောက်ပိုင်း ၄င်းတို့ ဘာဆက်လုပ်သည်ကို မိမိတို့ ဂရုစိုက်လေ့ မရှိကြောင်း ပြောပြသည်။

PyiChitThar

Facebook ကြောင့် ဆိုးရွားလှတဲ့ အခြေအနေမှ လွတ်မြောက်ခွင့် ရတော့မယ့် ကလေးငယ်



မော်ရိုကို နိုင်ငံရှိ ကျေးရွာ တစ်ရွာမှာ နေထိုင်တဲ့ ကလေးငယ် တစ်ဦးဟာ လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်တဲ့ Facebookရဲ့ ကျေးဇူးကြောင့် ဆိုးရွားလှတဲ့ အခြေအနေကနေ လွတ်မြောက်ခွင့် ရဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အသက်သုံးနှစ်သာ ရှိသေးတဲ့ ဒီကလေးငယ်ဟာ မျက်နှာပြင် မှာ မွေးရာပါ ဆိုးရွားလှတဲ့ ပုံစံမျိုး ပါဝင်လာခဲ့ပါတယ်။ ဂျာဘလီ အမည်ရ ဒီကလေးငယ်ရဲ့ မျက်နှာဟာ ရုတ်တရက် ကြည့်လိုက်ရင် အလွန် ထိတ်လန့် စရာ ဖြစ်သွားပါ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးငယ်ရဲ့ မျက်နှာမှာ မျက်လုံး နှစ်လုံး မပါဝင်တဲ့ အပြင် မျက်နှာပြင် မှာကြီး မားတဲ့ အပေါက်ကြီး တစ်ခု ဖြစ်နေပြီး အပေါ် မေးရိုးလည်း ပါဝင်ခြင်း မရှိပါဘူး။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရ တာမို့ ဒီကလေးငယ်ကို ကယ်တင်ဖို့ လူမှု ကွန်ရက် ၀က်ဘ်ဆိုက်ဒ်မှာ အကူအညီ တောင်းခံမှု ပြုလုပ်ခဲ့ပါတယ်။ ဒါကို သြစတြေးလျ နိုင်ငံက ဘာရာကာ အမည်ရ အမျိုးသမီး တစ်ဦးက ဖတ်မိသွားခဲ့ပြီး ဒီကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဘာရာကာဟာ ကလေးငယ်ကို မော်ရိုကိုနိုင်ငံ အထိ သွားရောက် ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် သြစတြေးလျ နိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ခေါ်ဆောင်လာကာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဒီကလေးငယ်ဟာ ပုံမှန်ဘ၀ ပြန်ရဖို့ အတွက် ခွဲစိတ် ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ ဒီကလေးငယ်ကို ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဟိုလ်မက်က ကုသပေးသွားမှာ ဖြစ်ပါတယ်။ ဟိုလ်မက် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်ချင်းဆက် အမြွာကိုလည်း ခွဲစိတ် ကုသပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကုသပေးရမယ့် ကလေးငယ်ရဲ့ အခြေအနေ က အလွန်ရှုပ်ထွေးနေတာမို့ အချိန်ယူရ လိမ့်မယ်လို့ ဟိုလ်မက်က ဆိုခဲ့ပါတယ်။ ခွဲစိတ် ကုသမှုကို လာမယ့် ဒီဇင်ဘာမှာ ဆောင်ရွက် သွားမယ် လို့သိရ ပါတယ်။

Messenger

ရထားပေါ်သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်သူကို ထိုင်းမှာ သေဒဏ်ချမှတ်

ထိုင်းနိုင်ငံမှာ ဇူလိုင်လက အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ရထားပေါ်မှာ မတရားကျင့်သတ်ဖြတ်သူကို တရားရုံးက အင်္ဂါနေ့မှာ သေဒဏ်စီရင်ချက် ချလိုက်ပါတယ်။ 





မိန်းကလေးကို ဘယ်လို ပြုမူခဲ့တယ်ဆိုတဲ့အကြောင်း ရဲတပ်ဖွဲ့ကို သရုပ်ဖော်ရှင်းပြနေတဲ့ Wanchai Saengkhao(ဓာတ်ပုံ - Bangkok Post)
လူသတ်မှုအတွက် - သေဒဏ်
အသက် ၁၅ နှစ်အောက် လူငယ်တဦးကို မတရားကျင့်မှုအတွက် - ထောင်ဒဏ် ၉ နှစ်
အများပြည်သူသုံးရထားပေါ်မှာ ခိုးမှုအတွက် - ထောင် ၅ နှစ်
အလောင်းဖျောက်မှု - ထောင် ၁ နှစ်
မူးယစ်ရမ်းကားမှု - ထောင် ၆ လ

သက်သက်ညာညာ စီရင်ဖို့ သူ့ရဲ့ တောင်းဆိုချက်ကို တရားရုံးက ပယ်ချပါတယ်။
ပြစ်မှုကျူးလွန်ကြောင်း သက်သေ အထောက်အထားတွေက အင်မတန် ခိုင်မာလွန်းတယ်လို့ တရားရုံးက ဆိုပါတယ်။

ဒီအမှုနဲ့ ဆက်စပ်သတင်း ၂ ပုဒ်ရဲ့လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံကလာတဲ့ သတင်းဆိုးတပုဒ် http://blog.irrawaddy.org/2014/07/blog-post_5202.html

မုဒိမ်းမှုကျူးလွန်သူကိုသေဒဏ်ပေးဖို့ Facebook မှာ ထိုင်းတို့ တောင်းဆို http://blog.irrawaddy.org/2014/07/facebook_9.html

သတ်ဖြတ်ခံရသူရဲ့ မိသားစုကို အားပေးဖို့ အထင်ကရ ထိုင်း မော်ဒယ်၊ သရုပ်ဆောင် Panadda Wongpudee ကလည်း တရားခွင်ကို လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းမှာ တွေ့ရပါတယ်။ 

မတရားကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ လှုံ့ဆော်တဲ့သူထဲမှာ ဒီမော်ဒယ် သရုပ်ဆောင်လည်း တယောက် အပါအ၀င် ဖြစ်ပါတယ်။
ဧရာဝတီ 

အနံ့ဖြင့် ကျန်းမာရေး စစ်ဆေးမည်


ကျန်းမာရေး ကောင်းသူနှင့် နေမကောင်း ဖြစ်နေသူ တို့၏ အနံ့များကို ခွဲခြားခြင်းဖြင့် ကျန်းမာရေး စစ်ဆေးနိုင်ကြောင်းသိရသည်။


မကြာသေးမီက ပြုလုပ်ခဲ့သော စမ်းသပ်မှုတွင် စမ်းသပ်ခံ စေတနာ့ဝန်ထမ်း များအား ဗက်တီးရီးယား အဆိပ် တစ်မျိုးကို ထိုးပေးပြီး ထိုသူများ၏ ခုခံအား စနစ်ကို နှိုးဆွပေးခဲ့သည်။ ထိုသူများကို နောက် တစ်ကြိမ်တွင် ဆားရည်ကိုသာ ထိုးပေး ခဲ့သည်။ ဆေးထိုး သည့်အချိန် နှစ်ခု စလုံး၌ ထိုသူများအား တီရှပ် အင်္ကျီများဝတ် ဆင်ထားစေခဲ့သည်။

ထို့နောက် အခြားအုပ်စုတစ်စု အားဆေးထိုးခံခဲ့ သူများ၏ တီရှပ်များမှ ထွက်လာသည့် အနံ့ကို အာရုံခံ ကြည့်စေခဲ့သည်။ ဗက်တီးရီးယား အဆိပ်ထိုး ခဲ့စဉ်က ပို၍ မနှစ်သက်စရာကောင်းလှကြောင်း သိရှိခဲ့ရသည်။

ဤတွေ့ရှိချက်က ကပ်ရောဂါ အသွင်ကူးစက်ရောဂါများ ပြန့်ပွားသည့်အခါ လေဆိပ်အစ ရှိသည့် နေရာများ ၌ ခရီးသည်များအား နေကောင်း၊ မကောင်း စစ်ဆေးပေး ရာတွင် အသုံးဝင်နိုင်မည့် တွေ့ရှိချက် တစ်ခုဖြစ်
နိုင်သည်ဟု ယုံကြည်ထား ကြပါသည်။

Health Digest journal

အမေရိကန်မှ အီဘိုလာရောဂါ ကူးစက်မှုစတင်


အမေရိကန် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အမေရိကန် ပြည်ထောင်စုအတွင်း ပထမဆုံး အီဘိုလာရောဂါ ဝေဒနာရှင်တဦးကို ရှာဖွေ တွေ့ရှိထားကြောင်း ပြောဆိုပါတယ်။


ရောဂါထိန်းချုပ်မှုဆိုင်ရာ ဗဟိုဌာန CDC ရဲ့ အကြီးအကဲ ဒေါက်တာ Tom Frieden က လိုက်ဘေးရီးယားနိုင်ငံမှာ ရောဂါကူးစက်ခံခဲ့ရတဲ့ အမျိုးသား ဝေဒနာရှင်တယောက်ကို တွေ့ရှိထားကြောင်း အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

သူဟာ အနောက်တောင်ပိုင်း Texas ပြည်နယ် Dallas မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဆိုက်ရောက်ခဲ့ပြီး ရက်အတန်ကြာပြီးမှ ရောဂါလက္ခဏာကို စတင် ပြသခဲ့တယ်လို့ ဆိုပါတယ်။

အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ ဝေဒနာရှင်ကို Texas ပြည်နယ်က ဆေးရုံတခုမှာ သီးသန့် ကြပ်မတ်ထားကြောင်း ဒေါက်တာ Tom Frieden က ပြောပါတယ်။ နောက်ပြီး တာဝန်ရှိသူတွေဟာ ဝေဒနာရှင်နဲ့ ထိတွေ့ဆက်ဆံမှု ရှိခဲ့သူတွေကိုလည်း ရှာဖွေနေကြောင်း ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်မယ်ဆိုတာ သံသယရှိစရာ မလိုကြောင်းနဲ့ အမေရိကန်နိုင်ငံကို ပျံ့နှံ့သွားဖို့ မဖြစ်နိုင်ကြောင်း CDC အကြီးအကဲက ပြောပါတယ်။

အာဖရိကမှာ ကူးစက်ခံခဲ့ရတဲ့ အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေကို ရောဂါကုသဖို့ အမေရိကန်နိုင်ငံကို ပြန်လည် ခေါ်လာလေ့ရှိကြောင်း၊ ဒါပေမဲ့ Texas ပြည်နယ်က လူနာဟာ အမေရိကန် ပြည်ထောင်စုအတွင်း ပထမဆုံး တွေ့ရတဲ့ အီဘိုလာ ရောဂါဝေဒနာရှင် ဖြစ်တယ်လို့ ပြောပါတယ်။

VOA

ဥက္ကာကျော်၊ ဆုပန်ထွာတို့ရဲ့ ကွန်ဒိုဝယ်ခြင်းနဲ့ ဖေ့စ်ဘုတ်ကိစ္စ

အွန်လိုင်းလောကသားတွေကြား ပွဲဆူသွားခဲ့တဲ့ သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်မှာ ဇနီးလောင်းနဲ့ အတူနေဖို့ ကွန်ဒို တိုက်ခန်းတခန်းကို ဝယ်လိုက်ပါတယ်တဲ့။ 



ဓာတ်ပုံ- ဥက္ကာကျော်/ဖေ့စ်ဘုတ်
အိပ်ခန်း ၃ ခန်းပြီး စတုရန်းပေ ၁၄၉၀ ကျော်ကျယ်ဝန်းတဲ့ 68 Residence က ကွန်ဒိုကို ကျပ်သိန်း ၇,ဝဝဝ ကျော် ပေးပြီး ဝယ်ခဲ့တာပါ။ 

“Just bought a condo with 3 bedroom 1490.18 sqft at 68 Residence for me and my Fiancé” လို့ ကိုဥက္ကကျော်က သူ့ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေနဲ့တကွ ရေးထားပါတယ်။ 



အခုလို ဇနီးလောင်းနဲ့ အတူနေဖို့ ကွန်ဒိုဝယ်တာကို ခန့်မှန်းကြည့်ရရင် မကြာခင်မှာ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ရဲ့ မင်္ဂလာပွဲက ကျင်းပမယ့် အလားအလား ရှိနေပါပြီ။ 

တဆက်တည်းဆိုသလို ကိုဥက္ကာကျော်က သူ့ဇနီးလောင်း ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဟာ ဟက်ကာ လက်ချက်မိပြီး အကောင့်ပျက်နေလို့ အကောင့်အသစ်ကိုလည်း မိတ်ဆက်ပေးထားပါတယ်။ 

“ပန်ပန့်ရဲ့ personal Facebook account: Supan Htwar ကို တဦးတရောက်က Hack လုပ်ပြီး password ကိုပြောင်း၍ Deactivate လုပ်ထားပါတယ်။ September 29, 2014 ရက်နေ့ 5:00pm နောက်မှ စ၍ ပန်ပန့် account ဖြင့်တင်သော Post, Likes, Comments and Chatting များသည် ပန်ပန်နှင့် မပတ်သက်ကြောင်း Facebook မှ သူငယ်ချင်းများအား အသိပေးပါသည်။ တဦးတရောက်၏ စိတ်ချမ်းသာမှုရလျှင် ပန်ပန်ပြောတဲ့ စကားလေးအတိုင်း ပန်ပန် ကုသိုလ်ရပါတယ်။” 

ဆုပန်ထွာရဲ့ ဖေ့စ်ဘုတ်အကောင့် အသစ်ကတော့ Hsupan Htwar ဖြစ်ပါတယ်တဲ့။ 



အိမ့်သံစဉ် ~ 
ဧရာဝတီ 

အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတ ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်
ရေရာသေချာလိမ့်မည်ဟု အောက်တိုဘာ ၁ ရက် သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။



(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

“အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကိုပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုစတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုများကိုရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်းသတိပြုမိစေလိုပါတယ်” ဟုသမ္မတက ပြောသွားသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် လက်မှတ်ထိုးနိုင်ရန် “ပိုမိုအားထည့် ဆောင်ရွက်ကြရမည့်အချိန်” ဟု ညွှန်းဆိုသွားပြီးအစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းသွားသည်။

သမ္မတသည် သူ၏ လစဉ် ရေဒီယိုမိန့်ခွန်းများတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီးအကျယ်တဝင့် ပြောလေ့ရှိပြီးသူ၏ သမ္မတသက်တမ်းအတွင်း ငြိမ်းချမ်းရေးရလိုကြောင်းထုတ်ဖေါ်ပြောဆိုလေ့ရှိသည်။

သမ္မတ၏ မိန့်ခွန်းများတွင် ယခုနှစ်မကုန်မီအပစ်ရပ် လက်မှတ်ရေးထိုးရန် မျှော်မှန်းချက်များကို ထည့်သွင်းပြောကြားလေ့ ရှိသော်လည်း ယခုမူအပစ်ရပ် လက်မှတ်ထိုးမှူ ကို ပိုမိုအားထည့်ရန် ထပ်မံတိုက်တွန်းထားသည်ကို တွေ့ရှိရသည်။

သြဂုတ်လ ၂၂ ရက်ကရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဂေဟာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသေးရာ၊ အဆိုပါ ဆွေးနွေးပွဲသည် အပြီးသတ် ဆွေးနွေးမှုအဖြစ် အများက မျှော်မှန်းထားကြသော်လည်း အောင်မြင်မှုမရဘဲအဆုံးသတ်ခဲ့သည်။

အလားတူပင် ကရင်ပြည်နယ် မြဝတီမြို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
မဇ္ဈိမ

ဆီးချိုရောဂါ ဖြစ်ရခြင်း အကြောင်းရင်း


ဆီးချိုရောဂါ သည် ယခုမှ ပေါ်လာသော ရောဂါမဟုတ် ရှေးနှစ်ပေါင်း ထောင်ကျော်က အိန္ဒိယနိုင်ငံမှ လာသော အာယုဗေဒဆေး ပညာတွင် 'မဓုပမေဟ' ဟူသော ဆီးကို ပုရွက်ဆိတ်များ အုံသောရောဂါ အကြောင်းကို ဖော်ပြ ထားသည်ကို တွေ့ရသည်။ အချိုကြိုက်ပြီး အချိုဓာတ် များသော အစားအစာ များကို လွန်ကဲစွာ စားသောက် သူများတွင် ဖြစ်တတ်သော ရောဂါအဖြစ် ဖော်ပြ ထားသည်ကို တွေ့ရသည်။


ဆီးချိုရောဂါ သည် အသက်ကြီးမှ ဖြစ်သော ရောဂါမျိုးမဟုတ်၊ ဆီးချိုမျိုးရိုး ပါလာသူ များသည် ငယ်စဉ် သက်လတ်ပိုင်း ကပင် ဆီးချိုရောဂါ ခံစားလာ ရသည်ကို တွေ့ရသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တွင် ကံကြောင့် ဖြစ်သော ဆီးချိုရောဂါ ဟု ဆိုရမည် ဖြစ်သည်။ ဆီးချိုသည် ကူးစက်ရောဂါ မဟုတ်သော်လည်း မျိုးရိုးစဉ်ဆက် ဖြစ်တတ်သော ရောဂါမျိုး ဖြစ်သည်။ မိဘဘိုးဘွားတွင် တစ်ဦးဦး ဆီးချိုရောဂါ ရှိခဲ့လျှင် မိမိ လက်ထက်တွင် ငယ်စဉ်ကပင် သတိထားပြီး အချိုကြိုက်သော အလေ့ကို ရှောင်ကြဉ် ခြင်းဖြင့် ကာကွယ်နိုင် ပေသည်။


အသက်ကြီးမှ ဖြစ်သောရောဂါ တစ်နည်းအားဖြင့် မျိုးရိုးလိုက်ခြင်း မဟုတ်ဘဲ မိမိ၏ အနေအထိုင် အစားအသောက် အမှားကြောင့် ဖြစ်သော ဆီးချိုရောဂါကို ဆီးချိုရောဂါ အမျိုးအစား (၂)အဖြစ် ဆရာဝန် ကြီးများက သတ်မှတ်သည်။ အချိုဓာတ် များသောအစာ၊ အဆိမ့်အအီ များသောအစာ၊ အဆီနှင့် တွဲနေသော အသားကို အစားများသူ များတွင် ဖြစ်နိုင်သည်။ အချိန် ကြာမြင့်စွာ ရေခဲရိုက်ပြီး သိမ်းထားသော အစာနှင့် ရေခဲသေတ္တာ မှအစာကို စားသုံးမှု များခြင်း ကြောင့်လည်း ဆီးချို ဖြစ်နိုင်သည်။ ထမင်း စားပြီးတိုင်း အချိုရည် သောက်သုံးသူ နှင့် မောပန်းသည့် အခါတိုင်းတွင် အချိုရည် သံဘူးများ သောက်သုံးလေ့ ရှိသူများတွင် ပို၍ အဖြစ်များသည်။


ဆီးချိုရောဂါ သည် သွေးအတွင်း သကြားဓာတ် များပြီး ဖြစ်ရသော ရောဂါ ဖြစ်သဖြင့် ဆီးမချိုခင် ကပင် သွေးက ချိုပြီးဖြစ်နေ သည်။ ထို့ကြောင့် သွေးချိုရောဂါ ဟု ခေါ်ဝေါ်မှသာ မှန်ကန်သည်ဟု ဆိုသည်။ ဆီးချိုရောဂါ ဟု ခေါ်ဝေါ်သည်မှာ နှုတ်ကျိုး နေသဖြင့် ဆီးချို - သွေးချို ရောဂါဟု ခေါ်လျှင် ပို၍ သင့်တော်မည် ဖြစ်သည်။


ဆီးချိုရောဂါသည် အအေးကြိုက် သူများတွင် ပို၍ ဖြစ်နိုင်သည်။ အပူပိုင်း ဒေသတွင် နေထိုင်သူများ နှင့် အအေးပိုင်း ဒေသတွင် နေထိုင်သူ များတွင် အအေးပိုင်းတွင် နေထိုင်သူများက ပို၍ ဆီးချိုရောဂါ ဖြစ်လေ့ ရှိသည်ကို လေ့လာတွေ့ရှိ ရသည်။ နေရောင်ခြည် နှင့် နေ့စဉ်ထိတွေ့ အလုပ်လုပ် ရသူများနှင့် အလုံပိတ် အဲယားကွန်းခန်း များတွင် အလုပ် လုပ်ရသူများတွင် ဆီးချို သွေးချိုရောဂါ ဖြစ်နှုန်းမှာ အအေးခန်းတွင် လုပ်ရ သူများက ပို၍ ဖြစ်နိုင်သည်ကို တွေ့ရသည်။


ယခုခေတ်တွင် အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်သူ များလာရာ အဆောက်အအုံ အချို့မှာ ကြားညှပ်ပြီး နေရောင်ခြည် မရရှိတော့ သည်ကို တွေ့ရသည်။ တိုက်ခန်း အချို့မှာလည်း နေရောင် မဝင်သည့် အခန်းမျိုး ဖြစ်နေလျှင် ကျန်းမာရေးနှင့် မညီညွတ်ပေ။ ဆီးချို သွေးချို ရောဂါ ဖြစ်ရခြင်း၏ အကြောင်းရင်းကို အစားအသောက် တစ်ခုတည်း တွင်သာ အာရုံစိုက် နေခြင်းထက် အနေအထိုင် အဆောက်အအုံ နှင့် အလုပ်လုပ်သည့် နေရာကိုပါ ထည့်သွင်း စဉ်းစားပြီး ပြုပြင် သင့်သည်။


လမ်းလျှောက် နည်းခြင်း သည်လည်း ဆီးချို သွေးချိုရောဂါ ဖြစ်ရခြင်း၏ အကြောင်းရင်းခံ တစ်ခုဖြစ်သည်။ လူတိုင်း တစ်နေ့လျှင် နှစ်မိုင်ခန့် အနည်းဆုံး လမ်းလျှောက် ရမည်။ ကားစီးပြီး နေ့စဉ် သွားလာကာ လမ်းလျှောက်ရန် မေ့နေကြ သူများတွင် အသက်ကြီးလျှင် သွေးတွင် အချိုဓာတ် များလာပြီး နောက်ဆက်တွဲ ရောဂါများ အဖြစ် ဆီးချိုမှ ကျောက်ကပ်၊ ဆီးချိုမှ နှလုံး၊ ဆီးချိုမှ ထုံကျဉ်နှင့် လေငန်းရောဂါ များ ဆက်၍ ဖြစ်လာလေ့ ရှိသည်။ နေ့စဉ် လမ်းလျှောက်ပေးခြင်း၊ လေ့ကျင့်ခန်း တစ်မျိုးမျိုး လုပ်ပေးခြင်းဖြင့် ကြိုတင် ကာကွယ် သင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။

Yadanarpondaily

ဗြိတိသျှ ၂ ဦး သတ်ဖြတ်သူကိုဖမ်းမိရေး သတင်းပေးရင် ဘတ် ၇ သိန်း ပေးမယ်ဟုသိရ

ဗြိတိသျှ ၂ ဦး သတ်ဖြတ်ခံရပြီးနောက်ပိုင်း နိုင်ငံခြားဧည့်သည်တွေကို အလွယ်တကူခြေရာခံ ရှာဖွေနိုင်စေဖို့ ဘယ်လို စီစဉ်ကြမလဲ ဆိုတာတွေကို ထိုင်းနိုင်ငံမှာ စဉ်းစား ဆွေးနွေးနေပါတယ်။ 




Koh Tao ကျွန်းပေါ်မှာ သေဆုံးသူ ၂ ဦးအတွက် စက်တင်ဘာ ၁၈ ရက်နေ့မှာ ဆုတောင်းပွဲလုပ်စဉ်က ကပ်ခဲ့တဲ့ ပိုစတာတခု (Photo: Reuters / Sitthipong Charoenjai)
ခရီးသွား နဲ့ အားကစား ဝန်ကြီး Kobkarn Wattanavrangkul က ဟိုတယ်ပိုင်ရှင်တွေနဲ့ တွေ့ဆုံပြီး ဖြစ်နိုင်ချေတွေကို ပြောဆိုခဲ့ပါတယ် တဲ့။

ဟိုတယ်ကို ဧည့်သည် ရောက်လာတာနဲ့ လက်ကောက်မှာ ပတ်စရာတခု ပေးလိုက်မယ်၊ အဲဒီမှာ ကိုယ်ရေးအချက်တချို့ ပါမယ်၊ ဘယ်မှာ တည်းခိုနေတယ် ဆိုတာတွေ ပါမယ်။
ဒါကြောင့် ညဘက် အလည်လွန်လို့ နောက်ကျတာ၊ မူးတာ၊ လမ်းပျောက်တာမျိုးတွေ ဖြစ်ရင် အလွယ်တကူ အကူအညီပေးနိုင်ပါမယ်လို့ အမျိုးသမီးဝန်ကြီးက ပြောပါတယ်။

နောက်တဆင့်က ခြေရာခံလိုက်ရလွယ်ကူအောင် အီလက်ထရွန်နစ်ပစ္စည်း ထည့်ဖို့ပါပဲ။ သို့သော်လည်း ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးရခြင်း မရှိသေးပါဘူး လို့ သူက ဆက်ပြောပါတယ်။

ဟိုတယ်တွေကပေးတာတွေကို ဧည့်သည်တွေက လက်ကောက်ဝတ်မှာ ပတ်ပါ့မလား ဆိုတာကလည်း သံသယ ဖြစ်နေကြပါတယ်။

ဒါကတော့ အွန်လိုင်း စာမျက်နှာမှာ တွေ့ရတဲ့ သတင်းကို ကောက်နုတ်ပြီး အကျဉ်းချုံး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံသား ၂ ဦး သေဆုံးတာ ၂ ပတ် ပြည့်လာချိန်မှာ ပြစ်မှုကျူးလွန်သူ(တွေ)ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း 
သတင်းကိုတော့ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ http://www.irrawaddy.org/asia/thai-police-closer-arrest-murder-british-tourists.html မှာ ရေးပါတယ်။

သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ ကျွန်းပေါ်မှာ ရာနဲ့ ချီတဲ့ ထိုင်းနဲ့ မြန်မာတွေရဲ့ DNA တွေကို ရယူ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စုံစမ်းထောက်လှမ်းမှုတွေကတော့ အဆုံးသတ်လုပါပြီ။ သို့သော်လည်း တရားခံကိုတော့ မသိကြသေးပါဘူး။

ပြစ်မှုကျူးလွန်သူကိုဖမ်းမိဖို့အရေး သတင်းပေးနိုင်မယ် ဆိုရင် အဲဒီလိုသတင်းပေးသူကို ဘတ် ၇ သိန်း ( ဒေါ်လာ ၂၁,၆၅၀) ဆုပေးမယ်လို့ ရဲတပ်ဖွဲ့က ကမ်းလှမ်းထားတာပါ။
ဒါဟာ မြန်မာငွေ သိန်း ၂၁ဝ နဲ့ ညီမျှတဲ့ ငွေပမာဏပါ။

သတ်ဖြတ်ခံရတဲ့ ဗြိတိသျှ ၂ ဦးထဲက အမျိုးသမီးဟာ မတရားပြုကျင့်ခံခဲ့ရတယ်၊ ဒီအမှုမှာ ပြစ်မှုကျူးလွန်သူ ၃ ဦး ရှိလိမ့်မယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။
ဧရာဝတီ

မော်ဒယ်လ် အေးချမ်းမြတ်မိုး အသတ်ခံရမှု စတင်စစ်ဆေးမည်ဟု သိရ


တက်သစ်စမော်ဒယ်လ် အေးချမ်းမြတ်မိုး ဓားထိုး အသတ်ခံရမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံး၌ စတင်စစ်ဆေးမည် ဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။


တိုင်းဒေသကြီး မှုခင်းဌာနကို မှုခင်း ဆေးစစ်ချက် ပေးပို့ရာတွင် ချက်ချင်း ပြန်မကျခြင်း၊ ဥပဒေ အကြံပေးနှင့် တွေ့ဆုံမှု နောက်ကျခြင်း တို့ကြောင့် လူသတ်မှု ဖြစ်ပွားပြီး တစ်လကျော် အကြာမှသာ ရုံးတင်စစ်ဆေးရခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

“ပုဒ်မ ၃၀၂ နဲ့ ခရိုင်တရားရုံးကို အမှုစွဲတင်ထားတယ်။ တရားခွင်ရောက်မှ ဆက်လက်စစ်ဆေးရင်းနဲ့ စွဲချက်ပြောင်းသင့် မပြောင်းသင့် ဥပဒေအရာရှိတွေက ဆက်လက် ဆုံးဖြတ်သွားမှာပါ” ဟု အဆိုပါ ရဲစခန်းမှ ၎င်းက ရှင်းပြသည်။

သြဂုတ်လ ၂၆ ရက် ညနေပိုင်းက ဒဂုံမြို့နယ် ဦးဝိစာရ အိမ်ရာဝင်းအတွင်း နေထိုင်သူ အသက် ၁၉ နှစ်အရွယ်ရှိ မော်ဒယ်လ် အေးချမ်းမြတ်မိုးမှာ အပြင်မှ နေအိမ်သို့ ပြန်လာစဉ် ၎င်းနေထိုင်ရာ တိုက်၏ လှေကားထစ်၌ အိမ်ရာဝင်း တစ်ခုတည်းတွင် နေထိုင်သော အသက် ၂၂ နှစ် အရွယ်ရှိ ကိုအံ့ဖြိုးပိုင်က ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

“ကောင်မလေးက သူ့ကို ပြန်မချစ်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး တစ်လအကြာမှာ အိမ်လှေကားကနေ ချောင်းပြီး ဓားထိုး အသတ်ခံရတာ၊ ပထမတစ်ချက် ဆီးအိမ်နားကို ဓားနဲ့ထိုးတာ။ ချိတ်ထဘီကထူတော့ ဒဏ်ရာမရခဲ့ဘူး၊ ကောင်မလေးက သုံးလွှာက သူ့အိမ်ကို တက်ပြေးတော့ နောက်ကနေ ဓားနဲ့လိုက်ထိုးတာ။ လည်ပင်းကို ထိုးမိရာက သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားဖြင့် ထိုးခဲ့သူ ကိုအံ့ဖြိုးပိုင်မှာ ဆေးတက္ကသိုလ်ကျောင်း ပထမနှစ်ဖြင့် ကျောင်းထွက်ကာ B.Sc (HONS) တက်ရောက်နေသူ ဖြစ်ကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များနှင့် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သူ ဖြစ်ကြောင်း၊ မော်ဒယ်လ် အေးချမ်းမြတ်မိုးနှင့် ၎င်းမှာ ချစ်သူ ဖြစ်နေရာမှ လူမှုရေး အရှုပ်အထွေး တစ်ခုကြောင့် ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့မှုကို လက်မခံနိုင်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူက ပြောကြားသည်။

“မဟုတ်မမှန် သတင်းတွေကြောင့် သေဆုံးခဲ့သူရော၊ မိသားစုပါ ဂုဏ်သိက္ခာ ကျခဲ့ရတယ်။ ဘယ်နေ့ ရုံးတင်စစ်ဆေးမှာလဲလို့ မီဒီယာတွေက လာလာမေးနေပေမယ့် လတ်တလောမှာ ဒီကိစ္စကို အန်တီတို့ဘက်က မဖြေကြားပေးနိုင်ဘူး။ ရဲတပ်ဖွဲ့ကိုလည်း သတင်းမထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံထားတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

မြောက်ဦးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၁၂ သိန်း ပိုင်ရှင်မဲ့သိမ်းဆည်းရမိ


မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက်က မြောက်ဦး မြို့ ညောင်ပင်ဈေးရပ်ကွက် နန်းတော် ကုန်း(ပ)ထပ်၌ ဘောလုံးကန်ဆော့ကစားနေသော ငါးတန်းကျောင်းသားများက ချုံပုတ်အတွင်း ဝါးခြင်းတောင်း ဖြင့်ထည့်လျက် မသင်္ကာဖွယ်ရာပစ္စည်း များတွေ့ရှိကြောင်း သတင်းပေးချက် အရ ရှေးဟောင်းသုတေသနဦးစီးဌာန မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့နှင့်အတူ သွားရောက်စစ်ဆေးရာ ၎င်းဝါးခြင်းတောင်းအတွင်းမှ (၄ လက်မထ ၂ လက်မခွဲ)အရွယ် ပလတ် စတစ်ဖြင့်ထုပ်လျက် တစ်ထုပ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝဝ စီပါ ၂ဝ၆ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၁၂ဝဝဝ ပြား (တစ်ပြားလျှင် ၃ဝဝဝ နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၃၆ဝဝဝဝဝဝ)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသဖြင့် မြောက်ဦး မြို့မရဲစခန်းက မယ(ပ)၁။၂ဝ၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

The Mirror Daily

Eleven Media ကို တရားစွဲမယ့်သတင်း ပြန်ကြားရေးထုတ်ပြန်


ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိဘဲ Eleven Media ရဲ့ဖော်ပြချက်တွေဟာ ဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေအရ အရေးယူသွားမယ်လို့ အောက်တိုဘာ ၁ရက်နေ့မှာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ပုံနှိပ်စက်ဝယ်ယူတဲ့ကိစ္စမှာ Eleven Media ရဲ့ ဖော်ပြချက် မှားယွင်းကြောင်း သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းက ပြီးခဲ့တဲ့ ဇွန်လမှာသတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ပေမယ့် နောက်တစ်နေ့မှာ Eleven Media က အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ထပ်မံဖော်ပြခဲ့တာကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ)ကတစ်ဆင့် ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားခဲ့တယ်လို့ အစိုးရပိုင်သတင်းစာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


Eleven Media အနေနဲ့ ဖော်ပြချက်ကို ပြင်ဆင်ပေးဖို့ နှစ်ကြိမ်တိတိ ငြင်းဆန်တာ၊ စာနယ်ဇင်းကောင်စီကနေ တစ်ဆင့် ညှိနှိုင်းဖြေရှင်းတာကို ငြင်းဆန်ခဲ့တဲ့အပြင် ထပ်မံစွပ်စွဲမှုတွေလုပ်ခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုရခြင်းဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်စက် ဝယ်ယူရေးကိစ္စ Eleven Media အနေနဲ့ အထောက်အထား အပြည့်အစုံရှိတာကြောင့် တရားရုံးမှာပဲ ဖြေရှင်းသွားမှာဖြစ်သလို စာနယ်ဇင်းကောင်စီ(ယာယီ)ကို အယုံအကြည် မရှိဘူးလို့ ပြီးခဲ့တဲ့လက တုံ့ပြန်ခဲ့ပါတယ်။

Kamayut Media

သတိပြုဖွယ် လျှပ်စစ်အန္တရာယ်(၄)


လျှပ်စစ်အန္တရာယ် သတိပြုနိုင်ရန်အတွက် ဖြစ်ပွားခဲ့ သော ဖြစ်စဉ်များမှ ကောက်နုတ်ဖော်ပြပေးခြင်းဖြင့် အများပြည်သူများ လျှပ်စစ်အသိ သတိရှိရန်ဖြစ်ပါသည်။ သတိပြုဖွယ် လျှပ်စစ်အန္တရာယ်(၃)၌ ဓာတ်လိုက်မှုဖြစ်စဉ် များတွင် အများဆုံးဖြစ်ပွားလျက်ရှိသော ''လျှပ်စစ်စီးဝင် နိုင်သော ပစ္စည်းများ၊ ဓာတ်အားလိုင်းအောက်အနီးတွင် သတိမထားဘဲ လုပ်ငန်းဆောင်ရွက်မှု'' ဖြစ်စဉ်အချို့ကို ဖော်ပြခဲ့ပါသည်။ ဓာတ်လိုက်မှုဖြစ်စဉ်များတွင် ဒုတိယ အများဆုံးဖြစ်သော ''စက်ရုံ၊အလုပ်ရုံ၊ နေအိမ်များတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများ စနစ်တကျ တပ်ဆင် သုံးစွဲမှုမရှိခြင်းကြောင့် ဓာတ်လိုက်ခြင်း'' ဖြစ်စဉ်အချို့ကို ဖော်ပြလိုပါသည်။


၂ဝ၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က မန္တလေးတိုင်းဒေသ ကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ဦး--- နေအိမ်ရှိ ရေဝင်နေသော မီးဖိုဆောင်အတွင်း မိန်းခလုတ်မပိတ်ဘဲ မိမိ သဘောဖြင့် လျှပ်စစ်မီးဖိုကွိုင်ပျက်နေသည်ကို ပြုပြင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွား၍ ဦး--- ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား ခဲ့ပါသည်။

၂ဝ၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသ ကြီး ထီးချိုင့်မြို့ရှိ ဦး---၏ စက်ရုံတွင် သံဂဟေ အလုပ်သမား---- သည် မိန်းခုံပလပ်ပေါက်မှ Two Pin Socket ဖြင့် ရေပန့်မော်တာသို့ ဓာတ်အားရယူ၍ ကားရေ ဆေးခဲ့ပြီး လုပ်ငန်းပြီးချိန်၌ မိန်းခုံပလပ်ပေါက်မှ Two Pin Socket ကို ရေစိုလက်ဖြင့်ဆွဲဖြုတ်စဉ် ဓာတ်လိုက်မှု ဖြစ်ပေါ်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် လယ်တီရပ်ကွက် တွင် နေထိုင်သော ဦး----- ၏ သမီး မ----သည် ရေစိုနေသည့် လက်ဖြင့် အားသွင်းထားသော ရေဒီယို အင်တာနာတိုင်အား ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်က မွန်ပြည်နယ် သိမ်ဆိပ်မြို့တွင် ဦး---- က မိမိနေအိမ်ခြံဝန်းအတွင်း ရေမော်တာဖြင့် ရေတွင်းမှ ရေတင်ရာ ရေတင်၍ မရသဖြင့် လျှပ်စစ်မီးခလုတ်မပိတ်ဘဲ ရေမော်တာကို ကိုင်တွယ်ပြုပြင်ရာမှ ရေမော်တာကိုယ်ထည်မှတစ်ဆင့် လျှပ်စစ်စီးဝင်၍ ဦး---- ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ သည်။

အဆိုပါ ဓာတ်လိုက်မှုဖြစ်စဉ် အမျိုးအစားများအနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် သေဆုံးသူ ၂၈ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် သေဆုံးသူ ၃၄ ဦး၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လအထိ သေဆုံးသူ ၂၁ ဦးရှိခဲ့ပါသည်။ ဓာတ်လိုက်မှုဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက ခန္ဓာကိုယ်ရေစိုအနေထားဖြင့် လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ မီးခလုတ်မပိတ်ဘဲ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ခြင်း၊ မြေပြင်သမံတလင်း များတွင် ခြောက်သွေ့သော ဖိနပ်မစီးဘဲ လျှပ်စစ်ပစ္စည်းများ ကို ကိုင်တွယ်ခြင်းကြောင့် ဓာတ်လိုက်သေဆုံးရခြင်း ဖြစ်ပါသည်။

- အိမ်သုံးပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသော ခန္ဓာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်းမပြုရပါ။

- သမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရပါ။

- လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကလေး ငယ်များ လက်လှမ်းမမီသောနေရာတွင် တပ်ဆင် ရပါမည်။

- ပျက်စီးနေသော မီးပလပ်၊ ဆော့ကတ်များ မသုံးရပါ။

- မိန်းခလုတ်မပိတ်ဘဲ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ပြုပြင်ခြင်းမပြုလုပ်ရပါ။

- ဓာတ်လိုက်မှုဖြစ်ပွားပါက မိန်းခလုတ်ကို ဦးစွာ ပိတ်ပြီးမှ ဓာတ်မလိုက်နိုင်သော ပစ္စည်းတစ်ခုခုဖြင့် တွန်းထုတ်ခြင်း၊ ဖယ်ရှားခြင်းပြုလုပ်ရပါမည်။ (ဥပမာ-ခြောက်သွေ့သော ဝါးလုံး၊ သစ်သားချောင်း)

တယ်လီနောဖြင့် ငါးနိုင်ငံသို့သာ ဖုန်းခေါ်ဆိုနိုင်


တယ်လီနောဆင်းမ် ကတ်အသုံးပြုသူများ ပြည်ပသို့ ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု(Roaming Service) ကို အသုံးပြုလိုပါက ကနဦးအနေဖြင့် ငါးနိုင်ငံကိုသာ အပြန်အလှန်ခေါ်ဆိုမှုပြုလုပ်နိုင်ဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


‘‘တယ်လီနောဆင်းမ်ကတ် တွေမှာ Roaming ၀န်ဆောင်မှု က တစ်ခါတည်း ပါပြီးသားပါ။ လက်ရှိမှာတော့ ငါးနိုင်ငံကို အ ပြန်အလှန်ခေါ်ဆိုမှုတွေ ပြုလုပ် နိုင်မှာဖြစ်ပြီး နောက်ထပ်နိုင်ငံ တွေကိုလည်း ထပ်ပြီးတိုးချဲ့သွားဖို့လုပ်နေပါတယ်’’ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Petter Furberg က ပြော သည်။

တယ်လီနော အနေဖြင့် ဆင်းမ်ကတ်များကို စက်တင်ဘာ၂၇ ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး ပြည်တွင်းဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်၊ SMSပေးပို့ခ အနေဖြင့် တစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ယူလျက် ရှိ သော်လည်း ပြည်ပသို့ ဖုန်းခေါ် ဆိုသည့် Roaming ၀န်ဆောင်မှု နှင့် ပတ်သက်သည့်ဖုန်းခေါ်ဆိုခ နှင့် SMS ပို့ခနှုန်းထားများကို အတိအကျထုတ်ပြန်ခြင်းမရှိသေး ဘဲ ၎င်းတို့၏၀က်ဘ်ဆိုက်တွင် တင် ပေးသွားမည်ဟုသာ ပြောကြား ထားသည်။

တယ်လီနောမှ ပြည်ပသို့ အပြန်အလှန်ခေါ်ဆိုနိုင်မည့် နိုင်ငံ များမှာ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံ တို့ဖြစ်ကြောင်းသတင်းရရှိသည်။

လက်ရှိတွင် အစိုးရအော်ပ ရေတာဖြစ်သည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် GSM နှင့် WCDMA ဖုန်းများကို နိုင်ငံ ပေါင်း ၃၁ နိုင်ငံသို့ သယ်ယူအသုံး ပြုနိုင် သည့် Outbound Roaming ၀န် ဆောင်မှုနှင့် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည် တွင်းသို့ သယ်ယူအသုံးပြုနိုင် သည့် Inbound Roaming ၀န် ဆောင်မှုများပေးလျက်ရှိသည်။

ရထားပေါ် တစ်ကိုယ်လုံးချွတ်တဲ့ ကြော်ငြာကြောင့် ပင်းမင်းကုမ္ပဏီ ဒဏ်ရိုက်ခံရ



တရုတ်နိုင်ငံက အဝတ်လျှော်ဖွတ်ရေး ပင်းမင်း ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ တစ်မူထူခြားတဲ့ ကြော်ငြာကြောင့် အာဏာပိုင်တွေရဲ့ အရေးယူမှုကိုခံခဲ့ရပါတယ်။
Sanhaing Daily ရဲ့ဖော်ပြချက်အရ Tidy Laundry ဆိုတဲ့ ပင်းမင်းကုမ္ပဏီတစ်ခုဟာ မြေအောက်ရထားပေါ်မှာ သူတို့ရဲ့ကြော်ငြာကို ရိုက်ခဲ့တာဖြစ်ပါတယ်။

ဒီကြော်ငြာမှာ မိန်းကလေးနှစ်ဦးဟာ လူအများရှိနေတဲ့ မြေအောက်ရထားထဲ အတွင်းခံလေးတွေပဲ ကျန်တဲ့အထိ သူတို့ရဲ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်ပါတယ်။
အနားကို ချက်ချင်းရောက်လာတဲ့ ကုမ္ပဏီယူနီဖောင်းနဲ့ လူတစ်ဦးဟာ အသင့်ယူလာတဲ့ အင်္ကျီသစ်နဲ့ သူတို့အဝတ်အစားတွေကို လဲယူသွားပါတယ်။


ခေါ်လိုက်လျှင် ချက်ချင်းလာတဲ့ ကုမ္ပဏီရဲ့ဝန်ဆောင်မှုကို ချဲ့ချဲ့ကားကားလေးနဲ့ ကြော်ငြာတာလို့ဆိုပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ ကြော်ငြာထဲမှာပါတဲ့ ရထားစီးခရီးသည်တွေ အကုန်လုံးဟာ အစစ်တွေမဟုတ်ဘဲ သရုပ်ဆောင်တွေဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ကြော်ငြာဟာ အွန်လိုင်းမှာပွဲဆူသွားခဲ့ပြီး မီးရထားအာဏာပိုင်တွေက ကုမ္ပဏီကို အရေးယူ ဒဏ်ရိုက်ခဲ့ပါတယ်။

ဒဏ်ရိုက်တဲ့ငွေပမာဏကို မဖော်ပြပေမဲ့ ရှန်ဟိုင်းမြေအောက်ရထားကွန်ယက်နဲ့ ပက်သက်ဆက်နွယ်တဲ့ ကြော်ငြာရိုက်ကူးမယ်ဆိုရင် ခွင့်ပြုချက်ယူဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
ကုမ္ပဏီကတော့ သူတို့ရဲ့ကြော်ငြာအတွက် အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။

Credit: ဖိုးသူတော်

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေးတရုတ်ဦးက စီစဉ်ခဲ့၊ ထိုစဉ်က ဆူပူ သောင်းကျန်းသူများမှာ ထိုတရုတ်၏ ရွှေလီစက်ရုံမှ ၀န်ထမ်းများဖြစ်


မန္တလေးတွင် ဟာဂျီ ထွန်းထွန်းနှင့် တူတော်တူ ဆန်းဝင်းတို့ မြေကွက်ကိစ္စ ပြသနာ ဖြစ်ပွားရာမှ မြန်မာမိန်းကလေး တစ်ဦးကို အဓမ္မကျင့်ကြံသည်၊ တရားရုံး စာရေးကြီးက အမှုသည် မိန်းကလေးကို မတရားကျင့်ကြံသည်ဆိုသည့် လယ်ဆယ်တိုင်တန်းမှုများ ဖြစ်ပွားသည်။ ထို့အပြင် နောက်ဆက်တွဲ အဖြစ် ဗုဒ္ဓဘာသာဝင် တစ်ဦးနှင့် အစ္စလမ်ဘာသာဝင် တစ်ဦးဖြစ်သည့် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးခဲ့ရသည့် ဘာသာရေး အသွင်ဆောင် အဓိကရုန်းဖြစ်ပွားပြီး မန္တလေးတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ရသည်။


ထိုဖြစ်ရပ်၏ နောက်ကွယ်မှ ဇာတ်လမ်းမှာ အများသူငါ တွေးထင်သည်ထက် ရှုတ်ထွေးဆိုးဝါးနေပြီး ၂၀၁၃၊၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် မြန်မာနိုင်ငံအတွင်း ဘာသာရေး အသွင်ဆောင်သော အဓိကရုန်းများ ဖြစ်ပွားစေရန် အကွက်ချ စီစဉ်နေသူများကို သက်ဆိုင်ရာက မကြာသေးမီက ဖမ်းဆီးရမိခဲ့သည်။ ထို့ အပြင် ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် သိုလှောင်ထားသော တာမွေမြို့နယ်၊ တာမွေအ၀ိုင်းအနီး နေအိမ်မှ ပိုတက်ဆီယမ် နိုက်တြိတ် (၁၄၀)အိတ်ကို လည်းကောင်း၊ ဒဂုံစက်မှုဇုန် အတွင်း ဂိုဒေါင်တစ်ခုမှ အိတ် (၁၇၀)ကို လည်းကောင်း၊ ရန်ကုန်မြို့လယ်ရှိ အိမ်တစ်လုံးမှ ပိုတက်ဆီယမ် နိုက်တြိတ် (၂၀)အိတ်ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ပိုတက်ဆီယမ် နိုက်တြိတ်များမှာ ဒီဇယ်ဖြင့် ရောပြီး လုံးလိုက်ပါက ပေါက်ကွဲအား ပြင်းထန်သည့် ယမ်းပျော့များ ဖြစ်သွားပြီး ရန်ကုန်မြို့ နေရာအနှံ့တွင် ဘာသာမျိုးစုံ၏ အထင်ကရ အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ် တင်သွင်းထားခြင်းဟု သိရသည်။ ထိုသို့ ဖောက်ခွဲလိုက်ခြင်းဖြင့် ဘာသာမျိုးစုံကြား စိတ်ဝမ်းကွဲပြီး သွေးချောင်းစီးစေမည့် ဖြစ်ရပ်ကို မျှော်မှန်ထားကြောင်းလည်း သိရသည်။

မန္တလေးတွင် ဖြစ်ပွားခဲ့သော အမှုမှာ ဦးလေးနှင့် တူတော်သူတို့ မြေကွက် အမွေခွဲရာမှ မကျေနပ်သဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ထိုဖြစ်စဉ်ကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေး တရုတ် တစ်ဦးက သူ၏စက်ရုံတွင် အလုပ်လုပ်နေ သော ဘာသာခြားများကို မန္တလေးသို့ စေလွှတ်ပြီး ဆူပူမှုဖြစ်အောင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း မန္တလေးမြို့ခံများက အဆိုပါ ဆူပူ သောင်းကျန်းသူများကို မန္တလေးတွင် တစ်ခါမှ တွေ့မြင်ခဲ့ဘူးခြင်း မရှိကြောင်း ပြောဆိုရေးသားခဲ့ကြခြင်းလည်း ဖြစ်သည်။ ယခုအခါ ထိုအမှုကို ဖော်ထုတ်ရာမှ နောက်ကွယ်ရှိ အခြား အကြမ်းဖက် လုပ်ရပ်များကိုပါ ဖော်ထုတ် ရရှိနေပြီး သက်ဆိုင်ရာက အမှုနှင့် ပတ်သက်သူ အားလုံး ဖမ်းဆီးရမိချိန်တွင် အများပြည်သူ သိရှိရန် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက Tomorrowှ သို့ ပြောကြားခဲ့သည်။

Tomorrowှ

သက်တောင့်သက်သာ အလုပ်လုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်လာပြီး လုပ်ခိုင်းတာက အနှိပ်ခန်း၊ ထွက်ပြေးနိုင်လို့တော်သေးတာပေါ့

ရှမ်းပြည်(မြောက်ပိုင်း)၊လား ရှိုးမြို့၊ ရပ်ကွက်(၁)၊
နယ်မြေ(၅)၊ ကွတ်ခိုင်လမ်းနှင့်ဘုရားလမ်းထောင့်
တွင် ဖွင့်လှစ်ထားသော “ခန့်ရှိုး အလှပြုပြင်ရေး
ဆိုင်”မှ ထွက်ပြေး လာသူ အမျိုးသမီးငယ်တစ်ဦး
ကို အမှတ်(၁၆)လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး



တပ်ဖွဲ့မှ ရဲအုပ်အောင် လိန်ကီး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မျိုးသွင် ဦးစီးအဖွဲ့ ၀င်များနှင့်အတူ ရပ်ကွက်(၁)အုပ် ချုပ်ရေးမှူးရုံး၌ သက်သေများ ရှေ့တွင် မေးမြန်းခဲ့ရာမှ မိဘ တိုင်း၊ သားသမီးတိုင်း သတိပြု စရာ၊ သတိထားစရာအဖြစ် မှတ်သားသင့်သည်မှာ...


မန္တလေးတိုင်းဒေသကြီး၊ပုသိမ် ကြီးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ နေ အသက် ၁၈နှစ်အရွယ်ပန်းရံ လုပ်ကိုင်သူ မိန်းမပျိုတစ်ဦးကို တစ်ရွာတည်းနေ မညွန့်တင် ၄၄ နှစ်ခန့်မှလားရှိုးမြို့တွင်အိမ်ဖော်/ သန့်ရှင်းရေး အလုပ်လုပ်ရမည်။ သက်တောင့်သက်သာသောအလုပ် လုပ်ရမည်။ တစ်လလျှင်လခငွေ (၇၀၀၀၀ိ/)ခန့်ရမည်ဟု ပြောဆို စည်းရုံးလာသည်ကို ယုံကြည်လာ သဖြင့် သဘောတူပြီး စက်တင် ဘာ(၂၄) ရက်တွင် ကံကြီးကုန်းမှ ဆိုင်ကယ်ကယ်ရီဖြင့် မန္တလေးမြို့ ပြည်ကြီးမျက်ရှင် အဝေးပြေးဂိတ် သို့လည်းကောင်း၊ ၄င်းမှတစ်ဆင့် တက်နေထွန်း မှန်လုံကားဖြင့် (၁၈း၃၀)အချိန် လားရှိုးမြို့ ထွက် ခွာလာခဲ့ကြကြောင်း၊

မညွန့်တင် မှ ကားစရိတ်၊စားစရိတ် အားလုံး အကုန်အကျခံကာ ခေါ်ဆောင် လာပြီး လားရှိုးမြို့သို့စက်တင်ဘာ ၂၇ ရက်မှာ ရောက်ရှိခဲ့ပြီးကာမှ မညွန့်တင်က အိမ်ဖော်သန့်ရှင်း ရေးလုပ်ရမည် မဟုတ်ဘဲ အနှိပ် ခန်းတွင် လုပ်ရမည်ဟု ပြောဆို လာခဲ့ကြောင်း၊

၎င်းနောက် “ခန့် ရှိုး”အနှိပ်ခန်းတွင် အလုပ်လုပ်ရ မည်ဟု ပြောဆိုကာ ခေါ်သွားပြီး အလုပ်ရှင်ထံအပ်နှံ၍ အလုပ် မလုပ်ခင်မှာပင်အလုပ်ရှင်ဦးသိန်း ၀င်းနှင့်မတွေ့ပေးခင် ကြိုတင်ငွေ အဖြစ် တစ်လ ခုနှစ်သောင်းပေး မည်ပြောပြီး တွေ့ပေးစဉ် အလုပ် ရှင်ထံမှငွေ တစ်သိန်းငါးထောင် ကျပ်ကို မညွန့်တင်က ထုတ်ယူပြီး ၄င်းအထဲမှ သုံးသောင်းငါးထောင် ကျပ်ယူထားကြောင်း၊ မညွန့်တင် ၏သမီးဖြစ်သူ “ခန့်ရှိုး”တွင် လက် ရှိအလုပ်လုပ်နေသည့် မမာမာ ကြည်က နှစ်သောင်းယူထားပြီး၊ ကျန်ငွေများဖြင့် စောင်၊အိပ်ယာ ခင်းဝယ်ထားသဖြင့် မ---တွင် ငွေ နှစ်သောင်းကျပ်ခန့်သာရကြောင်း၊

အလုပ်စည်းကမ်းများမှာ ဖုန်း ဆက်ခွင့်မရှိ၊ အပြင်ထွက်ခွင့်မရှိ၊ အပြင်တစ်ခါထွက်ပါက ဒါဏ်ငွေ သုံးထောင်ပေးရမည်ဟု ပိုင်ရှင် ဖြစ်သူ ဦးသိန်းဝင်းနှင့်မညွန့်တင် တို့ကပြောပြီး ဦးသိန်းဝင်း၏ စာ အုပ်တွင်ငွေယူကြောင်းလက်မှတ် ထိုးခိုင်း၍ မ--- က လက်မှတ်ထိုး ပေးခဲ့ရကြောင်း၊ ထို့အပြင် ခိုင်း သည့် အလုပ်မလုပ်ပါက ၂ဆ လျော်ခိုင်းမည်ဟုပြောပြီး အနှိပ် ခန်းတွင် နှိပ်ခိုင်း၍ တစ်ခါနှိပ်ပေး ခဲ့ရကြောင်း၊

ထိုသို့နှိပ်ပေးစဉ် ၄င်း ရှေ့ရှိအခန်းတွင် တံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် ပြုလုပ်နေ သည်ကို တွေ့ရကြောင်း၊ မ--- က အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာ အဖြစ်အလုပ်လုပ်ခိုင်းမှာကိုကြောက် ရွံ့သဖြင့် စက်တင်ဘာ ၂၈ ရက် တွင် “ခန့်ရှိုး”အနှိပ်ခန်းမှ ထွက် ပြေးလာကာ အနီးရှိ ရက(၁) အုပ် ချုပ်ရေးမှူးရုံးသို့ ရောက်ရှိ အကူ ညီတောင်းခံခဲ့သဖြင့် ပန်းကောင်း အညွန့်ကျိုး ရေတိမ်နစ်မည့်ဘေး မှ သီသီကလေး လွတ်ခဲ့ရပါပြီ။

ထိုအခါ ကလေးမလေးကို အိမ်ဖော်သန့်ရှင်းရေးအလုပ်လုပ်ရ မည်ဟု လိမ်လည်ပြောဆိုစည်းရုံး သိမ်းသွင်းခေါ်ဆောင်လာပြီးအနှိပ် ခန်းတွင် ပို့အပ်ကာ ငွေကြေး အကျိုးအမြတ်ရယူသူများဖြစ်သည့် မညွန့်တင်(၄၄)နှစ်၊ ကံကြီးကုန်း ကျေးရွာ၊ပုသိမ်ကြီးမြို့နယ်၊မန်္တလေး တိုင်းဒေသကြီး၊ မမာမာကြည်(ခ) မမာမာ(၃၄)နှစ်နှင့် ဆိုင်ရှင်ဖြစ် သူ ဦးသိန်းဝင်း(၅၅)နှစ် အမှတ် (၁၆)၊ ရက(၈)လားရှိုးမြို့နေသူတို့ အပေါ် (ပ)၃၀၉/၁၄ လူကုန်ကူး မှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ(၂၄) ရေးဖွင့်ပြီး အမှုစစ်ဆေး လျက်ရှိနေပါတော့သည်ခင်ဗျာ။

မည်သည့်သားသမီးတိုင်းမဆို မိမိ၏မိသားစုစားဝတ်နေရေးအတွက် ၄င်း၊ မိဘကျေးဇူးဆပ်လို၍လည်း ကောင်း၊ တစ်နယ်တစ်ကျေးတွင် သက်တောင့်သက်သာသောအလုပ် လုပ်ရမည်။ ဆိုင်အကူ၊ အိမ်အကူ လုပ်ရမည်၊ တရုတ်သူဌေးနှင့် ပေး စားလျှင်ချမ်းချမ်း သာသာနေရ မည်ဟူသော မက်လုံးပေါင်းစုံဖြင့် စည်းရုံးလာပါက ယခုကဲ့သို့သော ဖြစ်စဉ်ကိုစံနမူနာထားကာစဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်ဖြင့် သတိ ပြုကြစေလိုကြောင်းပါခင်ဗျား။

Hot

ခရီးသွားမီးရထားတစီးပေါ်တွင်(၁၃) နှစ်အရွယ်ကလေးမလေး ကိုအဓမ္မပြုကျင့်ပြီးအလောင်းဖျောက်ခဲ့တဲ့ သူကိုသဒဏ်အမိန့် ချမှတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ခရီးသွားမီးရထား
တစီးပေါ်တွင် လိုက်ပါစီးနှင်းလာသည့်
13 နှစ်အရွယ်ကလေးမလေးကို အဓမ္မပြု
ကျင့်ပြီးနောက်သတ်ပြီး ရထားပေါ်က ပစ်ချ
ကာ အလောင်းဖျောက်ခဲ့တဲ့ ရထားဝန်ထမ်းကို 




ဟွာဟင် ခရိုင်တရားရုံးက သေဒဏ်အမိန့် ချမှတ် လိုက်ပါတယ်။




ထိုင်းနိုင်ငံက မုဒိန်းမှုတွေကို သေဒဏ်ပေးဖို့ တောင်းဆိုသူတွေက အနက်ရောင်
တီရှပ်များဝတ်၍ အမိန့် ချတဲ့ တရားရုံးမှာ လာရောက်နားထောင်ခဲ့ကြတယ်။


ခုလို ရက်ရက်စက်စက်သက်ခဲ့တရားခံကို သေဒဏ်ပေးခဲ့တာဟာ တရားရုံးရဲ့ အဆုံးအဖြတ်ကို လာရောက်နားထောင်ခဲ့တဲ့ သေဆုံးသူ မိသားစုနဲ့  မိန်းခလေးအခွင့်ရေးလှုပ်ရှားနေသူများက ကြေနပ်ကြပါတယ်။


တရားခံကတော့ ၁၄ရက်အတွင်း အယူခံဝင်လို့ ရပြီး သေမိန့် စောင့်နေစဉ် အတွင်း ဘုရင့်ဆီသို့  အသနားခံစာ တင်သွင်းနိုင်ပေမယ့် ဆေးမှု-မိဘနဲ့ ဘုန်းတော်ကြီးများ-၀န်ထမ်းများနှင့်ခလေးငယ်များ သတ်ဖြတ်သော အမှုများအတွက် အယူခံမပေးဘဲ ပယ်ချကြောင်းသိရသည်။


မင်းဘာ သာသာပြန်ဆိုသည်။
ရွှေမြန်မာမီဒီယာ

နောက်ထွက်မည့် Windows က Windows 10 ဖြစ်


စက်တင်ဘာ ၃၀ က Microsoft ရဲ့ Build conference မှာ Microsoft တို့ရဲ့ နောက်မျိးဆက် Windows ကို ကြေညာသွားပါတယ်။ ယင်းဟာ Windows 10 ဖြစ်ပါတယ်။ Windows 9 မဟုတ်ပါဘူး။ ဒါဟာ psycho trick တစ်ခု သုံးခြင်း သဘောတစ်ခုပါပဲ။ လူတွေ အနေနဲ့ Windows 8 ကို သုံးရမှာ စိတ်ပျက်နေတဲ့ အချိန် Windows 9 လည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ထင်နေကြတဲ့ စိတ်ကို ပျက်အောင် လွမ်းမိုးဖို့ အတွက် အဆင့်ကျော်လို့ Windows 10 လို့ အမည်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။

ထူးခြားချက် ကတော့ PC, Tablet ပေါ်မှာကော၊ မိုဘိုင်းဖုန်း မှာကော၊ Xbox မှာ ကော အသုံးပြုမယ့် Windows က အတူတူပဲ ဖြစ်သွားပါမယ်။ ဒီတော့ Developer တွေ အလုပ်မရှုပ်တော့ပဲ App တစ်ခု ဖန်တီးပြီး Platform တိုင်းမှာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Windows 7 က အားသာချက်နဲ့ Windows 8 က အားသာချက်များကို ပေါင်းစပ်လို့ ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ လက်ရှိ ကမ္ဘာမှာ Windows 8 နဲ့ 8.1 ကို အသုံးပြုသူဟာ ၁၃.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ ၅၁.၂ ရာခိုင်နှုန်းဟာ Windows 7 ကို အသုံးပြုနေပြီး ၂၃.၉ ရာခိုင်နှုန်းက Microsoft မှ ထောက်ပံ့မှု မပေးတော့တဲ့ Windows XP ကို အသုံးပြုနေကြ ပါတယ်။ ဒီတော့ Windows 8 ဟာ မကျရှုံးရင်တောင် အောင်မြင်တဲ့ Product မဟုတ်ခဲ့တ သေချာ ပါတယ်။ Tablet ရောင်းအား တက်စေခဲ့ပေမယ့် PC ဈေးကွက်မှ ရောင်းအား အင်မတန် ကျခဲ့ ပါတယ်။


ဒါကြောင့်မို့ အမှားတွေကနေ သင်ခန်းစာယူပြီး Windows 10 မှာ အကောင်းဆုံး ဖန်တီး သွားမည် ဖြစ်ကြောင်း Microsoft မှ တာဝန်ရှိသူများက ပြောကြားခဲ့ ပါတယ်။
.
Ref: techcrunch, bbc, engadget

အောင်ခမ်း (www.innewwsmyanmar.com)

ဘရာဇီးတွင် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ခံထားရသည့် ဓားစာခံ ပြန်လွတ်လိုက်ပြီ

ဘရာဇီးနိုင်ငံရဲ့ မြို့တော် ဘရပ်စီးလီးယားမှာ မနေ့က ဓားစာခံတဦးကို ဖောက်ခွဲရေးပစ္စည်းတွေ ရင်ဘတ်မှာ တပ်ဆင်ထားပြီး ၇ နာရီကျော်ကြာ ပြန်ပေးဆွဲထားရာက အထိအခိုက်မရှိ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်ပေးဆွဲသူက စိန့်ပီတာဟိုတယ်မှာ အခန်းငှားအပြီး ဟိုတယ်ဝန်ထမ်းတဦးကို ဓားစာခံလုပ်ခဲ့တာပါ။


ရဲတွေက သူ့ကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းနေတုန်း ဓားစာခံကို ၁၃ ထပ်က လသာဆောင်မှာ လမ်းလျှောက်ခိုင်း ထားခဲ့ပြီး ပြန်ပေးဆွဲသူက သမ္မတ ဒယ်လ်မာ ရောင်ဆဲ့ဖ် ရာထူးက ထွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရဲနဲ့မီးသတ်သမားတွေက အဆောက်အဦကို ဝိုင်းထားခဲ့ပြီး ဟိုတယ်ဧည့်သည် အယောက် ၃၀၀ လောက်ကို ပတ်ဝန်းကျင်ကနေ နေရာရွှေ့ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပြန်ပေးဆွဲသူက အဖမ်းခံခဲ့ပြီး ဓားစာခံကိုလည်း အထိအခိုက်မရှိ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဓားစာခံရဲ့ကိုယ်မှာ တပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေက အစစ်လား၊ အတုလားဆိုတာ ရဲက အတည်မပြုခဲ့ပါဘူး။

ဒါပေမယ့် ပြန်ပေးသမားသုံးခဲ့တဲ့ သေနတ်ကတော့ အတုဖြစ်ကြောင်း ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

DVB

ဟောင်ကောင်ဆန္ဒပြမှုများ တရုတ်နိုင်ငံအမျိုးသားနေ့တွင် ဆက်လက်ဖြစ်ပေါ်

ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြသူများသည် အောက်တိုဘာ ၁ ရက်တွင် ကျင်းပသည့် တရုတ်အမျိုးသားနေ့တွင် ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။



ဟောင်ကောင်မြို့လယ်အတွင်း ဆန္ဒပြသူများကို စက်တင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

ဆန္ဒပြသူများသည် မြို့တော်အတွင်း ၀မ်ချိုင်းအရပ်ရှိ ၆၅ နှစ်မြောက် တရုတ်အမျိုးသားနေ့ အလံ တင်အခမ်းအနား ကျင်းပမည့် ဂိုးလ် ဒင်း ဘော် ဟီ နီယာ ရင်ပြင်သို့ နံနက် ၈ နာရီ မထိုးမီကပင် စတင် ရောက်ရှိခဲ့ကြသည်။

အဆိုပါရင်ပြင်တွင် ရဲလုံခြုံရေးများလည်း ချထားပြီး တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များနှ င့်အတူ ဟောင်ကောင် အုပ်ချုပ်ရေးမှူး လီအွန်ချွန်ယင်းလည်း တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၁ ရက်သည် ဟောင်ကောင်တွင် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သောကြောင့် ဆန္ဒပြသူအရေအတွက် ပိုမိုများပြားနိုင်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောကြားသည်။


ဟောင်ကောင်ဆန္ဒပြပွဲတွင် ဆိုင်းဘုတ်ကိုင်ဆောင်ထားသူ အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

ယခုဆန္ဒပြမှုများသည် တရားမ၀င်သောကြောင့် ရပ်ဆိုင်ကြရန် လီအွန်ချွန်ယင်းက စက်တင်ဘာ ၁ ရက်တွင် သတိပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဟောင်ကောင်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် တရုတ်ပြည်မကြီးက ၀င်ရောက်ချုပ်ကိုင်မှုမလုပ်ရန် ဆက်လက်တောင်းဆိုသွားမည်ဟု ဆန္ဒပြသူများ က ပြောကြားသည်။
Ref:AFP