ဆီးရီးယားသို့ ထောက်လှမ်းရေး လေယာဉ်များ စေလွှတ်ရန် အမေရိကန် စီစဉ်


ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များ၏ လှုပ်ရှားမှုများကို ခြေရာခံ ဖော်ထုတ်နိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုက ထောက်လှမ်းရေး လေယာဉ်များ ပေးပို့သွားရန် စီစဉ်နေကြောင်း သိရှိရသည်။


အဆိုပါ အစီအစဉ်တွင် ထောက်လှမ်းရေး လေယာဉ်ပျံများ၊ မောင်းသူမဲ့ လေယာဉ်များကို ဆီးရီးယားထံ ပို့လွှတ်ပေးပြီး မြေပြင်တွင် လှုပ်ရှားနေသည့် IS စစ်သွေးကြွတို့ကို ရှင်းလင်းသော ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူရန် စီစဉ်ထားသည်။ IS တို့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေ အများအပြားကို သိမ်းယူပြီး အစ္စလာမ်မစ် နိုင်ငံတော် အမည်ဖြင့် (အပြည်ပြည်ဆိုင်ရာ အသိအမှတ် မပြုသော) နိုင်ငံတစ်ခုကို တည်ထောင်ထားသည်။

ဆီးရီးယားတွင် အမေရိကန် တိုက်လေယာဉ်များက IS တို့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အကန့်အသတ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေသည်မှာ လဝက်ကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုကဲ့သို့ ထောက်လှမ်းရေး လေယာဉ်များ ပို့လွှတ်ရန် စီစဉ်ခြင်းကြောင့် ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းထိုးစစ် အရှိန်အဟုန် မြှင့်တင်လာမည့် အရိပ်လက္ခဏာ ဟုလည်း ယူဆရဖွယ် ရှိနေသည်။

အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို IS အဖွဲ့က ခေါင်းဖြတ်သတ်ခဲ့သည့် ဗီဒီယို ထွက်ပေါ်လာခြင်းကြောင့် IS တို့ကို အမေရိကန်က အရေးယူမှု အရှိန်အဟုန် မြင့်တက်လာဖွယ် ရှိနေကြောင်းလည်း Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ ဆီးရီးယားသို့ စေလွှတ်မည့် ထောက်လှမ်းရေး လေယာဉ်များက တိုက်လေယာဉ်များအတွက် ပိုမိုတိကျသည့် ပစ်မှတ်များကို ရှာဖွေ မှတ်သားပေးရန် တာဝန်ယူဖွယ် ရှိနေသည်။

အမေရိကန်သည် ဇူလိုင်လ အတွင်းက ဆီးရီးယား ပိုင်နက်ထဲသို့ လေယာဉ်များ စေလွှတ်ကာ IS တို့လက်တွင် ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသားများကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ အမေရိကန် အထူးတပ်ဖွဲ့များ ရောက်ရှိသွားချိန်တွင် အဆိုပါ နေရာမှ ဓားစာခံများကို IS တို့က ကြိုတင် ရွှေ့ပြောင်းပြီး ဖြစ်နေခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7Day DAILY

မေးတဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ အချိန်ယူတာများသွားတာကြောင့် 1st Runner Up ဆု ရရှိခဲ့တာလို့ ဆိုတဲ့ မေဘရဏီသော်


Miss People 2013ရဲ့1st Runner Up ဆုရှင်တစ်ယောက်ဖြစ်တဲ့ မေဘရဏီသော် ဟာ Miss Myanmar International ပြိုင်ပွဲမှာလည်း 1st Runner Up ဆုကို ထပ်မံရရှိခဲ့တာကြောင့် အဲ့ဒါနဲ့ပတ်သက်ပြီး သူမ “ညီမ Miss Myanmar International ပြိုင်ပွဲမှာ1st Runner Up ဆုရရှိခဲ့လို့ အရမ်းပဲ ပျော်တယ်။ အရမ်းလည်း ဝမ်းသာမိပါတယ်။ ညီမအတွက် Miss Myanmar International လိုမျိုးပြိုင်ပွဲကြီးက ပထမ ဆုံးဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်း ဖြစ်ပါတယ်။ ညီမက ဆုရမယ်၊ မရဘူးဆိုတာထက် ကိုယ်ကိုယ်တိုင် ကြိုးစားခဲ့တဲ့အရာကိုပဲ အကောင်းဆုံးဖြစ်ရမယ်ဆိုပြီးတော့ပဲ ပြိုင်ခဲ့တာပါ။ ညီမကိုယ်တိုင် အစွမ်းကုန် လုပ်ခဲ့ရတဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုကအသိအမှတ် ပြုခံရလို့ ကျေနပ်ပါတယ်။” လို့ သူမက ဆိုပါတယ်။


1st Runner Up ရရှိခဲ့တာဟာ ဆုရသွားတဲ့သူနဲ့ယှဉ်ရင် အားနည်ချက်အနေနဲ့ ဘာများဖြစ်မလဲရယ်လို့ သူမကို မေးကြည့်လိုက်တဲ့အခါမှာတော့ သူမက “ညီမ ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာညံ့တယ်လို့တော့ မမြင်ပါဘူး။ ညီမကိုမေးတဲ့ မေးခွန်းတွေကို အချိန်ယူ ပြီးစဉ်းစားခဲ့တာ နည်းနည်း များသွားတာကြောင့်လို့ ထင်ပါတယ်။ အဲဒါက ညီမအတွက် မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ။ နောက်ပြိုင်ပွဲတွေ အတွက် သင်ခန်းစာတစ်ခုအနေနဲ့ ရသွားတာပေါ့။ ညီမက ဆုရရှိပြီးသွားတဲ့ နောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုထက် ကိုယ်ဝါသနာပါတဲ့ မော်ဒယ်လ်အလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ။ ပြီးတော့ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ညီမက အရင်ကတည်းက လုပ်နေကျဆိုတော့ ထပ်ပြီး လုပ်သွားဖို့ပဲ ရှိပါတယ်”တဲ့။

လတ်တလောမှာတော့ သူမဟာ မြန်မာToursim Fedration နဲ့အတူတူ ဗီယက်နမ်နိုင်ငံကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားဖို့ရှိနေတယ်လို့ သိရပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကတော့ လုပ်ဖြစ်ရင်တော့ အချိန်အများကြီးယူရဦးမယ်လို့ ဖွင့်ဟသွားပါတယ်။

Trend Myanmar

ကွန်ဂို၌ အီဘိုလာရောဂါဖြစ်ကြောင်း အတည်ပြု


ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက နိုင်ငံမြောက်ပိုင်း၌ အဖျားရောဂါပြင်းထန်စွာ ခံစားနေရသူ တစ်ဦး၌ အီဘိုလာရောဂါဖြစ်ပွားနေ ပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
လူ ၁၃ ဦး သေဆုံးခဲ့သော အီကွေတီးယားပြည်နယ်၌ အဖျား ရောဂါဖြစ်နေသူနှစ်ဦးကို စမ်းသပ် စစ်ဆေးရာမှ အတည်ပြုနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဖီးလစ်နမ်ဘိုင်းက ဘီဘီစီသို့ ပြောကြားသည်။
အဆိုပါရောဂါထိန်းချုပ်သွားရန် ကန့်သတ်ဇုန် ထူထောင်သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ နမ်ဘိုင်းက ဆက်လက်ပြောကြားသည်။ ယင်းရောဂါသည် စတင်ဖြစ်ပွားချိန် မှစပြီး အနောက်အာဖရိက အပြင်ဘက်၌ ပထမဆုံးအကြိမ်ဖြစ်ပွားခြင်း ဖြစ်သည်။ ယခုအထိ အဆိုပါ ဗိုင်း ရပ်စ်ကြောင့် သေဆုံးသူ ၁၄၂၇ ဦး ရှိသွားပြီဖြစ်သည်။
အီဘိုလာရောဂါဖြစ်ပွားမှု အမြန်နှုန်းသည် မကြုံစဖူးတိုးပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောသည်။ အနောက်အာဖရိက၌ မတ်လမှစပြီး အီဘိုလာရောဂါ ကူးစက်ခံရသူပေါင်း ခန့်မှန်းအားဖြင့် ၂၆၁၅ ဦး ရှိသွားပြီဟု ဆိုသည်။ ''ဒီရောဂါက ကုသနိုင်တဲ့ ဆေးမရှိသေးဘူးဗျ။ ဒါပေမယ့် စမ်းသပ်ဆေးဝါး ZMappနဲ့ကုတာ ပြန်ကောင်းတာတွေ တော့ရှိတယ်''ဟု ဒေါက်တာနမ်ဘိုင်းက ပြောသည်။
(ဘီဘီစီ)

Myanmaalinn

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီ၊ ရွှေတိဂုံစေတီပေါ် ပြန်လည် ပို့ဆောင်မည်


ဓမ္မစေတီ ခေါင်းလောင်းကြီးကိုရှာဖွေတွေ့ရှိပြီ ဖြစ်၍ ရွှေတိဂုံစေတီတော်ကုန်းတော်ပေါ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

၁၃၇၆ ခုနှစ် တော်သလင်း လဆန်း ၂ ရက်(အင်္ဂါနေ့) တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီဖြစ် ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်း (ကော့သောင်း)မှ တရားဝင် သတင်းထုတ်ပြန်လိုက်ပြီးနောက် ယခုကဲ့သို့ အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရွှေတိဂုံစေတီကုန်းတော်ပေါ်သို့ ပြန်လည် ပို့ဆောင်ခြင်းမှာ နိုင်ငံတော်အစိုးရက ဆက်လက် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှာဖွေခြင်းအပိုင်းကိုသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ရှာဖွေ တွေ့ရှိလျှင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန် ပြောကြားထားပြီး ဖြစ်ကြောင်း၊ တိုင်းတပါးနယ်ချဲ့များကြောင့် ရေအောက်သို့ နှစ်ပေါင်းများစွာ ရောက်ရှိခဲ့ရသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူ၍ မူလတည်ရှိရာ စေတီတော် ကြီးထံသို့ ပြန်လည်ပို့ဆောင်သည့် မြင်ကွင်းကို တွေးကြည့်ရုံနှင့်ပင် ၀မ်းမြောက်မိကြောင်း ဦးစံလင်းက ပြောသည်။

“အေးဗျာ....တစ်ကယ် ဖြစ်ပါစေဗျာ။ ဒီခေါင်းလောင်းကြီးသာ ရွှေတိဂုံပေါ် ပြန်ပြီး တင်နိုင်ပြီ ဆိုရင် စဉ်းစားကြည့်ဗျာ။ ဘယ်လောက် ကြည်နူးဖို့ ကောင်းတဲ့ မြင်ကွင်း ဖြစ်လိမ့်မလဲဗျာ။ လောကကြီးမှာ လူတွေ မသိနိုင် မမြင်နိုင်တဲ့ အကြောင်းတရားတွေ ရှိပါတယ် ဆိုတာ လက်တွေ့ပါပဲ” ဟု ခေါင်းလောင်းကြီး ဆယ်ယူနေသည့်နေရာသို့ ရောက်ရှိနေသော လေ့လာသူ တစ်ဦးက ဆိုသည်။

“ဒီခေါင်းလောင်းကြီး တစ်ကယ် တွေ့ပြီ ဆိုရင်တော့ ဟိုတလောက ထွက်လာတဲ့ တဘောင်အတုတွေ၊ မဖြစ်နိုင်ဘူး ပြောခဲ့တဲ့ ပညာရှင် အတုတွေ၊ ဗေဒင်ဆရာအတုအယောင်တွေ၊ နိုင်ငံရေးသမားတွေ ငုတ်တုပ်မေ့ပြီပေါ့” ဟု မွန်အမျိုးသား တစ်ဦးက ပြောသည်။

PP™

ဘယ်အချိန်တွေမှာ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို သုံးစွဲဖို့လိုအပ်သလဲ(အမျိုးသမီး သီးသန့်)


ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက်ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလိုးချယ်သုံးစွဲနိုင်ပါတယ် ။... ရေရှည်တော့မရွေးသင့်ပါဘူး

မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေ ပျက်နေ မယ် အနံ့တွေဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့် စင်ဆေးကြောရည်တွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။

မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင် ။ မျိုးပွားနိုင်တဲ့အသက် အရွယ်တွေဖြစ် တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ရှိပါတယ် ။ ပမာဏ ၊ အရောင် ပါဝင်မှုနဲ့ အနံ့ တွေပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ ။ ဒီလိုပြောင်း လဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှု များခြင်း စ တာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်းရှီမယ် ပမာဏကလည်း နည်းလိုက်များ လိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ် ။

Vaginal Discharge ရဲ့ လက္ခဏာတွေကတော့
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ် ။

Good Health

ကိုယ်ဝန်ဆောင် မိခင်များ ကိုယ်ဝန် လရင့်ချိန်တွင် ဆီးချို သွေးချို ရောဂါ ဖြစ်ပွားမှု များပြား


ကိုယ်ဝန်ဆောင် မိခင်များသည် ကိုယ်ဝန် လရင့်သည့် အချိန်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းမှာ များပြား လာကြောင်း ရန်ကုန် အနောက်ပိုင်း ဆေးရုံ သားဖွားမီးယပ် အထူးကု ဒေါက်တာ ကောင်းဇော်ထံမှ သိရသည်။

''ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန်လ ရင့်တဲ့အချိန်မှာ ဆီးချို၊ သွေးချို ဖြစ်ပွားလေ့ ရှိတယ်။ ကိုယ်ဝန် ငါးလအထက်မှာ အဖြစ်များတယ်။ ဒါပေမဲ့ ကလေး မီးဖွားပြီးရင် ပျောက်ကင်း သွားတတ်တယ်။ အဲဒီလိုဖြစ်တာကို ကောင်းတယ်လို့ ပြောလို့ မရဘူး။ နောက်ပိုင်းမှာ ဆီးချို၊ သွေးချိုရောဂါ ပြန်ဖြစ်လာ နိုင်တယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားရခြင်း အကြောင်း အရင်းမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ် အတွင်းမှ ထွက်လေ့ရှိသော ဟော်မုန်းများကြောင့် သို့မဟုတ်ပါက အင်ဆူလင် ထွက်ရှိမှု နည်းပါးသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ဆီးချို၊ သွေးချိုရောဂါ ဆိုသည်မှာ သွေးအတွင်းရှိ သကြားဓာတ် ပမာဏ မြင့်မားလာ ခြင်းကြောင့်ဖြစ်ပြီး သွေးအတွင်းရှိ ဂလူးကို့စ် များပြားလာခြင်း မှာလည်း စားသောက်သော အစားအစာမှ ဂလူးကို့စ် ရရှိသည့် အပြင် ခန္ဓာကိုယ် အတွင်းရှိ အသည်းမှလည်း ဂလူးကို့စ်ကို ထုတ်လုပ် ပေးခြင်းကြောင့် လည်း ဖြစ်သည်။ သွေးများမှ ဂလူးကို့စ်ကို ခန္ဓာကိုယ် တစ်ခုလုံးရှိ ကလာပ်စည်းများ ရှိရာသို့ ပို့ပေးပြီး အင်ဆူလင် ဆိုသည်မှာလည်း ဟော်မုန်း တစ်မျိုးဖြစ်ကာ ခန္ဓာကိုယ် အတွင်းရှိ ပန်ကရိယဟု ခေါ်သော အင်္ဂါမှ အင်ဆူလင်ကို ထုတ်လုပ်ပေးပြီး သွေးထဲသို့ ပို့ဆောင်ပေးခြင်းလည်း ဖြစ်သည်။ ''မိသားစု မျိုးရိုးထဲမှာ ဆီးချို၊ သွေးချိုရောဂါ ရှိတဲ့သူတွေ၊ ကိုယ်အလေးချိန် များပြီး ဝတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေ၊ အသက် ၄ဝ ကျော် အရွယ်တွေ၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချို၊ သွေးချို ရှိခဲ့တဲ့သူတွေက ဆီးချို၊ သွေးချို ဖြစ်ပွားစေနိုင်တဲ့ အခွင့်အလမ်း များပါတယ်။ ဒါ့အပြင် မွေးကင်းစ ကလေးသည် ကိုယ်အလေးချိန် ကိုးပေါင်ထက် ကျော်လွန်နေရင်လည်း ဆီးချို၊ သွေးချို ဖြစ်နိုင်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ သာမန်လူများတွင် သွေးတွင်း သကြားဓာတ် ပမာဏသည် 70 မှ 110 mg/dl ရှိသော်လည်း ဆီးချို၊ သွေးချို ရှိနေသည့် ဝေဒနာရှင် အများစုတွင် သွေးတွင်း သကြားဓာတ် ပမာဏမှာ 80 မှ 110 mg/dl အထိ ပါဝင်ကြောင်း သိရသည်။

ထက်နေ
မြ၀တီ

ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ခံရ


ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာဟာ ဘုရင် ဘူမိဘော-အဒ္ဒူရာဒတ်ရဲ့ထောက်ခံ အတည်ပြုမှု တရားဝင်ခန့်အပ်လွှာကို လက်ခံရယူပြီးတဲ့နောက် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါပြီ။

ဒီအခွင့်အရေးတွေ လက်ခံရရှိမှုနဲ့အတူ ထိုင်းပြည်သူတွေကို ကျနော် ကတိပေးပါတယ်။ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ တိုင်းပြည်အရေးကို ရှေ့ရှုပြီး ရိုးသားစွာနဲ့ တိုင်းပြည်အတွက် ပေးဆပ်သွားပါမယ်၊ ထိုင်းနိုင်ငံ ညီညွတ်ရေး၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နိုင်ဖို့အတွက် ကျနော့်ဘက်က ပြန်လည်ပေးဆပ်သွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်သစ် ပရာရွတ်၊ ချန်အိုချာက ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ကျန်းမာရေးသိပ်မကောင်းလှတဲ့ သက်တော် (၈၆) နှစ်အရွယ် ဘုရင် ဘူမိဘောကိုတော့ ဒီနေ့အခမ်းအနားမှာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်ဦးဆောင်တဲ့ စစ်တပ်က လူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာသိမ်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ပရာရွတ်အနေနဲ့ ရှေ့လထဲမှာ ဗိုလ်ချုပ်ကြီးရာထူးကနေ အနားယူမှာ ဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်အထိကတော့ ဗိုလ်ချုပ်ကြီးရာထူးနဲ့အတူ ဝန်ကြီးချုပ်အဖြစ် ပူးတွဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

VOA

ဒီမိုကရေစီကရေစီအတွက် စိတ်ဓာတ်တော်လှန်ရေးလုပ်ရန် ဒေါ်စုတိုက်တွန်း



၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ကျင်းပသော စာပေအနုပညာရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်

၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် အရေးတော်ပုံကို ဒီမိုကရေစီတော်လှန်ရေးဟု သတ်မှတ်ကြသော်လည်း တကယ့် ဒီမိုကရေစီစနစ်ကို ရရှိရန်အတွက် စိတ်ဓာတ်တော်လှန်ရေးလုပ်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်သည့် တတ်သိပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်က “၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကို တချို့က ဒီမိုကရေစီတော်လှန်ရေးလို့ ခေါ်ကြတယ်။ အဲဒီတုန်းကတည်းက ကျွန်မပြောပါတယ်၊ တကယ့်တော်လှန်ရေးဆိုတာ စိတ်ဓာတ် တော်လှန်ရေးပဲလို့။ ဒီလို စိတ်ဓာတ်ကို တော်လှန်မှ၊ စိတ်ဓာတ်ကို ပြောင်းလိုက်မှ တကယ့်တော်လှန်ရေးဖြစ်မယ်လို့ ပြောခဲ့ပါတယ်”ဟု အဖွင့်စကားတွင် ပြောသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးစနစ်တစ်ခုကို ပြောင်းလဲလိုက်ယုံဖြင့် မရနိုင်ဘဲ ယဉ်ကျေးမှုတစ်ခုအဖြစ် ထူထောင်မှသာလျှင် အောင်မြင်မည်ဟုလည်းဆိုသည်။ ထိုသို့ထူထောင်ရန် စာပေနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍမှာအရေးကြီးကြောင်း ပြောကြားသည်။

အပြောင်းအလဲများ အောင်မြင်မှုရရှိရန် အားလုံးတွင် တာဝန်ရှိသည်ဟု ပြောသည်။

ထို့နောက် စာရေးဆရာ ဆရာဖေမြင့်က ပုံနှိပ်ထုတ်ဝေဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း NLD ပါတီ၏ ရပ်တည်ချက်ကို မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က “သတင်းလွတ်လပ်ခွင့် ဘယ်လောက်အရေးကြီးတယ်ဆိုတာလည်း ကျွန်မသဘောတူပါတယ်။ ပုံနှိပ်ထုတ်ဝေမှု ဥပဒေမှာ NLD က လုပ်သင့်သလောက် မလုပ်သွားဘူးဆိုတာ မျှမျှတတဖြစ်အောင် စာနယ်ဇင်းဘက်ကလည်း ကျွန်မတို့ ဘက်ကို မညှိပါဘူးလို့ ကျွန်မ ထုတ်ပြောပါရစေ။ ဒီဥပဒေကို မကန့်ကွက်ရတဲ့အကြောင်းက စာပေသမားများနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးပြီ။ သဘောတူပြီးလို့ တင်တာပါလို့ ကျွန်မဒီလိုနားလည်ခဲ့လို့ပါ။ အားလုံးက သဘောတူပြီးဆိုရင် ကျွန်မတို့ကလည်း ကန့်ကွက်စရာ မရှိဘူးလို့ ဒီလိုမြင်ခဲ့လို့ပါ” ဟု ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် စာပေပညာရှင်များနှင့် အတိုက်အခံများကြား ယခုထက် ပိုမိုထိတွေ့ရန် လိုအပ်ကြောင်းကိုလည်း ပြောကြားသည်။ ထို့နောက် ဦးဝင်းထိန်၊ ဦးမိုးသူတို့နှင့်တိုင်ပင်ကာ စာပေပညာရှင်များနှင့် ပိုမိုထိတွေ့ရန် စီစဉ်မည့်အကြောင်းကိုလည်း ပြောကြားသည်။

ထို့အပြင် ပြည်သူများ ပိုမိုစဉ်းစားချင့်ချိန်နိုင်ရေးအတွက် စာပေပညာရှင်များက ကူညီဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀မရသေးသော်လည်း အချို့နိုင်ငံများမှာ ဒီမိုကရေစီအပြည့်အ၀ရနေပြီဟု ထင်မြင်နေကြသောကြောင့် စာပေပညာရှင်များက အခြေအနေ အမှန်အတိုင်း သိရှိစေရေးအတွက် ရေးသားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံခဲ့သည့်အပေါ်တွင် စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)က “မြန်မာပြည် ဒီကနေ့ဖြစ်နေတာတွေက အရေးပါတဲ့ ကိစ္စရော၊ အရေးမပါတဲ့ ကိစ္စရော ရှုပ်ရှက်ခတ်နေပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အင်မတန်အရေးကြီးတဲ့ ကာလပါ။ ဒါကြောင့် ဒီရှုပ်နေတဲ့ ကိစ္စတွေကို စာရေးဆရာတွေ၊ ကာတွန်းဆရာတွေက တစ်နိုင်တစ်ပိုင်ရှင်းနေတာ တွေ့ရပါတယ်။ ၄၃၆ လို့ဆိုတာနဲ့ မန္တလေးကိစ္စဖြစ်လာတယ်၊ ပီအာလ်ဆိုတာနဲ့ ခေါင်းလောင်းကြီးကို ဆယ်လိုက်ကြတာမျိုးတွေ လုပ်နေတာကို တွေ့ရပါတယ်။ ဒါမျိုးကိစ္စတွေကို ပြည်သူကြားမှာ ဝေေ၀၀ါးဝါး မဖြစ်စေရအောင် သတိထားပေးဖို့ စာပေနဲ့ အနုပညာရှင်တွေကို မေတ္တာရပ်ခံချင်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ထိုပွဲသို့ စာပေပညာရှင် ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျားစာကြည့်တိုက်အတွက် စာအုပ်များကိုလည်း ပေးလှူသည်။
Mizzima

ကွန်ဂိုမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ၂ ဦးသေ

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ဝေဒနာရှင်ဆီသွားမယ့် ကျန်းမာရေးလုပ်သားကို ကာကွယ်မှု အပြည့်ဝတ်စုံဖြင့် ဤသို့ မြင်ရစဉ်။

အာဖရိကတိုက်အလယ်ပိုင်း ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်ပြီး သေဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်ကြောင်း ကွန်ဂိုကျန်းမာရေးဝန်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၈ ဦးကို သူ့နိုင်ငံအတွင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီး Felix Kabange Numbi က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

တချိန်တည်းမှာပဲ Sierra Leone နိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်နေတယ်ဆိုတဲ့ ဗြိတိသျှနိုင်ငံသားကို ဗြိတိန်ကို ပြန်လည် ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ သူ့ကို လန်ဒန်မြို့မှာရှိတဲ့ Royal Free ဆေးရုံမှာ သီးခြားခွဲထုတ်ပြီး ဆေးကုသပေးသွားမှာ ဖြစ်ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးဟာလည်း အမေရိကန်နိုင်ငံမှာ ဆေးကုသမှုခံယူပြီးနောက် အခု ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ အဲဒီ အမေရိကန် အီဘိုလာ ဝေဒနာရှင်နှစ်ဦးထဲကတဦးဖြစ်တဲ့ ဒေါက်တာ Kent Brantly တဦးတည်း ဆေးကုသမှုခံယူပြီး ပြန်လည် ကောင်းမွန်လာတာမဟုတ်ပါဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ Tweeter လူမှုကွန်ယက်က တဆင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

အာဖရိကတိုက်က အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့သူ သုံးဦးဟာ ပြန်လည်ကောင်းမွန်လာတာကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို အင်တာနက်မှာ ကြည့်ရှုနိုင်တဲ့ လိပ်စာကိုလည်း အဲဒီ WHO ရဲ့ Tweet ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပြင်သစ်ဝန်ကြီးချုပ် နုတ်ထွက်ပြီး အစိုးရဖျက်သိမ်း

ရာထူးကနုတ်ထွက်သွားတဲ့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls

ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန် (Francois Hollande) က ပြင်သစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပါပြီ။

ဝန်ကြီးချုပ် Manuel Valls က တနင်္လာနေ့မှာ သူ့ရဲ့ ဆိုရှယ်လစ် အစိုးရအဖွဲ့နုတ်ထွက်ဖို့ တင်သွင်းတာကို သမ္မတ Hollande က လက်ခံလိုက်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ အစိုးရသစ်တရပ်ဖွဲ့စည်းဖို့ ဝန်ကြီးချုပ်ကို တာဝန်ပေးလိုက်ပါတယ်။

စီးပွါးရေးဝန်ကြီး Arnaud Montebourg က ပြင်သစ်ရဲ့မဟာမိတ် ဂျာမနီနိုင်ငံရဲ့ ငွေကြေး အသုံးစရိတ်ဆိုင်ရာ လုပ်ဆောင်မှုတွေကို မေးခွန်းထုတ်ခဲ့တဲ့ အပြင် မကြာသေးခင်ကပဲ ပြင်သစ်နိုင်ငံရဲ့ စီးပွါးရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့နောက်မှာ အခုလို နိုင်ငံရေးအပြောင်းအလဲတွေ လုပ်လာခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ငွေကြေးဆိုင်ရာ တည်ငြိမ်မှုရှိအောင်လုပ်ဖို့ အီးယူ ဥရောပသမဂ္ဂက ဖိအားပေးတာကို ခံနေရပေမယ့် ဒီလို ချိုးခြံချွေတာရေးလုပ်ဖို့ အီးယူရဲ့ ဖိအားပေးမှုဟာ တကယ်အကျိုးရှိမရှိ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံခြင်း



မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့နေသည့် လယ်ယာထွက်ကုန်ပစ္စည်းများထဲတွင် ဆန်မှာ ဒုတိယအများဆုံးတင်ပို့နေရသော ကုန်ပစ္စည်းတစ်ခု ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ် နောက် ပိုင်း ပြည်ပသို့ မြန်မာ့ဆန်မှာ နှစ်စဉ်တန်ချိန် ၁ဝ သိန်းကျော် ထွက်နေသည်။ ထိုဈေးကွက်တွင် အာဖရိကနိုင်ငံများက ၇၅ ရာခိုင်နှုန်းခန့် နေရာယူထားသည်။ သို့သော် လည်း နောက်ပိုင်း၌ လူဦးရေများသည့်တရုတ်က အာဖရိက၏ အဝယ်ဈေးကွက်ကို လွှဲပြောင်းယူခဲ့သည်။ ထိုသို့ လွှဲပြောင်းယူခဲ့သော်လည်း မြန်မာ့ဆန်သည် တရားဝင် လမ်းကြောင်းဖြင့် တရုတ်ဘက်သို့ စီးဆင်းခွင့်မရခဲ့ဘဲ မှောင်ခိုလမ်းကြောင်းဖြင့်သာရောင်းချနေရသည်။ မြန်မာ့ဆန်မှာ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်သွားပြီ ဆိုသည်နှင့် တရုတ်အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို နှစ်စဉ်ခံနေရသော်လည်း ယခု ၂ဝ၁၄ ဇူလိုင်လအတွင်း ဖမ်းဆီးခံရမှုက ယခင်နှစ်များကထက် ပိုများခဲ့သည်။ မူဆယ်ကုန်စည်ဒိုင်၌ ဆန်များစုပုံနေပြီး အရောင်းအဝယ်ပါ ရပ်တန့်ခဲ့ရသည်။ မြန်မာအစိုးရဘက်က ပြည်ထောင်စုဝန်ကြီးအဆင့်ရှိသူကိုယ်တိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေး သံ မှူးနှင့် တွေ့ဆုံရသည်အထိ ပြဿနာက ကြီးကျယ်ခဲ့သည်။ ဆွေးနွေးမှုသာရှိခဲ့သော်လည်း တရုတ်ဘက်က လက်ရှိအချိန်အထိ ဖမ်းဆီးမှုက မရပ်သေးပေ။ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံ၏ ဆန်တင်ပို့မှုကို ပါဝင်ဆောင်ရွက်နေကြသော ကုန်သည်ကြီးများ စုဖွဲ့ထားသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ကြားဝင်ဆောင်ရွက်မှု အနေ အထားကို တွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့သည်။ အသင်းချုပ်ကိုယ်စား တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ်၏ ဖြေကြားထားမှုများထဲမှ အချို့ကို ကောက်နု တ်ဖော်ပြ လိုက် ရပါသည်။

နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွေထဲကနေ ပြည်ပကို ဆန်အများဆုံးတင်ပို့နေတဲ့ မူဆယ်ဘက်မှာ အခုဆိုရင်ဆန်တွေ စုပုံနေပြီ။ အဲဒီလိုဖြစ်တာကို မူဆယ် ကုန် သည်များက တရုတ်ဘက်ရဲ့အဖမ်းအဆီးတွေကြောင့်လို့ ပြောနေကြတယ်။ ဒါကို အသင်းချုပ်အနေနဲ့ ဘယ်ကဏ္ဍကနေ ဘယ်လို ကူညီပေးသွားဖို့ ရှိပါသလဲ။

ပြီးခဲ့တဲ့ တနင်္လာနေ့က ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့ တရုတ်သံမှူးတို့ တွေ့ဆုံကြပါတယ်။ အဲဒီမှာအသင်းချုပ်ကလည်း ပါဝင်ပါတယ်။ ဒီလိုမျိုး ကြားကနေ ဝင်ပြီးကူညီပေးနေပါတယ်။

မနှစ်ကလည်းတရုတ်ဘက်က ဆန်တွေကို ဖမ်းတဲ့အတွက် စီးပွားကူးသန်း ဒုတိယဝန်ကြီး ခေါင်းဆောင်တဲ့အဖွဲ့က တရုတ်ကိုသွားပြီး ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့သွားပြီး ဆွေးနွေးတာမျိုးက အောင်မြင်ခဲ့ပုံမရတဲ့ အနေအထားရှိနေတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်လည်း အဖမ်းကမရပ်တဲ့အပြင် ပိုပြီး ဆိုးလာနေလို့ပဲ။ ဒီအပေါ် အသင်းချုပ်အနေနဲ့ ဘယ်လိုမျိုး မှတ်ချက်ပေးလိုပါသလဲ။

စီးပွားကူးသန်း ဒုတိယဝန်ကြီးသွားတဲ့သဘောက တရုတ်ဘက်က ဖမ်း တာကို မဖမ်းပါနဲ့လို့ သွားပြောတယ်လို့ အချို့ကတော့ ထင်ချင်ထင်ကြပါလိမ့် မယ်။ အမှန်တော့ မဖမ်းပါနဲ့လို့ ပြော တာထက်စာရင် ဖမ်းရတဲ့အကြောင်းရင်း ကို မရှိအောင် သွားပြီး ဆွေးနွေးတာ မျိုးပါ။ တရုတ်က မြန်မာ့ဆန်ကို တရား မဝင် ပစ္စည်းအနေနဲ့ သတ်မှတ် တယ်။ ဒါကို မြန်မာအစိုးရအနေနဲ့ ပယ်ဖျက် နိုင်အောင် သွားဆွေးနွေးတဲ့ သဘောပါ။ အခုအချိန်အထိ မြန်မာ့ဆန်က တရား မဝင် ပစ္စည်းပဲ ဖြစ်နေသေးတာကြောင့် တရုတ် က ခုချိန်ထိ ဖမ်းနေတာပဲ။ ဆွေး နွေးမှုအဆင်ပြေဖို့ဆိုတာ မြန်မာဘက်တစ် ခုတည်းမဟုတ်ဘဲနဲ့ နှစ်ဖက်သဘောတူ မှ အဆင်ပြေတာလေဗျာ။ တစ်ခေါက် တည်း သွားပြီး ဆွေးနွေးရုံနဲ့ အောင်မြင် လာဖို့ဆိုတဲ့ ကိစ္စရပ်က တော်တော်လေး ခက်ပါတယ်။ ဆက်ပြီး ကြိုးစားရမယ့် ကိစ္စရပ်တစ်ခုလို့ အသင်းချုပ်အနေနဲ့ မှတ်ချက်ပေး လိုပါတယ်။

အစိုးရရဲ့ ပြည်ပကို ဆန်တင်ပို့မှု မူဝါဒနဲ့ပတ်သက်ပြီး အကန့်အသတ်အတားအဆီးတွေကို အသင်းချုပ်အနေနဲ့ ကုန်သည်တွေကိုယ်စား အောင်မြင်စွာ ပယ်ဖျက်ပေးနိုင် ခဲ့တယ်။ ဒါ့အပြင် ပြည်ပကို ဆန်တင်ပို့လိုသူတိုင်း လွတ်လွတ်လပ်လပ်တင်ပို့နိုင်သည် အထိကိုလည်း ကြိုးစားပေးခဲ့တယ်။ ဒါပေမဲ့ တရုတ်နယ်စပ်ကို ဆန်တင်ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးအစောကြီးကတည်းက တွန်းအားပေးလုပ်သင့်ပေမယ့် လုပ်ခဲ့တာမျိုး မတွေ့ရဘူး။ အဲဒါ ဘာကြောင့်ပါလဲ။

အရင်က မြန်မာ့ဆန်ရဲ့ ဈေးကွက်က အာဖရိကဗျ။ တရုတ်က အဲဒီလောက် မရှိဘူး။ ကိုယ်က ပို့ချင်တာတောင်မှ တရုတ်က ဆန်တင်ပို့လာမှု အပေါ်ကောက်ခံတဲ့ အခွန်က ၃ဝ က နေ ၄ဝ ရာခိုင်နှုန်းအထိရှိတယ်။ ဒီတော့ တွက်ခြေမကိုက်ဘူး။ အဲဒီအတွက်ကြောင့် ကုန်သည်တွေကလည်း စိတ်သိပ်မဝင်စားသလို အသင်းအနေနဲ့လည်း ဒါကို တွန်းတွန်းတိုက်တိုက်မလုပ်ခဲ့ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ အခွန်က ၁ ကနေပြီး ၃ ရာခိုင်နှုန်းလောက်ပဲ ရှိလာမှာဆိုတော့ တရုတ်ဘက်ကို စိတ်ဝင်စားသွားတယ်။ တွန်းတွန်း တိုက်တိုက် ဆိုတာကအခုမှ လုပ်ရမယ်။ အရင်တုန်းက မလုပ်ခဲ့တာက မှားတယ်လို့ ဝေဖန်ထောက်ပြမှုကိုတော့ ကြိုဆိုလက်ခံပါတယ်။

တရားမဝင်ပစ္စည်းတစ်ခုလို့သတ် မှတ်ခံရရင်တော့ အဖမ်းခံရမှာဘဲ။ ဒါက ဘယ်နိုင်ငံမဆို ဒီအတိုင်းကျင့်သုံးနေတယ်။ ထိုင်းက ပစ္စည်းတွေကိုလည်း မြန်မာ Mobile Team က ဖမ်းနေတာပဲ။ တရားဝင်အခွန်ဆောင်ပြီး လမ်းကြောင်းက တင်သွင်းလာရင်တော့ ဒီပစ္စည်းဘဲတင်သွင်းလို့ရမယ်။ ဒီလိုပဲ မြန်မာ့ဆန်က တရုတ်ဘက်မှာ အဲဒီလို ဖြစ်နေ တဲ့ပုံစံလား။

အမှန်ပဲ။ ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်မယ်။ တရားဝင် ပစ္စည်းတစ်ခုလို့ သတ်မှတ်မခံရတဲ့အတွက် ဟိုဘက်ရောက်တာနဲ့ အဖမ်းခံရတယ်။ စစ်ဆေးရေး ဘက်က လွတ်ရင်တော့ အဖမ်းမခံရဘူးပေါ့ဗျာ။ ဒီလိုတွေ တော့ ရှိပါတယ်။

အရင်ကတည်းကိုက ပြည်ပကိုဆန်တွေ တင်ပို့တဲ့အခါမှာ ပင်လယ်ရေကြောင်း လမ်းကြောင်းကပဲ တရားဝင်ပို့လို့ရတယ်လို့ သိထားရတယ်။ နယ်စပ်က ပို့လို့ရတယ် လို့ေ တာ့ ဆန်ကုန်သည် အများစုက မသတ်မှတ်ထားကြဘူး။ ဒါပေမဲ့ အခု တစ်နှစ်နှစ်နှစ်အတွင်းမှာ စီးပွားကူးသန်းဝန်ကြီးဌာနက နယ်စပ်ကနေ ဆန်တင်ပို့မှုစာရင်းတွေကို ထုတ်ပြန်ပေးတယ်။ ရုတ်တရက် ကြည့်လိုက်ရင် ဒါတရားဝင်နေတယ်လို့ အများက ထင်ယောင်ထင်မှား ဖြစ်ကြတယ်။ ဒေါက်တာ စိုးထွန်း ပြောစကားအရဆိုရင် နယ်စပ်က အမှန်တကယ်တော့ တရားမဝင်လမ်းကြောင်းကြီးပဲ။ ဒါနဲ့ များ စီးပွားကူးသန်းက စာရင်းတွေကို ဘာ့ကြောင့် ထုတ်ပြန်ပေးနေတာလဲလို့ ထင်လဲ။

ဒါကတော့ ကိုယ့်ဒေသရဲ့ ပြည်တွင်း စားသုံးမှုဖူလုံဖို့ ဒေတာ အချက်အလက်တွေနဲ့ ကိုးကားလို့ရအောင် စာရင်းပြုစုပေးတဲ့သဘောလို့ ကျွန်တော် တော့ ထင်တယ်။ စာရင်း မရှိဘဲနဲ့ ထွက်နေတာနဲ့စာရင် စာရင်းရှိပြီး ထွက်နေတာက ပိုမကောင်းဘူးလား။ ကျွန်တော်ကတော့ စာရင်းအတိအကျနဲ့ ထုတ်ပြန်ပေးတာကို သဘောကျတယ်။

အခုဆိုရင် မြန်မာ-တရုတ်နယ်စပ် ကနေ မြန်မာ့ဆန်အနေအထား ဘယ်လိုရှိနေသလဲ။

ကြားသိနေရတဲ့ စာရင်းတွေအရဆိုရင် တစ်နေ့ကို အိတ်သုံးထောင် ကျော် တရုတ်ဘက်ကို သွားနေတုန်းပါ။ တစ်ခုတော့ရှိတာပေါ့ဗျာ။ ဒီက ဆန်တွေက နယ်စပ်ကို ပို့ လို့တော့ မရသေးဘူး။ လုံးဝကို အရောင်းအဝယ် ရပ်သွားတာမျိုးတော့ မရှိသေးပါဘူး။

တရုတ်က မြန်မာ့ဆန်ရဲ့ဈေးကွက် ၇ဝ ရာခိုင်နှုန်းကျော်ကို အချိန် သုံးနှစ် လောက်နဲ့ ရယူသွားခဲ့တယ်။ အဲဒီလိုမျိုး မရယူခင် မူလဈေးကွက်က အာဖရိကပဲ။ တရုတ်က မဝယ်လည်း ဘာအကြောင်းလဲ။ အာဖရိကကို ပို့မှာပေါ့။ ဒီလိုမျိုး စီစဉ်ထားတာတွေ ရှိလား။

လက်ရှိ အနေအထားကို ကျွန်တော် ပြောပြရရင် အာဖရိက ဈေးကွက်က နည်းနည်း ပျောက်သလောက် ရှိနေပြီ။ ကမ္ဘာ့ဆန်ဈေးက ကျဆင်းနေတယ်။ ဗီယက်နမ်နဲ့ ထိုင်းက လည်း လျှော့ဈေးတွေနဲ့ ထုတ်ရောင်းနေတယ်။ ကျွန်တော်တို့က သူတို့ဈေးအတိုင်း မရောင်းနိုင်ဘူး။ အဲဒီအတွက် မရောင်းရင်း မရောင်းရင်းနဲ့ ခုဆို ဘယ်လိုဖြစ်နေ လဲ ဆိုတော့ တရုတ်က မဝယ်လည်း အာဖရိကကို ပို့မယ်ဆိုတဲ့ အနေအထားက ကျွန်တော်တို့အတွက် လက်ရှိမှာ ရုတ်တရက် မဖြစ်နိုင်ဘူး။ အချိန်ထပ် စောင့်ဖို့ လိုတယ်။

ဈေးနှုန်းအပြင် မြန်မာ့ဆန်က အရည်အသွေးပိုင်းမှာလည်း ပြည်ပနဲ့ယှဉ်ရင် မျက်နှာပန်းမလှဘူးလို့ ထောက်ပြနေပါတယ်။ အဲဒီအရည်အသွေးပိုင်းကိစ္စကိုပဲ အသင်းချုပ် အနေနဲ့ လုပ်မယ်လုပ်မယ်ဆိုတာ ဟိုးနှစ်တွေကတည်းက ပြောနေတာ။ ခုထက်ထိလည်း မတွေ့သေးဘူး။ ဘာ့ကြောင့်လဲ။

အသင်းချုပ်အနေနဲ့လည်း ပညာ ပေးမှုတွေ ရှိပါတယ်။ သို့သော်လည်းပဲ ခုထက်ထိတော့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ အဲဒါဘာလို့လဲ ဆိုရင် ပူးပေါင်းဆောင် ရွက်မှု အားနည်း လို့ပါပဲ။ အခုဆိုရင် ကျွန်တော်တို့ကို ပြောကြတယ်။ အရောအနှောတွေ များ တယ် ဆိုပြီးတော့ ပြောကြတယ်။ ကျွန် တော်တို့အနေနဲ့ ရောစရာကို အကြောင်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အောက် ခြေမှာကတည်းကိုက စပါးမျိုးကွဲတွေ များတဲ့အတွက် ရောနှောပြီးသား ဖြစ် တယ်။ နောက်တစ်ခုက ကျွန်တော် တို့က ပြည်ပကို ဆန်ညံ့ပဲပို့တာ။ မြန်မာပြည်သူ တွေ မစားတဲ့ ဆန်ကြမ်းတွေ ပို့တယ်။ အဲဒီကတည်းကိုက အရည်အသွေးပိုင်း ကို မေး ခွန်းထုတ်စရာကို မလိုတော့ဘူး။ အလို လို ညံ့ပြီးသားပဲ။ အရည်အသွေး ပိုင်းဆို ကျွန်တော်တို့က အကောင်းဆုံး ဆန်တွေ ပို့ပြီးမှပဲ ယှဉ်ပြိုင်လို့ရတော့ မယ်။ အသင်းအဖွဲ့တစ်ခုတည်းက မဟုတ်ဘဲ အားလုံး ပူးပေါင်းပါဝင်မှရမှာ။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တစ်ခု ဖြစ်ပေမယ်လို့ ဆန်စပါးအဓိက ရအောင်ဆောင်ရွက်ပေးနေတဲ့ လယ် ယာမြေကိစ္စနဲ့ ပတ်သက်လို့ အသံ ကျယ်ကျယ် သိပ်မကြား ရဘူး။ တောင်သူ တွေ မြေသိမ်းခံရမှုပေါ် ဆန္ဒပြတဲ့ကိစ္စ ရပ် တွေ အပေါ်မှာရော ဆန္ဒပြသူတွေကို နှိမ်နင်းမှု ပြုလုပ်တဲ့ အာဏာပိုင်တွေကို ရော ဘာတစ်ခုမှ ဝင်မပါတာ ကို တွေ့ နေရတယ်။ ဝင်ပါလိုက်တာနဲ့ အစိုးရနဲ့ မျက်နှာပျက်မှာ စိုးရိမ်နေလို့လား။

အသင်းချုပ်အနေနဲ့ လယ်ယာမြေ ကိစ္စရပ်နဲ့ ပတ်သက်ပြီး နစ်နာသူက တင်ပြလာခဲ့ရင် ဆောင်ရွက်ပေးဖို့ ရှိပါ တယ်။ တင်ပြလာမှုတွေလည်း ရှိပါ တယ်။ ကျွန်တော် တို့က ရော့ ပြန်ယူ လိုက်တော့ဆိုပြီး ပေးနိုင်တဲ့ အဖွဲ့အ စည်း တစ်ရပ် မဟုတ်ပါဘူး။ ဒါပေမဲ့ လို့ ဥပဒေကြောင်းအရ လွှတ်တော် အစိုးရထံကို တင်ပြပေးတာ မျိုးတွေ ရှိ ပါ တယ်။ ဒီလောက်ပဲ တတ်နိုင်ပါတယ်။ ဆန္ဒပြတာမျိုးကိုတော့ အားပေးကူညီဖို့ မရှိပါဘူး။ ဥပဒေကြောင်းအရ ညှိနှိုင်း ဆောင်ရွက်ပေးမှုကိုတော့ လုပ်နေပါ တယ်။

အသင်းချုပ်အနေနဲ့ လိုင်စင် ခွင့် ပြုမိန့်တွေ ချထားပေးတဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဆက်နွှယ်ပတ်သက်မှုက ပိုများနေတာကို သတိထားမိတယ်။ အဓိကကျတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနလိုမျိုးနဲ့ သိပ်ပြီး ထိတွေ့မှု မရှိဘူးလို့ သိထားရတယ်။ ဘာ့ကြောင့်ပါလဲ။

ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့ အခါမှာ ဝန်ကြီးဌာနအနေနဲ့ ဖိတ်ခေါ် မှု ဖိတ်ကြားမှုတွေ ရှိလာရင် ကျွန်တော် တို့အနေနဲ့ တက်တက်ြ<ွကြ<ွကနဲ့ သွား တက်တာမျိုးတွေ ရှိပါ တယ်။ မဖိတ်ရင် တော့ မသွားဘူးပေါ့ဗျာ။ ဒီလိုပဲ ရှိပါ တယ်။

ကျွန်တော်တို့ တရုတ်ဆန်ဘက်ကို နည်းနည်းပြန်လှည့်လိုက်ရအောင်။ ဒီ ပြဿနာတွေကို ပြေလည်သွားဖို့ အ ကောင်းဆုံးနည်းလမ်းက ဘာလို့ထင်လဲ။

နိုင်ငံမှာဆန်စပါး မူဝါဒမရှိတဲ့ အတွက်ကြောင့်မို့ ထင်ပါတယ်။ ဒါကိုလည်း လူကြီးတွေ သတိထားမိသွားပါ ပြီ။ အခု ဒါကို လုပ်ဖို့ ဆွေးနွေးနေတယ် ကြိုးစားနေတယ်လို့ ကျွန်တော် ကြားသိနေရပါတယ်။

အသင်းချုပ်မဖြစ်ခင် အသင်းအနေနဲ့တုန်းက မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် တစ်ထောင့်တစ်နေရာကနေပြီးတော့ ပါဝင်မယ်လို့ ကတိပြုထားတာ ကို တွေ့နေရတယ်။ ဒါပေမဲ့ မြန်မာ့လယ်ယာကဏ္ဍ တကယ်ကို ဖွံ့ဖြိုးတိုးတက်နေပြီလား။

အားလုံး ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ အသင်းချုပ်အနေနဲ့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်။ ဒါ့အပြင် အ သုံးပြုရတဲ့ အသုံးစရိတ်တွေကလည်း အကန့်အသတ်ရှိတယ်။ ကိုယ်နိုင်သလောက်ပဲ လုပ်ပေးနိုင်မယ်။ မလုပ်တာထက် စာရင်တော့ လုပ်တာက ပိုမကောင်းဘူး လားဗျာ။

ဆွေးနွေးပွဲတွေ ပြခန်းတွေ ကြီးကြီး ကျယ်ကျယ်လုပ်တာမျိုးကိုတော့ သတိထားမိပါတယ်။ တောင်သူတွေလက်ထဲကို တကယ့်လက်တွေ့ရော ရောက်ရဲ့လား။

အတိုင်းအတာ တစ်ခုအထိတော့ ကျွန်တော်တို့ ရောက်အောင် ပို့နိုင်ခဲ့ပါတယ်။ တောင်သူလယ်သမားတွေ သင်တန်းပေးတာမျိုးတွေ ဓာတ်မြေသြဇာတွေကို အရစ် ကျ ရောင်းချတာမျိုးတွေ ကျွန်တော်တို့လုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်ခါ ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တောင်သူတွေအတွက် မိုဘိုင်းဖုန်းကနေ စိုက်ပျိုးရေး သတင်း အချက် အလက်တွေ ဖြန့်ဝေပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေတာက ခရီးပေါက်တဲ့ လုပ်ရပ်တွေပါပဲ။

ဈေးကွက်တွေက ခုဆိုရင် ယှဉ်ပြိုင်မှုတွေ ပိုပြီးတော့များလာပြီ။ မြန်မာ့ဆန်ဟာလည်း အာဖရိကလောက် တရုတ်လောက်နဲ့တင်ပဲ မရပ်ထားဘဲ ဈေးကွက်သစ်တွေ ထိုးဖောက်ဖို့ အစီအစဉ်ရှိပါသလား။

ရှိပါတယ်။ ရှိလို့ပဲ နှစ်ပေါင်း ၄ဝ ကျော် အဝယ်ရပ်ခဲ့တဲ့ ဂျပန်ကို ကျွန်တော်တို့ မနှစ်ကစပြီး ပြန်ရောင်းနိုင်ခဲ့ပါတယ်။ နောက်တစ်ချက်က ကျွန်တော် တို့ ဥရောပ ကို ရောင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ရောင်းဝယ်မှုက တရုတ် ရဲ့ ၄၊ ၅၊ ၁ဝ ရက် ဝယ်စာပဲရှိမယ်။ နည်းတာပေါ့ဗျာ။ အနောက်နိုင်ငံတွေကို ကျွန်တော်တို့ ပစ္စည်း တစ် ခု ရောင်းဖို့ရာ တော်တော်ကြိုးစားရပါတယ်။ ခက်တာ က စားစရာပစ္စည်းလည်း ထပ်ဖြစ်နေ တော့ ပိုဆိုးတာပေါ့။ သူတို့က အရည် အသွေးပိုင်း ကျန်းမာရေးအရ စိတ်ချ လုံခြုံမှုအပိုင်း ဒါတွေကို တော်တော်လေး တင်းကျပ်ပါတယ်။ အစားအသောက် တစ်ခုကို ပြည်ပကနေ တင်သွင်းလာ မယ့် အပိုင်းကို လွယ်လွယ်ကူကူ မပေးပါဘူး။ ရ သွားပြီဆိုရင်လည်း အဲဒီဈေး ကွက်က ရွှေပါပဲ။ ကျွန်တော်တို့ ဈေး ကွက်သစ်ကတော့ မဖြစ်မနေ ရှာဖွေသွားရမှာပါ။

ဒါဆိုရင် မဖြစ်မနေအားကိုးရတော့မယ့် တရုတ်ဈေးကွက်က တရားဝင်ဘယ်တော့လောက် ဖြစ်မယ်ထင်သလဲ။

အချိန်အတိအကျတော့ ကျွန် တော်တို့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ခု လာမယ့် စက်တင်ဘာမှာ တရုတ်ဘက် က အရည်အသွေးစစ်ဆေးရေး အဖွဲ့ တွေ လာဖို့ ရှိပါတယ်။ ဘယ်လိုနည်း လမ်းနဲ့ပဲ ဖြစ်ဖြစ် တရုတ်က မြန်မာ့ဆန် ဝယ်ရဖို့ ရှိပါတယ်။ ဒါကြောင့် မြန်မြန် ဆန်ဆန်နဲ့ တရားဝင် လမ်းကြောင်းပေါ် ရောက်လာမယ်လို့ ကျွန်တော် ထင်ပါ တယ်။

ခုလို ဖြေပေးတာကို ကျေးဇူးတင်ပါတယ်။
Popular

အီဘိုလာသံသယလူနာ၏သွေးကို အိန္ဒိယနိုင်ငံရှိ WHO ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေး မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင် ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့ ညှိနှိုင်းဆဲဖြစ်


အီဘိုလာဗိုင်းရပ်စ်သံသယလူနာ၏သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်း သို့ ပေးပို့နိုင်ရေးအတွက် မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) တို့ လက်ရှိအချိန်အထိ ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနက သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။ 

"အိန္ဒိယကိုပို့မယ့်သွေးနမူနာကို ကျွန်မတို့ကျန်းမာရေးဌာနက အားလုံးပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် IATA အဖွဲ့ရဲ့ သယ်ပေးမယ်ဆိုတဲ့ခွင့်ပြုချက်ကို စောင့်နေရတဲ့အခြေအနေပါ။
အိန္ဒိယအစိုးရဘက်ကလည်း သွေးနမူနာလက်ခံမယ်ဆိုတဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ IATA အနေနဲ့လည်း လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ IATA တို့လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲပါ။ ဒီလိုလေကြောင်းလိုင်း ပြဿနာအခက်အခဲတွေက တခြားနိုင်ငံတွေမှာလည်း ဖြစ်နေတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာဆို ကိုယ်ပိုင်လေယာဉ်တွေနဲ့သယ်တာမျိုးတွေတောင်ရှိပါတယ်။ ၀န်ကြီးဌာနအနေနဲ့လည်း အမြန်ဆုံးပေးပို့ချင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ WHO က သတ်မှတ်ချက်အတိုင်း အားလုံးလုပ်ဆောင်ပြီးသွားပါပြီ။ သွေးနမူနာကိုပေးပို့နိုင်ဖို့ တိုက်ရိုက်မပို့နိုင်တဲ့ အခက်အခဲတစ်ခုပဲရှိတော့တာပါ" ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ ဒေါက်တာတိုးသီရိအောင်ကဆိုသည်။

အီဘိုလာကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် သွေးနမူနာကို သတ်မှတ်ညွှန်းပို့ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) အဖွဲ့၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဝေဖန်ချက်များထွက်ပေါ်နေပြီး မြန်မာအစိုးရအနေဖြင့် ယင်းကိစ္စအပေါ် မည်သို့ကိုင်တွယ်လုပ်ဆောင်သွားမည်ကိုမူ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားရာတွင် "ဒီသွေးနမူနာရဲ့ ဓာတ်ခွဲအဖြေရဖို့က ကြားထဲမှာလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအများကြီးရှိနေတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယလူနာရဲ့သွေးနမူနာကို သတ်မှတ်ဓာတ်ခွဲခန်းကိုပေးပို့မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်းရှိပြီးသားဖြစ်ပြီး ဒါတွေကိုလည်း ကျွန်တော်တို့ဘက်က အားလုံးပြင်ဆင်ထားပြီးသားပါ။ အခု အိန္ဒိယအစိုးရရဲ့ထောက်ခံချက်ကရပြီးပါပြီ။ အရင် H5N1 စစ်တုန်းကလည်း နမူနာပစ္စည်းပို့ဖို့အတွက် ကြားထဲမှာ အချိန်နှစ်ပတ်လောက်ကြာခဲ့ပါတယ်။ သတ်မှတ်ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်းတွေရောက်သွားရင်စစ်တဲ့အချိန်က တစ်ရက်အတွင်းရပေမယ့် ပေးပို့ရတဲ့ကြားက လုပ်ငန်းတွေကကြာနေတာပါ" ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကဘက်မှပြန်လာပြီး ဖျားနာနေသူ ဦးဇင်မင်းဦး၏သွေးနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ စစ်ဆေးခဲ့ရာရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ် (Plasmodium Falciparum) နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် (Plasmodium Vivax) ရောဂါပိုးနှစ်မျိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့အပြင် လူနာ၏သွေးနမူနာများကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လူနာမှာကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အီဘိုလာ သံသယလက္ခဏာဖြစ်သည့် ခန္ဓာကိုယ်အတွင်းအပြင်တို့တွင် သွေးယိုစီးခြင်းလက္ခဏာများ လုံးဝမတွေ့ရှိရကြောင်းနှင့်အခြားလေးဦး၏ ကျန်းမာရေးအခြေအနေမှာလည်း အားလုံးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Eleven Media Group 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့် ကြပ်ကြည့် ရှုရေး လုပ်ငန်းများ လုပ်ဆောင်နေ စဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)