ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်နိုင်တဲ့ ကောင်မလေး


ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ ကောင်မလေး တစ်ဦးဟာ ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ် နိုင်စွမ်းရှိ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရ ပါတယ်။ ကင်မ်လူအန်ဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ နေထိုင်တဲ့ မျိုးနွယ်စု တစ်ခုက မွေးဖွားလာသူ ဖြစ်ပါတယ်။ အဲဒီ မျိုးနွယ်စုကို M Nong လို့ ခေါ်ဆိုကြပါ တယ်။ ထူးခြားတာက အဲဒီ မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ဘယ်လို ပြုလုပ်မရလဲ ဆိုတာ ကောင်းစွာ သိရှိထား ပါတယ်။ ဒါကြောင့် ကင်မ်လူအန် ဟာ ငယ်ရွယ်တဲ့ သူဖြစ်ပေမယ့် ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင် နိုင်စွမ်းရှိ ပါတယ်။ ကင်မ်လူအန်မှာ ဆော့ကစားဖော် ဆင်နှစ်ကောင် ရှိပြီး လိမ္မာ ယဉ်ကျေးလာအောင် သင်ကြားပေးလေ့ ရှိပါတယ်။ အသက် ခြောက်နှစ်သာ ရှိသေးတဲ့ ကင်မ်လူအန်ဟာ သူတို့ မျိုးနွယ်စု အစဉ်အလာကို ဆက်ထိန်း နိုင်ခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်ပေးလေ့ရှိ ပါတယ်။ ကင်မ်လူအန် တို့ရဲ့မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ပြုလုပ်ပြီး၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ အိမ်ဆောက်ခြင်း စတာတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ ကင်မ်လူအန်ရဲ့ ဆင်တွေနဲ့ ဆော့ကစား နေတဲ့ မြင်ကွင်းကို အသက်(၃၅)နှစ်အရွယ်ရှိ ပြင်သစ် ဓာတ်ပုံဆရာ ရီဟန်က မှတ်တမ်းတင် ရိုက်ကူးမှု ပြုလုပ်ခဲ့ ပါတယ်။ ရီဟန်က M Nong မျိုးနွယ်စုတွေ ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင်တဲ့ မြင်ကွင်းဟာ နိုင်ငံခြားသား တစ်ဦး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဆင်တွေနဲ့ လူတွေအကြား အပြန်အလှန် လေးစားမှု ပြသခဲ့တာ ဖြစ်ပါတယ်။ ကင်မ်လူအန်ဟာ ဆင်တွေနဲ့ ပိုရင်းနှီးစွာ နေနိုင်ခဲ့ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ရီဟန်ဟာ ဗီယက်နမ်မှာ ခုနစ်နှစ် ကြာနေထိုင် ပြီး ဓာတ်ပုံပေါင်း (၄၅၀၀၀) ရိုက်ကူးခဲ့ပေမယ့် ဆင်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ရိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Messenger

ISIS တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်ပြန်




အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အနောက်ဘက်ရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သော ဟစ် မြို့တွင် ISIS တို့ကို တွန်းလှန်တိုက်ခိုက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ ၃၀ ခန့်ကို ISIS တို့က မြို့၏လူစည်ကားသော လမ်းမကြီးတွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဟစ်မြို့သည့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက အီရတ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ISIS တို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ မြို့လယ်ခေါင်တွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၃၀ ဦးသည် တိုက်ပွဲများဖြစ်ပွားစဉ်အတွင်းက အီရတ်အစိုးရနှင့် ISIS ဆန့်ကျင်ရေးအုပ်စုများဘက်သို့ ပူးပေါင်းဆောင်ရွက်ခဲ့သူများဖြစ်ကြောင် ဟစ်မြို့ဒေသခံများ၏ပြောကြားချက်အရသိရသည်။


ISIS များ သေဆုံးခဲ့သူ လူ ၃၀ ခန့်ကို မြို့၏ ထင်ရှားရာ လမ်းမကြီဖြစ်သည့် အယ်ဘာကာ တွင်စီတန်းစေပြီး သေနတ်ဖြင့် ပစ်ခတ်မှုမပြုခင် မြို့အတွင်းသို့ စီတန်းလှည့်လည်စေမှုပြုခိုင်းခဲ့ပြီး ISIS ကိုဆန့်ကျင်သူများအနေဖြင့် ၎င်းတို့ကဲ့သို့ သေပွဲဝင်ရမည်ဖြစ်ကြောင်း မြို့သူမြို့သားများအား ခြောက်လှန့်မှုများလည်းပြုလုပ်ခဲ့သည်ဟု သိရသည်။ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆွန်နီလူမျိုး ၃၀ ဦးခန့်နှင့် ပတ်သက်ပြီး အီရတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ ၎င်းတို့သည် ယခင်က အီရတ်အစိုးရတပ်ဖွဲ့ဝင်များဖြစ်ခဲ့ဖွယ်ရှိသည်ဟု သိရသည်။

အောင်ဟိန်းခိုင် ( ref : dailymail)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

စိတ်ကို အသိသတိနှင့် ပြုပြင်ထိန်းချုပ်


လူမှုဘဝ လောက၌ ကျင်လည် လျှောက်လှမ်းကြ ရာတွင် စိတ်ချမ်းသာမှုကို ခံစားရယူ ပိုင်ဆိုင်နိုင်ကြ သကဲ့သို့ တစ်ခါတစ်ရံ တွင် စိတ်ဆင်းရဲမှု များကိုလည်း ကြုံတွေ့ ခံစားကြ ရလေ့ရှိသည်။ လူတို့၏ စိတ်ဆန္ဒအရ စိတ်ဆင်းရဲမှုကို မခံစားချင်ကြ။ မခံစားနိုင်ကြ။ စိတ်ဆင်းရဲမှု ဟူသည် လိုအင်ဆန္ဒ များကြောင့် သာလျှင် ဖြစ်ပေါ် လာရသည်။


လိုချင်တပ်မက် စိတ်များလာလျှင် စိတ်ထောင်း၍ ကိုယ်ကြေ ဆိုသကဲ့သို့ လိုချင်ရာ မရနိုင် သောကြောင့် စိတ်ဆင်းရဲကြ ရသည်။ တချို့ စိတ်ကျရောဂါ များပင် စွဲကပ်တတ် ကြသည်။ ထိုစိတ်၏ စေစားရာ အတိုင်း လုပ်ဆောင်ကြ သူလည်း ရှိသည်။ လူ့ဘဝ၏ ထွက်ပေါက်သည် စိတ်ဟု ဆိုထားရာ စိတ်ထွက်ပေါက် ရှာကြရာတွင် တစ်ဦးနှင့် တစ်ဦး မတူကြပေ။


လူအမျိုးမျိုး စိတ်အထွေထွေ ဖြင့် ဘဝကို ကျင်လည်ကြ ရာတွင် လူကြီးများနှင့် လူငယ်များမှာ ဖြေသိမ့်နိုင်စွမ်း မတူညီနိုင် ကြပေ။ ကလေးများမှာ စိတ်၏ စေခိုင်းရာ အတိုင်း ခံစားတတ် ကြသည်။ လိုချင်တာ မရလျှင် စိတ်ကောက် စိတ်ဆိုးတတ် ကြသည်။ စိတ်ဟူသည် မှာလည်း နွဲ့ဆိုး ဆိုးတတ် သည့်သဘော ရှိသောကြောင့် စိတ်အလို လိုက်၍ အမှားများ တတ်ကြသည်။


လူတိုင်း အမှားနှင့် မကင်းနိုင်ကြ သော်လည်း အမှား အနည်းအများ ပေါ်မူတည်၍ ဘဝ၏ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ် စေနိုင်၍ ဆင်ခြင်ကြရန် လိုသည်။ လူ့အလို နတ်မလိုက် နိုင်ဆိုသကဲ့သို့ စိတ်အလို အတိုင်း အရာရာ မပြည့်စုံနိုင် သည်ကို သဘောပေါက်ရန် လိုသည်။


စိတ်သည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် အတွင်း၌ပင် ဖောက်ပြန် တတ်သော သဘောရှိ သောကြောင့် စိတ်ကို ထိန်းချုပ်နိုင်ရန် လိုသည်။ အထူးသဖြင့် ကလေးများကို ထိန်းကျောင်း သွန်သင်ဆုံးမ ကြရာတွင် ကလေးငယ်များ လိုချင်သမျှ မိဘများက အကြိုက်ဆောင် အလိုမလိုက် ကြရန်လိုသည်။


ဘုရားဟော ဇာတ်တော်များတွင် မိဘနှစ်ဦးသည် သားကို အလိုလိုက်လွန်း သောကြောင့် မိဘဖြစ်သူတို့မှာ စိတ်ဆင်းရဲစွာဖြင့် သေဆုံးသွား ကြရသကဲ့သို့ သားဖြစ်သူ မှာလည်း ခွက်လက် ဆွဲ၍ တောင်းစား ရသည့်ဘဝ ရောက်ကာ ဘဝဆုံး နိဂုံးမလှ ဖြစ်ခဲ့ရသည်ကို ဗုဒ္ဓဘာသာ ဝင်တိုင်း မှတ်သားဖူးမည် ဖြစ်ပါသည်။ ထိုဘုရားဟော ဇာတ်တော်ကို သင်ခန်းစာ ယူ၍ မိဘများသည် သားသမီးများ၏ စိတ်ကို အလိုမလိုက် စေရန် ထိန်းကျောင်း သွားရန်ဖြစ်သည်။ သားသမီးများကို လည်း ထိုဇာတ်တော် လာ သာဓကကို ပြောပြ၍ မိဘဝတ္တရား နှင့်အညီ ထိန်းကျောင်း သွားကြရန် လိုသည်။


ထိုသို့ မိဘများက မိဘဝတ္တရား နှင့်အညီ ဆုံးမနိုင်မှ သာလျှင် သားသမီး များသည် စိတ်ကိုထိန်းချုပ် နိုင်သောအကျင့် ကိုရရှိကာ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်ကြမည် ဖြစ်သည်။ သားသမီးတို့ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်မှသာလျှင် သားသမီးတို့ဘဝ အဆင်ပြေ ချောမော၍ မိဘများကို ပြန်လည် စောင့်ရှောက် နိုင်မည်။ ဤသို့ဖြင့် မိဘနှင့် သားသမီးတို့ တစ်နည်းအားဖြင့် မျိုးဆက် တစ်ဆက်လုံး စိတ်ချမ်းသာမည် ဖြစ်သည်။


သို့ဖြစ်ရာ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင် နှင့် အလုပ်သမား ဆက်ဆံကြရာ တွင် တစ်ဦး အလိုကို တစ်ဦး ဖြည့်ဆည်းကြ သည်ဆိုရာ၌ အသိပညာ မပါဘဲ စိတ်အလိုလိုက် အကြိုက်ဆောင် ခြင်းမျိုးသည် စိတ်ဆင်းရဲမှု ကိုသာ ဖြစ်ပေါ် စေသောကြောင့် စိတ်အလိုကို အသိ သတိတို့ဖြင့် ပြုပြင်ထိန်းချုပ် ဖော်ဆောင် ရမည် ဖြစ်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။


( အယ်ဒီတာ့အာဘော် )


#Yadanarpondaily

ခြင်ကိုက်ခံရခြင်းကိုသက်သာစေမယ့်နည်းလမ်းလေးများ

ခြင်ကိုက်ခံလိုက်ရပြီဆိုတာနဲ့ ယားယံခြင်း အနီရောင် အဖုအပိန့်တွေနဲ့အတူ အရေပြားကို အရုပ်ဆိုးစေတော့တာပါပဲ။ ခြင်ဆိုသော အင်းဆက်က သွေးကိုမစုပ်မှီမှာ သွေးကိုကျဲစေရန် ဆလီဗာလို့ခေါ်တဲ့ အရည်တစ်မျိုးကို အရေပြားထဲအရင် ထုတ်လွှတ်မှုကြောင့် ယားယံခြင်းနှင့် ရောင်ယမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခြင်ကိုက်ခံရခြင်းနဲ့ ယားနာအတွက် အလွယ်တကူ ကုသနည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။


၁။ ဗန်နီဂါ
ခြင်ကိုက်ခံရတာကို သိသိခြင်း ဗန်နီဂါရေအနည်းငယ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးပါ။ ရေစိမ်ချိုးသူတွေအတွက် ဗန်နီဂါရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကို ရေချိုးဇလုံထဲရောစပ်ပြီး ရေချိုးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်က ခြင်ကိုက်ယားနာကို သက်သာစေရုံမက အနာတွေကိုပါ သက်သာစေပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးနိုင်ပါတယ်။

၃။ မုန့်ဖုတ်ဆိုဒါနှင့်ရေအေး
မုန့်ဖုတ်ဆိုဒါကို ရေအေးနှင့်ရောပြီး ခြင်ကိုက်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သက်သာစေမှာပါ။

၎။ ကြက်သွန်နီ
ကြက်သွန်နီကို ပါးပါးလှီးပြီး ခြင်ကိုက်သောနေရာကို ကပ်ထားပြီး မိနစ်အနည်းငယ်ထားပြီး ရေနဲ့ဆေးကြောပြီးပါက လျင်မြန်စွာ သက်သာစေမှာပါ။

၅။ သွားတိုက်ဆေး
ခြင်ကိုက်ခံရသောနေရာကို သုတ်လိမ်းပြီး ခြောက်သွေ့တဲ့အထိ ထားပေးပါက ယားယံမှုကို သက်သာစေတာ အသေအချာပါပဲ။

ခြင်ကိုက်ခံရပြီး ယားယံခြင်း အဖုအပိန့်ဖြစ်ပေါ်ခြင်းတွေအတွက် သဘာဝပျားရည်၊ သံပုရာရည် နဲ့ ကြက်သွန်ဖြူမှရသော အဆီတို့ကို အလားတူ လိမ်းပေးခြင်းဖြင့် သက်သာပြောက်ကင်းစေပါတယ်။
စာဖတ်သူများအနေနှင့် ခြင်ကိုက်ခံရခြင်းအတွက် သဘာဝ နည်းလမ်းကောင်းလေးများ ရှိပါက ကွန်မန့်ပေးပြီးဝေမျှဖို့ တိုက်တွန်းပါတယ်။

စစ်သွေးကြွ လက်ချက်နဲ့ အီရတ်မှာ သေဆုံးသူ ၈၀၀ လောက်ရှိ

IS စစ်သွေးကြွအဖွဲ့များ။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ အခုသတင်းပတ်အတွင်းမှာ သူတို့ကို ခုခံတဲ့ လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေ က ပြောဆိုပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တခုကလည်း ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေဟာ အကျဉ်းသား ၆၀၀ ကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။

IS စစ်သွေးကြွတွေ ဘဂ္ဂဒက်မြို့ အနောက်ပိုင်းကို မသိမ်းပိုက်နိုင်အောင် ခုခံခဲ့ကြတဲ့ ဆူနီ မွတ်ဆလင်တွေ နေထိုင်ရာအရပ်မှာ စုပြုံမြုတ်ထားတဲ့ အလောင်း ၁၅၀ ကို တွေ့ရှိခဲ့တယ်လို့ အီရပ် အာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ် အလောင်း ၇၀ ကျော်ကိုတော့ ဟစ်မြို့အနီးမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆူနီတဦးဖြစ်တဲ့အပြင် IS အဖွဲ့ဝင်တဦးဖြစ်သူက သတ်ဖြတ်ရတာဟာ IS စစ်သွေးကြွတွေအပေါ် တိုက်ခိုက်သူတွေ မှန်သမျှကို အပြစ်ပေးတာဖြစ်တယ် လို့ ပြောဆိုသွားကြောင်း မျက်မြင်တွေ့သူတဦးကပြောပါတယ်။

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ဂျီဟတ်ဘာသာရေး အစွန်းရောက် တွေဟာ အီရတ်နိုင်ငံ Mosul မြို့အပြင်က အကျဉ်းထောင်တခုမှာ အမျိုးသား အကျဉ်းသား ၆၀၀ လောက်ကို ဇွန်လ ၁၀ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန် ပြောဆိုပါတယ်။

အစွန်းရောက်တွေက အကျဉ်းသားတွေကို ပစ်မသတ်ခင် ဆူနီနဲ့ ရှီယိုက် ခွဲခိုင်းပြီးနောက် ရှီးယိုက်တွေကို လျှိုတခုရဲ့အစပ်မှာ ဒူးထောက်စေပြီး အော်တို မက်တစ် မောင်းပြန်သေနတ်တွေနဲ့ ပစ်သတ်လိုက်တာဖြစ်တယ်လို့ HRW အဖွဲ့ကပြောပါတယ်။

ဖစ်စဉ်ကို သေချင်ယောင်ဆောင်ပြီး အသက်မသေပဲကျန်ခဲ့တဲ့ အကျဉ်းသား ၁၅ ယောက်က ပြောပြတာလို့ HRW အဖွဲ့က ပြောပါ တယ်။ နောက်ဆုံး သေနတ်သမားတွေမှာလည်း ကျည်ဆံကုန်သွားတယ်လို့ သူတို့ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

ISIS ကို တိုက်မယ့် Iraq ကာ့ဒ် တွေ Kobani ရောက်ရှိ

ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ် ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ် ကိုဘာနီမြို့ဆီ ရောက်။
ဆီးရီးယားမြောက်ပိုင်း ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ်ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ကိုဘာနီမြို့ဆီ ရောက်သွားကြပြီလို့ လှုပ်ရှားသူတွေ ကပြောပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသက peshmerga တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ တူရကီကနေ နယ်စပ်ဖြတ်ပြီး ကိုဘာနီမြို့ထဲ ၀င်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။

တူရကီအစိုးရနဲ့ သဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ တူရကီနိုင်ငံထဲကနေ ဗုဒ္ဓဟူးနေ့က တရက်ကြာဖြတ်ပြီး ဆီးရီးယား နယ်စပ်ဆီ ရောက်သွားကြပါတယ်။

စက်တင်ဘာလလယ်ကတည်းက IS အဖွဲ့ရဲ့ ထိုးစစ်ကို ခုခံပြီး ကိုဘာနီမြို့ ကျ မသွားအောင် တိုက်ခိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အဲဒီလက်နက်ကိုင်တွေ သွားပေါင်းမှာပါ။ ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့က လက်နက်ကိုင် ၅၀ လောက်ပါတဲ့ အဖွဲ့တဖွဲ့ဟာ လည်း ဗုဒ္ဓဟူးနေ့တုန်းက ကိုဘာနီမြို့ဆီ ရောက်သွားကြပါတယ်။

ကိုဘာနီက ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တွေဟာ တူရကီက မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကာဒစ္စတန် အလုပ်သမားပါတီနဲ့ အချိတ်အဆက်ရှိတာကြောင့် နိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေကို မလွှတ်ဘူးလို့ တူရကီအစိုးရက ပြောထားပါတယ်။

ကာဒစ္စတန်အလုပ်သမားပါတီဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် တူရကီအစိုးရနဲ့ တိုက်ခိုက်နေတာ ဆယ်စုနှစ် သုံးခုရှိနေပါပြီ။ ကိုဘာနီမြို့ကိုတိုက်ခိုက်နေတဲ့ IS စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန်စစ်လေယာဉ်တွေကလည်း သီတင်းပတ် အတော်ကြာ လေကြောင်းကနေ တိုက်ခိုက်ပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)