နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ် ပွဲတော် ကျင်းပမည်

ဂန္ထ၀င်ရုပ်ရှင် များကို ရည်စူး အထိမ်းအမှတ် ပြုထားသည့် ''အမှတ်တရ'' အမည်ရှိ နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း Memory Cinema Association ရုပ်ရှင် အမွေအနှစ် ထိန်းသိမ်းရေး ဆေးရောင်စုံ ဖောင်ဒေးရှင်း မှ သိရသည်။


အဆိုပါ ရုပ်ရှင်ပွဲတော် သည် Memory Cinema Association ရုပ်ရှင် အမွေအနှစ် ထိန်းသိမ်းရေး ဆေးရောင်စုံ ဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံရှိ ပြင်သစ် ယဉ်ကျေးမှုဌာန တို့ ပူးပေါင်း၍ ကျင်းပခြင်း ဖြစ်ပြီး ၄င်းရုပ်ရှင်ပွဲတော် တွင် အမေရိကန်၊ မွန်ဂိုလီးယား၊ ပြင်သစ်၊ ဂျပန် နှင့် အင်္ဂလန် အစရှိသည့် ကမ္ဘာတစ်ဝန်းမှ ဟာသများကို အဓိက အကြောင်းအရာ အဖြစ် ရိုက်ကူးထားသည့် ရှေးဟောင်း ရုပ်ရှင်ကား ကိုးကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံ၌ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ အခမဲ့ ပြသပေး သွားမည် ဖြစ်ကြောင်း သိရသည်။


ရုပ်ရှင် အမွေအနှစ် ပွဲတော်တွင် ပြသမည့် ရုပ်ရှင် ဇာတ်ကားများမှာ ဒါရိုက်တာ ချာလီ ချက်ပလင် ရိုက်ကူးထားသည့် ''ဆပ်ကပ်အဖွဲ့''၊ ဒါရိုက်တာ လိုဒိုဂျင်း တူဒက်ဗ် ရိုက်ကူး ထားသည့် ''ရာထူးမတက်ခင်''၊ ဒါရိုက်တာ အလက်ဇန်းဒါး မက်ကင်းဒရစ် ရိုက်ကူး ထားသည့် ''အမျိုးသမီး လူသတ် သမားများ''၊ ဒါရိုက်တာ ရာဇူဂျီရိုးအိုဇု ၏ ''မင်္ဂလာ နံနက်ခင်း''၊ ဒါရိုက်တာ ဖရက်စီ နျူးမေယာ နှင့် စပ်တေလာ တို့၏ ''လုံခြုံရေးဟာ နောက်ဆုံးပဲ''၊ ဒါရိုက်တာ ဂျာ့က်တာတီ ၏ ''ကစားချိန်''၊ ဒါရိုက်တာ ဘတ်စတာ ကီတန် ၏ ''ဗိုလ်ချုပ်''၊ ဒါရိုက်တာ ပျဲအေတက်စ် ၏ ''ပျော်ရွှင်ဖွယ် နှစ်ပတ်လည်နေ့''၊ ''မဟာမေတ္တာ'' အစရှိသည့် ရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြောင်း သိရှိရသည်။
Themyawadydaily

ဟောင်ကောင်သပိတ်စခန်းကို ရဲတပ်ဖွဲ့ အင်အားသုံးကာ ဝင်ရောက်စီးနင်း


ဟောင်ကောင်မြို့လယ် ဒေသရှိ ဒီမိုကရေစီ အင်အားစုများ နေရာယူ ဖွင့်လှစ်ထားသော သပိတ်စခန်းကို ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များက သောကြာနေ့ နံနက်အရုဏ်မတက်မီ အချိန်တွင် ဝင်ရောက်စီးနင်း ဖယ်ရှားပစ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 


သပိတ်စခန်း ဝင်ရောက်စီးနင်းမှုကို သောကြာနေ့ နံနက်အစောပိုင်း ဆန္ဒပြသူများ ရွက်ဖျင်တဲများနှင့် တာလပတ် အမိုးအကာများအောက် အိပ်မောကျနေခိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များက သံခမောက်များ၊ ပလတ်စတစ် ဒိုင်းများနှင့် လက်ကိုင်တုတ်များ ကိုင်ဆောင်ကာ စီးနင်းခဲ့ကြခြင်း ဖြစ်သည်။


မည်သို့မှ မထင်မှတ်ထားသော အချိန်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့်က ဆန္ဒပြသူများကို ရုတ်တရက် ပိတ်ဆို့ ဟန့်တားထားခဲ့ကြကြောင်း၊ သို့သော် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူ အများစုက ပြန်လည်ခုခံမှု မပြုဘဲ ဆုတ်ခွာသွားခဲ့ကြကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။ 


တရုတ်ပြည်မကြီးအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ရဲတပ်ဖွဲ့က ယခုကဲ့သို့ အင်အားသုံးကာ သပိတ်စခန်း ဖြိုခွင်းလိုက်မှုကြောင့် နောက်ထပ်ဆန္ဒပြမှုများ ပေါ်ထွက်လာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။ 


“အခုလိုမျိုး ရက်ရက်စက်စက် ဖြိုခွင်းရှင်းလင်းလိုက်တဲ့ အတွက်ကြောင့် ဟောင်ကောင်ပြည်သူတွေ အင်အား အလုံးအရင်းနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြလာနိုင်ပါတယ်” ဟု ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဝေါင်ယန်တက်က ပြောကြားသည်။


ဟောင်ကောင်မြို့လယ် ဒေသ၊ အချက်အချာကျသော မွန်ရပ်ကွက်ရှိ သပိတ်စခန်းကို ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမည့် ကိစ္စသည် လွန်ခဲ့သော ရက်ပိုင်းများကတည်းက မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။ 


“ဆန္ဒပြသူတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ ဗျူဟာသုံးပြီး ဆန္ဒပြကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားတယ်။ အဲဒါမှ ဟောင်ကောင်လမ်းမတွေကို ထိန်းချုပ်ထားနိုင်မှာပါ” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဝေါင်ကဆိုသည်။ 


ပြီးခဲ့သည့် နှစ်ရက်ခန့်က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များက လက်ထိတ်ခတ် ခံထားရသော ဆန္ဒပြသူတစ်ဦးကို ကြမ်းတမ်းစွာ ရိုက်နှက်ခဲ့ရာ ဟောင်ကောင် ကျောင်းသားများနှင့် ပြည်သူများအကြား မကျေမနပ်ဖြစ်လျက် ရှိသည်။ 


ဟောင်ကောင် လူငယ်တက္ကသိုလ် ကျောင်းသားများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများက ဟောင်ကောင်ကို အပြည့်အဝ ဒီမိုကရေစီပေးမည် ဟူသော အခြေခံဥပဒေဆိုင်ရာ ကတိကဝတ်များအတိုင်း လိုက်လျောပေးရန် တရုတ်ပြည်မကြီးမှ ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို တောင်းဆိုလျက် ရှိသည်။

The Voice Weekly

ပီတိဖြစ်တတ်တဲ့ စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရ


တစ်ယောက်နဲ့တစ်ယောက် ပုံမှန် နမ်းလေ့ရှိပြီး စိတ်ဝင်စားမှုတွေကို ဝေမျှတတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကောင်းမွန်စွာ ကြီးပြင်းစေနိုင်တယ်လို့ သုတေသနအသစ် တစ်ခု ကဖော်ပြလိုက်ပါတယ်။ မိသားစု ၅၀၀၀ ခန့်ကို လေ့လာကြည့်ခဲ့ရာမှာ ပီတိဖြစ်တတ်တဲ့ စိတ်ပိုများပြီး တစ်ယောက် နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အချစ်စစ်နဲ့ ပြည့်နေတဲ့ ဘ၀ဟာ အောင်မြင်တဲ့ မိဘ တွေ ဖြစ်လာစေဖို့ ဦးတည်ပေးပြီး ဖခင်ကောင်း တစ်ယောက်ဖြစ်လာဖို့ ဖော်ပြခြင်းကို ကူညီပေးပါတယ်။

ဒါ့အပြင် ပီတိဖြစ်တတ်တဲ့စိတ် ရှိတဲ့ ဖခင်တွေ ရော မိခင်တွေ ရော ဟာ သူတို့ရဲ့ ကလေးတွေကို အော်ဟစ် ကြိမ်းမောင်း လေ့မရှိတာကို တွေ့ရပါတယ်။ မကြာမကြာ ကွာရှင်းကြဖို့ ပြောပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင် ငြင်းခုံနေတတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို အော်ဟစ်ကြိမ်းမောင်းလေ့ရှိတာ ကိုတော့ အံ့အားသင့်စရာမရှိပါဘူး။

ထိုလေ့လာမှု အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အိမ်ထောင်ရေးမှာပို ပြီး အကောင်းမြင်တတ်တာကို လည်းတွေ့ရပါတယ်။ ထိုလေ့လာမှုဟာ အရှေ့ Anglia တက္ကသိုလ်က NatCen လူမှုရေး သုတေသန နဲ့ Thomas Coram သုတေသနအဖွဲ့တွေက ဖခင်ဘ၀ နဲ့ ပတ်သက်ပြီး လေ့လာမှုပြုလုပ်ရင်း သိခဲ့ရတာဖြစ်ပါတယ်။

Ref:dailymail.co.uk
Trend

မြန်မာအသင်း UAE ကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရပြီ


AFC U 19 ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတာမှာ မြန်မာ အသင်း ဟာ UAE ကို ၁ ဂိုး သုညနဲ့ ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ အနိုင်ရ လိုက်တဲ့ အတွက် ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်ခွင့် ရသွားပြီဖြစ်သလို မြန်မာ ယူ ၂ဝ အနေနဲ့ ကမ္ဘာ့ဖလားကို ဝင်ခွင့်ရ သွားခဲ့ပါတယ်။ 

သမိုင်းဝင် အနိုင်ရလိုက်မှုကြောင့် မြန်မာနိုင်ပြီဆိုတဲ့ ကြွေးကြော်သံက သုဝဏ္ဏအားကစားကွင်းအတွင်းမှာ ဘဝဂ်ညံနေခဲ့ပါပြီ။ ပရိသတ်တွေရဲ့ ဖေ့စ်ဘုတ်ပေါ်က ပြန်ကြားရေး ဝန်ကြီးကို တောင်းဆိုခဲ့ကြလို့ မြန်မာ့ အသံ က ပြန်လည် ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါပြီတဲ့။




ဘရာဇီး စိတ္တဇ လူသတ်သမားက လူပေါင်း ၃၉ ဦးထိ သတ်ဖြတ်ပစ်ခဲ့သည်ဟု ၀န်ခံ

အသက် ၂၆နှစ်အရွယ် ဘရာဇီး လုံခြုံရေး အစောင့်တစ်ဦးသည် လူပေါင်း ၃၉ ယောက်အထိ သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ရာ ကမ္ဘာ့ အဆိုးဆုံး စိတ္တဇ လူသတ်သမား တစ်ဦး အဖြစ် စာရင်းဝင် သွားခဲ့ပြီ ဖြစ်သည်။



ဂိုမက်စ်ကို ရဲများက ဖမ်းဆီးလာစဉ်။ ဓာတ်ပုံ - Daily Mail

တီယာဂို ဟန်းရစ် ဂိုမက်စ် ဒါရိုချာ ဆိုသူကို ဇန်နဝါရီလ အတွင်းက ဆိုင်ကယ် နံပါတ်ပြား တစ်ခု ခိုးယူခြင်း အတွက် ပြီးခဲ့သည့် အင်္ဂါနေ့က ရဲတပ်ဖွဲ့မှဖမ်းဆီး စစ်ဆေးစဉ် လူသတ်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဂိုမက်စ်က ၎င်း၏စိတ်တွင် အစစအရာရာကို ဒေါသဖြစ် လာပြီး ဒေါဟုန် ပြင်းထန်လာကာ လူများလိုက်သတ်မိပြီး ထိုသို့ သတ်လိုက်မှသာ စိတ်ဒေါသများ အနည်ပြန်ထိုင် ကာ ငြိမ်သက်သွား ရကြောင်း ဝန်ခံထွက်ဆိုသည်။

ထိုစိတ္တဇ လူသတ်သမား ဂိုမက်ဇ် သတ်ဖြတ်ပစ်ခဲ့သူ အများစုမှာ မိန်းမသားများ ဖြစ်ပြီး ဂိုယာနီယာ မြို့ တွင်းမှ အမျိုးသမီး ၁၄ ယောက်အထိ သတ်ဖြတ်ခဲ့သည်။ ဂိုမက်စ်၏ သတ်ဖြတ်ခြင်း ခံရသည့် အမျိုးသမီးများတွင် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးပင် ပါခဲ့သည်။ ထိုမိန်းကလေး ကို ဇန်နဝါရီလအတွင်းက ပန်းခြံတစ်ခု အတွင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် အတွင်း အသက် နှစ်ဆယ် အရွယ် မိန်းကလေး နှစ်ဦး ကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

မိန်းမလျာ များနှင့် အိမ်ရာမဲ့ များသည် စိတ္တဇ လူသတ်ကောင် ဂိုမက်ဇ်၏ အဓိက သားကောင်များ အဖြစ် သတ်ဖြတ်ခံရကြောင်း ရဲကပြော သည်။ ဂိုမက်စ်သည် မိခင်ဖြစ်သူနှင့် အတူနေထိုင်သူဖြစ်ပြီး လက်သည် မပေါ်သည့် လူသတ်မှု များကြောင့် လူထု အကြား ခြောက်ခြား နေ သဖြင့် အထူးရဲတပ်ဖွဲ့ က ထောင်ဖမ်းစဉ် ဖမ်းဆည်း မိခဲ့ခြင်း ဖြစ်သည်။

ဂိုမက်စ်ကို ဖမ်းဆီး လိုက်ပြီးနောက် ၎င်းအိမ်ကို ရှာရာတွင် ခြောက်လုံးပြူးတစ်လက်နှင့် ဆိုင်ကယ်နံပါတ်ပြား အတုများကိုပါ တွေ့ ရှိခဲ့သည်။ ထို့အပြင် လူသတ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် တူတစ်လက်၊ ဓားနှစ်လက်နှင့် လက်ထိပ် တစ်ခုကိုလည်း တွေ့ရှိခဲ့ရသည်။ ဂိုမက်စ်သည် သူ၏ လူသတ်မှုများကို ဖုံးကွယ်နိုင်ရန် အတွက် ဆိုင်ကယ် နံပါတ်ပြားများကို ပြောင်းလဲ အသုံးပြုခဲ့ကြောင်း ယုံကြည်ရသည်။ ဂိုမက်စ်သည် ဖမ်းဆီး ခံရ၍ အချုပ်ခန်းတွင်း ရှိစဉ် ဗုဒ္ဓဟူးနေ့က မီးသီးကွဲဖြင့် လက်ကောက်ဝတ် သွေးကြောကို ဖြတ်ကာ ကိုယ့်ကိုကို သေကြောင်းကြံရန် ကြိုးစားခဲ့သေးသည်။

စိတ္တဇ လူသတ်သမား ဂိုမက်ဇ်ကြောင့် အသတ်ခံရသူ၏ မိသားစုဝင်များက ရဲဌာနကို ဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့ သေးရာ မျက်နှာ မဖော်နိုင်ဖြစ်နေခဲ့သည့် ရဲဌာနအတွက် ပြန်လည်သိက္ခာ ဆည်နိုင်ပြီ ဖြစ်သည်။ ဂိုမက်ဇ်အား အရေးယူပြီးခဲ့လျှင် ၎င်းသည် ကမ္ဘာ့ အကြမ်း ကြုတ်ဆုံး လူသတ်ကောင် စာရင်းတွင် တစ်ဦး အဖြစ်စာရင်းဝင်မည် ဖြစ်သည်။

အကြမ်းကြုတ်ဆုံး လူသတ်သမား ၁၅ဦး စာရင်းတွင် ထိပ်ဆုံးမှ ရှိသူမှာ ကလေးငယ်များကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည် ကိုလံဘီယာ နိုင်ငံ သား လူးဝစ် ဂါရာဗီတို ဖြစ်သည်။ ၎င်းကို သေမင်းရထား သို့မဟုတ် သားရဲကြီး ဟုလည်း ခေါ်တွင်ကြပြီး ကလေးငယ်ပေါင်း ၄၀၀ကျော် သတ်ခဲ့မည် ဟု ခန့် မှန်းကြသည်။ တရားဝင်သိရှိနိုင်သည့် အသတ်ခံရသူဦးရေသည် ၁၃၈ဦးရှိသည်။
Mizzima News

KIA အဖွဲ့မှ ဆက်ကြေး ၃ ဆတိုးမြှင့်ကောက်ခံလာ၍ ဒေသခံ ကချင်တိုင်းရင်းသားများ စိတ်ပျက်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သောဒေသ ခံတိုင်းရင်းသားများ အား အောက် တိုဘာ ၁၆ ရက်နေ့တွင် ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့မှ ပုံမှန်ထက် ၃ ဆမြှင့် ကာ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း သတင်းရရှိသည်။


KIA အဖွဲ့မှ ဆက်ကြေးလာရောက်ကောက်ခံထားသော အဆိုပါမြို့နယ်အတွင်း၌ နမ္မတီး၊ အကျဲဂတ် ရှာ ယန်၊ ဆောင်းခါ၊ နန့်ဟိုင် စသည့်ကျေးရွာများ ပါဝင်ကြောင်းသိရသည်။


``ပုံမှန်ကောက်ခံတဲ့ ဆက်ကြေးထက် ၃ ဆထက်လောက်များလာတော့ ရွာသူရွာသားတွေလည်း ဒုက္ခ ရောက် နေတယ်၊ အချို့စားဝတ်နေရေး အဆင်မပြေတဲ့အိမ်တွေဆိုရင် ဆက်ကြေးငွေမပေးနိုင်လို့ ဒုက္ခ ရောက် နေကြ တယ်´´ဟုအမည် မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။


အဆိုပါကျေးရွာများသည် KIA တပ်ရင်း(၁၁) လှုပ်ရှားနယ်မြေဖြစ်ပြီး ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေ အပြည့်အ၀ မရတော့ သဖြင့် ကျေးရွာများအား ဆက်ကြေးတိုးမြှင့်ကောက်ခံလာခြင်းဖြစ်ကြောင်း KIA အ ဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။


``ဒေသခံရွာသူရွာသားတွေဆီက နှစ်စဉ်ဆက်ကြေးကောက်ခံနေပေမယ့် တစ်ခုထူးခြားတာက ရွာ သူ ရွာ သား တွေအတွက်တော့ ဘာအကျိုးမှ မပြုဖူးသေးတာဘဲ၊ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ရင် ရွာလုံး ကျွတ် ထွက် ပြေးရမယ်၊ ယောက်ျားတွေဆိုရင် စစ်ပါတိုက်ရတယ်၊ ကချင်ပြည်သူတွေကို ကာကွယ် နေ တယ် လို့ ပြောနေကြ ပေမယ့် တကယ်တော့ ဒေသခံတွေကို သူတို့အဖွဲ့က အသုံးချနေတာ´´ဟု မိုးကောင်း မြို့ခံ တစ်ဦးကပြော သည်။


KIA အဖွဲ့သည် သစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ ကျောက်စိမ်းမှောင်ခိုလုပ်ငန်းများဖြင့် ၀င်ငွေ ရရှိနေ သော် လည်း ဒေသခံများထံမှ ယခုကဲ့သို့ ဆက်ကြေးငွေကောက်ခံနေခြင်းမှာ ၀န်ထုပ် ၀န်ပိုးဖြစ် နေပြီး ဒေသခံများလည်း စိတ်ပျက် နေကြကြောင်း သိရှိရပါသည်။
KDN

ဗီအာဂရာဆေး သည် ရာသက်ပန် မျက်စိကွယ် နားပင်း နိုင်၍ သတိပြုရန်လို


အမျိုးသားများ သောက်သုံးသော ဗီအာဂရာ ( VIAGRA ) ဆေးသည် မျက်စိရောဂါ ပြဿနာရှိ သူများနှင့် မျက်စိရောဂါ မရှိသူများ ပင်လျှင် မျက်စိကွယ် နိုင်ကြောင်း လေ့လာ ဆန်းစစ်မှု အရ သိရသည်။


သြစတြေးလျ သုတေသီ များက ပန်းသေ ပန်းညှိုးရောဂါ ပျောက်ဆေးများ တွင် ပါဝင်သော ဓာတ်ပစ္စည်း တစ်မျိုးသည် မျက်စိရောဂါ အခံရှိသူများ ရာသက်ပန် မျက်စိကွယ် စေနိုင်သည် ဟု ဆိုကြသည်။ ဗီအာဂရာ ဆေးသည် မျက်စိ ကောင်းသူများ သုံးစွဲ ပါကလည်း ၄င်းတို့တွင် မျက်စိရောဂါ ဖြစ်နိုင်ခြေ ရှိသော မျိုးရိုးဗီဇ ပါလာသူ ဖြစ်ခဲ့လျှင် မျက်စိကွယ် နိုင်သည်ဟု သိရသည်။


သီအိုရီ တစ်ခုမှာ ပန်းသေ ပန်းညှိုးရောဂါ ပျောက်ဆေး များသည် မျက်စိ နောက်ဘက်ရှိ ရက်တီနာ မှ ဦးနှောက်သို့ အလင်း ဆစ်ဂနယ် များ ထုတ်လွှတ် ပေးခြင်းအတွက် အရေးကြီးသော အင်ဇိုင်း တစ်မျိုးကို ပိတ်ဆို့ ထားနိုင်သဖြင့် ယင်းဆေး သောက်သုံး သူများ မျက်စိ ကွယ်နိုင်ခြင်း ဖြစ်သည်။


ထို့အပြင် ဆီလ်ဒင်နာဖေးလ် ခေါ် ပန်းသေ ပန်းညှိုးရောဂါ ပျောက်ဆေးသည် အချို့ ကျန်းမာရေး ကောင်းသူများ ကိုပင်လျှင် ယာယီ မျက်စိကွယ် စေသော ရောဂါကို ဖြစ်စေ နိုင်ကြောင်း သိရသည်။


ယခုအခါ ဆရာဝန်များက ဤဆေး သောက်သုံးသော လူတို့၏ မျက်စိ အမြင်လွှာသည် ရာသက်ပန် ပျက်စီး စေနိုင်ကြောင်း သတိပေးထား ကြသည်။ မျက်စိကောင်းသူ များထက် မျက်စိ မကောင်းသူ များက ပို၍ မျက်စိကွယ် စေနိုင်ပြီး မျက်စိ ကောင်းသော် လည်း အချို့မျိုးရိုး ဗီဇအရ မျက်စိ အမြင်ပိုင်း ထိခိုက်နိုင်သူ များအဖို့ ရာသက်ပန် မျက်စိကွယ် စေနိုင်သည်ဟု သိရသည်။


အဆိုပါရောဂါ ကို Retintis Pigmentosa ဟုခေါ်ပြီး ရှားပါးလှသည့် မျိုးရိုးဗီဇ လိုက်သော ရောဂါဖြစ်သည်။ ယင်း ရောဂါသည် Retina ခေါ် မျက်စိ နောက်ဘက် အမြင်လွှာ အတွင်းရှိ ဆဲလ်များ ပျက်စီးနိုင်သည့် ရောဂါ အလင်းရောင်ကို ဖော်ထုတ် သိနိုင်သော အပိုင်း ပျက်စီးသွား စေ၍ ရာသက်ပန် မျက်စိကွယ် သွားစေ နိုင်သည်။ လူ ၅ဝ ဦးလျှင် တစ်ဦးခန့်သာ ဖြစ်တတ်သည်။


အလင်းရောင် မှိန်လျှင် သိပ်မမြင်ရဘဲ တစ်ခါတစ်ရံ မျက်စိကွယ် သွားတတ်သည်။ ၂ဝ၁၁ ခုနှစ်ကလည်း ဗီအာဂရာ နှင့် အလားတူ ပန်းသေ ပန်းညှိုးရောဂါ ပျောက်ဆေးသည် တစ်ကမ္ဘာလုံး ၌ ရုတ်တရက် နားပင်း သွားသော ဖြစ်စဉ် ရာနှင့်ချီ၍ ရှိခဲ့ကြောင်း သိရသည်။


လာရင်ဂိုးစကုပ် ဂျာနယ်၌ သုတေသီများ ထုတ်ပြန် ထားသည်မှာ အဆိုပါ နားပင်းသွားခြင်း ပြဿနာမှာ မည်မျှ ကြာကြာ ဖြစ်သွား နိုင်သည်ကို မသိရဟု ဆိုသည်။ အဆိုပါ နားပင်း ရောဂါမှာ နားထဲ ရောဂါပိုး ဝင်ခြင်း နှင့် ဆူညံသံ အကျယ်ကြီး နားထဲ ဝင်သွားခံရ ခြင်း တို့ကဲ့သို့ ရာသက်ပန် နားအကြားပိုင်း ပျက်စီး သွားနိုင်သည်။


၂ဝ၁၄ ခုနှစ် အစောပိုင်းက အမေရိကန် သုတေသီများ လေ့လာမှု ပြုခဲ့ရာတွင် ဗီအာဂရာ ဆေးသောက်သုံး သူများ၏ ၈၄ ရာခိုင်နှုန်း သည် ပဲလာနိုးမား ခေါ် အသက်သေ နိုင်သော အရေပြား ကင်ဆာကို ဖြစ်စေရန် အလားအလာ ရှိကြောင်း သိရသည်။ သြစတြေးလျ နိုင်ငံ နယူးဆောက်ဝေး တက္ကသိုလ်မှ သုတေသီ များက ကျန်းမာသော ကြွက်များနှင့် မျိုးရိုးဗီဇ ပြောင်းထားသော ကြွက်များကို ဆီလ်ဒင်နာဖေးလ် ဆေးကျွေး စမ်းသပ်ကြည့် ရာတွင် ကျန်းမာရေး ကောင်းသော ကြွက်များသည် နှစ်ရက် မျက်စိကွယ်သွား ခဲ့ကြောင်း တွေ့ရှိခဲ့ ရသည်။ မျိုးရိုးဗီဇ ပြောင်းလဲထားသော ကြွက်များဆိုလျှင် နှစ်ပတ်ကြာ မျက်စိကွယ် သွားကြောင်း သိရသည်။


သုတေသီများ စောစောပိုင်းက ရှာဖွေ တွေ့ရှိရာတွင် ကြွက်များ၏ မျက်စိဆဲလ်များ သေသွား ခဲ့ကြောင်းနှင့် လူများဆိုလျှင် မျက်စိကွယ် သွားကြောင်း တွေ့ရသည်။ မျက်စိနှင့် အမြင်ပိုင်း ဆိုင်ရာ သိပ္ပံပညာ ကျောင်းမှ ဒေါက်တာ လီဆာ နီဗစ်ဆင်စမစ် ၏ ပြောကြားချက် အရ မျက်စိ အမြင်လွှာ Retina ထဲတွင် ဆဲလ်များ သေကုန်ပြီ ဆိုလျှင် မျက်စိကွယ် သွားပါတော့သည်။ မျက်စိ အမြင်ကောင်းသော သူများဖြစ် ကြသော်လည်း မျိုးရိုးဗီဇ ဆိုင်ရာ Retinitis Pigmentosa ရှိသူများတွင် ဆီလ်ဒင်နာဖေးလ် ကြောင့် ပြောင်းလဲမှုများ ဖြစ်ပေါ် နိုင်သည်။


မျက်စိစမ်းသပ် စစ်ဆေးမှု သုတေသန ဂျာနယ်၌ လေ့လာချက်ကို ဖော်ပြထား ရာတွင် ပြီးခဲ့သည့်နှစ်က ဆေးဝါး မူပိုင်ခွင့် ကုန်ဆုံးသွား ခဲ့ပြီးနောက် ဗြိတိန်၌ ဗီအာဂရာ ဆေးအသုံးပြုသူ များသဖြင့် ခိုင်မြဲအောင် ထိန်းချုပ် ထားခဲ့သည်။ ဗီအာဂရာဆေး ဈေးနှုန်းမှာ ၉၃ ရာခိုင်နှုန်း အထိ တက်သွားခဲ့သည်။ အခြား ဈေးပေါသော ဆေးများလည်း ပေါ်လာပြီ ဖြစ်သည်။


သို့ဖြစ်၍ ဗီအာဂရာ ဆေးမှာ ဘေးထွက် ဆိုးကျိုး ဖြစ်သော ရာသက်ပန် မျက်စိကွယ်ခြင်း နှင့် နားပင်းခြင်း တို့ ဖြစ်စေ နိုင်သောကြောင့် သတိပြု နိုင်ကြရန် ရေးသား လိုက်ရပါသည်။ ။

Themyawadydaily

အီရတ်လေသူရဲဟောင်း များက ISIS စစ်သွေးကြွများကို လေယာဉ်မောင်းနှင် ပျံသန်းနိုင်ရန် လေ့ကျင့်ပေးလျက် ရှိဟုဆို



အီရတ်လေတပ်မှ လေသူရဲဟောင်း များသည် ISIS စစ်သွေးကြွ များကို တိုက်လေယာဉ်များ မောင်းနှင် ပျံသန်းနိုင်ရန် လေ့ကျင့် သင်ကြား ပေးလျက် ရှိကြောင်း (ပုံ) ဗြိတိန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံအတွင်းရှိ အစိုးရ လေတပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ပြီး နောက် သိမ်းယူနိုင် ခဲ့သည့် လေယာဉ် သုံးစင်းကို မောင်းနှင် ပျံသန်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ အဆိုပါ လေယာဉ် များသည် MiG - 21 အမျိုးအစားနှင့် MiG-23 မူကွဲ အမျိုးအစားများ ဖြစ်သည်ဟု ယူဆ ရကြောင်း အဆိုပါ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောကြား ထားသည်။ အဆိုပါ လေယာဉ် များသည် မောင်းနှင်ပျံသန်း ရာတွင် ဆီးရီးယား အစိုးရတပ် များ၏ ရေဒါမှ ဖမ်းယူခြင်းကို ရှောင်ရှားနိုင်ရန် အတွက် အနိမ့်မှ ပျံသန်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြောကြားချက် သည် အမေရိကန် နှင့် ညွန့်ပေါင်း အဖွဲ့များက ဆီးရီးယား နှင့် တူရကီနယ်စပ် အနီး ကိုဘာနီမြို့ အတွင်းရှိ ISIS စစ်သွေးကြွ များကို လေကြောင်းမှ တိုက်ခိုက်ပြီး နောက်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် မဟာဗျူဟာ အရ အရေးပါသည့် ကိုဘာနီမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန် အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသော်လည်း ကာ့ဒ် တိုက်ခိုက်ရေး သမားများ၏ ခုခံမှု များနှင့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် ရှေ့သို့ ချီတက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

PyiChitThar

သန္ဓေတားဆေးများက ရာသီလာခြင်းကို အဆုံးသတ်စေနိုင်သလား


ရာသီလာခြင်းမှာ အမျိုးသမီးတစ်ယောက်ဖြစ်ရခြင်း၏ ကျန်း မာသော သာမန်အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပထမဆုံးရာသီစလာခြင်းမှာ မိန်းကလေးတစ်ဦးအဖြစ်မှ အရွယ်ရောက် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲခြင်း အမှတ်သင်္ကေတဖြစ်ပြီး အမျိုးသမီးများ ကိုယ်ဝန်စဆောင်ရန် ဖြစ်လာစေနိုင်သည်။


သို့သော် ယနေ့ခေတ် အမျိုးသမီးများစွာမှာ ပုံမှန်ရာသီလာခြင်းကို ရှောင်ရှားနိုင်မည့် နည်းလမ်းများ ရွေးချယ်လာကြသည်။ စာရှုသူတစ်ဦး ထဲမှ များမကြာမီက အောက်ပါမေးခွန်းကို လက်ခံရရှိခဲ့သည်။

လေးစားရပါသော ဒေါက်တာမန်နီရှင့်

ကျွန်မလစဉ် ရာသီလာတာကို တားဆီးဖို့ သိပ်မကြာမီက သန္ဓေတားဆေးတွေ အဆက်မပြတ် စသောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်မီအချိန်ထိ(ဒါမှမဟုတ်) ကျွန်မရာသီလာတာကို အချိန်အကန့်အသတ်မရှိ တားထားဖို့ သန္ဓေတားဆေးတွေ သောက်တာအန္တရာယ်ကင်းပါသလားရှင့်။

ကျေးဇူးတင်ပါတယ်

လိုရီ

အမျိုးသမီးများသည် ရာသီလာခြင်းကို တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်အချိန်အခါလိုက်၍ တားဆီးရန် နှစ်များစွာကြာအောင် သန္ဓေတားဆေးများ အသုံးပြုကြသည်။ ရာသီသွေးဆင်းခြင်းကို တားဆီးရန် နည်းလမ်းတစ်ခုအနေဖြင့် သန္ဓေတားဆေးများ အမြဲသောက်ခြင်းကို များမကြာမီက စတင်သိရှိခဲ့ရသည်။

သန္ဓေတားဆေးကတ်အများစုတွင် ဟော်မုန်းမပါသော ဆေးလုံး ခုနစ်လုံး၊ ဟော်မုန်းပါသော ဆေးလုံး ၂၁ လုံးပါဝင်လေ့ရှိသည်။ လစဉ်ရာသီလာခြင်းကိုတားဆီးမည့် အမျိုးသမီးများသည် ဟော်မုန်းမပါသော ဆေးလုံးများကိုကျော်၍ သောက်သုံးကြရာမှ ချက်ချင်းဆိုသလိုပင် ဟော်မုန်းပါဝင်သော ဆေးကတ်အသစ်ကို စတင်သောက်သုံးချင်ကြသည်။

နောက်လတွင် ရာသီထပ်မလာတော့ခြင်းမှာ စိတ်ကျေနပ်စရာဖြစ်ပုံပေါ်သော်လည်း ယင်းနည်းလမ်းမှာ အပြည့်အ၀ ဘေးကင်းစိတ်ချရမှု မရှိသဖြင့် ကျွမ်းကျင်သူအချို့က စိုးရိမ်နေသည်။

‘‘ကျွန်မစိုးရိမ်တဲ့ ပြဿနာက ရင်သားကျန်းမာရေးပါပဲ။ သန္ဓေတားဆေးသောက်ထားတယ်ဆိုရင်တောင် ဟော်မုန်းကင်းလွတ်တဲ့ သီတင်းပတ်ဆိုတာ ရှိသင့်ပါတယ်။ အဲဒီသီတင်းပတ်မှာ ရင်သားတွေဟာ ဟော်မုန်းတွေကြောင့် သူ့လုပ်ငန်းဆောင်တာအတိုင်း လုပ်ဆောင်ခွင့်မရကြပါဘူး’’ ဟု သားဖွားမီးယပ် ဟော်မုန်းအထူးကျွမ်းကျင်သူ ဒေါက်တာဂျနီဖာလန်ဒါက FoxNews.com သို့ ပြောကြားသည်။

‘‘အဲဒီတော့ ရင်သားကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ ပြီးတော့ အဲဒီလိုသန္ဓေတားဆေးတွေ သောက်တာဟာအဆင်ပြေစေချင်တာတစ်ခုတည်းအတွက်ဆိုရင်တော့ အဲဒီနည်းလမ်းဟာ ဘေးကင်းတယ်ဆိုတဲ့ အထောက်အထား လုံးဝမတွေ့ရပါဘူး’’ ဟု ဒေါက်တာ ဂျနီဖာလန်ဒါက ထပ်မံပြောကြားသည်။

တစ်နှစ်ထက်ကျော်၍ သန္ဓေတားဟော်မုန်းဆေးများ သောက်သုံးခြင်းနှင့်ပတ်သက်သည့် ကျန်းမာရေးအန္တရာယ်များကို ဖော်ပြသော ကာလကြာလေ့လာမှုမျိုး မပြုလုပ်ရသေးပေ။ သို့သော် ရာသီလာခြင်းကို တားဆီးရန် ယင်းဆေးလုံးများ သောက်သုံးခြင်းကို အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA)က ခွင့်ပြုထားခြင်းမရှိပေ။

အကယ်၍ အပြင်မထွက်နိုင်လောက်အောင်ဖြစ်စေ၊ သံဓာတ်ချို့တဲ့လွန်း၍ဖြစ်စေ၊ သွားသွားလာလာ အဆင်မပြေ၍ဖြစ်စေ၊ ရာသီသွေးအများကြီးဆင်းနေပါက သန္ဓေတားဆေးသုံးခြင်းမှာ ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ဖွယ်ရှိသော်လည်း အမျိုးသမီးများ ရာသီလာခြင်းမှာ သဘာဝအတိုင်းသာဖြစ်ရန် သန္ဓေတားရန်ဖြစ်စေ၊ ရာသီလာခြင်းကို ရှောင်လွှဲရန်ဖြစ်စေ စဉ်းစားနေပါက ဆရာဝန်နှင့် တိုင်ပင်သင့်ကြောင်း ဒေါက်တာလန်ဒါကပြောသည်။

-TOI