ဆယ်ကျော်သက်များသိနိုင်ရန် ခံတွင်းအပေါက်ဖောက်ခြင်း အန္တရာယ်ရှစ်သွယ်

သင့် ဆယ်ကျော်သက်အရွယ် သားသမီးဖြစ်သူက ခံတွင်း အပေါက်ဖောက်ချင်ကြောင်း တောင်းဆိုလာရင် မလုပ်ရဘူးလို့ ပြတ်ပြတ်သားသား တားသင့်ပါတယ်။ အခုခေတ်မှာ မြီးကောင်ပေါက်စ ဆယ်ကျော်သက်အရွယ်တွေက လျှာ၊ နှုတ်ခမ်းနဲ့ ပါးပြင်တွေမှာ အပေါက်တွေဖောက်ပြီး ကွင်းတွေ၊ နားကပ်တွေနဲ့ အလှဆင်တတ်ကြပါတယ်။ သူတို့ကို မလုပ်သင့်ကြောင်း ရှင်းလင်းပြောပြနိုင်တဲ့ အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။


(၁) ကူးစက်ပိုးဝင်နိုင်တယ်

ကူးစက်ပိုးဝင်တာဟာ ခံတွင်းထဲ အပေါက်ဖောက်တာကြောင့် အဖြစ်များတဲ့ ပြဿနာတစ်ရပ်ပါ။ အဲဒီအပေါက်တွေကို မသန့်ရှင်းတဲ့လက်နဲ့ ထိတွေ့တာနဲ့ ကျောက်မျက်ရတနာတွေ ဆွဲထားတာတွေကြောင့် ပိုးဝင်ရတာပါ။ ခံတွင်းဆိုတာ အစကတည်းက ဘက်တီးရီးယားတွေနဲ့ ပြည့်နေတတ်ပါတယ်။ ပိုးဝင်တဲ့အခါ ဖြစ်တဲ့နေရာမှာ နီမြန်းတာ၊ ရောင်ရမ်းတာ၊ နာကျင်တာနဲ့ ပူနွေးတာတွေ ဖြစ်တတ်ပါတယ်။ ခံတွင်းမှ အနံ့ဆိုးထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။ ခံတွင်း အပေါက်ဖောက်ထားသူတွေ အနေနဲ့ ဒီလိုလက္ခဏာတွေ စပေါ်ပေါ်ချင်း ဆရာဝန်နဲ့ ချက်ချင်းပြပါ။

(၂) ရောင်ရမ်းနိုင်တယ်

လျှာဆိုတာ ရွေ့လျားမှုရှိတာကြောင့် တခြားအရေပြားနေရာတွေမှာ အပေါက်ဖောက်တာထက် လျှာမှာအပေါက်ဖောက်ရင် အနာကျက်ဖို့ ပိုကြန့်ကြာစေနိုင်ပါတယ်။ အရေပြား အပေါက်ဖောက်တိုင်း ရောင်ရမ်းမှု ဖြစ်တတ်ပေမယ့် လျှာအပေါက်ဖောက်ရင် လေလမ်းကြောင်း ပိတ်ဆို့မှုဖြစ်ပြီး ရောင်ရမ်းနိုင်ခြေ အလွန်များနိုင်ပါတယ်။ တကယ်လို့ တပ်ဆင်ထားတဲ့ အလှဆင်ပစ္စည်းတွေက ပိတ်ဆို့နေရင် ရောင်ရမ်းမှုက ပြင်းထန်တတ်ပြီး ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။

(၃) ဓာတ်မတည့်မှု ဖြစ်နိုင်တယ်

ကလေးတွေက ဈေးသက်သာတဲ့ အသုံးအဆောင်တွေနဲ့ အပေါက်တွေကို အလှဆင်တတ်ပါတယ်။ အရည်အသွေးနိမ့်တဲ့ လက်ဝတ်လက်စားတွေက အရည်အသွေးကောင်းတဲ့ အမျိုးအစားထက်ပိုပြီး ဓာတ်မတည့်တဲ့ တုံ့ပြန်မှု ဖြစ်စေနိုင်ပါတယ်။ ရွှေ၊ တိုက်တေနီယံနဲ့ စတီးတွေက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းပါတယ်။

(၄) သွေးထွက်နိုင်တယ်၊ နာ့ဗ်ကြောထိခိုက်နိုင်တယ်

ဖောက်ထားတဲ့ ခံတွင်းအပေါက်ထဲက သွေးကြောပေါက်သွားပြီး သွေးအလွန်အမင်း ထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရင် နာ့ဗ်ကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သွေးခဲတာနဲ့ အဆိပ်သင့်တာတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

(၅) အသည်းရောင် အသားဝါပိုး ကူးနိုင်တယ်

အမျိုးသား ကျန်းမာရေးစင်တာရဲ့ လေ့လာမှုအရ လျှာ၊ နှုတ်ခမ်းစတဲ့ ခံတွင်းမှာ အပေါက်ဖောက်တာကြောင့် အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံရနိုင်တယ်လို့ သိရပါတယ်။

(၆) နှလုံးကို ပိုး ရောက်ရှိနိုင်တယ်

ခံတွင်းအပေါက် ဖောက်တာကြောင့် ဖြစ်တတ်တဲ့ အနာက ဘက်တီးရီးယားပိုးတွေဟာ သွေးကြောထဲကို ပျံ့နှံ့ရောက်ရှိသွားပြီး အခန့်မသင့်ရင် နှလုံးဆီကို ရောက်သွားနိုင်ပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးတွေက နှလုံးအဆို့ရှင်ကို ရောင်ရမ်းမှု ဖြစ်စေနိုင်ပါတယ်။

(၇) ဆို့နင့်နိုင်တယ်

လျှာအပေါက်မှာ တပ်ထားတဲ့ နားကပ်၊ နားကွင်းက ကျွတ်သွားပြီး ဆို့နင့်တဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူရမယ့် ဆယ်ကျော်သက်တွေအနေနဲ့ ဆို့နင့်မှု မဖြစ်အောင် ခံတွင်းမှာ တပ်ထားတဲ့ နားကွင်း၊ နားကပ်၊ နားဆွဲတွေကို ချွတ်ထားသင့်ပါတယ်။

(၈) သွားပြဿနာ ရနိုင်တယ်

လျှာကိုအပေါက်ဖောက်ပြီး လေးပတ်-ခြောက်ပတ်ကြာလို့ အနာကျက်သွားချိန်မှာ အမျိုးအစားသေးတဲ့ ကျောက်မျက်ရတနာကို ပြောင်းတပ်သင့်ပါတယ်။ အမျိုးအစားကြီးတဲ့ ကျောက်မျက်ရတနာကိုတပ်ထားရင် သွားတွေအက်တာ၊ ပဲ့တာနဲ့ ကျိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရေစီးကမ်းပြိုရောဂါကိုလည်း ဖြစ်စေကာ သွားဖုံးတွေ ရောင်ရမ်းနာကျင် ရတတ်ပါတယ်။

Credit – Health Digest

0 comments:

Post a Comment