ဗြိတိသျှကိုကိုမောင်နှင့် အဖျားရှူး ခေါင်းလောင်းကြီး


တကယ်တော့ ဘယ်သူတွေ ဘာပြောပြော ဗြိတိသျှသည် ဦးစံလင်း၏ ပရိသတ် အစစ်အမှန် ဖြစ်သည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တစ်ပတ်အတွင်း ရအောင် ဆယ်ပြမည်
ဆိုပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်ကတည်းက အနှီလူကြီးကို လေးစားမိချေသည်။

ဗြိတိသျှ ငယ်ငယ်ကတည်းက ဒီခေါင်းလောင်းကြီးကို ဆယ်မည်ဆိုသည့် သတင်းတွေ ကြားခဲ့ရဖူးသည်။ သိပံ္ပနည်းအရ ဆယ်မည်ဆိုသည့် နိုင်ငံခြားသားတွေရော.. ရိုးရာ
နည်းဖြင့် ဆယ်မည်ဆိုသော စာရေးဆရာတွေရော..အပ်ချည်ကြိုးဖြင့် ဆယ်မည်
ဆိုသော နတ်ကတော်တွေပါ ကြိုးစားခဲ့ကြသည်။

သို့သော် အားလုံးက ဝေဝေဝါးဝါး...။

ဗြိတိသျှ၏ ဟီးရိုးကြီး ဦးစံလင်းကတော့ အပိုင်ဟု ဆိုလာသည်။ ခေါင်းလောင်းကို စောင့်
ရှောက်နေသည့် မမြင်အပ်သော အစောင့်တွေကိုပင် ညှိထားပြီးပြီဟု ပြောလာသည်။ သူကိုယ်တိုင်လည်း ခေါင်းလောင်းအစောင့် ဖြစ်ခဲ့ဖူးသည်ဟု ဆိုလာပြန်တော့လည်း ပိုယုံကြည်မိပြန်သည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆိုတော့ ဝင်ရထွက်ရသည့် လမ်းကြောင်းများကို သူက ပိုသိနိုင်သည်။ မြန်မာပြည်ရှိ လူ့လောကတွင်ပင် မဟုတ်၊ နတ်လောကတွင်လည်း ဒီလိုလမ်းကြောင်း အပေးအယူနှင့် ဝင်ထွက်တာမျိုး ရှိနိုင်သည်
ဟု ဗြိတိသျှတော့ မှန်းဆမိသည်။

ဘာပဲဖြစ်ဖြစ် နတ်တွေကို လာဘ်ထိုးထားသည် ဆိုတော့ အဆင်ပြေနိုင်သည်။ ဗြိတိသျှ
လိုပဲ ဂျာနယ်တွေကလည်း ပွဲစကတည်းက ဦးစံလင်းကြီးကို အားပေးကြသည်မှာ မြိုင်မြိုင်
ဆိုင်ဆိုင်ပင်။ဂျာနယ်အချို့က ကောင်းကင်ရှိ တိမ်များပင် ဦးစံလင်း၏ သီလသမာဓိ အားတွေကြောင့် ခေါင်းလောင်းပုံ ပေါ်ပေးရသည်အထိ တိမ်များကို ခက်ခက်ခဲခဲ ဓာတ်ပုံ
သွားရိုက်ပြီး သတင်းတွေရေး ဖော်ပြကြသည်။

ခေါင်းလောင်းကြီးအတွက် လှူကြတန်းကြ သူတွေနှင့် သွားရောက် အားပေးကြသူတွေ
နှင့် ဆိုတော့ ဘာပဲပြောပြော ဦးစံလင်း ပရိသတ် ဗြိတိသျှလည်း အားရှိမိခဲ့သည်။
ဗြိတိသျှတို့ မြန်မာလူမျိုးတွေကလည်း ဒီနေရာဆို အလှူအတန်း သိပ်ရက်ရောကြသည်။ လူလူချင်းသာ စေတနာ မရှိရင် နေမည်။ နတ်တွေ၊ နဂါးတွေ ဘီလူးတွေကိုတော့
တော်တော် စေတနာထားပုံ ရသည်။

ဘာပဲပြောပြော တစ်ပတ်အတွင်း ခေါင်းလောင်းကြီးတော့ ပေါ်မည်ပေါ့..။
စစချင်းတော့ ရန်ကုန်ကလူတွေ အကျင့်အတိုင်း ဘတ်စ်ကားပေါ်လည်း ခေါင်းလောင်း၊ မုန့်ဟင်းခါးဆိုင်လည်း ခေါင်းလောင်း၊ လက်ဖက်ရည်ဆိုင်ထဲလည်း ခေါင်းလောင်း၊
ယုတ်အစွဆုံး ဗြိတိသျှ အရက်ပုန်းဆိုင်တွင်ပင် ဒီအကြောင်းပဲ ပြောကြသည်။

အခုတော့ တစ်ပတ်လည်း မပေါ်၊ နှစ်ပတ်လည်းမပေါ် ဆိုတော့ လူတွေက နည်းနည်း
တော့ အီလာပုံ ရသည်။အကောင်းမြင်သမား မောင်ဗြိတိသျှကတော့ ဦးစံလင်း
တစ်ယောက် ခေါင်းလောင်း အစောင့်အရှောက်တွေကို ဂါသည့် လက်ဆောင်ပစ္စည်း
များ နည်းသွားလို့လား၊ ဈေးများ ညှိမရလို့လား.. ခေါင်းလောင်းစောင့် ပုဂ္ဂိုလ်အကြီး
ဆုံးကြီးက သယ်ယူခွင့် လက်မှတ်ထိုးဖို့များ ညစ်ထားလို့လား စသည်ဖြင့် တွေးမိ
ပါသေးသည်။

သို့သော် မကြာမီဘဲ ခေါင်းလောင်းကြီး ရှာတွေ့ပြီဆိုသည့် သတင်းကို သတင်းစာ
သမားများ အော်ရောင်းသံ ကြားရသဖြင့် ဝမ်းသာသွားသည်။ ဒါမှ တို့ ဦးစံလင်းကွ
ဆိုပြီး ဗြိတိသျှ လက်ခမောင်းတွေပင် ထခတ်ပြီး သတင်းစာကို အပြေးအလွှား
ဝယ်မိသည်။

ခေါင်းလောင်း ပြန်ကြားရေးအဖွဲ့က ကြေညာချက်တွေ ဘာတွေနှင့် ကျကျနန ထုတ်ပြန်သည်ဆိုတော့ ဟုတ်လှပြီပေါ့..။
ဟုတ်တော့ ဟုတ်ပါသည် ..။
ခေါင်းလောင်းကို တွေ့သော်လည်း ယူလို့ မရသေးတဲ့။ ရေအောက်မှာ ရှိတဲ့ ရွှေရောင်
နဂါးမင်းကြီးက ခေါင်းလောင်းကြီးကို ဆီမီးတွေ အကြီးအကျယ် ပူဇော်နေပါသဖြင့်တဲ့။
ဒီတစ်ခါတော့ ဦးစံလင်းကို ဗြိတိသျှ ပိုလေးစားသွားသည်။နဂါးတွေနှင့် အဆက်
အသွယ် ရသည် ဆိုသည်မှာ နည်းနည်းနောနော ပညာမဟုတ်။ လူ့ပြည်မှာတော့
အိမ်ပေါ်နှင့် အိမ်အောက်တောင် ဖုန်းခေါ်လျှင်တောင် ကောင်းကောင်းမရချင်။
အင်တာနက်၊ အီးမေးလ် ဆိုတာကတော့ ပြောမနေနှင့် ပတ်ကျိကို အရက်တိုက်ထား
သလို လည်တယ်တယ် နှေးတေးတေးရယ်...။

ဒီတော့ နဂါးပြည်နှင့် လူ့ပြည်ကြားကဆက်သွယ်မှုကော်နက်ရှင်ကတော့ ကမ္ဘာ့အဆင့်မီ
ဟုပင် ပြောလို့ရသည်။နဂါးတွေ မီးပူဇော်သည်ဟု ဦးစံလင်း ပြောလို့မှ မဆုံးသေး..။
ခေါင်းလောင်းစောင့် နဂါးရဲ့ အမျိုးအဆွေတွေက လူ့ပြည်မှာ အလျှိုလျှို ပေါ်လာသည်။
ခေါင်းလောင်းရောဂါ နောက်ဆက်တွဲ နဂါးပူးရောဂါကြီးက အီဘိုလာထက်ပင် မြန်မာ
ပြည်တွင် ကူးစက်မြန်ပုံကား ကြောက်စရာပင်..။

လှည်းကူးဘက်မှာ ရွှေရောင်နဂါးကြီး၏ ယောက္ခမ ဝင်ပူးသည် ဆိုသူကဆို၊ ခေါင်းလောင်း
ဆယ်သည့် ကမ်းနားတွင် နဂါးမင်းကြီး၏ ယောက်ဖ ဝင်ပူးသူက ပူးနှင့် ဖြစ်ကုန်သည်။
နဂါးတွေ သောင်တူးစက် ပိနေသဖြင့် ဖယ်ခိုင်းသူက ဖယ်ခိုင်းသည်။

ဒါတော့ ဗြိတိသျှ သိပ်လက်မခံ။ရေထဲတွင်ပင် မီးပူဇော်နိုင်သည်အထိ တန်ခိုးကြီးသည့် နဂါးများကား သောင်တူးစက်လောက်ကတော့ အေးအေးဆေးဆေး ဖယ်နိုင်မည်ဟု
ထင်သည်။နဂါးအသေကြီး တစ်ကောင်မိတယ်ဆိုပြီး ပုံတွေ ထုတ်ရောင်းစားသူက
ရောင်းစားသည်။ ဗြိတိသျှတောင် နောက်ဖေး အိမ်သာနားက ရေမြွေလေးကို ဓာတ်ပုံ
ရိုက်ပြီး ပုံကြီးချဲ့ကာ ရန်ကုန်မြစ်ဘေး နဂါးတွင်းထဲမှ နဂါးကြီးဆိုပြီး ဂျာနယ်တိုက်ကို ပို့လိုက်သေးသည်။ဂျာနယ်ဆရာများ ဖုန်းဆက်ပြီး ဝိုင်းဆဲတာသာ ခံလိုက်ရသည်။

ခေါင်းလောင်းကနဂါးကြီးသည် ကျွန်မမွေးထားတဲ့ နဂါးမဟုတ်ပါဘူး ဆိုပြီး သိုက်နန်းရှင်
ဆိုသူ အန်တီကြီး တစ်ယောက်ကလည်း ကြေညာချက် ထုတ်သည်။ နဂါးမွေးမြူရေး လုပ်ငန်းကြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်ထည်ဖော်သူ အနှီအန်တီကြီးကို
လည်း ဦးစံလင်းလိုပဲ ကြည်ညိုမိပြန်သည်။

အနှီအန်တီကြီးကလည်း ခေသူ မဟုတ်.. နဂါးအားကိုးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဖေ့စ်ဘွတ်တွင် ခပ်တည်တည်ဖြင့် ကြေညာထားသူ ဖြစ်သည်။
အံ့သြဂုဏ်ယူဖွယ် ကောင်းပေစွ…။ဘာပဲဖြစ်ဖြစ် သူလို ကိုယ်လို ဦးစံလင်း ခရေဇီတွေ နဂါးခရေဇီတွေ များလာသဖြင့် ဗြိတိသျှ အားရှိမိသည်။

အစတုန်းကတော့ ခေါင်းလောင်းကြီး ရှိပါတယ်ဆိုပြီး စာတစ်တန် ပေတစ်တန် ပြောပြီး
အခုကျမှ ဟိုလိုလို ဒီလိုလိုတွေ ပြောနေသော စာရေးဆရာကြီးကိုပင် ဦးစံလင်းကိုယ်စား ဗြိတိသျှ စိတ်ဆိုးမိသေးသည်။ဘယ်သူတွေ ဘာပြောပြော တို့ကတော့ ခေါင်းလောင်း
ကြီးနှင့် နဂါးဘက်တော်သားများကွ ဆိုပြီး အားတက်သရော သတင်းတွေ နားစွင့်
ထားလိုက်သည်။ ခေါင်းလောင်းကြီး ပေါ်လာရင် ရွှေတိဂုံကုန်းပေါ် တင်မယ်ဆိုတော့ လှူဖို့တန်းဖို့အတွက် စာမူခလေးပင် စုထားသေးသည်။ နောက်ပိုင်း မွေးနေ့တွေ
ဘာတွေကျရင် ရန်ကုန်မြစ်ထဲ နဂါးအစာ သွားကျွေးပြီး ကုသိုလ်ယူမည်ဟုလည်း စိတ်ကူးယဉ်လိုက်သေးသည်။

သို့သော် နဂါးများ မီးပူဇော်သည့် ကာလက ကြာမြင့်လှချေသည်။
ရေအောက်မှာ နဂါးတွေ ခေါင်းလောင်းကြီးကို မီးပူဇော်ရင်း မီးထတောက်ရင်ဖြင့် ရန်ကုန်မြစ်ထဲက ငါးတွေ၊ ပုစွန်တွေ မီးဘေးဒုက္ခသည် ဖြစ်ကုန်မှာလား..၊ မတော်
တဆ မီးက ရေပြင်ပေါ် တက်လောင်ရင် ခေါင်းလောင်းရှာသည့် အဖွဲ့တွေဆီ မီးများ ကူးကုန်မလားဆိုပြီး ဗြိတိသျှ၏ ဟီးရိုးကြီး ဦးစံလင်းနှင့် အဖွဲ့အတွက် စိုးရိမ်မိသေး
သည်။နဂါးတွေပဲ မီးပူဇော်လို့ မပြီးနိုင်သည်လား ။ အစောင့်နတ်တွေနှင့်ပဲ ဦးစံလင်းတို့ အပေးအယူ မတည့်လို့လားမသိ။

ခေါင်းလောင်းကြီးက ပေါ်မလာ...။
အခုတော့…
ခေါင်းလောင်းကြီးကို မြစ်ကမ်းဘေးကနေ နေ့စဉ် သွားငေးသူတွေလည်း နည်းသွား
ပြီ။သမ္ဗာန်သမားတွေလည်း အရင်လို အလုပ်မဖြစ်သဖြင့် ကမ်းနားတွင် ကျားထိုးနေ
ကြသည်။ခေါင်းလောင်းဆယ်သည့် အဖွဲ့ထဲမှ ရေငုပ်အဖွဲ့ခေါင်းဆောင် အန်ကယ်ကြီး
ကလည်း ခေါင်းလောင်းကြီး မတွေ့၊ သင်္ဘောပျက်ကြီးသာ တွေ့သည်ဟု ဂျာနယ်
စာမျက်နှာတွေပေါ် တက်လာသည်။

အကောင်းမြင်သမား မောင်ဗြိတိသျှကတော့ တစ်ခု တွေးမိသည်။ယခုခေါင်းလောင်း
ကြီး မပေါ်ခင်ကတည်းက မွန်လူမျိုးတွေက သူတို့ ပိုင်သည်ဟု ဆိုသလို ဗမာတွေက
လည်း သူတို့ပိုင်သည်ဟု ဆိုသည်။ နောင်ခေါင်းလောင်းကြီး ပေါ်လာလျှင် မွန်နှင့်ဗမာ
ခေါင်းလောင်းကြီးလုပြီး ချစ်ကြည်ရေး ပျက်တော့မည်။ ဒီတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုကာ ဦးစံလင်းက ခေါင်းလောင်းကြီးကို တွေ့လျက်နှင့် မဆယ်ခြင်း ဖြစ်မည်ဟု တွေးမိပြီး ဦးစံလင်းကို ကျိတ်လေးစားမိသည်။

လေးစားဖွယ်ကောင်းပေစွ.. အဘစံ...။
ဒါပေမဲ့လည်း ခေါင်းလောင်းကြီးက အခုအချိန်အထိ ပေါ်မလာတော့ ဗြိတိသျှ
တစ်ယောက် စိတ်ပျက်ရသည်။ခေါင်းလောင်းဟူသည် အရင်းက ရှူးပြီး အဖျားက
ပြန့်ကားသွားသည့် အမျိုးဖြစ်သည်။ ယခု ခေါင်းလောင်းကြီးကား အဖျားရှူး
ခေါင်းလောင်းကြီး ဖြစ်နေချေ ပြီတကား...။

ဘာပဲဖြစ်ဖြစ် ဗြိတိသျှ စိတ်မပျက်ပါ...။
ခေါင်းလောင်းကြီးကို နောက်ထပ် ငွေသန်းချီ အကုန်အကျခံပြီး ဆယ်ကြမည် ဆိုသည့်
မြန်မာ့သူဌေးအဖွဲ့များကား မြစ်ဝတွင် ခါးတောင်းကျိုက် နေကြလေပြီ…။
ခေါင်းလောင်းကြီး တကယ်ရှိခဲ့သည် ဆိုလျှင်ဖြင့် ဗြိတိသျှတို့ မသေခင်တော့
မြင်သွားချင်ပါသေးသည်။

ဘာပဲဖြစ်ဖြစ်... ရိုးရိုးသားသား ပြောရလျှင် အဖျားမရှူးဖို့ဘဲ လိုပါသည် ခင်ဗျာ…။

ဗြိတိသျှကိုကိုမောင် (သံချောင်းပါတီ)

From:Ko Ko Mg

0 comments:

Post a Comment