သင့်ချစ်သူအမျိုးသမီးနဲ့ ဒီ့ထက်ပို နားလည်မှုရဖို့ဆိုရင်



သင့်အမျိုးသမီး သင့်ကို ရှောင်ဖယ်ရှောင်ဖယ် ဖြစ်နေရတဲ့ လျို့ဝှက်ချက်ကို မသိမချင်း သင်ဟာ ယောက်ျားအစစ်မဟုတ်သေးပါဘူး။ အမျိုးသမီးတွေက သူတို့ရဲ့ချစ်သူယောက်ျားတွေကို ရှောင်ဖယ်နေတဲ့အကြောင်း အရင်းတွေ ရှိပါတယ်။ ခေတ်အဆက်ဆက်က မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြတတ်ကြပါတယ်တဲ့။ ယုံချင်ယုံမယုံချင်နေ ကျွန်တော်တို့အားလုံးမှာ လျို့ဝှက်ချက်ငါးခုစီရှိကြတယ်။ အကြောင်းက မလုံမခြုံဖြစ်တဲ့ အသွင်အပြင်ကို မသိသာစေအောင်ပေါ့။ သင့်လက်တွဲဖော်နဲ့ ပတ်သက်လို့ သိုသိပ်ထားလေ့ရှိတဲ့ ဒီကြောင်းအရာလေးကို ထပ်ဆင့်ဝေမျှဖို့ အားပေးချင်ပါတယ်။ သူ့ကို ပညာပေးရုံတင်မကပါဘူး။ သင့်လက်တွဲဖော်နဲ့ ဆက်ဆံရေးအခြေအနေကိုလည်း ပိုမိုပွင့်လင်းတဲ့အနေအထားဖြစ်စေမှာပါ။

(၁) ကျွန်တော်တို့က ကိုယ့်ချစ်သူဟောင်းနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်က ဖြစ်ကြောင်းကုန်စင်ကို ပြန်မကြားချင်ကြဘူး။ ထမင်းစားဝိုင်းမှာ ကိုယ့်အမျိုးသမီးနဲ့ မျက်နှာချင်းဆိုင် တပျော်တပါး ထိုင်နေတဲ့အချိန်မှာ သင့်အရင် ချစ်သူဟောင်းအကြောင်း အနည်းအကျဉ်းသာ ပြောစေချင်ကြတယ်။ ပြောဖြစ်ရင်လည်း ထမင်းဟင်းတွေတောင် မအေးသေးဘူး။ သူ့မအကြောင်းစကားကို အဆုံးသတ်လိုက်ကြတယ်။ ရိုးရိုးသားသားပြောရရင် တခြားအကြောင်းအရာ တစ်ခုခုပြောရတာ ပိုသဘောကျကြတယ်။ ဒါကြောင့်လည်း အမျိုးသမီးတစ်ဦးဦးနဲ့ ကိုယ့်အချစ်ဟောင်းအကြောင်း စကားလက်စုံ ကျလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ထွက်ပြေးချင်ကြတယ်။

(၂) ကိုယ့်ကိုကြည့်လို့လှတယ်ဆိုတဲ့ စကားမျိုးကိုတော့ ကြားချင်ကြတယ်။ လိုရင်းက လူတစ်ယောက်ကိုကြည့်ပြီး အမှန်အတိုင်း တည့်မပြောချလိုက်ပါနဲ့။ ကိုယ့်အကြောင်း အမှန်အတိုင်း သိထားကြရတောင် ကိုယ်က ကြည့်လို့မလှဘူးဆိုတဲ့ စကားမျိုးကိုတော့ ဘယ်သူကမှ မကြားချင်ကြဘူးလေ။

(၃) အမျိုးသမီးတစ်ယောက်အကြောင်း ပြောဆိုနေပြီဆိုရင် ကိုယ်စိတ်ဝင်စားနေကြောင်း သူ ရိပ်မိနေတာ သတိထားမိတတ်ပေမဲ့ မနက်ခင်း သူမ ဝတ်ဆင်ရမယ့် အဝတ်အစားတစ်စုံ ရွေးချယ်ပေးဖို့တော့ ပျင်းရိနေတတ်ကြတယ်။ အဲဒီအချက်တော့ သိပ်မမိုက်ဘူးပေါ့။

(၄) ကျွန်တော်တို့ပြောလိုက်တဲ့စကားတွေ အသေးစိတ်ထိ မှတ်မိနေစေချင်ကြတယ်။

(၅) သူငယ်ချင်းတွေရဲ့အကြောင်းကိုတော့ မေးမြန်းနိုင်တယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီအကြောင်းကို အချိန်အကန့်အသတ် ဘယ်လောက်နဲ့ မေးမြန်းမလဲဆိုတာ အထူးဂရုပြုသင့်တယ်။

Source: vibenigeria
Trend

IS စစ်သွေးကြွများက လူ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးတစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် ကွပ်မျက်လိုက်ပြန်ပြီ

အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်တွင် ISIS အကြမ်းဖက် သမားများက ဘာသာရေး အထိမ်းအမှတ် များကို ဖျက်ဆီးလျက် ရှိကြောင်း ဖေ့ဘုတ်ပေါ် တွင် ရေးသားခဲ့သူ လူအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး တစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် သတ်ဖြတ် ခဲ့သည်။



ဆာမီရာ ဆာလစ် အယ်လ်နူအီမိ ဆိုသူ ယင်းအမျိုးသမီးက မြို့ ၏ ဘာသာရေး နေရာများကို IS တို့ ဖျက်ဆီး နေသည်ဟု ဖေ့ဘုတ် ပေါ်တွင် ရေးသား ခဲ့ပြီး အချိန် မကြာမီမှာပင် စက်တင်ဘာ ၁၇ ရက်က အိမ်သို့ လာရောက် ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

နူအီမီကို ရှာရီယာ ဥပဒေ (မွတ်စလင် ဘာသာရေး ဥပဒေ) အရ အရေးယူ ခဲ့ခြင်း ဖြစ်ပြီး ငါးရက်ကြာ ညှင်းပန်း နှိပ်စက်ခဲ့ကာ နောက်ဆုံးတွင် ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်း ဖြစ်ကြောင်း အီရတ်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် အရ သိရသည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့ များက IS ပစ်မှတ်များကို လေကြောင်း ထိုးစစ် သုံးညမြောက် ဆင်နွှဲပြီး အချိန်တွင် နူအီမီ သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ နူအီမီကို တနလာင်္နေ့က ကွပ်မျက် ခဲ့ခြင်း ဖြစ်ပြီး သူ၏ ဖေ့ဘုတ် အကောင့် ကိုလည်း ဖျက်ပစ် ခဲ့ကြောင်း မစ်ရှင်က ထုတ်ပြန် ခဲ့သည်။

IS တပ်များက ဇွန်လမှ စကာ အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ အနှံ့ ထိုးစစ်များ ဆင်နွဲခဲ့သည်။ အီရတ် နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်လည်း ၎င်းတို့ လက်အောက် ကျရောက် နေသည်။ ယင်းတို့သည် သြဂုတ်လ အတွင်း မြို့ ရှိ သမိုင်းဝင် အထင်ကရ နေရာများ အပြင် ဗလီများနှင့် သချိင်းဂူများ ကိုပါ ဖျက်ဆီး ခဲ့ကြသည်။
by Mizzima News

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလ အစိုးရစစ်တပ်နှင့် DKBA တိုက်ပွဲ ဖြစ်ပွား

ကလို့ထူးဘော စစ်ဌာနချုပ်တွင် ၂၀၁၃ ဇူလိုင်လ အတွင်းက တွေ့ရသော DKBA အမျိုးသမီး တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – မြတ်စုမွန်/ဧရာဝတီ)


ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ် မွန်ပြည်နယ် ကျိုက်မရောမြို့ အနီးတွင် ယနေ့ နံနက်ပိုင်းက အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့တိုက်ပွဲ ဖြစ်ပွားပြီး အစိုးရဘက်မှ ၈ ဦးကို DKBA ဘက်မှ ထိန်းသိမ်း ထားကြောင်း စုံစမ်း သိရှိရသည်။

ကျိုက်မရောမြို့နှင့် တမိုင်ကျော် အကွာအဝေးတွင်ရှိသည့် ကလှိုင်ကနိုင် ကျေးရွာအုပ်စု ကရင်တောအပေါ်ရွာတွင် အစိုးရ ခြေမြန် တပ်ရင်း(ခမရ) ၂၀၈ နှင့် DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲ တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် မြ၀တီမြို့ရှိ DKBA စစ်ဌာနချုပ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်က DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲမှ မန္တလေး ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ဝင်းဇော်လေး ၏ နေအိမ်ကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့(စရဖ) အဖွဲ့များက ၀င်ရောက် စစ်ဆေးခဲ့ကြောင်း၊ ယင်းစစ်ဆေး မှု ကြောင့် နောက်ဆက်တွဲအနေနှင့် အစိုးရဘက်နှင့် DKBA ကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ယနေ့ အစိုးရဘက်မှ DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲသို့ သွားရောက်၍ ဆွေးနွေးညှိနှိုင်းမှုလုပ်ရန် ကြိုးစားစဉ် DKBA ဘက်မှ စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“DKBA စစ်ဌာနချုပ် လက်အောက် စစ်ဗျူဟာဌာနခွဲက ဗိုလ်ဝင်းဇော်လေးကို ရှောင်တခင် စစ်ဆေးမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် နားလည်မှု လွဲမှားသွားလို့ အခုလို ဖြစ်ပွားခဲ့တာပါ။ အဲဒီကိစ္စအပေါ် အစိုးရဘက်က လာရောက်ဆွေးနွေးတဲ့ သူတွေကို ကျနော်တို့ လက်အောက်က အဖွဲ့က ထိန်းသိမ်းထားလိုက်တယ်လို့ သိရပါတယ်။ ကျနော်သိရသလောက်က အစိုးရဘက်က တပ်အင်အားများလို့ လာဆွေးနွေးတဲ့သူတွေကို ထိန်းသိမ်းလိုက်တဲ့ သဘောထင်ပါတယ်”ဟု ဗိုလ်ကြီး စောစိုးမြင့် က ပြောသည်။

ဆက်လက်၍ ၎င်းက“ အခု မြေပြင်မှာဖြစ်နေတဲ့ အခြေအနေတွေအားလုံးကို ကျနော်တို့ ဌာနချုပ်က ထိပ်ပိုင်း ခေါင်းဆောင်တွေကို အသိပေးထားပြီးပါပြီ။ အထက်ပိုင်းကလည်း အကောင်းဆုံး ဖြေရှင်းပေးဖို့ ညွှန်ကြားထားပါတယ်။ သူတို့ဘက်ကလည်း မွန်ပြည် နယ် ကာလုံဝန်ကြီး လာရောက်ညှိနှိုင်းမယ်လို့ ကြားပါတယ်။ လက်ရှိအချိန်မှာတော့ ကျနော်တို့လည်း တင်ပြလာမယ့် အခြေအနေ ကို စောင့်နေပါတယ်”ဟုလည်း ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွာအနီးတွင် နေထိုင်သည့် ဒေသခံ ဦးလှကို ဆိုသူက ယင်းတိုက်ပွဲတွင် နှစ်ဘက်တပ်များမှ လက်နက်ကြီး ငယ် များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ ပစ်ခတ်မှုများကြောင့် အစိုးရတပ်ပိုင်းမှ ဗိုလ်ကြီးတဦးနှင့် ရဲတပ်သားတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် ရဲတပ်သားတဦးကိုတော့ DKBA က ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဒဏ်ရာရ ဗိုလ်ကြီးနှင့် ကျန် ရဲ ၊ စရဖ နှင့် စစ်တပ်မှ တပ်ကြပ်အရာရှိများကို ဆက်လက် ထိန်းသိမ်းထားကြောင်း ပြောပြသည်။

“ဆယ်နာရီ ခွဲလောက်က စဖြစ်တာပါ။ ဆိုင်ကယ်စီးလာတဲ့ တပ်အရာရှိနဲ့ ရဲတပ်သားတဦးကို ဟိုဘက်က စပစ်တယ်။ နောက်တော့ အဲဒီအနောက်မှာ ပါလာတဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်ကြတော့တာပဲ။ နှစ်ဦးဒဏ်ရာရတယ်လို့ ကြားတယ်”ဟု ၄င်းက ပြော သည်။

လမ်းများကို ပိတ်ထားကြောင်း၊ အစိုးရ တပ်များ ထပ်မံရောက်ရှိလာပြီး ၀ိုင်းထားသည်ဟု ကြားသိရကြောင်း၊ DKBA ဘက်က အင် အား ၂၀ ကျော်ရှိနိုင်ကြောင်း၊ ထိန်းသိမ်းထားသော အစိုးရဘက်က အရာရှိများကို လွှတ်ပေးသည်ဟု မကြားသိရသေးသော်လည်း တိုက်ပွဲသံများကို မကြားရတော့ကြောင်းလည်း ဦးလှကိုက ညနေ ၄ နာရီခန့်က ဧရာဝတီကို ပြောဆိုခဲ့သည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ စက်တင်ဘာ ၂၂ ရက်က စတင် သော တွေ့ဆုံ ဆွေးနွေးပွဲကို ၅ ရက်မြောက် ကျင်းပနေပြီး ယနေ့သည် နောက်ဆုံးရက် ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲသို့ ရောက်ရှိနေသည့် DKBA တပ်ဖွဲ့ခေါင်းဆောင် ပိုင်းကိုလည်း ယနေ့ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေကို အသိပေးထားကြောင်း၊ ခေါင်းဆောင် ပိုင်းကလည်း ဆွေးနွေးပွဲအပေါ် ထိခိုက်မှုမရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ဗိုလ်ကြီးစောစိုးမြင့်က ဆို သည်။

ညနေပိုင်း ၆ နာရီခန့် စုံစမ်းချက်အရ DKBA ဘက်မှ ထိန်းသိမ်းထားသည့် ဓားစာခံများကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု သိရှိရ သည်။

တိုက်ပွဲ ဖြစ်ပွားသည့် ရွာအနီးဝန်းကျင်မှ ရွာသူ၊ ရွာသားများသည် ကျိုက်မရော ဘုရားဝင်းအတွင်းနှင့် ကျိုက်မရောမြို့ပေါ်တွင် ရှိသည့် အထက်တန်းကျောင်းဝင်း အတွင်းတွင် ဒုက္ခသည်များအဖြစ် ရောက်ရှိနေကြကြောင်း၊ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်ရှိသည် ဟု ခန့်မှန်းရကြောင်း၊ ဆက်လက်၍လည်း ဒုက္ခသည်များ လာရောက်နေကြဆဲ ဖြစ်ကြောင်း ဒေသခံ ဦးလှကိုက ပြောပြသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ ညနေ ၆ နာရီအထိ စစ်တပ်ပိုင်းနှင့် DKBA တပ် နှစ်ဘက်စလုံးကို နောက်ဆုံးအခြေအနေများ သိရှိရန် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

စက်တင်ဘာ ၁၈ ရက်ညကလည်း မြ၀တီမြို့တွင် DKBA တပ်ဖွဲ့ဝင် ၂ ဦး မောင်းလာသော အနက်ရောင် SURF အမျိုးအစား ကား ကို အစိုးရ လုံခြုံရေးအဖွဲ့များက စစ်ဆေးရန် တားမြစ်ရာ အစစ်အဆေးမခံဘဲ မောင်းထွက်သွား၍ စစ်တပ်က ပစ်ခတ်တားဆီးမှု ဖြစ် ပွားခဲ့ပြီး တဦး သေဆုံး၍ တဦး ဒဏ်ရာရခဲ့သည်။
ဧရာဝတီ

ဘင်္ဂါလီနှင့် ရိုဟင်ဂျာ ၃၇ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းမိပြီ

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် သကွာပါမြို့နယ်မှာ တရားဝင်စာရွက်စာတမ်းမပါရှိတဲ့ ရိုဟင်ဂျာ ၁၀ ဦး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (ဘဂါင်္လီ) ၂၇ ဦး၊ စုစုပေါင်း ၃၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ ညနေက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံသား ၂ ဦး မောင်းနှင်လိုက်ပါလာတဲ့ အီဆူးဇူးကားတစီးပေါ်ကနေ ဖမ်းဆီးထားတာလို့ ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာတွေကို အကူအညီပေးအဖွဲ့ဖြစ်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ထုတ်ပြန်ပါတယ်။

ဖမ်းခံရသူတွေထဲမှာ ကလေး ၈ ဦးပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (ဘင်္ဂါလီ) အမျိုးသား ၂၇ ဦး၊ ရိုဟင်ဂျာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ဖြစ်ကြပါတယ်။

ဒီဖမ်းဆီးမှုအပြီးမှာ ထိုင်းအာဏာပိုင်တွေက FED ကို ဘာသာပြန်နဲ့ တခြားလိုအပ်ချက် အတွက် ကူညီအပြီးမှာ ဖြစ်စဉ်ကို ထုတ်ပြန်ခဲ့တာလို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ မှတ်တမ်းတာဝန်ခံ ကိုမင်းဦးက ပြောပါတယ်။

ထုတ်ပြန်အချက် ဖမ်းခံရသူတွေထဲက ဆိုဖီအေစလာ ၂၂ နှစ်ဟာ လှေပေါ်မှာ ရိုက်နှက်ခံရလို့ ခြေထောက်ကျိုးဒဏ်ရာရခဲ့တာ ရက်ပေါင်း ၄၀ ရှိပြီဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အရွယ် မာနေဆိုသူမှာလည်း လှေသားတွေရဲ့ ရိုက်နှက်မှုကြောင့် လွန်ခဲ့တဲ့ ၁၄ ရက်ကတည်းက လက်သန်းကြွယ်ကျိုးခဲ့ရာမှာ ဒဏ်ရာရတဲ့လက် ပုပ်နေတာတွေ့ရတဲ့အကြောင်း၊ မူဒန်မာ အသက် ၂၂ နှစ်ဟာ ပွဲစားတွေရဲ့ ရိုက်နှက်ထိုးကြိတ်မှုကြောင့် ဗိုက်နဲ့ကျောကုန်းမှာ ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့တွေကို ဆေးရုံပို့ဆောင်ရာမှာ ဆေးရုံမှာ ညအိပ်ဖို့လိုပေမယ့် ဆေးရုံက လက်မခံလို့ ညတွင်းချင်း ဆင်းလာခဲ့ရတယ်လို့ ပြောပါတယ်။

သူတို့ဟာ မလေးရှားကိုသွားကြဖို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဘက်ခြမ်းတွေမှာ ပွဲစားတွေက ရွာတွေကနေ လိုက်ခေါ်ပြီး လှေငယ်တွေနဲ့ မြန်မာကမ်းဝေးရေးပိုင်နက်တွင်းမှာ အသင့်စောင့်နေတဲ့ လှေကြီးတွေကို ပို့ဆောင်ခဲ့ပါတယ်။

ဒီနောက် ထိုင်းဘက်ခြမ်းမှာ စောင့်နေတဲ့ လှေကြီးတွေကနေတဆင့် သယ်ဆောင်ပြီး ပွဲစားတွေကနေ နေရာအသီးသီးကို လှေငယ်တွေနဲ့ခွဲပြီး ပို့ဆောင်ကြတာလို့ ဆိုပါတယ်။

သူတို့တွေရဲ့ခရီးစဉ်အတွင်း လမ်းမှာ ၁၂ ဦး သေဆုံးခဲ့ပြီး ရေထဲကို အလောင်းပစ်ချခဲ့ကြရတယ်လို့ ဆိုပါတယ်။ ထိုင်းလှေတွေမှာ ပါသူတွေဟာ ထိုင်းနဲ့ ဗမာစကားပြောကြတယ်လို့ ဆိုပါတယ်။ သူတို့ကို စုရပ်မှာ လူပေါင်း ၅၀၀ လောက်ရှိနေပြီး အဲဒီနေရာကနေ ဖြန့်ပို့စဉ်မှာ ဖမ်းခံရတာလို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ သူတို့တတွေကို တရားရုံးက စစ်ဆေးတယ်လို့ ကိုမင်းဦးကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်သံရုံးက တာဝန်ရှိသူတွေကလည်း နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးသွားသလို ကုလသမဂ္ဂက အရာရှိတချို့လည်း လာရောက်မေးမြန်းတယ်လို့ ဆိုပါတယ်။

ဒီလ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း ကူရဘူရီ (နန်ယွန်) ရဲစခန်းမှာ ၁၂ ရက်နေ့က ဖမ်ဆီးထားတဲ့ ဘဂါင်္လီ ၂၅ ဦးနဲ့ ရိုဟင်ဂျာ ၆ ဦးကိစ္စကို သွားရောက်ကူညီခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီ ၃၁ ယောက်ကို ထိုင်းလင်မယားက ကားနှစ်စီးနဲ့ ခေါ်ဆောင်လာတာဖြစ်ပြီး သူတို့တွေရဲ့ ပြောကြားချက်အရ ရနောင်းအပိုင် ကပွန်းအရပ်မှာ လူစုပို့ဆောင်နေတာဖြစ်ပြီး စုရပ်မှာ လူ ၂၅၀ လောက်ရှိတယ်လို့ ထွက်ဆိုကြကြောင်း မှတ်တမ်းက ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူများ

 Credit To; DVB

ဥပဒေလောကသားတွေ ရှက်တတ်ရဲ့လား

ဥပဒေကို နားလည်သဘောပေါက်မှသာ “အခွင့်အရေး” နဲ့ “တာဝန်” ကို ခွဲခြားသိမြင်လာမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

နိုင်ငံရဲ့ ဘယ်အရပ် ဒေသမှာပဲ နေထိုင်သူ ဖြစ်ပါစေ နိုင်ငံသား တယောက်အတွက် လုံခြုံမှုရှိဖို့ အထူး အရေးကြီး ပါတယ်။ လူ အဖြစ် နေထိုင်ရှင်သန်ရေးမှာ လုံခြုံမှု ရှိမှသာ သာယာကောင်းမွန်တဲ့ လူ့အဖွဲ့ အစည်းကို တည်ဆောက်နိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံမှုရှိဖို့ ဆိုတာ “တရားဥပဒေ စိုးမိုးရေး” နဲ့လည်း ဆက်စပ်နေပါတယ်။




“တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ စကားဟာ လက်ရှိအစိုးရ လက်ထက်မှာ အရင်ကထက် ပိုမို ကျယ်လောင် လာနေ တာပါ။ ဒါပေမယ့် ပကတိအခြေ အနေမှာ အမျိုးသမီးတွေ အပါအဝင် လူထုကြားမှာ လုံခြုံမှု မရှိတာ၊ လူသတ်မှုနဲ့ ရာဇဝတ်မှုတွေ များပြားလာ နေတာ၊ မုဒိမ်းမှုတွေ များလာတာတွေက တရားဥပဒေ စိုးမိုးမှု အားနည်းနေကြောင်း သက်သေပြ နေတာပါပဲ။


ဩဂုတ်လ ၂၆ ရက်နေ့ ည ၇း၃၀ နာရီအချိန်က ဒဂုံမြို့နယ် ဦးဝိစာရအိမ်ရာမှာ နေထိုင်တဲ့ တက်သစ်စ မော်ဒယ်လ် သရုပ်ဆောင် “အေးချမ်းမြတ်မိုး” ဟာ လည်ပင်းကို ဓားနဲ့ထိုးခံခဲ့ရပြီး သေဆုံးခဲ့ရရှာ ပါတယ်။

အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ ဘဝအတွက် တက်လမ်း အများကြီးရှိတဲ့ မိန်းကလေးတယောက် အသတ်ခံ လိုက်ရတာဟာ နှမြောကြေကွဲ စရာပါ။ သတ်တဲ့အချိန်က ညဥ့်နက်သန်းခေါင်မဟုတ် ဘဲနဲ့ ည ၇ နာရီခွဲပဲ ရှိသေးတာက အံ့ဩစရာပါ။

ပြီးတော့ ဦးဝိစာရအိမ်ယာက ရန်ကုန်မြို့လယ်မှာပဲ ရှိတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ လတွေမှာလည်း တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ လူသတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဇွန်လထဲမှာ မင်္ဂလာဒုံ ပန်းခြံထဲမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။
ပန်းခြံလို နေရာမှာ လူသတ်မှုကို လက်ရဲဇက်ရဲ ကျူးလွန်ရဲတာဟာ မေးခွန်းထုတ်စရာပါ။ ကျူးလွန်တဲ့ တရားခံကို ဖမ်းဆီး မိပေမယ့်လည်း တချို့အမှုတွေမှာတော့ တရားခံကို ဖမ်းမမိတာတွေလည်း ရှိပါတယ်။
တခါ ဇွန်လထဲမှာပဲ လှိုင်သာယာမြို့နယ်ထဲက လက်ဖက်ရည်ဆိုင် တဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို ဆိုင်ရဲ့ CCTV ကနေ မှတ်တမ်းတင် ထားတဲ့ မြင်ကွင်းကို ကြည့်ရသူတိုင်း တုန်လှုပ်ချောက်ချားခဲ့ ကြရပါတယ်။

ဘာလို့လဲဆိုတော့ လူတယောက်ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်သွားလို့ပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာန ချုပ်ရုံးရဲ့ အဆိုအရ ၂၀၁၄ ခုနှစ် ဩဂုတ်လထဲမှာ လူသတ်မှု ၁၀၉ မှု၊ မုဒိမ်းမှု ၅၆ မှု ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။ အဲဒီလို နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၁၀၉ မှုမှာ ၄၈ မှုကိုပဲ

တရားစွဲဆိုနိုင်သေး သလို ကျူးလွန်သူ ဖမ်းမမိသေးတာတွေလည်း ရှိနေပါတယ်။

အမျိုးသမီးတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ ကိစ္စရပ်တွေထဲမှာ မုဒိမ်းမှုနဲ့ လူကုန်ကူးခံရမှုတွေလည်း ပါဝင်နေ ပါတယ်။

အထူးသဖြင့် မုဒိမ်းကျင့်ခံ ရတဲ့ မိန်းကလေးတွေဟာ ငယ်ရွယ်လွန်းတဲ့သူတွေ ဖြစ်နေတာက စိုးရိမ်စရာ ကောင်းနေပါတယ်။

အသက် ၅ နှစ်ကနေ ၈ နှစ်၊ ၁၀ နှစ်ကြား မိန်းကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ အကြောင်းရင်းထဲမှာ မိဘ တွေက အပြင်ထွက် အလုပ်လုပ်ရတာ၊ ညစ်ညမ်းခွေတွေ ကြည့်တဲ့သူများလာတာ၊ သူစိမ်းယောက်ျားတွေက မိန်းကလေးတွေကို အယုံသွင်း ပြောဆိုနေတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။

သက်ငယ် မုဒိမ်းမှုကျူး လွန်သူတွေကို သေဒဏ်ပေးဖို့ လွှတ်တော်မှာ အဆို တင်သွင်းသူ ရှိပေမယ့်လည်း အဲဒီ အဆို ရှုံးနိမ့်ခဲ့ ရပါတယ်။

တကယ်လို့ မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ပေးနိုင်မယ် ဆိုရင် ကျူးလွန်တဲ့ သူလျော့ကျ သွားမှာပါ။ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေ ရသွားသလို ပတ်ဝန်းကျင်ရဲ့ ခွဲခြား ဆက်ဆံတာပါ ခံရတဲ့ အတွက် သူတို့ရဲ့ နစ်နာမှုကို ထည့်သွင်းစဉ်းစားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

တရုတ်နိုင်ငံဘက်ကို ဇနီးမယား အဖြစ် ရောင်းစားခံနေရတဲ့ မိန်းကလေးတွေအတွက် ဥပဒေအရ အကာအကွယ် ပေးဖို့လိုသလို အထူးသဖြင့် လူပွဲစားတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့ လိုအပ်နေ တာပါ။

မိန်းကလေးတွေ အတွက်တင်လား ဆိုတော့ မဟုတ်သေးပါဘူး။ လူငယ်တွေကြားမှာလည်း လုံခြုံမှု မရှိတဲ့ ပြဿနာ တွေ့နေရ ပါတယ်။ အုပ်စုဖွဲ့ ရိုက်နှက်ခံရတာ၊ လုယက်ခံရတာတွေ ရှိနေသလို စိတ်ကြွ ဆေးသုံးစွဲ နေတဲ့ လူငယ်တွေ များလာတာဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။


လူငယ် ၁၀ ယောက်မှာ ၆ ယောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ သိပ်မကြာမီက ထွက်ပေါ်ခဲ့တဲ့ စစ်တမ်းတစောင်က ဆိုပါတယ်။ ပတ်ဝန်းကျင်မှာ အရက် လှိုင်ဘောလယ် ဝယ်လို့ သောက်လို့ ရနေတာ ကလည်း ရာဇဝတ်မှု ဖြစ်ပွားစေတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေ ဖြစ်ပွားမှုဟာ နိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့လည်း ပတ်သက်ဆက်နွှယ် နေပါတယ်။ စီးပွားရေး ကောင်းမွန်ပြီး နိုင်ငံသားတိုင်းသာ သူတို့အတွက် လုံလောက်တဲ့ ဝင်ငွေရှိနေရင် ခိုးမှု၊ လုယက်မှုတွေ အလိုအလျောက် လျော့ကျသွားမှာပါ။

တချို့သော လူသတ်မှုတွေကို လေ့လာကြည့်မယ် ဆိုရင် နားကပ်လေးတရံ၊ လက်စွပ်လေး တကွင်း အတွက်ကိုပဲ လူ့အသက်ကို သတ်တာ တွေ့ရပါတယ်။ အဆင် မပြေမှုတွေ များလာတဲ့ အခါ လူသတ်ရမှာကို မကြောက်တော့တာ၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အတွေးတွေ ဝင်လာတော့တာ ပါပဲ။ ဒါကြောင့် “အူမတောင့်မှ သီလ စောင့်နိုင်တယ်” ဆိုတဲ့စကားက မှန်ကန်နေပါတယ်။

ပခုံးချင်း တိုက်မိတာလေးနဲ့ လူသတ်တဲ့ အထိ ဖြစ်ရတဲ့ ဖြစ်စဉ်ဟာ ရန်ကင်းမြို့နယ်မှာ ဖြစ်ပွားခဲ့ ပါတယ်။ လူတယောက်ကို ခေါင်းပြတ်တဲ့ အထိ ရက်ရက်စက်စက် သတ်နေတာကို အဲဒီရပ်ကွက်ကို အုပ်ချုပ်နေ သူတွေက မတားဆီးနိုင် ခဲ့တာကလည်း မေးခွန်းထုတ်စရာပါ။

နောက်ဆုံး ရပ်ကွက်လူထုက မခံမရပ်နိုင် ဖြစ်လွန်းပြီး ဆန္ဒ ထုတ်ဖော်ရတဲ့ အဆင့်ထိ ဖြစ်လာခဲ့တာပါ။

ပတ်ဝန်းကျင်မှာ မူးယစ်ရမ်းကားနေတဲ့ သူတွေ ရှိနေတာကို လျစ်လျူရှုနေတာ၊ လူမိုက်အမည်ပေါက်တွေ သောင်းကျန်းနေတာကို အရေးမယူတာ၊ လောင်းကစားဝိုင်း တွေကို လွှတ်ပေးထားတာတွေက တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတာပါပဲ။

ကျမတို့ဟာ ဘယ်အရပ်ဒေသကိုပဲ သွားသွား နောက်ကျောလုံလုံနဲ့ သွားနိုင်ဖို့ အရေးကြီးပါတယ်။ “အဲဒီနေရာ ကို မသွားရဲပါဘူး ကိုယ့်ကိုရိုက်သတ်သွားရင်တောင် ဘာမှမတတ်နိုင်ဘူး” လို့ ပြောလာရရင် တရားဥပေဒ စိုးမိုးမှုမရှိတာ သိသာနေပါပြီ။

တချို့သော ရာဇဝတ်မှုတွေ အတွက် ချမှတ်တဲ့ ပြစ်ဒဏ်က နည်းလွန်းတော့ လူဆိုး၊ လူမိုက်တွေကို အယား ဖျောက်သလို ဖြစ်နေတာတွေကို ထည့်စဉ်းစားရမှာ ပါ။ ဥပမာအားဖြင့် လူသတ်မှု အတွက် ထောင် ၅ နှစ် လောက်ပဲ ချ၊ ထောင်ထဲမှာ တနှစ်၊ နှစ်နှစ်ပဲ နေ၊ တခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ ဆိုရင် မုန့်လုံးစက္ကူကပ် ဇာတ်လမ်းတွေ ဆက်ဖြစ်နေမှာပါပဲ။
တခါတုန်းက စစ်အစိုးရ ဆန့်ကျင်ရေး စာရွက် စာတမ်းတွေ့တာနဲ့ ထောင်ဒဏ် အနှစ် ၂၀ လောက် အထိ ပြစ်ဒဏ် ချမှတ်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင် မကျူးလွန်ဘဲနဲ့ ဗုံးဖောက်ခွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရတာတွေ တောင်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ အပြစ် မရှိတဲ့သူတွေကို ဥပဒေရဲ့ အကာအကွယ် ပေးဖို့လည်း ပါဝင်တယ်ဆိုတာ မမေ့သင့်ပါဘူး။
တရားဥပဒေ စိုးမိုးရေးရဲ့ အခြေခံသဘော တရားကို ဇယားဆွဲကြည့်ရင် Rule of Action (လူ့ကျင့်စဉ်)၊ Rule of Conduct (အပြုအမှုဆိုင်ရာ စည်းကမ်းချက်)၊ Law (ဥပဒေ)၊ Customary Law (ဓလေ့ထုံးတမ်း ဥပဒေ)၊ Statute Law (ပြဋ္ဌာန်း ဥပဒေ)၊ Domestic Law/National Law (ပြည်တွင်းဥပဒေ) ရယ်လို့ ဆက်စပ်နေတာ တွေ့ရပါတယ်။
ဥပဒေရဲ့ ပင်ကိုယ်လေးနက်မှု၊ ဥပဒေ သဘောတရား တွေနဲ့ ဥပဒေနောက်ခံ သမိုင်း လမ်းကြောင်းပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ့ တရားဥပဒေ စိုးမိုးရေးကို အနက်အဓိပ္ပာယ် ဖော်ညွှန်းရာမှာ နိုင်ငံရဲ့အာဏာ ကြီး ၃ ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက် ပြီး ထွက်ပေါ်လာတဲ့ အယူအဆ အဖြစ်လည်း တွေ့မြင်နိုင်ပါတယ်။

တရားဥပဒေ စိုးမိုးရေး အားနည်းနေတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်နေတာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဥပမာ တခုကို ထုတ်နုတ် ပြောပြချင်ပါ တယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ ၂၀ (ခ) မှာ “မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ယင်းသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း ပြုလုပ်ရန် ဆက်သွယ်ခြင်း တို့ကို မည်သူမဆို ပြုလုပ်ပါက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ်မှ အများဆုံး နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်” လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်တွေ့မှာ မူးယစ်ရာဇာတွေရဲ့ သားသမီးတွေ စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရနေတာ၊ မူးယစ်ဆေး ရောင်းဝယ်ရာက ရလာတဲ့ ငွေမည်းတွေကို အိမ်၊ ခြံ၊ မြေမှာ ရင်းနှီး မြှပ်နှံပြီး ငွေကြေးခဝါချ နေတာ၊ တချို့ မူးယစ်ရာဇာတွေဟာ ထိုက်သင့်တဲ့ပြစ်ဒဏ် မခံရဘဲ ဘုရားဒါယကာ၊ ကျောင်းဒါယကာ အဖြစ်ပါ ခံယူခွင့် ရခဲ့တာတွေဟာ တရားဥပဒေ စိုးမိုးရေး အားနည်းတာ သိသာထင် ရှားလွန်းနေပါတယ်။

ကျမတို့ဟာ ကိုယ့်အိမ်ထဲမှာပဲ နေရင်း တခြား သူတွေရဲ့ စိတ်အနှောင့်အယှက် ပေးမှုကို ခံနေရဆဲပါ။ တခြား အခန်းတွေက နားမခံသာအောင် သီချင်းတွေ ဖွင့်ကြတာ၊ အုပ်စုလိုက် အရက်ဝိုင်းဖွဲ့ပြီး အော်ဟစ် ဆူညံနေတာ တွေကို ကြိတ်မှိတ်သည်းခံရတဲ့ အနေအထားမှာပဲ ရှိနေပါတယ်။

တကယ်လို့ တရား ဥပဒေသာ စိုးမိုးမယ်ဆိုရင် ဖုန်းလေးတချက် ဆက်လိုက်ရုံနဲ့ တာဝန်ရှိသူတွေ ရောက်လာပြီး အဲဒီလို အနှောင့်အယှက် ပေးနေသူတွေကို အရေးယူနိုင်မှာ ဖြစ်ပါတယ်။


လူထုကြားမှာ ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အသိတွေ ရှိဖို့ လိုပါတယ်။ ကိုယ်တိုင်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရ တာကို ဥပဒေ ဘောင်အတွင်းကနေ ကျမတို့ တောင်းဆိုပိုင်ခွင့် ရှိရပါမယ်။ အထူးသဖြင့် နိုင်ငံတနိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာမို့ လူငယ်ထု အနေနဲ့ ဥပဒေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ်။


ကြုံကြိုက်လို့ ပြောရရင် ပြီးခဲ့တဲ့ ဩဂုတ်လက ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနမှာ ပြုလုပ်တဲ့ “သရုပ်ပြ တရားရုံး” တင်ဆက်မှုကို သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။ တကယ့်တရားခွင်မှာ စစ်ဆေးသလို ဥပဒေပညာသင်ယူ နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကိုယ်တိုင် ပါဝင်တင်ဆက်တာ ဖြစ်ပါတယ်။

ဥပဒေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရခဲ့သလို ဒီလို “သရုပ်ပြ တရားရုံး” တင်ဆက်မှုကနေ တရားခွင် စစ်ဆေးမှု၊ တရားရုံး တွေကနေ လက်တွေ့ ကျင့်သုံးနေတဲ့ အမှုစစ်ဆေးနည်း ကျင့်ထုံး နည်းလမ်း၊ ဥပဒေ၊ နည်းဥပဒေတို့ကို ပိုမို သဘောပေါက်နားလည် လာစေတဲ့ အကျိုးကျေးဇူးပါ ရရှိနိုင်ပါတယ်။

ဥပဒေပညာကို သင်ယူနေတဲ့သူမှ မဟုတ်ပါဘူး။ လူတိုင်းလူ တိုင်း ဥပဒေကို နားလည်သဘောပေါက်မှသာ “အခွင့်အရေး” နဲ့ “တာဝန်” ကို ခွဲခြားသိမြင်လာမှာ ဖြစ်ပါတယ်။

စားကောင်းခြင်း စားရဖို့၊ အိပ်ကောင်းခြင်း အိပ်ရဖို့၊ ကောင်းကောင်းမွန်မွန် အသက်မွေးဝမ်းကျောင်း နိုင်ဖို့၊ ထိတ်လန့် ကြောက်ရွံ့ရခြင်း တွေက ကင်းဝေးစေဖို့ “လုံခြုံမှု” ရှိဖို့ လိုပါတယ်။ လုံခြုံမှုရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှသာ လူ့ ဂုဏ် သိက္ခာနဲ့ ပြည့်စုံတဲ့ လူသားတွေ ဖြစ်လာမှာပါ။

“တရားဥပဒေစိုးမိုးရေး” ဟာ ဟန်ပြသက်သက်၊ ကြွေးကြော်သံ သက်သက်နဲ့ အလုပ် မဖြစ်ပါဘူး။


မြန်မာနိုင်ငံရဲ့ ဘယ် အရပ်ဒေသမှာ မဆို တရား ဥပဒေ စိုးမိုးစေဖို့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား ကျောသား၊ ရင်သား မခွဲခြားဘဲ အရေးယူဖို့ လိုအပ်နေသလို တရားဥပဒေ တကယ် စိုးမိုးမှသာ လူ့ဂုဏ်သိက္ခာ နဲ့ပြည့်ဝတဲ့၊ လူဖြစ်ရကျိုး နပ်တဲ့ လုံခြုံတဲ့ လူသားဘဝတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြဆွေးနွေး လိုက်ရပါတယ်။ ။
ဧရာဝတီ

အရက်သောက်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုစေပါတယ်

တကယ်တော့ အရက်သောက်ခြင်းရဲ့ အကျိုးကျေးဇူးဆိုတာ မရှိသလောက်ကို နည်းပါးလွန်းပါတယ်။ ဒါဆိုရင် ဘာကြောင့် အရက်ကို လူတွေ တစ်ပတ်ပြီးတော့ နောက်တစ်ပတ် ဆက်ပြီးသောက်နေရတာလဲ။ အကြောင်းရင်းက သင့်ရဲ့ဒုက္ခအခက်အခဲပြသနာတွေ၊ စိုးရိမ်သောကတွေကို ဖြေဖျောက်နိုင်တာကြောင့်ရယ်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရရှိခံစားစေပြီး တစ်ယောက်ပေါ်တစ်ယောက် ရင်းနှီးနွေးထွေးမှု ရရှိစေတာကြောင့်လည်း ပါပါတယ်။


ဒါပေမဲ့ ဒီအချက်က အရက်ဆက်လက်သောက်သုံးဖို့ အကြံဥာဏ်ကောင်းတစ်ခုတော့ လုံးဝမဟုတ်ပါဘူး။ လုံးဝမသောက်တာကတော့ ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ သူ့မှာကောင်းတဲ့အချက်ဆိုလို့ နှလုံးသွေးကြောရောဂါ ( Coronary Heart Disease - CHD) ကို လျော့နည်းသက်သာစေတာမို့ အဲ့ဒီအတွက် သောက်ရင်တော့ သင့်တော်ပါတယ်။

အရက်သောက်ခြင်းအားဖြင့် မကောင်းတဲ့အချက်တွေကို ပြောပြရရင်တော့ မှတ်ဥာဏ်ကျဆင်းတတ်သလို၊ အသည်းပျက်ဆီးဖို့ အလားအလာပိုများပါတယ်။ အရက်ကို အလွန်အကျွံသောက်တတ်တဲ့ ရှပ်ကီဘဲ တစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ တခြားဘေးထွက်ဆိုးကျိုးတွေ မရေတွက်နိုင်အောင်ကို ခံစားရမှာပါ။

ကဲ အရက်မသောက်တဲ့သူတွေအတွက် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့ ကောင်းကောင်းမွန်မွန်အိပ်ပျော်မယ်၊ အားအင်ပိုရှိလာမယ်၊ အ၀လွန်မှု ကင်းဝေးမယ်၊ အရက်နာကျပြီး ခေါင်းကိုက်မှုကင်းမယ်၊ မှတ်ဥာဏ်ပိုမိုကောင်းမွန်လာမယ် စတာတွေပါပဲ။ ဒါ့အပြင် လျော့နည်းသက်သာစေမယ့် အန္တရာယ်တွေကတော့ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးတိုးခြင်း၊ အသည်းပျက်စီးခြင်း၊ မှတ်ဥာဏ်ချို့တဲ့ခြင်းနဲ့ ကင်ဆာရောဂါပါပဲ။

Ref:chem.shef.ac.uk
Trend Myanmar

သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံး ပါဝင်တဲ့ သစ်သီး ဖြစ်ပါတယ်။

သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာ ကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။


(၁) အသားအရေကို ကျန်းမာ လှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရ ဓာတ်တွေက အန္တရာယ် ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာ စေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိ နိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

(၂) အမြင်အာရုံကို ကောင်းစေပါတယ်

ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန် စေပါတယ်။

(၃) ကူးစက်ပိုးတွေကို တွန်းလှန် နိုင်ပါတယ်

သခွားမွှေးသီးကို ဖျော်ရည် ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံ စွမ်းအား စနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန် ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေ နိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်

သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင် စေပါတယ်။

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမား လာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်

ဗီတာမင်စီဟာ အန္တရာယ် အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်း စေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေပါတယ်

သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ် ဓာတ်ကို လျော့ကျစေပြီး သွေးတိုး ရောဂါကို လျှော့ချ နိုင်ပါတယ်။

(၈) ခြေထောက် ကြွက်တက်တာကို ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်း စေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေ နိုင်ပါတယ်။

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်

ကလေးရဖို့ ကြိုးစား နေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ် ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန် ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျ စေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယား တွေကို ဖယ်ထုတ် နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ် အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျ စေပါတယ်။

Yoyarlay

ကျောင်းသူတစ်ဦး ပျောက်ဆုံးမှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအနက် တစ်ဦးကို အသက်မဲ့ ခန္ဓာအား လိင်ဆက်ဆံမှုဖြင့်ပါ စစ်ဆေးနေ

ဗြိတိန်နိုင်ငံ ဘလက်ပူးလ်မြို့ တရားရုံး တစ်ရုံးတွင် ပျောက်ဆုံး သွားခဲ့သော ကျောင်းသူလေး တစ်ဦးကို သတ်ဖြတ်မှုဖြင့် လူနှစ်ဦးကို စစ်ဆေးလျက် ရှိပြီး ယင်းတို့ အနက်မှ တစ်ဦးကို အဆိုပါ ကျောင်းသူ မိန်းကလေး၏ အသက်မဲ့ ခန္ဓာအား လိင်ဆက်ဆံသည် ဟူသော စွဲချက်ဖြင့် စစ်ဆေး နေခြင်း ဖြစ်သည်။



၂၀၀၇ ခုနှစ် သြဂုတ်လက ဘလက်ပူးလ် မြို့ ဘစ်ဖန်းအရပ်တွင် မိသားစုအတွင်း အကြီးအကျယ် ရန်ဖြစ်ကြပြီး နောက်တွင် အသက် ၁၅ နှစ် အရွယ် ပေဂီချီဗာ ဆိုသူ ကျောင်းသူလေး ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန် ကတည်းက ပေဂီကို တွေ့ ရှိခြင်း မရှိတော့သလို မိသားစုဝင်များ၊ သူငယ်ချင်းများ အနေဖြင့်လည်း မည်သည့် သတင်း အစအနမျှ မကြားခဲ့ရ သလို ခန္ဓာအားလည်း ရှာတွေ့ ခြင်း မရှိပေ။

ဖမ်းဆီးထား သူများ အနက်မှ အသက် ၅၉ နှစ်ရှိ ရောဘတ်အီဝင်း ဆိုသူကို လူသတ်မှုနှင့် တရားရေး လမ်းကြောင်း သွေဖည်အောင် ကြိုးစားမှုတို့ ဖြင့် စက်တင် ဘာ ၂၅ရက်တွင် ကြားနာ စစ်ဆေးခြင်း ဖြစ်သည်။ ကြံရာပါ တစ်ဦးဖြစ်သည့် ဂါရတ်ရှ် ဒေါဟတ်ဆိုသူ အသက် ၄၅နှစ် အရွယ်ရှိ အမျိုးသားကို ပေ့ခ်ျအလောင်းကို ကာမဆက်ဆံမှုတို့ ဖြင့် စစ်ဆေးသည်။

၎င်းတို့ နှစ်ဦးအပေါ် စွဲချက်များကို ငြင်းပယ် သွားမည် ဖြစ်ကြောင်း ၎င်းတို့ ၏ တရားခံ ရှေ့ နေက တရားရုံးတွင် ပြောခဲ့သည်။ ယင်းတို့ကို လာမည့် တနင်္လာနေ့ တွင် ပရက်စတန်တရားရုံးတွင် အမှုကြားနာစစ်ဆေးမည်။

ပေဂီတွင် မိဘ နှစ်ဦးစလုံး မရှိတော့ဘဲ မိခင်ဖြစ်သူ ရှီလာ ၄၈ နှစ်သည် ပေဂီ မပျောက်ဆုံးခင် ခြောက်လ ကတည်းက နှလုံးရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ ဖခင်မှာလည်း ရန်ပွဲ အတွင်း ရရှိခဲ့သည့် ခေါင်းဒဏ်ရာဖြင့် ပြီးခဲ့သည့် နှစ်က သေဆုံးခဲ့သည်။

ပေဂီ ပျောက်ဆုံးမှုသည် ရဲရာဇဝင်တွင် အထူးစုံစမ်းမှုကြီး ပြုလုပ် ခဲ့ရပြီး ၅ နှစ်ကြာပြီးသည် အထိ လက်သည် တရားခံ မဖော်နိုင်သေးရာ ရဲတပ်ဖွဲ့အတွက် သိက္ခာကျစရာ ဖြစ်ခဲ့ရသည်။ လူပေါင်း ၂၈၉၉ ဦးကို မေးမြန်းပြီး မှတ်တမ်း ၁၂၀၀ ကျော်ဖိုင် တွဲထား ရသည်။ ပျောက်ဆုံးစဉ်မှ စကာ လူလေးဦး အားလည်း သံသယရှိ၍ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးခြင်း မရှိဘဲ ပြန်လွှတ် ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လကလည်း ပေဂီကို နောက်ဆုံးအဖြစ် မြင်တွေ့လိုက်သည်ဟု သတင်းရသည့် နေရာကို ရဲများက ရှာဖွေခဲ့သော်လည်း မည်သည့် အရာမျှ ရှာဖွေ မတွေ့ခဲ့ပေ။

ပေ့ခ်ျအား သတ်ဖြတ်သည့် တရားခံ သို့ မဟုတ် အလောင်းရအောင် သတင်းပေးနိုင်သူအား ဆုကြေးပေါင် ၃၀၀၀၀ ချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။
by Mizzima News

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မူလတန်းကျောင်းသား လေးဦး ဓါးဖြင့် ထိုးသတ်ခံရ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင် စက်တင်ဘာ ၂၆ ရက်က အမျိုးသားတစ်ဦးက မူလတန်းကျောင်းသား လေးဦးကို ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။


ဓါးဖြင့် တိုက်ခိုက်မှုများစွာ ဖြစ်ခဲ့သည့်နိုင်ငံတွင် ယခုဖြစ်ရပ်မှာ နောက်အကျဆုံး ဖြစ်ရပ်ဖြစ်သည်။

ရဲတပ်ဖွဲ့က တိုက်ခိုက်သူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အား ရှာဖွေလျက်ရှိသည်။

သတ်ဖြတ်မှုကိုဖြစ်စေသည့် ၄င်းအမျိုးသား၏ စေ့ဆော်မှုနှင့် ပတ်သက်၍ ရှင်ဟွာ သတင်းဌာနက အသေးစိတ် မဖော်ပြခဲ့ပေ။

Ref : Reuters

Yangon Media Group

ရန်ကုန် ထီးတန်းအိမ်ရာ တိုက်၅တွင် ယနေ့ညနေ ၆နာရီခန့်က မီးလောင်မှု ဖြစ်ပွား

ရန်ကုန် ထီးတန်းအိမ်ရာ တိုက်၅တွင် ယနေ့ညနေ ၆နာရီခန့်က မီးလောင်မှု
ဖြစ်ပွားခဲ့ရာ ယခု မီးငြိမ်းသွားပြီဖြစ်သည်။

Popular Myanmar News Journal

ဝိတ်ချတဲ့အလေ့အကျင့်ကို သင်ရပ်နားသင့်ပြီဆိုတာ သိသာသွားစေတဲ့ အချက် (၅) ချက်

ဝိတ်ချရတာ ပင်ပန်းပါတယ်။ စားချင်တာ မစားရ၊ လုပ်ချင်တာ မလုပ်ရတဲ့အတွက် စိတ်ပင်ပန်းတာက အဆိုးဆုံးပေါ့။ ဒါပေမယ့် သင်ကတော့ အဲ့ဒီလိုမဖြစ်တော့ပါဘူး။ ၀ိတ်ချတဲ့အလေ့အကျင့်ကို ကျင့်သားတောင်ရနေပြီ။ ခက်ခဲပင်ပန်းမှုလည်း မရှိတော့ဘူး။ ဒါပေမယ့် ထင်သလောက် ၀ိတ်ကကျမသွားဘူးဆိုရင် ဒီဝိတ်ချနည်း၊ အထူးသဖြင့် အစားရှောင်တဲ့နည်းက ကိုယ့်အတွက် မထူးခြားဘူးဆိုရင်တော့ လုပ်နေရာကနေ ရပ်နားသင့်ပြီပေါ့။ ဘယ်အချိန်တွေမှာ သင်ဝိတ်ချတဲ့ အလေ့အကျင့်ကို ရပ်ပစ်လိုက်သင့်သလဲဆိုတော့

၁။နေ့လည်စာအတွက်သင်သွားလေ့ရှိတဲ့ဆိုင်က အဆီမပါတဲ့ smoothie လိုဖျော်ရည်ရောင်းတဲ့ ဆိုင်မျိုးပေါ့။

သူများတွေ နေ့လည်စာအတွက် ခေါင်းစားနေချိန် သင်ကတော့ သွားနေကျ smoothie ဖျော်ရည်ဆိုင်ကိုပဲ တန်းသွားလိုက်မိတယ်။ ပြီးတော့ တစ်ခွက်လောက်သောက်ပြီး အေးဆေးနေနိုင်နေတာပဲလေ။

၂။သောက်မယ့်ရေထဲ သံပုရာသီးအစိပ်ကလေး ကျသွားရင်တောင် ကယ်လိုရီဘယ်လောက်ရှိမသလဲ သင်စဉ်းစားတတ်နေပြီ။

အရာရာကို စဉ်းစားချင့်ချိန်တတ်တာ ကောင်းပါတယ်။ အထူးသဖြင့် ၀ိတ်ချနေချိန်မှာ ကိုယ်စားမယ့်အစားအစာရဲ့ ကယ်လိုရီဘယ်လောက်ရှိနေသလဲဆိုတာကို တွေးဆတာမျိုးပေါ့။ ဒါပေမယ့် ခုနေပြောသလို ကိုယ်သောက်မယ့် သံပုရာရည်ထဲက သံပုရာသီးအစိတ်ကလေးရဲ့ ကယ်လိုရီအထိတောင် သင့်စိတ်က တွက်ချက်နေပြီဆိုရင်တော့ ဒါဟာ နည်းနည်းအစွန်းရောက်တဲ့သဘောဆောင်လာပါတယ်။

၃။ညစာနဲ့ သရေစာတောင် မကွဲပြားတော့ဘူး။

သူငယ်ချင်းက ညစာ ဘာစားကြမလဲလို့ မေးလိုက်တဲ့အခါ ကိုယ်က ရပါတယ်။ ငါက ခုနလေးတင် မုန်လာဥနီတစ်လုံးစားထားသေးတယ်။ ကိစ္စမရှိဘူးလို့ ဖြေလိုက်ရင် သင့်ကို သူက အူကြောင်ကြောင် ပြန်ကြည့်သွားပါလိမ့်မယ်။ သင်ကတော့ ဘာဖြစ်ဖြစ် ရနေပြီဆိုတဲ့ သဘောဆိုပေမယ့် လျှော့ပေါ့ရင်း လျှော့စားရင်း ကွဲပြားမှုတွေတောင် သင့်ဆီမှာ မရှိတော့ပါဘူး။

၎။မိုက်ခရိုဝေ့ဖ်ရှေ့သွားရမှာတောင် သင်စိတ်မပါတော့ဘူး။

မိုက်ခရိုဝေ့ဖ်ထဲ ဟိုဟာလေး ထည့်ထားပြီးစားမယ်၊ ဒီဟာလေးအတွက် အချိန်ပေးပြီး စားရမှာကိုတောင် သင့်စိတ်ထဲ အာရုံမလာတော့ဘူးဆိုတာမျိုးကလည်း မကောင်းတဲ့ လက္ခဏာတစ်ရပ်ပေါ့။

၅။အဆီဓာတ်နည်းပါးတဲ့ ချိစ်အတုံးလေးတွေကိုတောင် သင့်စိတ်ထဲ မစားချင်တော့ဘူး။

တစ်ခါတစ်လေ အဆီဓာတ်များမယ့်ပုံပေါက်တဲ့ အစားအသောက်တွေမှာ အဆီဓာတ်လုံးဝမရှိတာ၊ နည်းနည်းသာပါဝင်မှန်းသင်သိနေရင်တောင် သင့်ဘက်က စားသောက်ကြည့်ဖို့ စိတ်မပါတော့တာမျိုးပေါ့။

Ref:cosmopolitan.com
Trend

ဇာတ်ပို့ နေရာ ရိုက်ကူးမည် မဟုတ်ဟု ဝင့်ယမုံလှိုင် ပွင့်လင်းစွာပြော

ရန်ကုန်၊ စက်တင်ဘာ ၂၆။ MRTV 4 မှ ရိုက်ကူးသည့် The Sing Of Love ဇာတ်လမ်းတွဲနှင့် လူသိများလာသည့် သရုပ်ဆောင် ဝင့်ယမုံလှိုင်က ဇာတ်ပို့ နေရာမှ ရိုက်ကူးရန် ကမ်းလှမ်း လာပါက လက်ခံ ရိုက်ကူးသွားမည် မဟုတ်ဘဲ အဓိက ဇာတ်ဆောင် နေရာမှသာ လက်ခံ ရိုက်ကူး မည်ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။



"ကမ်းလှမ်းတဲ့ ဇာတ်တွေကို သေသေချာချာ စိစစ် ပါတယ်။ သမီးကို ယုံကြည်တဲ့ ထုတ်လုပ်ရေးတွေ၊ ပရိသတ်တွေ အတွက် ကမ်းလှမ်း လာတဲ့ အလုပ်တွေ အပေါ် အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင် ပါတယ်။ ဇာတ်ပို့ နေရာကတော့ ဘယ်အချိန် မျိုးမှာပဲ ဖြစ်ဖြစ် လာကမ်းလှမ်း ရင်တော့ လုပ်ဖြစ်မယ် မထင်ပါဘူး။ အဲဒီ နေရာကနေ သရုပ်မဆောင် ဘူးလို့ စိတ်ဆုံး ဖြတ်ထား လို့ပါ။ ကျန်တာ ဘာအကြောင်းမှ မရှိပါဘူး။ ရလာတဲ့ ဇာတ်ရုပ် တိုင်းကိုတော့ အကောင်း ဆုံး ဖြစ်အောင် သရုပ်ဆောင် သွားမှာပါ"ဟု ၎င်းက ပြောသည်။

၎င်း၏ ပထမဆုံး ဗီဒီယို ဇာတ်ကား ဖြစ်သည့် "Good Luck" ဗီဒီယို ဇာတ်ကားသည် သြဂုတ်လ ၂၇ ရက်က ထွက်ရှိခဲ့ထား ခဲ့သည်။ ယင်းအပြင် ၂၀၁၄ ခုနှစ် အတွင်းတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အတူ သရုပ်ဆောင် ရိုက်ကူးထားသည့် " ဧဒင်ရဲ့ နတ်သမီး" ရုပ်ရှင် ဇာတ်ကားကို ရုံတင် ပြသသွားမည်ဟု ဝင့်ယမုံလှိုင် က ပြောသည်။

အသစ်တစ်ယောက် ဖြစ်သည့် အတွက် မည့်သည့် အလုပ်ကို လုပ်သည်ဖြစ်စေ စိုးရိမ်စိတ် အမြဲတမ်း ရှိနေပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက် သရုပ်ဆောင် ရသည့် အချိန်က စိုင်းစိုင်းခမ်းလှိုင်၏ သရုပ်ဆောင်မှု များကို အမီလိုက်ကာ သရုပ်မဆောင် နိုင်မည်ကို စိုးရိမ် ခြင်းကြောင့် " ဧဒင်ရဲ့နတ်သမီး" ရုပ်ရှင်ကားကို စိတ်နှစ်၍ ကြိုးစား သရုပ်ဆောင် ထားသည်ဟု ပြောသည်။

လက်ရှိတွင် မင်းမော်ကွန်း၊ ရာဇာနေဝင်း၊ သားညီ တို့နှင့်အတူ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသည့် "မှော်ဝင်မြို့ပြ" ဇာတ်ကားတွင် အဓိက ဇာတ်ဆောင် အနေဖြင့် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။ ဝင့်ယမုံလှိုင်သည် MRTV 4 မှ ရိုက်ကူးသည့် The Sing Of Love ဇာတ်လမ်း တွဲတွင် မာယာချို ဇာတ်ကောင်ဖြင့် ပရိသတ် စိတ်ဝင်စားမှု ရရှိခဲ့သူ ဖြစ်သည်။
Mizzima

စီရော်နယ်ဒို ကိုခေါ်ယူ လိုပါက ပေါင်သန်း ၁၄၀ အထိကုန် ကျနိုင်

မန်ယူကစားသမားဟောင်း စီရော်နယ်ဒို၏တစ်နှစ်လုပ်ခလစာကို ၎င်း၏ကိုယ်စားလှယ်များက တစ်နှစ်ပေါင်သန်း၂၀ဟုတောင်း ဆိုလိုက် ပြီးနောက် ယင်းကစား သမားကို ပရီးမီးယားလိဂ် သို့ ပြန်လည် ခေါ်ယူမည် ဆိုပါက အမှန်တ ကယ်ပြောင်း ရွှေ့ကြေး မှာ ပေါင်းသန်း ၁၄၀ အထိကုန်ကျနိုင်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်သည်။



ရီးယဲလ်အသင်း တွင်မတည် မငြိမ်ဖြစ် လာသော စီရော်နယ်ဒိုအနေဖြင့် ကမ်းလှမ်းမှုများကို နားစွင့်နေမည်ဟု ယူဆရပြီး မန်ယူ နည်းပြ ဗန်ဟားလ်ကလည်းလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားကို ခေါ်ရန်ကိစ္စအား ငြင်းဆန်ထားခြင်းမရှိကြောင်းယင်းသ တင်းစာကပင် ဆက် လက်ဖော်ပြခဲ့သည်။သို့သော်လည်း စီရော်နယ်ဒို၏အေးဂျင့်များသည်ကစားသမားတစ်ပတ်လုပ်ခကို ပေါင် ၃၈၅,၀၀၀ အထိ တိုးမြှင့် တောင်းဆို ရန်ရှိနေရာ ၎င်းအားခေါ် ချင်သည့် အသင်းများ အနေဖြင့် ကုန်ကျ စရိတ် အလွန်များပြား မည်ဖြစ်သည်။ ယင်းအချိန်တွင် ဖာဂူဆန်နေရာ ဆက်ခံ သော ဒေးဗစ်မိုယက်စ်၏ မအောင်မြင်မှုများကြောင့် မန်ယူအသင်း ပိုင် ရှင် ဂလေဇာမိသားစုသည် တန်ဖိုးကြီးမားသော ကစားသမား အားဖြည့်မှု ပြုလုပ်ရန် စိတ်ကူးရှိနေရာ မန်ယူအသင်းမှာ စီရော် နယ်ဒိုကို စိတ်ဝင်စားလာခဲ့သည်။

ပြီးခဲ့သည့် ရာသီက ရီးယဲလ်နှင့် ငါးနှစ်စာ ချုပ်သစ်ချုပ် ထားသော စီရော်နယ်ဒိုကို ယခုနှစ်နွေရာသီ အပြောင်း အရွှေ့ကာလအ တွင်း ဥရောပထိပ်တန်း အသင်းကြီးများက မျက်စိကျခဲ့ကြသည်။ အသက် ၃၀ ပြည့်တော့မည့် စီရော်နယ်ဒို၏ လစာမှာအနည်း ငယ်လျော့သွားခဲ့လျှင် ပင် မန်ယူသို့ မဟုတ် အခြားအင်္ဂလန်ကလပ်များမှာ များပြားလွန်းသောပြောင်းရွှေ့ကြေးပေးရန်တတ်နိုင် မည်လားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်နေ သည်။ စီရော်နယ်ဒိုကို အသက် ၃၅ နှစ်အရွယ်ထိရီးယဲလ်အသင်းတွင် ဆက် ရှိနေစေမည့် ငါးနှစ်စာ ချုပ်အတွက် ပေါင်သန်း ၁၄၀ ရင်းနှီးမြှုပ်နှံ ထားရသည့် ရီးယဲလ်အသင်းသည် ကမ္ဘာ့အဆင့်ခြေစွမ်းပြနေ ဆဲ ကစားသမားအတွက် ပေါင်သန်း ၆၀ ၀န်းကျင် အလိုရှိနေသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်လက ရီးယဲလ်စတား ဒီမာရီ ယာကို ပြောင်းရွှေ့ကြေးနှင့်လစာအတွက် ပေါင်သန်း ၁၂၀ ရင်းနှီးမြှုပ်နှံကာ ခေါ်ယူထားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima

MPT က လာမည့် တစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးတွင် ဆင်းမ်ကတ်များ ချပေးမည်



ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးရာတွင် စက်တင်ဘာလ အတွက် ၁.၁ သန်းကျော်ကို ရောင်းချပေးထားပြီး ဖြစ်ပြီး ယခုတစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးတွင် ထပ်မံရောင်းချပေးသွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။


ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ ELITEIT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် MPT ဆင်းကဒ်များကို စက်တင်ဘာ ၀၁ ရက်က စတင်ရောင်းချနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

ဦြး့မင့်သိန်းထွန်းက “ဒီလ (စက်တင်ဘာ) အထိတော့ ဆင်းမ်ကတ်တွေ တစ်သန်းကျော်အထိ ချထားပေးနိုင်ခဲ့ပါပြီ။ လာမည့် လမှာလည်း ဆက်လက်ချထားပေးသွားမှာပါ။ ရှေ့လအတွက် ရောင်းချမယ့် ဆင်းမ်ကတ်အရေအတွက်ကို အတိအကျ ပြောလို့ မရပေမယ့် မိုဘိုင်းကွန်ယက် အခြေအနေပေါ်မှာ မူတည်ပြီး ချထားပေးဖို့ ရှိပါတယ်” ဟုပြောသည်။

လက်ရှိတွင် MPT၏ ဆင်မ်းကတ်များကို ဆက်လက်ချထားပေးနိုင်ရန် ပြင်ဆင်နေသည်ဟုလည်း မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။

ဦးအောင်ကျော်သက်က “နောက်ထပ်လည်း ရန်ကုန်မှာလည်း ဆက်လက်ချထားပေးနိုင်ဖို့ လုပ်နေတယ်” ဟုပြောသည်။

အခြားအော်ပရေတာတစ်ခုဖြစ်သော တယ်လီနောကလည်း စက်တင်ဘာ ၂၇ တွင် မန္တလေးတိုင်း အတွင်း ဆင်းမ်ကတ်များ စတင်ချထားပေးမည်ဖြစ်သဖြင့် အော်ပရေတာများ၏ မိုဘိုင်းဆင်းမ်ကတ် ဈေးကွက်သည်လည်း အပြိုင်အဆိုင် ဖြစ်လာပြီး သုံးဆွဲသူများ စိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

မိုဘိုင်းဆင်းမ်ကတ်အသုံးပြုခဈေးနှုန်းများကို ယှဉ်ကြည့်လျှင် MPTက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၅၀ကျပ်၊ SMS တစ်စောင် ၂၅ ကျပ်နှင့် အင်တနက်အသုံးပြုခ တစ်မိနစ် နှစ်ကျပ်နှင့် လေးကျပ်ဖြစ်ပြီး တယ်လီနောဆင်းမ်ကတ်မှာ ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ကျပ်၊ SMS တစ်စောင် ၁၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1M လျှင် ၆ကျပ်နှင့် ၁၀ ကျပ်ဖြစ်သည်။ အလားတူပင် အူရီးဒူးဆင်းမ်ကတ်၏ မိုဘိုင်းခေါ်ဆိုခမှာတစ်မိနစ် ၂၅ ကျပ် နှင့် ၃၅ ကျပ် ၊ SMS တစ်စောင်လျှင် ၁၅ ကျပ်နှင့် အင်တာနက်အသုံးပြုခမှာ 1Mb လျှင် ၁၀ ကျပ် ကျသင့်မည်ဖြစ်သည်။

ယင်းအပြင် ၂၀၁၄ ခုနှစ်အတွင်း MPT မိုဘိုင်းဆင်းမ်ကတ်ပေါင်း ငါးသန်းကို ရောင်းချပေးသွား မည်ဟုလည်း ဆိုထားသည်။
မဇ္ဈိမ

၆ နှစ်အရွယ် မိန်းကလေးကို အရှင်လတ်လတ် မြေမြှုပ်သတ်သူ မိထွေးကို ရဲကဖမ်းဆီးလိုက်ပြီ



အိန္ဒိယနိုင်ငံ အွတ်တာပရာဒက်ရှ် ပြည်နယ်တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အရှင်လတ်လတ် မြေမြှုပ်ခဲ့သည့် မိထွေးဖြစ်သူကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
အာချာနာတီဝါနီ အမည်ရှိ အဆိုပါ အမျိုးသမီး သည် အသက်၆ နှစ်အရွယ်ရှိ လင်ပါသမီး ဖြစ်သူ ဆူဘစ်ရှာ ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သူမ၏ ခင်ပွန်း ဖြစ်သူမှာ သမီးငယ် ပျောက်ဆုံးမှု နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ထံသို့ သွားရောက် တိုင်ကြား ခဲ့သည်။ ယင်းအမှုနှင့် စပ်လျဉ်း၍ အာချာနာ သည် သူမ၏တူ ဖြစ်သူကို ဖွင့်ပြော မိခဲ့ရာမှ ၄င်းက ရဲတပ်ဖွဲ့ထံသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့သည် အာချာနာ ကို စစ်ဆေး မေးမြန်းပြီး နောက် သူမသည် ကလေးငယ်ကို သတ်ဖြတ် ခဲ့ကြောင်း ဝန်ခံပြောကြား ခဲ့သည်။ ထို့ပြင် သူမသည် ရဲတပ်ဖွဲ့အား ဆူဘစ်ရှာ ကို သတ်ဖြတ်ပြီး မြှုပ်နှံ ထားသည့် နေရာသို့ ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ နေရာသို့ ရောက်ရှိပြီး နောက်တွင် ရဲတပ်ဖွဲ့ဝင် များက ကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည် တူးဖော်ခဲ့ရာ အဆိုပါ ကလေးငယ်မှာ အရှင်လတ်လတ် မြေမြှုပ်ခြင်း ခံထားရုံ သာမက မသေမီ အချိန်တွင် ပါးစပ် အတွင်းသို့ အဝတ်စများ ထိုးသွင်းခြင်းကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။ ယခုအခါ ရဲတပ်ဖွဲ့က အာချာနာ ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

အာချာနာ သည် မိသားစု၏ ဝင်ငွေမှာ ဆူဘစ်ရှာ ၏ ပညာရေး အတွက်တွင် သာ အသုံးပြု မည်ကို စိုးရိမ်ပြီး သူမနှင့် ခြောက်လ အရွယ် ကလေးငယ်၏ ရှေ့ရေး အတွက် ရတက်မအေး ဖြစ်ခဲ့ရာမှ ဆူဘစ်ရှာကို သတ်ဖြတ် ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

အရွယ်မရောက်သေးသည့် မိန်းကလေးနှင့် လက်ထပ်လျှင် ထောင်နှစ်နှစ် ချမှတ်မည့် ဥပဒေ ဘင်္ဂလားဒေ့ရှ်တွင် အတည်ပြုလိုက်ပြီ



ငွေရေးကြေးရေး အခက်အခဲကြောင့်အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ မိန်းကလေးကို လက်ထပ်မှုတွင် ပတ်သက် သူ မည်သူမဆို ထောင်ဒဏ်နှစ်နှစ် ချမှတ်မည့် ဥပဒေကို ဘင်္ဂလားဒေ့ရှ်တွင် စက်တင်ဘာ ၁၅ ရက်က အတည်ပြုလိုက်ရာ ထိုနိုင်ငံ တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကလေးသူငယ် လက်ထပ်မှုနှုန်း မြင့်မားမှုကို လျှော့ချရန် ကြိုးပမ်းမှုဖြစ်သည်။


ဘင်္ဂလားဒေ့ရှ် မိန်းကလေး သုံးပုံနှစ်ပုံသည် အရွယ်မရောက်မီ လက်ထပ်ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်မှုအသစ် ပြုလုပ်အပြီး ရက်ပိုင်းအတွင်း ယခုဥပဒေ ထွက် ပေါ်လာခြင်း ဖြစ်သည်။ ယခုဥပ ဒေအရ မိဘ၊ အုပ်ထိန်းသူများ၊ ပြု စုစောင့်ရှောက်သူများအပြင် လက် ထပ်ပေးသူများကိုပါ အရေးယူရန် ရည်ရွယ်သည်။

ပြုစုစောင့်ရှောက်သူ၊ လက်ထပ်ထိမ်းမြားပေးသူ၊ အုပ်ထိန်းသူများအပါအဝင် မည်သူမဆို ကလေးသူငယ် လက်ထပ်မှုတွင် တာဝန်ရှိ သူမှန်သမျှကို နှစ် နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အစိုးရအဖွဲ့ အတွင်းရေး မှူး ဟိုစိန်ဘူအီယန်က ပြောကြား ခဲ့သည်။

ဘဂ်လားဒေ့ရှ်၏ လက်ရှိ တရားဝင်လက်ထပ်နိုင်သည့် အသက်မှာ မိန်းကလေးများ အတွက် ၁၈ နှစ်၊ ယောက်ျားလေး များအတွက် ၂၁ နှစ်ဖြစ်သည်။ယခင်က ကလေးသူငယ် လက်ထပ်မှုအတွက် သုံးလ ထောင်ဒဏ် သတ်မှတ်ထားသော်လည်း ထို ဥပဒေမှာ အသက်မဝင်လှပေ။

ယခုဥပဒေသစ်ကို ကျင်းပဆဲ ပါလီမန်လွှတ်တော်မှ အတည်ပြုဖွယ်ရှိပြီး အရွယ် မရောက်သေးသူ ယောက်ျားနှင့် လက်ထပ်သည့် မိန်းကလေးနှင့် မိန်းမများကိုမူ အပြစ်ပေးမည် မဟုတ်ကြောင်း ဘူအီယန်က ပြောသည်။ မိမိတို့က လူတွေကို ထောင် မချလိုသော် လည်း အလေ့အထဆိုး ကို ဟန့်တားရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကလေးသူငယ် လက်ထပ်နှုန်း မြင့် မားခြင်းသည် မိန်းကလေးများ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုနှင့် အိမ်တွင်း အကြမ်းဖက် မှုနှုန်း မြင့်မားစေနိုင်ကြောင်းဖြင့် ပြီးခဲ့သည့်အပတ်က ထုတ်ပြန်သည့် ယူနီဆက်ဖ် အစီရင်ခံစာ တွင် ဖော်ပြခဲ့ သည်။

ဈေးကွက်

သမ္မတဦးသိန်းစိန်နှင့် ဒုတိယသက်တမ်း

အကြံပေးအချို့က သမ္မတဦးသိန်းစိန်အတွက် သုတေသနအကြံပြုစာတမ်းတစ်စောင် ရေးပေးခဲ့သည်ဟု ကြားသိရသည်။ ကြားဖြတ်ရွေးကောက်ပွဲအပြီး လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အဆိုပါအကြံပြုစာတမ်း ရေးပေးခဲ့ခြင်းဖြစ်သည်ဟု စာတမ်းကို လေ့လာခွင့်ရသူများက ဆိုသည်။

စာတမ်းတွင် အကြံပေးအချို့ပေးသော နောက်သက်တမ်းအတွက် အကြံပြုချက်များပါဝင်ကြောင်း ယင်းစာတမ်းကို လေ့လာခွင့်ရသူအချို့ကဆိုသည်။

၂၀၁၅ တွင် သမ္မတအဖြစ် ဆက်လက်တာဝန်ယူနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများကို စည်းရုံးရန်နှင့် လူငယ်များကို စည်းရုံးရန်၊ ပါတီသစ်တည်ထောင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ရန်တို့ဖြစ်သည်။

အဆိုပါစာတမ်းတွင် ဦးကျော်သူ(နာရေးကူညီမှုအသင်းဥက္ကဋ္ဌ)အနေဖြင့် ၂၀၁၅ ၌ ရွေးကောက်ပွဲဝင်ပါက အနိုင်ရနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ အရေးပါပုံကို ဥပမာပေးရေးသားထားကြောင်းလည်း ထိုစာတမ်းကို ဖတ်ရှုဖူးသူတစ်ဦးကဆိုသည်။

ထို့အတူ ကမ္ဘာတွင်သြဇာရှိသော ခေါင်းဆောင်အချို့ ဒေသတွင်းသြဇာရှိသော ခေါင်းဆောင်အချို့နှင့် ပြည်တွင်းမှ ပညာရှင်အချို့ကမူ နိုင်ငံတော်သမ္မတအား ဒုတိယသက်တမ်းအတွက် အကြံပြုမှုများရှိသည်ဟု အဆိုပါအရာရှိကြီးကဆိုသည်။

ထိုစာတမ်းပါ အချက်အလက်အချို့နှင့် လက်ရှိသမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက လက်ရှိသမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ဒုတိယသမ္မတသက်တမ်းအတွက် အပြင်အဆင်မှာ စိတ်ဝင်စားစရာ အလွန်ကောင်းနေသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် တိတိကျကျ ပြောဆိုဖြေကြားထားခြင်း မရှိသေးပေ။

မကြာသေးမီက သွားရောက်ခဲ့သော ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် NZZ သတင်းထောက်က သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်းအတွက် အလားအလာ ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ထိုမေးခွန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က ‘‘ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော် အနားယူချင်ပါပြီ။ ဒါပေမဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ဘာကအကောင်းဆုံးလဲဆိုတာ စဉ်းစားရမှာပဲ’’ဟု ဦးသိန်းစိန်ကပြောဆိုသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် သမ္မတဦးသိန်းစိန်တို့ နောက်ဆုံးတွေ့ဆုံရာတွင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က သမ္မတအား ဒုတိယသက်တမ်း ဆက်လက်လုပ်ဆောင်ရန် အကြံပြုရာတွင်လည်း တိုင်းပြည်ကလိုအပ်၍ ပြည်သူကတောင်းဆိုပါက ဆက်လက်ဆောင်ရွက်ပါမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ပြီး ၂ နှစ်ခွဲကျော်ကာလတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများပြုလုပ်လာခဲ့ပြီး လူငယ်ရေးရာများလည်း ဆောင်ရွက်လာခဲ့သည်။

သမ္မတဦးသိန်းစိန်အနေဖြင့်လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်နှင့် တွေ့ဆုံမှုပြုလုပ်လာခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လူထုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

‘‘အရပ်ဘက်အဖွဲ့အစည်းတွေထဲက လူထုနဲ့ တစ်သားတည်းဖြစ်တဲ့ အသင်းတွေက နိုင်ငံရေးမှာ အရေးပါတယ်။ ဥပမာ ဆွမ်းလောင်းအသင်းလိုမျိုးတောင် လျှော့တွက်လို့မရဘူး’’ဟု အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးတွင် အရေးပါပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမြင့်ဦးက သုံးသပ်သည်။

နိုင်ငံတော်သမ္မတအနေဖြင့်လည်း လူငယ်ထုနှင့်ပတ်သက်၍ ယခုနောက်ပိုင်း သိသိသာသာ ဆောင်ရွက်မှုများ ရှိလာသည်။ ကင်းထောက်လူငယ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် လူငယ်စင်တာတည်ထောင်ခြင်းတို့ အပါအ၀င် ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် အသက်(၄၀)မှ အသက်(၁၈)နှစ်ကြား လူဦးရေမှာ တစ်နိုင်ငံလုံးမဲပေးနိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ရှိသည်။

ထိုသူများမှာ နည်းပညာကျွမ်းကျင်မှုနှင့် လုပ်နိုင်ကိုင်နိုင်ရှိမှုတို့ကြောင့် ၂၀၁၅ တွင် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။

ထို့ကြောင့် NGO အများစုမှာ လူငယ်များအား နိုင်ငံရေးသင်တန်းပေးသည့် သင်တန်းကျောင်းများနှင့် သင်တန်းများ များပြားလာကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် ကိုခိုင်ကျော်မိုးက သုံးသပ်သည်။

‘‘Local NGO တွေ အများကြီး ပေါ်လာတယ်။ အသက်(၄၀)အောက် လူငယ်တွေကို နိုင်ငံရေးသင်တန်းပေးတဲ့ သင်တန်းတွေ လုပ်တာများလာတယ်။ ကျန်းမာရေးကဏ္ဍတို့၊ လယ်ယာကဏ္ဍတို့လုပ်တဲ့ NGO က တော်တော်နည်းပါတယ်’’ဟုလည်း ၎င်းကပြောသည်။

သမ္မတ၏ ၂ နှစ်ခွဲပြည့်မိန့်ခွန်းတွင် သူကျန်ရှိသော သက်တမ်းကာလအတွင်း အဓိကလုပ်ဆောင်မည့်လုပ်ငန်းတွင် ငြိမ်းချမ်းရေးနှင့် လူငယ်ကဏ္ဍတို့ကို အဓိကလုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

‘‘ငြိမ်းချမ်းရေးက သမ္မတကိုင်ထားတဲ့ ဖဲပဲ။ ဂျိုကာဖဲ’’ဟု မော်လမြိုင်အခြေစိုက် လူမှုရေးနှင့်နိုင်ငံရေးသင်တန်းများ ပေးနေသော NEI ကျောင်းဥက္ကဋ္ဌ ကိုကျော်စံဝင်းကဆိုသည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့အနေဖြင့်လည်း သမ္မတဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လက်လုပ်ဆောင်စေလိုသူများရှိသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများအား သမ္မတဦးသိန်းစိန်နှင့်သာ ဆက်လက်ဆွေးနွေးလိုသည့် သဘောထားမျိုး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ထံတွင် တွေ့ရသည်။

‘‘တိုင်းရင်းသားခေါင်းဆောင်အချို့က ဦးသိန်းစိန်နဲ့ပဲ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်ချင်တဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်အပေါ် သြဇာညောင်းလို့’’ဟု နိုင်ငံရေးလေ့လာသူ တပ်မတော်အရာရှိဟောင်း ကိုရဲမိုးက သုံးသပ်သည်။

လက်ရှိ တပ်မတော်အရာရှိများအနေဖြင့်လည်း သမ္မတဦးသိန်းစိန်အား သဘောကျသူများပြီး တပ်မတော်၏ ထောက်ခံမှုရရှိထားသူလည်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်လက သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်တွင် တပ်မတော်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ၏ ပြည်ပခရီးစဉ်တွင် ဖြေကြားချက်အပြောမှာ နိုင်ငံအတွင်းရှိ ပြည်သူအချို့အတွက် ရယ်မောစရာဟာသတစ်ခုဖြစ်ခဲ့သလို အချို့အတွက်လည်း ဒေါသဖြစ်စရာ ဖြစ်ခဲ့သည်။

မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူအချို့က ဝေဖန်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှာ ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသည်။

ထို့ကြောင့် သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်လိမ့်မည်မဟုတ်ဘဲ တပ်မတော်၏ ကျောထောက်နောက်ခံ ပါဝင်လှုပ်ရှားနိုင်ခြေများသည်ဟုလည်း လေ့လာသူအချို့ကဆိုသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌရာထူးကို သူရဦးရွှေမန်းက တာဝန်ယူထားပြီး သူ့အနေဖြင့်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတအဖြစ် တာဝန်ယူလိုကြောင်း တရားဝင်ပြောထားသည့်အတွက် ဦးသိန်းစိန်အနေဖြင့် ပါတီမှဝင်ရောက်အရွေးခံရန်မှာ မလွယ်ကူသည့်အနေအထားဖြစ်သည်။

ထို့ကြောင့် သမ္မတ၏ ၂၀၁၅ ခုနှစ်တွင် ဆက်လက် သမ္မတလုပ်ဆောင်ရန်အတွက် အရေးကြီးသည်မှာ တပ်မတော်နှင့် တိုင်းရင်းသားများအပေါ် များစွာမူတည်သည်။ ထို့အပြင် သူ့သက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်မှသာ အခြေအနေကောင်းမည့် အနေအထားဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် သက်တမ်းကာလ ၁၈ လသာ ကျန်တော့သည့် ယခုအချိန်တွင် ပွင့်ပွင့်လင်းလင်း ပြောရမည့်အချိန်ရောက်နေပြီဖြစ်သည်

7 Day

ဘီကီနီ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေနဲ့ ကြော်ငြာ ရိုက်ခဲ့၍ လေကြောင်းလိုင်းတစ်ခု အပြင်းအထန် ဝေဖန်ခံနေရ



အသစ်အဆန်း ဆိုတိုင်း ကောင်းလေ့ မရှိပါဘူး။ ယဉ်ကျေးမှုနဲ့ ကွဲထွက်ပြီး ထူးထူးခြားခြား ပြုလုပ်သူတွေ အတွက် သတိထားရမယ့် ဖြစ်ရပ် ဗီယက်နမ် နိုင်ငံမှာ ဖြစ်ပွားခဲ့ ပါတယ်။ ဗီယက်နမ် လေကြောင်းလိုင်း Vietjetဟာ ကြော်ငြာတစ်ခု ရိုက်ကူးရာမှာ ဘီကီနီ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေရဲ့ ပုံရိပ်ကို အသုံးပြုခဲ့လို့ ဝေဖန်ခြင်းခံခဲ့ရ ပါတယ်။ တကယ်တော့ ဒီကြော်ငြာဟာ ထုတ်လွှင့်ရခြင်း မရှိသေးဘဲ ရိုက်ကူးပြီးစီးမှု အဆင့်မှာသာ ရှိပါတယ်။ ကြော်ငြာ မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မော်ဒယ်တစ်ဦး ဟာ ရိုက်ကူးမှု မြင်ကွင်းကို လူမှု ကွန်ရက် ၀က်ဘ်ဆိုက်မှာ လွှင့်တင်ခဲ့ ပြီးနောက် ဝေဖန်မှုတွေ စတင်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်ဟာ တစ်နေ့လုံး နီးပါး ရိုက်ကူးခဲ့တဲ့ ဗီယက်နမ် လေကြောင်းလိုင်း ကြော်ငြာပြီး စီးသွားပါ ပြီဆိုတဲ့ စာသား ကိုရေးသားပြီး ရိုက်ကွင်းက ပုံအချို့ကို ဖော်ပြခဲ့ပါတယ်။ အဲဒီပုံမှာ ပါဝင် သရုပ်ဆောင်တဲ့ မော်ဒယ်တွေဟာ ဘီကီနီတွေနဲ့ လေယာဉ်ကို နောက်ခံထားပြီး ကခုန်ခြင်း၊ လေယာဉ်ထဲမှာ မဖွယ်မရာ ပုံစံတွေ ပြုလုပ်ခဲ့ခြင်းတို့ ပါဝင်ခဲ့တာမို့ လူမှုကွန်ရက် ၀က်ဆိုက်မှာ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ် လာပြီးတဲ့နောက် အဲဒီ မော်ဒယ်ဟာ တင်ထားတဲ့ ဓာတ်ပုံတွေ ပြန်လည် ဖျက်သိမ်းခဲ့ပြီး တာဝန်ရှိသူတွေ ကလည်း ကြော်ငြာ ရိုက်ကူးမှုသာ ပြုလုပ်ထား ခြင်းဖြစ်ပြီး အသုံးပြုရန် မဆုံးဖြတ်ရ သေးကြောင်း ဖြေရှင်းချက်ပေးခဲ့ ပါတယ်။ 

Messenger

ဝက်ထီးကန်နဲ့ သိန်း ၁,၁၀၀ အရှုပ်အရှင်း

ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ ဒေသခံ ၃ဝဝ ကျော်က မြို့အုပ်ချုပ်ရေးမှူးကို ရာထူးက ဖယ်ရှားပေးဖို့ ကြာသပတေးနေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ရှးဟောင်းသမိုင်းဝင်ရေကန်ကြီးဖြစ်တဲ့ ဝက်ထီးကန်ဆိုတာကို အစွဲပြုပြီး မြို့ရဲ့နာမည်ကိုပါ ဝက်ထီးကန် လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

ရေကန်ကြီးကို ပြန်လည် ပြုပြင်မွန်းမံဖို့အတွက် ၂၀၁၄ နှစ်စမှာပဲ ကျပ်သိန်းပေါင်း ၁,၁၀၀ ကို အစိုးရက ချပေးခဲ့ပါတယ်။

ဝက်ထီးကန်မြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးမျိုးချစ်က အုပ်ချုပ်ရေးမှူးဟာ ငွေကြေးသုံးစွဲမှု စာရင်းရှင်းတန်းလည်း မပြုလုပ်သလို ကန်ပြုပြင်မွန်းမံမှုတွေလည်း ကျန်ရှိနေသေးတယ်၊ ဒါကြောင့် ငွေကြေး စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးမှူးကို စုံစမ်း စစ်ဆေးမှုတွေပြုလုပ်ပေးဖို့ ဗဟိုအစိုးရအဆင့်၊ တိုင်းဒေသကြီးအစိုးရအဆင့်တို့ သိရအောင် တိုင်ကြားခဲ့တယ်၊ 
သို့သော်လည်း ထူးခြားမှု မရှိတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

“သမ္မတနဲ့ ဝန်ကြီးချုပ်ကို တိုင်ကြားထားတာလည်း ဘာမှ အရေးယူမပေးဘူး၊
သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ငွေစာရင်းရှင်းဖို့ တောင်းဆိုတာလည်း ခုထိမရှင်းဘူး၊
အဲဒါကြောင့် အခုလို လမ်းပေါ်ထွက် ဆန္ဒပြတဲ့အထိဖြစ်လာတာ။
ဆန္ဒပြလို့ ဒီပြဿနာ ပြေလည်သွားမှာ မဟုတ်ပေမဲ့ အရေးမယူမချင်း ကျနော်တို့ကတော့ ဆက်လုပ်သွားမှာပဲ”

ဝက်ထီးကန်မြို့ရဲ့ န၀င်းလမ်း၊ ဗိုလ်ရုံလမ်းနဲ့ ဦးဝိစာရလမ်းလို့ခေါ်တဲ့
ဝက်ထီကန်ပတ်လမ်းတလျှောက် ...
- ပြည်သူက ရွေးချယ်တင်မြှောက်ပေးပြီးပြည်သူ့သစ္စာ မစောင့် ပြည်သူကို စေတနာမထားတဲ့ အုပ်ချုပ်ရေးမှူးကို ချက်ချင်းဖြုတ်ပစ်၊
- မဟုတ်တာလုပ်တဲ့၊ ပြည်သူဘဏ္ဍာကို အလွဲသုံးစားလုပ်တဲ့ အုပ်ချုပ်ရေးမှူးကို ဘယ်သူကမှ အရေးယူမပေးလည်း ပြည်သူတွေအားလုံးသိရင် ပြည်သူတွေအရေးယူတာကိုခံရမယ်
စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြတာပါ။ 

ပိုစတာထဲကအတိုင်း ကြွေးကြော်သွားကြတာလည်း တွေ့ရပါတယ်။ 

ဆန္ဒပြဦးဆောင်သူ မြို့မိမြို့ဖ ဦးမျိုးချစ်က ... 

“သိန်း ၁,၁၀၀ ချပေးတယ်။
ရပ်မိရပ်ဖတွေနဲ့ ကော်မတီဖွဲ့ပြီး ဒါလုပ်ရမှာ။
ဒါပေမယ့် အုပ်ချုပ်ရေးမှူးက သူ့လူတွေနဲ့ ကော်မတီဖွဲ့ပြီး လုပ်တယ်။
ငွေစာရင်းရှင်းတမ်းကို ပွင့်လင်း မြင်သာစွာ ချမပြဘူး။ 
တကယ်လုပ်တာက သိန်း ၃၀၀ လောက်ပဲ ကုန်ပြီး သိန်း ၈၀၀ လောက် ပျောက်နေတယ်။
ရပ်မိရပ်ဖတွေက စာရင်းရှင်းပေးဖို့ ပြောတယ်။
ရှင်းမပေးဘူး။ ကန်ကိုလည်း ပြီးအောင် မလုပ်ဘူး။ လုပ်ဖို့က တစ်မိုင်ခွဲလောက် ကျန်နေသေးတယ်”

ဆန္ဒအပြခံရတဲ့ ဝက်ထီးကန်မြို့ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ကတော့ ဆန္ဒပြသူတွေရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။

ဦးသန်းထိုက်ဟာ အုပ်ချုပ်ရေးမှူး မလုပ်ခင်ကတော့ ဝက်ထီးကန်မြို့ရဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးမှူး တယောက်ပါ။

ငွေကြေး အလွဲသုံးစား မလုပ်ဘူးလို့ သူက ပြောပါတယ်။

“ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေတာပါ။ 
ကျပ်သိန်း ၃၀၀ ထဲနဲ့ စီမံကိန်းကြီးတစ်ခုလုံး လုပ်လို့ မရပါဘူး။ 
ကျပ်သိန်း ၁,၁၀၀ မှာ ကျပ်သိန်း ၁၁၀ ပဲ ပိုတာပါ”

ငွစာရင်းနဲ့ ပတ်သက်လို့လည်း သေချာ လုပ်ထားကြောင်း သူက ပြောပါတယ်။

“ငွေစာရင်းရှင်းတမ်းတွေနဲ့ ပတ်သက်ပြီး ၆ ကြိမ်လောက် ရှင်းပြီးပြီ။
ဝန်ကြီးချုပ်ထိလည်း ရှင်းလင်း တင်ပြပြီးပြီ။
ကျန်ငွေကိုလည်း ဘဏ်မှာ အပ်ထားပါတယ်”

ဒါကတော့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ကျပ်သိန်းပေါင်း ၁,၁၀၀ နဲ့ ရေကန်ပြန်လည်မွန်းမံရေး စီမံကိန်းအကြောင်း နှစ်ဘက် ပြောဆိုချက်တွေပါ။ 

ဒီရေကန်ကြီးဟာ တကောင်းခေတ်ကတည်း တည်ရှိခဲ့တယ်လို့ ယူဆနေကြပါတယ်။





ဧရာဝတီ 

ကလေးစစ်သား တစ်ရာကျော် ထပ်မံနုတ်ထွက်ခွင့်ပြုလိုက်ပြီ

မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းဆောင်နေသည့် အရွယ် မရောက်သေးသော စစ်သည် ၁၀၉ ဦးကို စက်တင်ဘာ ၂၅ ရက်က ထပ်မံနုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းကလေးသူငယ်များအား မိဘထံပြန်လည်အပ်နှံသည့် အခမ်းအနားကို တပ်မတော်မှတ်တမ်းရုံးတွင် ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တက်ရောက်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လကလည်း စစ်မှုထမ်းနေသည့် ကလေးသူငယ် ၉၁ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီး ယခုတစ်ကြိမ်တွင် အရေအတွက် အများဆုံးနုတ်ထွက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

‘‘တပ်မတော်က အရွယ်မရောက်ဘဲ စစ်မှုထမ်းဆောင်နေတဲ့ ကလေးသူငယ်တွေ တော်တော်များများ ဆက်တိုက်နုတ်ထွက်ခွင့်ပေးနေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါဟာ မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်တို့က လက်နက်ကိုင်အဖွဲ့တွေမှာ ကလေးသူငယ်တွေကို တပ်သားအဖြစ် ခေါ်ယူစုဆောင်းအသုံးပြုနေတာတွေကို အဆုံးသတ်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေတယ်ဆိုတာတွေ့ရပါတယ်’’ဟု ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) ၏ ပူးတွဲဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး မစ္စရီနာတာ လော့ခ်ဒက်ဆယ်လီရန်က ပြော သည်။

အရွယ်မရောက်သေးသူများ စစ်မှုထမ်းမှုပပျောက်စေရန် အတွက် မြန်မာအစိုးရသည် CTFMR အဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်မှုစီမံချက်ကို ၂၀၁၂ ခုနှစ် ဇွန်လက သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အချိန်အထိ တပ်မတော်တွင် စစ်မှုထမ်းဆောင်နေသည့် အရွယ်မရောက်သေးသော ကလေးသူငယ်နှင့် လူငယ်စုစုပေါင်း ၄၇၂ ဦးကို နုတ်ထွက်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

7 Day

၂၀၁၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကျင်းပမည်

၂ဝ၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကို အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ညမီးကျည် နှင့် စိန်နားပန် မီးပုံး အမျိုးအစား တစ်ရာကျော်ဖြင့် ကျင်းပ သွားမည် ဖြစ်သည်။


တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရေး ကော်မတီဝင် ဦးစိုးသိန်း က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ယှဉ်ပြိုင်မည့် မီးပုံးများကို အောက်တိုဘာ ၁ ရက်တွင် စတင် လက်ခံသွားမည် ဖြစ်ပြီး ဒီနှစ်က မီးပုံးတွေ များတယ်၊ ဒီနှစ်ပြိုင်ပွဲဝင် မီးပုံးတွေကို အမှတ်ပေးရာမှာ ပွင့်လင်း မြင်သာအောင် လုပ်ထား ပါတယ်၊ ပြိုင်ပွဲဝင်တဲ့ သူတွေအတွက် ကျေနပ်စရာပါ ဟု ပြောသည်။


ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင် ညမီးကျည်မီးပုံး များအား ပထမဆုငွေ ကျပ်သိန်း ၅ဝ၊ ဒုတိယဆု ငွေကျပ် ၄၅ သိန်း ၊ တတိယဆု ငွေကျပ် သိန်း ၄၀ စသည်ဖြင့် ဒသမဆု အထိ ဆုများ ပေးအပ် သွားမည် ဖြစ်သည်။ စိန်နားပန် မီးပုံးများအား ပထမဆု ငွေကျပ် ၃၅ သိန်း ၊ ဒုတိယဆု ငွေကျပ် သိန်း ၃၀ ၊ တတိယဆု ငွေကျပ် ၂၅ သိန်း စသည်ဖြင့် ဒသမဆု အထိဆုများ အသီးသီး ပေးအပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၇)


Themyawadydaily

ပြင်သစ်နှင့်အမေရိကန် ရထားလိုင်းများကို ဗုံးခွဲတိုက်ခိုက်ရန် အိုင်အက်စ်စီစဉ်ဟုဆို



အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်နဲ့ အမေရိကန်နိုင်ငံရှိ မြို့ကြီးတွေက မြေအောက်ရထားလိုင်းတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရထားတယ်လို့ အီရတ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ ပြောဆိုပါတယ်။

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ဖမ်းဆီးရမိတဲ့ အိုင်အက်စစ်သွေးကြွတွေ ကို စစ်ကြော မေးမြန်းရင်း ရရှိခဲ့တဲ့ အချက်အ လက်တွေ ဖြစ်ပြီး ခိုင်မာမှုရှိတယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ ပြင်သစ်ထောက်လှမ်းရေးထိပ်တန်းအာဏာပိုင်တွေကတော့ အီရတ်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး သူတို့မှာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မရရှိဘူးလို့ ဆိုပါတယ်။

နယူးယောက်ရဲဌာနကတော့ ဒီလုံခြုံရေး အချက်အလက်ကို အလေးထားပြီး ပြည်ထောင်စုစုံးစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)၊ တခြားထောက်လှမ်းရေးအေဂျင်စီတွေနဲ့ သုံးသပ်မှုတွေ လုပ်နေတယ်လို့ ပြောဆိုပါတယ်။

ပြင်သစ်နိုင်ငံသားတဦး အယ်လ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီးနောက်ပိုင်း သက်ဆိုင်ရာနိုင်ငံတွေရှိ ပြင်သစ်သံရုံးတွေနဲ့ ပြင်သစ်နိုင်ငံရဲ့ အများပြည်သူ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုံခြုံရေးမြှင့်တင်ထားပါတယ်။
DVB

အရေးပေါ်သန္ဓေတားခြင်းနှင့်ပတ်သက်၍ အမျိုးသမီးများ၏ လွဲမှားသော ယူဆချက်များ



မကြာမီက ပြုလုပ်ခဲ့သော လေ့ လာမှုတစ်ခုအရ အရေးပေါ်သန္ဓေတား ခြင်းအကြောင်းကို အနည်းအကျဉ်းမျှသာသိသော အမျိုးသမီး ၅၉ ရာခိုင်နှုန်းရှိပြီး များစွာမသိသည့် အမျိုးသမီး ၁၂ ရာခိုင်နှုန်းရှိကာ လုံးဝမသိ သူ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အသက်(၁၆)နှစ်မှ (၅၄)နှစ်အတွင်းရှိ အမျိုးသမီးပေါင်း ၂၀၀၀ ဦးကို စစ်တမ်းကောက်ယူမှုအရ အရေးပေါ် သန္ဓေတားခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ လွဲမှားသော ယူဆချက်များကိုလည်း ဖော်ပြနေသည်။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း(သို့မဟုတ်) သုံးနေကျ သန္ဓေတားနည်းနှင့် အဆင်မပြေသည့်အခါ အရေးပေါ် သန္ဓေတားနိုင် သည့် နည်းလမ်းသုံးမျိုးရှိသည်။ သန္ဓေတားနိုင်သော ဆေးများ ရှိပါသည်။ IUD ဟုခေါ်သော အရေးပေါ် သန္ဓေတားနိုင်သည့်ပစ္စည်းကိုအကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် ငါးရက်အထိသားအိမ်ထဲတွင် ထည့်ထားနိုင်သည်။ IUD ပစ္စည်းမှာ ပလတ်စတစ်နှင့် ကြေးနီဖြင့် ပြုလုပ်ထားသော သားအိမ်ထဲတွင် ထည့်ရသော ပစ္စည်းငယ်လေး တစ်ခုဖြစ်ပြီး ငါးနှစ်မှ ဆယ်နှစ်အထိ အသုံးပြုနိုင်သည်။

လတ်တလော လေ့လာမှုများအရ အမျိုးသမီး သုံးပုံတစ်ပုံကျော်က အရေးပေါ်သန္ဓေတားဆေးများ ၀ယ်ယူရန်သားဖွားမီးယပ်ဆရာဝန်ထံမှ ညွှန်ကြားစာလိုကြောင်း ယုံကြည်ကြသည်ဟု သိရသည်။ အရေးပေါ် သန္ဓေတားဆေးအမျိုးမျိုးကို ဆေးဆိုင်များတွင် ဆေးစာမလိုဘဲ အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။ အကယ်၍ သန္ဓေတားရန် IUD ပစ္စည်း သုံးမည်ဟု ဆုံးဖြတ်ထားပါက ယင်းပစ္စည်းကို ဆရာဝန်(သို့မဟုတ်) သူနာပြုတို့က ထည့်ပေးရန် လိုအပ်သည်။

အရေးပေါ်သန္ဓေတားဆေးများကို ဆေးဆိုင်များ၊ ဆေးရုံများ၊ သားဖွားမီးယပ်ဆိုင်ရာ ဆေးခန်းများတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါသည်။ အမျိုးသမီး ၅၀ ရာခိုင်နှုန်းက အရေးပေါ်သန္ဓေတား နည်း အသုံးပြုခြင်းမှာ ကိုယ်ဝန်ပျက်ကျစေသည် (သို့မဟုတ်) သေချာရေရာမှု မရှိဟု ယုံကြည်ကြကြောင်း အထက်ပါ လေ့လာမှုအရ သိရသည်။ အရေးပေါ်သန္ဓေတားဆေးများက မျိုးဥမျိုးအောင်ခြင်း(သို့မဟုတ်) ထုတ်လွှတ်ခြင်းကို တားဆီးပေးခြင်း (သို့မဟုတ်) သားအိမ်ထဲတွင် သန္ဓေမတည်နိုင်ရန် ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။

ယင်းနည်းလမ်းမှာ မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းကို ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဖျက်ချခြင်းမဟုတ်ကြောင်း၊ဆေးဘက်ဆိုင်ရာ လေ့လာမှုများနှင့် တရားဌာနများက အတိအလင်း ပြောကြားထားပြီး ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းမှာ ကိုယ်ဝန်ဆောင်ထားရခြင်းကို အဆုံးသတ်စေလိုက်ခြင်းဖြစ်ပြီး မျိုးအောင်ပြီး မျိုးဥသားအိမ်ထဲတွင် တွယ်နေပြီးမှသာ ကိုယ်ဝန်ဖျက်ချနိုင်သည်။ ယင်းကိစ္စနှစ်ခုမှာ အလွန်ပင် ကွာခြားပါသည်။

အရေးပေါ်သန္ဓေတားဆေးကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် ၂၄ နာရီအတွင်း သောက်ရမည်ဟူသော ယူဆချက်သည် မမှန်ကန်ဘဲ ယင်းဆေးများမှာ သုံးရက်အထိ ဆေးစွမ်းပြနိုင်သည်။ သို့သော် စောစောသောက်လေ ဆေး၏အကျိုးသက်ရောက်မှုအားကောင်းလေ ဖြစ်သည်။

အရေးပေါ်သန္ဓေတားဆေးကို တစ်လအတွင်း တစ်ကြိမ်ထက်ပို၍ သောက်သုံးနိုင်သော်လည်း ကျွမ်းကျင်သူများက ယင်းသို့ လုံးဝလမ်း မညွှန်ပေ။ အရေးပေါ်သန္ဓေတားနိုင်သည့် တခြားနည်းလမ်းများ ရှိသည်ကို အမှတ်ရပါ။

အရေးပေါ်သန္ဓေတားဆေးသောက်ပြီး နို့တိုက်ခြင်းကို သီတင်းတစ်ပတ်အထိ မလုပ်ရန် ကျွမ်းကျင်သူများက ညွှန်ကြားသည်။ လေ့လာမှုအတွင်းပါဝင်သော အမျိုးသမီးသုံးပုံနှစ်ပုံက အရေးပေါ်သန္ဓေတားဆေးများ အကြိမ်ကြိမ် အသုံးပြုခြင်းဖြင့် ကိုယ်ဝန်မဆောင်နိုင်ဖြစ်မည်ဟု ယုံ ကြည်ထားကြသည် (သို့မဟုတ်) မသေချာဟုယုံကြည်ကြသည်။

အရေးပေါ်သန္ဓေတားဆေး အကြိမ်ကြိမ်သုံးခြင်းက သင်၏ရာသီလာချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သို့သော်လည်း နောင်တစ်ချိန် ကိုယ်ဝန်မဆောင်နိုင်ဖြစ်ခြင်းမျိုး မရှိပါ။ ယင်းဆေးများမှာ ပုံမှန်သောက်သုံးရန် မဟုတ်ဆိုခြင်းကို အမှတ်ရပါ။ ပုံမှန်သုံးရန် သန္ဓေတားဆေးလိုအပ်ပါက နည်းလမ်းများစွာရှိပြီး ဆရာဝန်နှင့် တိုင်ပင်ကာ သင့် အတွက် အဆင်ပြေဆုံးနည်းလမ်းဖြင့် ပုံမှန်သန္ဓေတားနိုင်သည်။

-TOI

7 Day

iPhone 6,6 Plus များကွေးညွတ်သည်ဟူသောသတင်းများနှင့်စပ်လျဉ်း၍ Apple မှတရားဝင်ရှင်းလင်းချက်ထုတ် ၊ သတင်းမီဒီယာများအားလက်တွေ့ပြသရှင်းလင်းခဲ့



Apple ဟာ သူ့ရဲ့စက်ရုံတွေ ၊ စမ်းသပ်ခန်းတွေနဲ့ပတ်သက်ပြီး အချက်အလက်များကိုထုတ်ဖော်ပြောဆိုမှုပြုလုပ်တာ အလွန်ရှားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ နာမည်ကြီးသတင်းမီဒီယာတစ်ချို့ကို Apple ရဲ့ iPhone ထုတ်ကုန်များကို စမ်းသပ်မှုများပြုလုပ်တဲ့ စမ်းသပ်ခန်းများကို တရားဝင်လိုက်လံပြသခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ယခုရက်ပိုင်းမှာအလွန်သတင်းပျံ့သွားတဲ့ iPhone 6,6 Plus ကိုယ်ထည်တွေကွေးညွတ်တယ်
ဆိုတဲ့သတင်းများကိုဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ iPhone များကိုပြင်ပသို့ရောင်းချမှုမပြုလုပ်ခင် Cupertino မှာရှိတဲ့ Apple Campus က iPhone ကိုယ်ထည်အစိတ်အပိုင်းများစမ်းသပ်ခန်းမှုအခန်း
ကဏ္ဍများကိုလိုက်လံပြသခဲ့တာဖြစ်ပါတယ်။
ဒီစမ်းသပ်ခန်းများမှာ iPhoneများကိုအများပြည်သူသုံးအဖြစ် ဖြန့်ဖြူးရောင်းချမှုမပြုလုပ်ခင် ပြင်ပလက်တွေ့
ဘ၀မှာ ကြုံတွေ့ရနိုင်တဲ့ ဖုန်းကိုလွတ်ကျမှုတွေ ၊ ဖုန်းကိုတက်ဖိမိတာတွေ ၊ ဖုန်းကိုဘေးတိုက်
လိမ်ချိုးပြီးစမ်းသပ်တာမျိုးတွေစတဲ့ပုံမှန်အခြေအနေအားဖြင့်အကြမ်းခံမှုရှိမရှိကိုစမ်းသပ်မှု
များပြုလုပ်တာဖြစ်ပါတယ်။ 
" iPhone များကိုသေသပ်လှပမှု ၊ အကြမ်းခံမှုရှိအောင် Apple ရဲ့ Designer များ ၊ အင်ဂျင်နီယာများနဲ့ ဒီဇိုင်းရေးဆွဲတည်ဆောက်ပြီးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ကြံ့ခိုင်မှုအပိုင်းမှာလည်း တကယ့်လက်တွေ့သုံးမှာ ဒီဖုန်းအပေါ်သာမန်သုံးအနေနဲ့ ဘယ်လောက်ထိခိုက်နိုင်မယ် ၊ Pressure သက်ရောက်မှုဘယ်လောက်ရှိနိုင်မယ်ဆိုတဲ့အတိုင်းအတာတစ်ခုနဲ့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ Apple အနေနဲ့သူ့ရဲ့ Facility တွေကိုပုံမှန်အားဖြင့် ပြင်ပလူတွေကိုထုတ်ဖော်ပြောဆိုပြသလေ့မရှိပါဘူး ။ ဒီနေ့ကျွန်တော်တို့ဒီကိုရောက်နေရတာကတော့ Apple ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်တဲ့ iPhone 6 မော်ဒယ်တစ်ချို့ ကွေးညွတ်တယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပါတယ်။ Apple ဟာ iPhone 6 မော်ဒယ်များကိုထုတ်လုပ်ရောင်းချမှုမပြုလုပ်ခင် ယခုစမ်းသပ်ခန်းများမှာ iPhone 6,6 Plus အလုံးရေပေါင်း သုံးသောင်းခန့်ကိုအမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ စမ်းသပ်ကာလမှ ရလဒ်များကိုအခြေခံပြီး ဖုန်းရဲ့ပုံမှန်သုံးအားဖြင့် ဖိအားအများဆုံးခံရမယ့်နေရာများမှာ steel / titanium သတ္တုများနဲ့ Apple မှကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ anodized aluminum ၊ အလွန်အကြမ်းခံတဲ့ ion-strengthened glass တို့ ကိုအသုံးပြု ထားတာပါ။ သုံးစွဲသူတို့ရဲ့လက်ထဲသို့မပို့ခင် စမ်းသပ်မှု ရာပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ ပုံမှန်သုံးအခြေအနေမျိုးနဲ့သုံးစွဲနေသူတွေအတွက် ဖုန်းကကွေးညွတ်သွားဖို့ဆိုတာလုံးဝရှားပါးတဲ့အခြေအနေမျိုးပါ" လို့ Apple ရဲ့ senior vice president ဖြစ်တဲ့ Phil Schiller ကပြောပါတယ်။
"iPhone 6 Plus များကိုလက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ရာမှာအဆင့်သုံးဆင့်ဖြင့်အဓိကစမ်းသပ်စစ်ဆေး
ပါတယ်။ ယင်းအဆင့်တွေထဲမှာ Sit Test လို့ခေါ်တဲ့စမ်းသပ်မှုလည်းပါဝင်ပါတယ်။ ဖုန်းကို skinny jeans ထဲထည့်ပြီး ထိုင်နေတဲ့နေရာမျက်နှာပြင် အပျော့ ၊ အမာ စတာတွေကိုအခြေခံပြီးအကုန်စမ်းသပ်
စစ်ဆေးထားပါတယ်။ ဖုန်းကိုတည်ဆောက်ထားတဲ့နေရာမှာ အကြမ်းခံ ၊ ရေရှည်ခံနိုင်ဖို့အတွက် အရေအသွေးအမြင့်ဆုံးဆိုတဲ့ပစ္စည်းအစိတ်အပိုင်းများကိုသာအသုံးပြုထားပါတယ်။ သာမန်အခြေအနေလောက်နဲ့ဖုန်းကကွေးညွတ်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး ။ ဖုန်းကိုတမင်
ကွေးညွတ်အောင်ချိုးမယ်ဆိုရင်တော့ iPhone မှမဟုတ်ဘူး ၊ မည်သည့်ဖုန်းမဆိုပုံပျက်
ပန်းပျက်ဖြစ်သွားမှာပါပဲ" လို့ Apple မှ Hardware Engineer တစ်ဦးဖြစ်တဲ့ Dan Riccio ကပြောပါတယ်။
Apple မှထုတ်ပြန်တဲ့ကြေညာချက်မှာလည်း ဖုန်းအလုံးရေ ၁၀ သန်းကျော်ရောင်းချပြီးတဲ့အထဲက ဖုန်းကွေးညွတ်သွားတယ်လို့ဆက်သွယ်ပြောဆိုလာသူ Customer အရေအတွက်ဟာ ကိုးယောက် ဖြစ်တယ်လို့ဆိုပါတယ်။

Ref: WSJ , TheVerge

မြန်မာနိုင်ငံမှာ ပြသဖို့ဆင်ဆာတင်တားတဲ့ ‘ဘယ်လိုအချစ်မျိုးလဲ’



ထိုင်းနိုင်ငံတွင် လက်ရှိ ရုံတင်လျက်ရှိသော ထိုင်း-မြန်မာ ဖက်စပ်ရိုက်ကူးထားသည့် ‘ဘယ် လိုအချစ်မျိုးလဲ’ (Myanmar in love in Bangkok)ဇာတ်ကားကို မြန်မာနိုင်ငံ၌ ရုံတင်ပြသနိုင် ရန်ဆင်ဆာတင်ထားပြီး အောက် တိုဘာလကုန်တွင် ပြသနိုင်မည် ဟု မျှော်မှန်းကြောင်း Media 7 ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြော သည်။ 

ထိုဇာတ်ကားသည် ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားလေးတစ်ဦးနှင့် တက်တူးထိုးသော ထိုင်းမလေး တို့၏ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ရွှေ့ပြောင်းလုပ် သမားလေး 'Dan' အဖြစ် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မွန်၊ကချင်တိုင်းရင်းသား အောင်နိုင်စိုးက အဓိက သရုပ်ဆောင်ထား သည်။ ထိုင်းနိုင်ငံတွင် အောင်မြင် သလို အဆိုပါဇာတ်လမ်းသည် မြန်မာလူမျိုးတစ်ဦး၏ အကြောင်း ဦးစားပေး ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ပြသပါက ထိုင်းနိုင်ငံတွင် ပြသသည်ထက် ပရိသတ်အားပေးမှုရရှိမည်ဟု မျှော်လင့်ကြောင်း ကိုဝေမင်းမောင်က ပြောသည်။ 

ဘယ်လိုအချစ်မျိုးလဲဇာတ် ကား မြန်မာနိုင်ငံတွင်ပြသဖြစ်ပါ က ယင်းဇာတ်ကား၌ အတူတွဲ ဖက်သရုပ်ဆောင်သည့် ထိုင်းမင်း သမီး၊ အခြားသရုပ်ဆောင်များ နှင့်အတူ လာရောက်ရန်အစီအ စဉ်ရှိသလို မြန်မာပရိသတ်များ နှင့်လည်း တွေ့ဆုံသွားရန်ရှိ ကြောင်း အဓိကသရုပ်ဆောင် အောင်နိုင်စိုးကပြောသည်။ 

နှစ်နိုင်ငံ ဖက်စပ်ရိုက်ကူး ခြင်းဖြစ်သော်လည်း အဆိုပါ ဇာတ်ကားရိုက်ကူးရေးပိုင်းကို ထိုင်းနိုင်ငံဘက်မှသာ တာဝန်ယူ ရိုက်ကူးခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသရန်အတွက်သာ တာဝန်ယူရ ကြောင်း ၎င်းကဆိုသည်။ 

ယင်းဇာတ်ကားကို ထိုင်း နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် စက်တင် ဘာ ၁၈ ရက်မှစ၍ ပြသလျက်ရှိ သည်။ 

7Day

တရုတ်တွင် ဓားဖြင့်ရမ်းကား တိုက်ခိုက်သူ တစ်ဦးကြောင့် ကလေးငယ် လေးဦး သေဆုံး



တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်သူ တစ်ဦးကြောင့် မူလတန်း ကျောင်းသူကျောင်းသား ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

နိုင်ငံတောင်ပိုင်း ဂွမ်ရှီဇောင်း ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသရှိ ပင်ရှန်း မြို့ငယ်လေးတွေ စက်တင်ဘာ (၂၆)ရက် နံနက်အစောပိုင်းက ယခုကဲ့သို့ ရက်စက်သော တိုက်ခိုက်မှု ဖြစ်ပွားခြင်းဟု ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

ကျောင်းသူကျောင်းသား ကလေးငယ်များ စာသင်ကျောင်းသို့ အသွားတွင် လူတစ်ဦးက တိုက်ခိုက်ခဲ့ပြီး ကလေးသုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ နောက်တစ်ဦးမှာ ဆေးရုံသို့ တင်ပို့ပေးခဲ့သော်လည်း သေဆုံးသွားခဲ့သည်။ ယခုအကြမ်းဖက်မှု ကျူးလွန်သူကို ဖမ်းမမိသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေဆဲ ဖြစ်သည်။ အကြမ်းဖက်မှု ကျူးလွန်သူသည် သက်လတ်ပိုင်းအရွယ် ရှိကြောင်းလည်း သိရသည်။

စက်တင်ဘာလ အစောပိုင်းက တရုတ်နိုင်ငံတွင် သမီးဖြစ်သူ ကျောင်းအပ်သည်ကို လက်မခံသည့် မူလတန်းကျောင်း တစ်ခု၌ လူတစ်ဦး ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ရာ ကလေးငယ်(၃)ဦးနှင့် သင်ကြားရေး ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ဖူးသည်။ (၂၀၁၀)ပြည့်နှစ် တစ်ခုတည်းတွင်ပင် တရုတ်နိုင်ငံ၌ စာသင်ကျောင်းများတွင် အလားတူ တိုက်ခိုက်မှု (၅)ခု ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က ကလေးငယ် (၁၅)ဦး အပါအဝင် လူ(၁၇)ဦး သေဆုံးကာ လူ(၈၀)ကျော် ဒဏ်ရာများ ရရှိခဲ့ဖူးသည်။

_Ref: Channelnewsasia
From 7 Day

မေးစေ့နှစ်ထပ်မဖြစ်စေမယ့် နည်းလမ်း



မေးစေ့နှစ်ထပ်ဖြစ်နေသူတွေ ငွေကုန်ကြေးကျခံစရာမလိုဘဲ ထိရောက်တဲ့လေ့ကျင့်ခန်းလုပ်နိုင်ဖို့ နည်းလမ်းလေးတွေမျှဝေချင်ပါတယ်။ မေးစေ့နှစ်ထပ်ဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် အများစုကတော့ ကိုယ်အလေးချိန်များတာရယ်၊ သွက်လက်မှု မရှိတဲ့နေထိုင်ပုံစနစ်တွေရယ်ကြောင့်ဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ အရေပြားတွေတွဲကျပြီး မေးစေ့ နှစ်ထပ်ဖြစ်လာပါတယ်။

မေးစေ့တစ်ဝိုက်က ကြွက် သားတွေတင်းရင်းပြီး မေးနှစ်ထပ် မဖြစ်စေဖို့အတွက် လွယ်လွယ်ကူ ကူလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတချို့ ကိုဖော်ပြပေးလိုက်ပါတယ်။

ပါးစပ်ဖွင့်လေ့ကျင့်ခန်း- အထိ ရောက်ဆုံးလေ့ကျင့်ခန်းကတော့ ပါးစပ်ကို ကျယ်နိုင်သမျှကျယ် အောင်ဖွင့်တာရယ်၊ လျှာကိုအ ပြင်ထုတ်နိုင်သမျှထုတ်ပြီး မေးစေ့ ကိုလျှာနဲ့ထိနိုင်အောင်ကြိုးစား ကြည့်တာပဲဖြစ်ပါတယ်။ တစ် ကနေ ၁၀ အထိရေတွက်ပြီးဆယ် ကြိမ်လောက်နေ့စဉ်လုပ်ပေးမယ် ဆိုရင် မေးနဲ့လည်ပင်းကြွက်သား တွေတင်းရင်းစေမှာပါ။

ဦးခေါင်းတွဲလောင်းချလေ့ကျင့် ခန်း - အိပ်ရာ (ဒါမှမဟုတ်)ဆိုဖာ မှာလှဲအိပ်ရင် ဦးခေါင်းကိုတွဲ လောင်းချနေပါ။ တစ်ကနေ ၁၀ အထိရေတွက်ရင်း မေးစေ့ကို လက်နဲ့ပင့်တင်ခြင်းကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

မေးစေ့ပင့်တင်လေ့ကျင့်ခန်း - ကျောရိုးကိုတည့်မတ်စွာနေပြီး လည်ပင်းကို တည့်တည့်အနေ အထားဖြင့် မတ်တတ်ရပ်ပါ။ မေးစေ့ကိုအပေါ်ဘက်သို့ပင့်တင်ပြီး နှုတ်ခမ်းကိုစုထားကာ ၁ မှ ၁၀ အထိရေတွက်ပြီး ဆယ်ကြိမ်ပြုလုပ်ပေးပါ။

လည်ပင်းလေ့ကျင့်ခန်း - ခန္ဓာကိုယ်ကိုတည့်မတ်တဲ့အနေအထားနဲ့မတ်တတ်ရပ်ပြီး မေးစေ့နဲ့ ပခုံးတစ်တန်းတည်းဖြစ်အောင် ဦးခေါင်းကိုလှည့်လိုက်ပါ။ အဲဒီနောက်ဦးခေါင်း အသာငုံ့ပေးတဲ့ အနေအထားကို ဘက်ပြောင်းပြီး ၁၀ကြိမ်စီပြုလုပ်ပေးပါ။

မေးရိုးနှင့်လည်ပင်းကြွက်သား လေ့ကျင့်ခန်း - မေးရိုးနဲ့လည်ပင်းနားက ကြွက်သားတွေတင်းရင်းစေဖို့အတွက် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကနေ အပေါ်ကို ၁၀ စက္ကန့်လောက်ပင့်တင်လိုက်၊ ဆွဲချလိုက်ဆယ်ကြိမ်လောက်ပြုလုပ်ပေးပါ။

တင်းနစ်ဘောလုံးလေ့ကျင့်ခန်း - တင်းနစ်ဘောလုံးတစ်လုံးကို မေးစေ့နဲ့ တင်းတင်းညှပ်ထားပြီး ဖြည်းဖြည်းချင်းလွှတ်လိုက်တာကို ဆယ်ကြိမ်လောက်ဆက်တိုက်လုပ်ပေးပါ။

—Ref: healthyandnaturalworld.com