တပ်မတော်သားတွေအတွက် အလှူငွေလိုက်လံကောက်ခံပေးမယ့် ထိုင်းမင်းသမီး

ထိုင်းမင်းသမီး ကရာဗီ (photo - talksthattalk.com)

ထိုင်းသရုပ်ဆောင် မင်းသမီး ကရာဗီဟာ လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းကျဆုံးသွားခဲ့တဲ့ တပ်မတော်သား မိသားစုတွေ ဒုက္ခရောက်ပြည်သူတွေအပါအ၀င် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် We are one Myanmar အဖွဲ့နဲ့အတူ မန္တလေးမြို့မှာ လိုက်လံအလှူခံမယ်လို့ သိရပါတယ်။

မင်းသမီး ကရာဗီဟာ မကြာသေးခင်က ထိုင်းနဲ့ မြန်မာ ပူးပေါင်းရိုက်ကူးခဲ့တဲ့ “ဘယ်လိုအချစ်မျိုးလဲ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အဓိက မင်းသမီးနေရာက ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ထက် ဒီဇာတ်ကားမှာ မင်းသားသရုပ်ဆောင်အဖြစ် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အောင်နိုင်စိုးနဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

“ဘယ်လိုအချစ်မျိုးလဲ” ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ လည်း ပြသခဲ့ပါတယ်။ 

“ကရာဗီကတော့ အလှူငွေကောက်ခံမယ့်နေ့မှာ မန္တလေးကို ဘန်ကောက်ကနေ လေယာဉ်နဲ့ တိုက်ရိုက် လာမယ်။ နောက် မတ် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မြန်မာအနုပညာရှင်တွေနဲ့အတူတူ လိုက်ပြီးကောက်ခံမယ်။ ပြီးရင် ပြန်မယ်” လို့ အလှူခံပွဲကို စီစဉ်တဲ့ Myanmar Media 7 က တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

Myanmar Media 7 က ဦးစီးပြီး မြန်မာအနုပညာရှင်အများအပြားပါဝင်မယ့် We are one Myanmar အဖွဲ့မှာ အနုပညာရှင်ပေါင်း ၅၄ ယောက်ပါဝင်မှာဖြစ်ကာ ဒီအလှူခံပွဲကို မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ မန္တလေးမြို့မှာရှိတဲ့ လူစည်းကားရာနေရာတွေမှာ လိုက်လံ အလှူခံသွားမှာဖြစ်ပါတယ်။

အီရတ်တွင် အိုင်ဆစ်များက စပိုင်များကို သတ်ဖြတ်သည့်ပုံများ ထွက်ပေါ်လာပြန်





အီရတ်၊ ဆလာဟူဒင်ပြည်နယ်တွင် အိုင်ဆစ်များက လူလေးယောက်ကို သတ်ပစ်လိုက်သည့် ရွံရှာဖွယ် ဓာတ်ပုံများ ထွက်ပေါ်လာသည်။ ထိုသူများမှာ အိုင်ဆစ်အဖွဲ့တွင်းဝင်ရောက်ပြီး စပိုင်လုပ်သည့်အတွက် ယခုကဲ့သို့ သုတ်သင်ခံရခြင်းဖြစ်သည်ဆိုသည်။ ထိုသူများမှာ လိမ္မော်ရောင် ထက်အောက်ဝမ်းဆတ် ဝတ်ဆင်ထားပြီး သတ်ကွင်းဆီသို့ ဦးတည်လျှောက်လာရသည်။ အိုင်ဆစ် စစ်သွေးကြွများက ထိုသူတို့ကို ဒူးထောက်စေပြီး နောက်တည့်တည့်မှနေ၍ နောက်စေ့တည့်တည့်ကို ပစ်သတ်လိုက်သည်။ ယင်း သွေးအေးအေးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်မှု ဓာတ်ပုံများမှာ အိုင်ဆစ်၏ အာဏာပါးကွက်သား ဂျီဟာ့ဒီဂျွန်ဆိုသူမှာ လန်ဒန်မြို့သား၊ ဝတ်စ်မင်စတာတက္ကသိုလ်မှ ကွန်ုပြူတာပရိုဂရမ်မင်း ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူ မိုဟာမက် အမ်ဝါဇီဖြစ်ကြောင်း ပေါ်ပေါက်ပြီး နာရီပိုင်းအကြာ၌ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 
OE

http://www.dailymail.co.uk/…/Hours-CAGE-blame-Jihadi-John-b…

Mister Global 2015 ကို သရုပ်ဆောင် အဆိုတော် မင်းလူလူ သွားပြိုင်မည်

Mister Global Myanmar 2015 မင်းလူလူ

ထိုင်းနိုင်ငံမှာ မကြာခင် ကျင်းပပြုလုပ်တော့မယ့် Mister Global 2015 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ Mister Global Myanmar 2015 အဖြစ် မော်ဒယ်လ်၊ သရုပ်ဆောင်၊ အဆိုတော် မင်းလူလူက သွားရောက် ယှဉ်ပြိုင်တော့မှာပါ။ 

ဒီပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံမှာရှိတဲ့ ကမ်းခြေအပါအဝင်၊ ပြည်နယ် ဒေသသုံးခုမှာ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Mister Global 2015 Grand Final ပွဲကြီးကို ကျင်းပပြုလုပ်မှာပါ။

ဒီပြိုင်ပွဲကိုတော့ သြစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘရာဇီး၊ ကမ္ဘောဒီးယား၊ ချီလီ၊ ချက်ရီပက်ခ်ပလစ်၊ ပြင်သစ် ၊အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ လက်ဗီးယား၊ လက်ဘနွန်, မလေးရှား၊ မက္ကဆီကို၊ မြန်မာ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပေါ်တိုရီကို၊ စင်ကာပူ၊ စပိန်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗင်နီဇွဲလား နှင့် ဗီယက်နမ် အစရှိတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံက မစ္စတာ တွေလာရောက် ယှဉ်ပြိုင်ကြမှာပါ။

ပြိုင်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုတွေပြင်ဆင်ထားသလဲဆိုတာကို မင်းလူလူက “ပြိုင်ပွဲ အတွက် အခုကတည်းက အကောင်းဆုံးပြင်ဆင်ထားတယ်။ အရင်တုန်းကတော့ မြန်မာပြည်မှာပဲ မစ္စတာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖူးတယ်၊ အခုက နိုင်ငံတကာနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် Perfect မဖြစ်ရင်တောင် အစစအရာရာကို အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဘော်ဒီအပိုင်းဆိုရင်လည်း ကျနော် ပုံမှန်ကစားတယ်။ Cat Walk လျှောက်တာတွေလည်း အကောင်းဆုံးပြင်ဆင်ထားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ပြိုင်ပွဲမှာ ဝတ်ဆင်ရမယ့် အနောက်တိုင်းဝတ်စုံကို ဒီဇိုင်နာ မစန္ဒာအောင်နဲ့ National Costume ကို ဒီဇိုင်နာ ကိုစိုင်းလတ်တို့က တာဝန်ယူ ချုပ်လုပ်ပေးထားတာဖြစ်ပြီး ပြိုင်ပွဲ Talent Show မှာ မြန်မာ့ဓါးသိုင်း (ဗန်ဒို၊ ဗန်ရှည် ဓါးနှစ်လက်သိုင်း) ကို ပြသဖို့ သိုင်းဆရာ ကိုရန်နိုင်က လေ့ကျင့် သင်ကြားပေးထားတယ်လို့ သူကဆက်ပြောပါတယ်။ 

မင်းလူလူအတွက် National Costume ကို တာဝန်ယူချုပ်လုပ်ပေးထားတဲ့ ဒီဇိုင်နာ ကိုစိုင်းလတ်က ဝတ်စုံနဲ့ ပတ်သက်ပြီး “မင်းလူလူက မြစ်ကြီးနား ဟိုပင်ဘက်ကနေ လာတာဖြစ်တဲ့အတွက် သူ့အတွက် ဝတ်စုံကို သူ့ရဲ့ National Director ကိုဇေယံဟိန်းနဲ့ တိုင်ပင်ပြီး ကျနော်သူ့ကို ကချင်ရိုးရာကို ဆန်းသစ်ထားတဲ့ ကချင် National Costume လုပ်ထားပေးပါတယ်။ သူ့ကို အရမ်းကြီး ရိုးရာဆန်တဲ့ပုံစံမျိုးနဲ့ Update Design မျိုး လုပ်ထားပေးတယ်။ ခေါင်းပေါ်မှာ ကချင်မနောကကြီးတွေ ဆောင်းတဲ့ ခေါင်းဆောင်းကို ဒေါင်းမွှေးနဲ့ Creation လုပ်ထားတယ်။ Costume ကကျတော့ နည်းနည်း ပေါ့ပေါ့ပါးပါးလေးလုပ်ထားပေးပါတယ်” လို့ ဆိုပါတယ်။



မင်းလူလူကို Mister of Global Myanmar 2015 အဖြစ် Mister of Myanmar Organization ကို တည်ထောင်ထားတဲ့ Brilliant Model Agency က ရွေးချယ်ထားတာဖြစ်ပါတယ်။ 

အဲဒီလို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး Mister of Myanmar Organization ရဲ့ National Director ကို ဇေယံဟိန်းက “မင်းလူလူကို ကျနော်တို့ Organization ကနေ Mister Global Myanmar 2015 အဖြစ် ရွေးချယ်လိုက်ရခြင်း အကြောင်းရင်းက မင်းလူလူဟာ အားလုံးသိထားတဲ့အတိုင်း ၂၀၁၄ မှာ ‘မျှော်လင့်ခြင်း အလင်းတန်း’ ဆိုတဲ့ သူ့ရဲ့တကိုယ်တော် တေးစီးရီးခွေ ထွက်ရှိထားတယ်။ ပြီးတော့ ကျနော်တို့ Brilliant မော်ဒယ်လ် အေဂျင်စီကနေ ပထမဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ The First Myanmar Cool Guy Contest 2013 ရဲ့ Winner ဆုရှင်တဦးလည်းဖြစ်တဲ့အတွက်ကြောင့် ကျနော်က သူ့ကို ကမ်းလှမ်းခဲ့တယ်။ အဲဒါကို သူက လက်ခံတဲ့အတွက် ကျနော်က သူ့ကို ယုံယုံကြည်ကြည်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆက်ပြီး သူက “မနှစ်က Mister Global ဆု ရရှိခဲ့တဲ့ Marco (မြတ်သူရလွင်) ဟာဆိုရင် ကျနော်တို့ Organization ရဲ့ မစ္စတာတယောက် ပီသစွာ အခုထိ ရပ်တည်နေပါတယ်။ အရှေ့မှာလည်း သူက မြန်မာနိုင်ငံ အတွက် အကောင်းဆုံးဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် ဒီနှစ် သွားရောက်ယှဉ်ပြိုင်မယ့် မင်းလူလူ အတွက် Pressure တခုလို ဖြစ်နေတယ်။ ဒါပေမယ့်ကျနော်က မြန်မာနိုင်ငံဟာ နှစ်နှစ်ဆက်တိုက် ဆုမရနိုင်ဘူးဆိုတာကို ယုံကြမှုမရှိတဲ့ အတွက်ကြောင့် ကမ္ဘာ့စင်မြင်ထက် အလယ်မှာ မြန်မာ့စလွယ်လွယ်ပြီး ယှဉ်ပြိုင်နေတာကို မြင်ချင်တဲ့အတွက် မင်းလူလူကို စေလွှတ် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်” လို့လည်းပြောပါတယ်။

၂၀၁၄ခုနှစ်က ထိုင်းနိုင်ငံမှာပဲ ကျင်းပခဲ့တဲ့ Mister Global 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မော်ဒယ်လ် Marco (မြတ်သူရလွင်) က ပြိုင်ပွဲရဲ့ Grand ဆု၊ Mister Global 2014 ဆုနဲ့ Missology ဆုတို့ကို ရရှိခဲ့ပါတယ်။ 

Mister Global Myanmar 2015 မင်းလူလူက အရင်နှစ်က သွားပြိုင်ခဲ့တဲ့ Marco က Grand ဆုရရှိခဲ့ဖူးတဲ့ အတွက် သူ့အနေနဲ့ အခုလိုသွားပြိုင်ရတဲ့အပေါ် ဖိအားတခုလို ဖြစ်နေကြောင်း၊ ဒီပြိုင်ပွဲအတွက်ကိုလည်း အကောင်းဆုံးပြင်ဆင်ထားကြောင်းနဲ့ ဆက်လက်အားပေးစေလိုကြောင်း ပြောဆိုပါတယ်။

မစ္စတာပြိုင်ပွဲတွေ များလာတဲ့အပေါ် မြန်မာနိုင်ငံကိုယ်စားပြု၊ Mister Global Myanmar တယောက် အနေနဲ့ ဘယ်လိုမြင်မိလဲဆိုတာကို မင်းလူလူက“ ဒီလို ပြိုင်ပွဲတွေ အများကြီး ရှိလာတာ အရမ်း ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်တုန်းကဆိုရင် အမြင် သိပ်မကျယ်ဘူးလေ။ မြန်မာပြည်မှာပဲနေ၊ မြန်မာအမြင်နဲ့ပဲ မြင်ပြီးတော့ နေခဲ့ကြတယ်။ ဒါပေမယ့် အခု International ကို သွားရောက် ယှဉ်ပြိုင်တဲ့အခါ မစ္စတာတွေ ပိုပေါလာတယ်။ အမြင်တွေ ပိုကျယ်လာတယ်။ အဲဒီလိုမျိုး နိုင်ငံတကာ နဲ့ ယှဉ်ပြိုင်လာတဲ့အခါ ပိုပြီးတော့ ဂုဏ်ယူမိပါတယ်” လို့ ဧရာဝတီကို ပြောသွားခဲ့ပါတယ်။
ဧရာဝတီ

ဘိုကိုဟာရမ် စစ်သွေးကြွများကို ငါးနိုင်ငံ ပေါင်းတိုက်မည်

5 African countries are sending 8,700 troops after Boko Haram

အဘူဂျာ ၊ ၂၇-၂-၂၀၁၅

အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ ဘိုကိုဟာရမ် ကို ပူးပေါင်း တိုက်ခိုက် ချေမှုန်းရန် နိုင်ဂျီးရီးယား၊ ချက်ဒ်၊ ကင်မရွန်း၊ ဘီနင်၊ နိုင်ဂျာ တို့၏ စစ်ဦးစီးချုပ် များက စစ်ဗျူဟာကို အပြီးသတ် ရေးဆွဲနေပြီး အင်အား ၈၇၅ဝ ရှိသော တပ်ပေါင်းစုကြီးဖြင့် ရန်သူကို အပြီးသတ် ချေမှုန်း သွားရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
.
ဤနိုင်ငံပေါင်းစုံ တပ်ပေါင်းစုကြီးသည် ပြီးခဲ့သော ရက်သတ္တပတ် များကလည်း နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း တွင် ဘိုကိုဟာရမ် စစ်သွေးကြွများ သိမ်းပိုက် ထားသော မြို့ အများအပြားကို ပြန်လည် သိမ်းပိုက် ခဲ့ပြီး မတ်လအတွင်း အဆုံးအဖြတ် ပေးနိုင်မည့် ထိုးစစ်ကြီးကို မြေပြင် နှင့် ဝေဟင် ပေါင်း၍ ဆင်နွှဲသွားရန် ယခု ရက်သတ္တပတ် အတွင်း ချက်ဒ် နိုင်ငံတွင် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်သည်။
.
တိုက်ပွဲကို နိုင်ဂျီးရီးယား ကွန်မင်ဒါ က စတင် ဦးဆောင်ပြီး ကျန်အဖွဲ့ဝင် နိုင်ငံများမှ ကွန်မန်ဒါ များက အလှည့်ကျ ဦးဆောင် သွားမည် ဖြစ်သည်။ ပြီးခဲ့သော တိုက်ပွဲများ အတွင်း ဤ တပ်ပေါင်းစု သည် ဘိုကိုဟာရမ် တို့ကို နိုင်ဂျီးရီးယား တပ်မတော် ထံမှ သိမ်းပိုက်ခဲ့သော စစ်လက်နက် ပစ္စည်း အများအပြား ကိုလည်း ပြန်လည် သိမ်းဆည်း နိုင်ခဲ့သည်။
.
နိုင်ဂျီးရီးယား သည် အိမ်နီးချင်း နိုင်ငံများနှင့် သင့်မြတ် လှသည် မဟုတ်သော်လည်း အိမ်နီးချင်း နိုင်ငံများ အတွက် ဘိုကိုဟာရမ် သည် ဘုံရန်သူ ဖြစ်လာသည့် အတွက် စစ်ရေး လိုအပ်ချက်အရ ခေတ္တမျှ မဟာမိတ် ဖွဲ့ကြခြင်း ဖြစ်ပြီး ဘိုကိုဟာရမ် ကို ဖြိုခွဲပြီး သည့်နောက် နိုင်ဂျီးရီးယား သည် အိမ်နီးချင်း နိုင်ငံများနှင့် များစွာ အပေးအယူ လုပ်ရန်ရှိကြောင်း စစ်ရေး နှင့် နိုင်ငံရေး ကျွမ်းကျင်သူ များက သုံးသပ်ခဲ့ သည်ဟု သိရှိရသည်။
.
PyiChitThar

ဟစ်တလာ၏ MEIN KAMPF စာအုပ် ဂျာမနီနိုင်ငံတွင် ပြန်လည် ထုတ်ဝေမည်

Hitler’s Mein Kampf Will Be Reprinted in Germany for the First Time Since World War II

မြူးနစ် ၊ ၂၇-၂-၂ဝ၁၅

ဂျာမနီနိုင်ငံမှ သုတေသန ပညာရှင်များသည် လွန်ခဲ့သော နှစ်ပေါင်း ၉ဝ ခန့်က ပထမဆုံး အကြိမ် ပုံနှိပ်ထုတ်ဝေ ခဲ့သည့် ဂျာမနီ ခေါင်းဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာ ၏ MEIN KAMPF အမည်ရှိ စာအုပ်ကို အသွင်သစ်ဖြင့် ပြန်လည် ထုတ်ဝေရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
.
ဟစ်တလာ၏ နိုင်ငံရေး အတွေးအခေါ် များနှင့် ဂျာမနီနိုင်ငံ၏ အနာဂတ် အစီအစဉ် များကို ရေးသားထားသော အဆိုပါ စာအုပ်၏ မူပိုင်ခွင့်မှာ ၁၉၄၅ ခုနှစ် နွေဦးရာသီက ဟစ်တလာ သေဆုံးခဲ့ ပြီးနောက် နှစ်ပေါင်း ၇ဝ ကြာ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
.
ထို့ပြင် ဂျာမနီနိုင်ငံတွင် ဒုတိယ ကမ္ဘာစစ်ပြီးနောက် နာဇီခေတ် က စာအုပ်စာတမ်း များကို ဆက်လက် ပြဋ္ဌာန်းခြင်း မပြုဘဲ တားမြစ် ထားသော်လည်း အဆိုပါ စာအုပ် ပြန်လည် ထုတ်ဝေခြင်းကိုမူ တားမြစ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
.
ယခု ထုတ်ဝေမည့် ဟစ်တလာ၏ MEIN KAMPF စာအုပ်တွင် မူဝါဒ ကြေညာ စာတမ်းမူရင်း စာမျက်နှာ ၇ဝဝ အပါအဝင် စာမျက်နှာပေါင်း ၂ဝဝဝ ပါရှိမည် ဖြစ်ပြီး ယင်းစာအုပ် ပုံနှိပ် ထုတ်ဝေမှု ကို ဇန်နဝါရီလမှ စ၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
PyiChitThar

အဆီကျကော်ဖီ နှင့် ပိန်ဆေးတချို့ကြောင့် ကိုယ်ခန္ဓာ အသားအရေ လျော့ရဲစေရုံသာမက နောက်ဆက်တွဲ ရောဂါများပါ ဖြစ်ပွားနိုင်




အွန်လိုင်းပေါ်တွင် ရောင်းချနေသော အဆီကျကော်ဖီတစ်မျိုးကို တွေ့ရစဉ်


ရန်ကုန် ၊ ၂၇-၂-၂၀၁၅


အမျိုးသမီး အများစု သုံးစွဲနေသည့် အဆီကျ ကော်ဖီနှင့် ပိန်ဆေးတချို့သည် ခန္ဓာကိုယ် အသားအရေကို လျော့ရဲ လာစေရုံသာမက နောက်ဆက်တွဲ ရောဂါအဖြစ် အစာအိမ် ဝေဒနာကိုပါ ခံစား ရနိုင်ကြောင်း သိရသည်။
.
'' အဆီကျ ကော်ဖီတွေမှာ ကြီးမားတဲ့ ဆိုးကျိုး မဟုတ်ပေမယ့် တချို့ဆေး တွေက ခန္ဓာကိုယ်ကို မပိန်စေတဲ့အပြင် အသားအရေ ကိုပါ လျော့ရဲလာတာ မျိုးတွေ ဖြစ်လာတတ် ပါတယ်။ တချို့အဆီကျ ကော်ဖီတွေဆို
သောက်သုံးတာနဲ့ အစပိုင်း ကတည်းက အစာစားချင်စိတ် ပျောက်ပြီး အစာအိမ် ဝေဒနာကိုပါ ခံစားလာ ရပါတယ် ... '' ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ လှမြင့် ကပြောသည်။
.
အထူးသဖြင့် အွန်လိုင်းမှ တစ်ဆင့် ရောင်းချနေသည့် အဆီကျ ကော်ဖီနှင့် အဆီကျဆေး (ဖျော်ရည်) အမျိုးအစား အများအပြား ထွက်ပေါ်နေကာ တချို့မှာ ခွင့်ပြုချက် မရှိသည့် အမှတ်တံဆိပ် များနှင့် တရားမဝင် တင်သွင်း ရောင်းချနေသော အမှတ်တံဆိပ်များ ဖြစ်ခြင်းကြောင့် သောက်သုံးသူများ အတွက် ဆိုးကျိုးများ ပိုမိုဖြစ်ပေါ် စေကြောင်း သိရသည်။
.
'' အွန်လိုင်းမှာ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန(FDA) ရဲ့ လက်မှတ်ပါ၊ မပါ စစ်ကြည့်လို့ မရပါဘူး။ တချို့ ပစ္စည်းတွေက လက်မှတ်ပါ တွဲတင်ပြပြီး ရောင်းတာမျိုး ရှိတဲ့အတွက် ထောက်ခံချက် ပါတဲ့ ပစ္စည်းတွေကိုပဲ ရှာပြီး သုံးသင့်တယ်။ ဒါကို မသောက်သုံးခင် မှာလည်း ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးသင့် ပါတယ် .. '' ဟု လူသုံးကုန်ဆေးဝါး ထုတ်လုပ် ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ယခုအခါ ပိန်ဆေးနှင့် အဆီကျကော်ဖီ များကို အွန်လိုင်း ဈေးကွက်၌ ကျယ်ကျယ် ပြန့်ပြန့် ရောင်းချလာကြပြီး ဝယ်ယူ သုံးစွဲသူ များပြားလျက် ရှိကြောင်း သိရသည်။ အဆိုပါ အွန်လိုင်း ဈေးကွက်၌ ရောင်းချနေ သည့် အဆီကျပိန်ဆေး နှင့် ကော်ဖီများမှာ ငွေကျပ် ၄၅ဝဝဝ မှ ငွေကျပ် ၂ဝဝဝဝဝ ကျော် အထိ ရှိကြောင်း သိရသည်။

Themyawadydaily

ကိုးကန့်သောင်းကျန်းသူ အဖွဲ့များက ကုန်းကြမ်းမြို့ရှိ တပ်ရင်းဌာနချုပ် နှင့် လောက်ကိုင်မြို့တွင်း သို့ အဝေးမှ နှောင့်ယှက်ပစ်ခတ် ၊ ကုန်းကြမ်း- လောက်ကိုင် ကားလမ်းမိုင်တိုင် (၂၃)အနီးရှိ တောင်ကုန်းအား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်



နေပြည်တော် ၊ ၂၆-၂-၂၀၁၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့တွင် ရှိသော နယ်မြေခံ တပ်ရင်းဌာနချုပ် အား ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့မှ ဒုံးပစ်လောင်ချာ၊ လက်နက်ငယ် များဖြင့် အဝေးမှ လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ ပြန်လည်ပစ်ခတ် ခဲ့သဖြင့် သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာသွား ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။


လောက်ကိုင်မြို့ ပတ်ဝန်းကျင်တွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့ ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာ၌ ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကိုးကန့် သောင်းကျန်းသူ များထံမှ အမ်(၂၂) တစ်လက်၊ ကျည် ၂၆ တောင့်နှင့် ကျည်အိမ်တစ်ခု တို့ကို သိမ်းဆည်း ရမိခဲ့သည်။


ကိုးကန့် သောင်းကျန်းသူ အဖွဲ့များသည် လောက်ကိုင်မြို့ အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက် ရှိရာ ယမန်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့် သောင်းကျန်းသူ များက လောက်ကိုင်မြို့ မြောက်ဘက်ရှိ စီအောကျေးရွာ ဘက်မှ လောက်ကိုင် မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန် ၏ နေအိမ်ဝင်း အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုးကန့် လုံခြုံရေး အဖွဲ့မှ တစ်ဦး သေဆုံး ၍ လေးဦးဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့လက်နက် ကြီးဖြင့် လာရောက် ပစ်ခတ်ခဲ့သော နေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။


ကုန်းကြမ်း- လောက်ကိုင် ကားလမ်းတွင် ဒေသခံပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာ နိုင်ရေးအတွက် တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှ စ၍ ကားလမ်း တစ်လျှောက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် မိုင်တိုင် (၂၃)အနီးရှိ ကိုးကန့် သောင်းကျန်းသူများ ယာယီခြေကုပ် ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၂၁၇၅ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပြီး ဆုတ်ခွာ သွားသော ကိုးကန့် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

Themyawadydaily

စပိန် နိုင်ငံသားတဦး ပဲခူးတွင် ပစ္စည်းလု ဓားခုတ်ခံရ


ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် ဘဏ္ဍာကုန်းကျွေးရွာတွင် အလည်အပတ် လာရောက်သော စပိန် နိုင်ငံသားတဦး ပစ္စည်းလု ဓား ခုတ် ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၃၁ နှစ်ရှိ စပိန်နိုင်ငံသား Mr. Callos သည် ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းက စက်ဘီးစီး၍လာစဉ် ပစ္စည်းလုယူရာမှ ဓားခုတ်ခံရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းထားကြောင်း၊ ပြစ်မှုကျူးလွန်သူသည် ထွက်ပြေးနေ၍ ဖမ်း မမိ သေးကြောင်း ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်းက ပြောသည်။


“အခုတော့ ပြစ်မှု ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်ထားပါတယ်။ ပစ္စည်းတွေကတော့ မပါသွားပါဘူး။ မနေ့က ရန်ကုန်ဆေးရုံကို ပို့လိုက်တယ်။ ဒါပေမယ့် ဒီနေ့ ထိုင်းကို ပြန်ပို့လိုက်တယ်လို့ ပြောပါတယ်”ဟု ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပြသည်။

ပုဒ် ၃၉၄ သည် ပြင်းထန်စွာ နာကျင်စေမှု ပါဝင်သည့် လုယက်မှု ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်း အထိ ကျခံရနိုင်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်၌ စပိန်နိုင်ငံသား ထံမှ နိုင်ငံခြား ငွေကြေး တချို့ ပါသွားကြောင်း သတင်းတချို့က ဖော်ပြသည်။

ယင်း စပိန်နိုင်ငံသား ၏ ရဲ ဆေးစစ်ချက်တွင် ငယ်ထိပ်၊ နှားခေါင်း၊ နားရွက်၊ မေးစေ့၊ လက်ဖျံ၊ တံတောင်၊ ဒူးခေါင်း၊ ဝဲလက်ခုံ၊ ဝဲ ၀မ်း ဗိုက်ဘေး များ၌ ပြတ်ရှဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

ပဲခူးမြို့ ဒေသခံ ကိုမျိုးမင်းအောင် က“ဒီမြို့မှာက မကြာခဏဖြစ်နေပါပြီ။ အရင် လတုန်းကလည်း ကလေးတယောက် စက်ဘီး စီးလာတာ ကို စက်ဘီးလုပြီး ပြေးတာတွေ၊ ညဘက်ဆိုရင် ဆိုင်ကယ်နဲ့ တယောက်တည်း မထွက်ရဲဘူး။ အခုက နိုင်ငံခြားသားမို့လို့သတင်း ပျံ့သွားတာပါ။ သူတို့တွေက အဖွဲ့လိုက်နဲ့ လုတာ။ ကျနော်တို့ ဘဝ မလုံခြုံဘူးလို့ ခံစားရပါတယ်”ဟု ပြောပြသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို လုယက်တိုက်ခိုက်မှုများသည် နိုင်ငံအတွက် မကောင်းကြောင်း၊ ခရီးသွား ဈေးကွက်ကိုလည်း ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနှောင်းနှောင်းဟန် က ပြောသည်။

“အထူးသဖြင့် ဒီလာမယ့် ဇူလိုင်၊ သြဂုတ် က စပိန်တွေ အများကြီးလာကြမှာ ဖြစ်တယ်။ စပိန်ဈေးကွက်ကို အများကြီး ထိခိုက်နိုင် တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ခရီးသွား ဧည့်သည်များအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် မည်သည့်နေရာသို့ မသွားသင့်ကြောင်း၊ တဦးတည်းမသွားသင့် သော နေရာများ ရှိကြောင်း၊ မည်သည့်အချိန်တွင် အန္တရာယ်ဖြစ်နိုင်သည်များကို အသိပေးသင့်ကြောင်း၊ ပြည်တွင်း ဒေသခံများကို လည်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကလည်း တာဝန်ကို သေချာစွာ ထမ်းဆောင် သင့်ကြောင်း စသည်တို့ကိုလည်း ဦးနှောင်းနှောင်းဟန် က ဆိုသည်။

၂၀၁၃ ခုနစ်အတွင်းက ပုဂံတွင် ဂျာမနီ နိုင်ငံသူ ၂ဦး လုယက်ခံရကြောင်း၊ ဂျပန်အမျိုးသမီး တဦးလည်း လုယက်ခံရပြီး အဓမ္မပြုကျင့် ခံရကြောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းစခန်း အနီးတွင် ပီရူးနိုင်ငံသူ တဦး လုယက် ခံ ရပြီး အဓမ္မပြုကျင့် ခံရသည့် အမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

This post appeared first on Ayeyarwaddy

လောက်ကိုင် အပြန်ခရီးကြမ်း( The Voice သတင်းထောက်၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်)


တပ်မတော်နှင့် ဖုန်ကြားရှင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရဒေသသို့ သွားရောက်သတင်းယူသည့် The Voice သတင်းထောက် အပါအဝင် ပြည်တွင်း
မီဒီယာလေးခုမှ သတင်းထောက်ငါးဦး လိုက်ပါလာသော ကြက်ခြေနီယာဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ယင်းသို့ ကြက်ခြေနီယာဉ် ဒုတိယအကြိမ် တိုက်ခိုက်ခံရမှုတွင် The Voice သတင်းထောက် ဟိန်းသွင်ထက်၏ အတွေ့အကြုံများကို စာဖတ်သူများ သိရှိစေရန်
ရေးသားထားခြင်း ဖြစ်ပါသည်။ (အယ်ဒီတာ)


ရာသီဥတုသာယာသော နေ့လယ်ခင်းတစ်ခုတွင် ကြက်ခြေနီအလံ လွှင့်ထားသော ကားလေးတစ်စီး
တောင်ပေါ်လမ်းကလေးအတိုင်း မောင်းနှင်လာသည်။ တည်နေရာကား တပ်မတော်နှင့် ဖုန်ကြားရှင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားရာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့နယ်အတွင်း ဖြစ်သည်။

ကားပေါ်တွင် လောက်ကိုင်ဒေသ မတည်ငြိမ်မှုများကို မျက်မြင်ကိုယ်တွေ့ သတင်းသွားယူကြသည့် ကျွန်တော် အပါအဝင် သတင်းထောက်ငါးဦး၊ လောက်ကိုင်မြို့နယ် ကြက်ခြေနီတစ်ဦး၊ ယာဉ်မောင်းတစ်ဦး၊ အရပ်သားနှစ်ဦး၊ စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်သုံးဦး ပါဝင်လာသည်။

“တပ်မတော်ယာဉ်တန်းကလွဲပြီး တော်ရုံ မော်တော်ယာဉ်လောက်က အတက်အဆင်း မလုပ်ကြဘူးလေ၊ လုံခြုံမှုမရှိဘူး၊ ဒါပေမဲ့ ကြက်ခြေနီယာဉ် ဆိုရင်တော့ မပစ်လောက်ပါဘူး” ဟု လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ တပ်မတော် အရာရှိတစ်ဦးက လုံခြုံရေး အခြေအနေကို တွက်ဆ၍ ဆိုခဲ့သည်။

ပုံသေတွက်ဆ၍တော့မရ။ လောက်ကိုင်မြို့အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကယ်ဆယ်နေသည့် ကြက်ခြေနီ မော်တော်ယာဉ်တန်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံထားရသည်မှာ ယခုလေးရက်သာ ရှိသေးသည်။ သို့သော် ချင်းရွှေဟော်မှ လောက်ကိုင်သို့ မိုင်တစ်ရာကျော် အလာခရီးတွင်လည်း ကြက်ခြေနီ မော်တော်ယာဉ်ဖြင့်သာ လိုက်လာခဲ့ခြင်း ဖြစ်သည်။ မည်သည့်
အနှောင့်အယှက်မျှ မကြုံခဲ့။

ချင်းရွှေဟော်သို့ အပြန်ခရီးအတွက် ရွေးချယ်စရာက နှစ်ခုသာရှိသည်။ ကြက်ခြေနီ မော်တော်ယာဉ်ဖြင့် မလိုက်ပါက တပ်မတော် မော်တော်ယာဉ်တန်း သုံး၍ ပြန်ဆင်းရုံသာရှိသည်။

ဒေသအခြေအနေသည် ကိုးကန့်တပ်ဖွဲ့ဝင်များသည် တပ်မတော်ယာဉ်တန်းများကိုသာ ဦးတည်တိုက်
ခိုက်ခြင်းများ ပြုလုပ်လေ့ရှိခြင်းကြောင့် လုံခြုံမှု မရှိနိုင်ဟု သတင်းထောက် အားလုံးက သုံးသပ်သည်။
“တပ်ယာဉ်တန်းတွေက အများဆုံး ထိနေတာ ဆိုတော့ သူတို့နဲ့လိုက်ရင် အခြေအနေ ဆိုးသွားနိုင်တယ်” ဟု 7 Day Daily သတင်းထောက်က ဆိုသည်။

ထို့နောက် အားလုံး၏ သဘောတူညီချက်အရ ကြက်ခြေနီ မော်တော်ယာဉ်ဖြင့်သာ ချင်းရွှေဟော်မြို့
သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြပြီး လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်သို့ သတင်းပို့၍ တွေ့ကြုံရ
မည်များကို ဆွေးနွေးပြောဆိုရင်း မြို့ပြင်သို့ ထွက်ခွာခဲ့ကြသည်။

“ကြက်ခြေနီအလံကို လေထဲမှ လွင့်နေအောင် လက်နဲ့ဆွဲထားပါ” ဟု မော်တော်ယာဉ်မောင်းက
လောက်ကိုင်မြို့ အထွက်တွင် နောက်ခန်းသို့ လှမ်း၍ ပြောနေသည်။ ရှေ့ခန်းတွင် ယာဉ်မောင်း၊ ကြက်ခြေနီတစ်ဦးနှင့် အလယ်ခုံတွင် သတင်းထောက်သုံးဦး လိုက်ပါလာပြီး နောက်ဖုံး အမိုးအပွင့်ပေါ်တွင် ကျန်သတင်းထောက်သုံးဦး၊ အရပ်သားတစ်ဦးတို့ လိုက်ပါလာသည်။ ခရီးစ၍ မိနစ်ပိုင်းမျှသာ
မောင်းရသေးသည်။ ကားက ရုတ်တရက် ထိုးရပ်သွားသည်။

“ဘရိတ်ကပ်နေတာပါ၊ ကိစ္စမရှိပါဘူး၊ ရေလောင်းလိုက်ရင် အဆင်ပြေသွားမှာပါ” ဟု ယာဉ်မောင်း
က ပြောပြောဆိုဆို ကားပေါ်မှဆင်းကာ လမ်းဘေးရှိ ရေအုတ်ကန်အတွင်းမှရေဖြင့် ကားရှေ့ဘီးကို
လောင်းလေသည်။

အပြန်ခရီးက အဆင်းလမ်းဖြစ်၍ လမ်းတွင် ချောက်ထဲသို့ ထိုးကျနေသော ကားများကို တွေ့မြင်ထားသည့် သတင်းထောက်များကတော့ စိုးရိမ်စိတ်ကိုယ်စီ ဖြစ်နေသည်။

ကားရှေ့ဘီးကို ရေသုံးကြိမ်လောင်း၍ ဆက်လက်မောင်းနှင်လာရာ လောက်ကိုင်မြို့နယ် ပါစင်ကျော်
ကျေးရွာအနီး အရောက်တွင် လောက်ကိုင်မှ ခြေလျင်လျှောက်လာသော စစ်ဘေးရှောင် ဒုက္ခသည်များကို တွေ့ရသည်။ ထိုသူများကို ကြည့်ရသည်က မသက်သာ။ ကလေးအမေများကို ဦးစားပေး၍ ကားနောက်တွင် နေရာပေးကာ ဆက်လက်ထွက်ခွာလာခဲ့သည်။

မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦး ဖြစ်သည့် ဒေါ်ဝင်းမြ (အမည်လွဲ) က သူမ၏ ကလေးကို နို့တိုက်ရင်းဖြင့် “ကျေးဇူးတင်ပါတယ် ဆရာတို့ရယ် ကျွန်မတို့မှာ လာခေါ်မယ့်
သူလည်း မရှိဘူးလေ။ အဲဒါကြောင့် ဖြစ်ချင်ရာဖြစ် ဆိုပြီး ခြေလျင်ဆင်းလာတာပါ” ဟု ဆိုသည်။

လောက်ကိုင်မြို့သို့ လာရောက်ကယ်ဆယ်သည့် ကြက်ခြေနီယာဉ်များ ပစ်ခတ်ခံရပြီးနောက် မည်သည့်ကယ်ဆယ်ရေးမျှ လုပ်ဆောင်ခြင်းမရှိဘဲ ခေတ္တရပ်နားထားမှုကို သိရှိထားပြီး ဖြစ်၍ 
ဒေါ်ဝင်းမြ ပြောချင်သည်ကို ကျွန်တော်တို့ နားလည်ပါသည်။

“လုံထန်ကျေးရွာကို ရောက်တော့မယ် ရှေ့ဆိုရင် သိပ်မလိုတော့ဘူး” ဟု ယာဉ်မောင်းက ဆိုသည်။ ယင်းကျေးရွာအနီးတွင် လောက်ကိုင်သို့ တက်သည့် တပ်မတော် မော်တော်ယာဉ်တန်းများ ပစ်ခတ်ခံရမှု အများဆုံး ဖြစ်ပွားသော နေရာဖြစ်၍ ကျွန်တော်တို့နှင့် မစိမ်းလှပေ။

“ဟိုနေ့ကတော့ တပ်မ (၁၁) က တက်ရှင်းထားတယ် ပြောတယ်။ အဲဒီကတည်းက ဘာမှ မကြားရတော့
ဘူးလေ။ ပြေးပြီရှိမှာပေါ့” ဟု အတူလိုက်ပါလာသော ကြက်ခြေနီအဖွဲ့ဝင် တစ်ဦးက တွေးတွေးဆဆ ဆိုလာသည်။

ကိုးကန့်တပ်ဖွဲ့များက ချောင်းမြောင်းပစ်ခတ်မှုကြောင့် အဆိုပါရွာအနီးရှိ တပ်မတော်စစ်ကြောင်းအချို့ ထိခိုက်ဒဏ်ရာရမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူများဖြင့် ရှင်းလင်းကြောင်း ချင်းရွှေဟော်အခြေစိုက် တပ်မ (၁၁) ထံမှ သိရှိထားပြီး ဖြစ်သည်။

ကိုးကန့်ဒေသတွင် စစ်ဖြစ်ပွားလျက် ရှိခြင်းကြောင့် စစ်ဘေးရှောင်ကျေးရွာများ အလားတူပင် လုံထန်ကျေးရွာတွင်လည်း လူသူလေးပါး အရိပ်အယောင်မျှပင် မတွေ့ရပေ။

လုံထန်ရွာကို ကျော်ဖြတ်လာပြီးနောက် ယာဉ်ပေါ်ရှိလူများ အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။ သတင်းထောက်များကလည်း ဖြတ်လာသမျှ လမ်းဘေးရှိ အရာမှန်သမျှကို ဓာတ်ပုံရိုက်သူရိုက်
၊ လောက်ကိုင်မြို့တွင်း တိုက်ပွဲများကို ထင်မြင်ချက်ပေးသူပေး ဆွေးနွေးလျက်ရှိသည်။ ကျွန်တော်တို့ ကားလေးသည် လုံထန်ရွာ တောင်ပေါ်အဆင်းလမ်းအတိုင်း ကြက်ခြေနီအလံ တလူလူ လွှင့်ထူလျက် မောင်းနှင်လျက်ရှိသည်။

ယင်းအချိန်မှာပင် ထောင်းခနဲ အသံမြည်ဟီးလျက် မော်တော်ယာဉ်အမိုးကို အားပြင်းပြင်းတစ်ခု ထိမှန်သံကြားလိုက်ရသည်။ အရာအားလုံး တိတ်ဆိတ်သွားပြီးနောက် ယာဉ်မောင်းက “ငါတို့ကိုပစ်ပြီဟေ့” ဟု အသံမြှင့်၍ ခပ်ပြင်းပြင်းအော်လိုက်သည်။

ယာဉ်မောင်းအော်သံနှင့် မရှေးမနှောင်းပင် “ပတောက် ပတောက် ထိန်း” ဟူသော အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး တရွှီရွှီအသံများ နံဘေးက ဖြတ်သွားကာ မော်တော်ယာဉ်အတွင်း ထိုင်ခုံနော
က်မှီ စုတ်ဖွာသွားသည်ကို မြင်လိုက်ရသည်။

“ကားကို ပစ်နေပြီဟ လုပ်ကြပါဦး။ ဘယ်လိုလုပ်ကြမလဲ” ဟူသော ဆောက်တည်ရာမရ အသံများ ထွက်ပေါ်လာကြပြီး ကျွန်တော်ထိုင်သော မော်တော်ယာဉ် ဘေးတံခါးသို့ ကျည်ဖောက်ဝင်သွားသည်။

အုန်းခနဲ အသံနှင့်အတူ ကားရှေ့ပိုင်း အနည်းငယ် မြောက်သွားပြီး မော်တော်ယာဉ် ထိုးရပ်သွားသည်။ တစ်ဆက်တည်းပင် သေနတ်သံများ ဆူညံနေသည်။ ကားရှေ့ပိုင်းကို ကျည်ထိမှန်သံများ ကြားလိုက်ရပြီးနောက် ကြက်ခြေနီအဖွဲ့ဝင်က “ငါ့ကို ထိသွားပြီဟေ့၊ ဆင်းဆင်း ကားပေါ်က ဆင်းကြ” ဟု ဆိုလိုက်သည်။

ကားတံခါးက ပွင့်သွားသည်နှင့် လက်ထဲရှိ ကင်မရာကို ဆုပ်ကိုင်ကာ မော်တော်ယာဉ် တံခါးပေါက်မှ ဝမ်းလျားမှောက်ဆင်းလိုက်သည့် အချိန်တွင် ဒုတိယအကြိမ်မြောက် အုန်းခနဲအသံ ထွက်ပေါ်လာပြီး ကားရှေ့ပိုင်း လမ်းပေါ်ရှိ ဖုန်လုံးကြီး ထောင်းထသွားသည်ကို မြင်ရသည်။ နားအတွင်း တဝီဝီအသံများသာ ကြားနေရသည်။ သတင်းထောက်များ အားလုံးသည် ဝမ်းလျားမှောက် အနေအထားဖြင့် လမ်းဘေးရေမြောင်းကျဉ်းလေးအတွင်း အလျားလိုက် ဝပ်ပြီးသား ဖြစ်နေသည်။

“ပတောက် ပတောက်” “ထိန်း ထိန်း” ဆိုသော သေနတ်သံများက မရပ်။ ဘယ်နားက ဘယ်လိုပစ်နေသည်ကို မသိသော်လည်း ရှည်ရှည်ဝေးဝေး မစဉ်းစား နိုင်ပေ။ အကာအကွယ်ဟု ယူဆရသော ရေမြောင်းကျဉ်းလေး အတွင်းကိုသာ ကိုယ်ကို တိုးဝင်နေရသည်။
ကွန်ကရစ်ဖြင့် အကျအန ဖောက်ထားခြင်း မရှိသော သာမန်ရေစီးမြောင်း ကျဉ်းကျဉ်းလေးအတွင်း ခန္ဓာကိုယ်က မဆံ့။ သေနတ်သံများ ရပ်သွားသည်ဟု ယူဆရချိန်တွင် ခန္ဓာကိုယ် အနေအထားကို အနည်းငယ်ပြင်မိသည်။

ယင်းသို့ မဆိုသလောက် လှုပ်ရှားမိသည်နှင့် တစ်ပြိုင်နက်တည်း “ထိန်းထိန်း” ဟူသော သေနတ်
သံများ သောသောညံကာ ခေါင်းပေါ်ရှိ မြေစာပုံများကို ကျည်ဆန်ထိမှန်ပြီး ဖွားခနဲ ဖြစ်သွားသည်။

တစ်ဆက်တည်းပင် “ရွှီ..အုန်း” ဆိုသော အသံကို ကြားလိုက်ရသည့်ခဏ ရင်ဘတ်ကို တစ်စုံတစ်ခုက အားဖြင့် ဆောင့်တွန်းလိုက်သလို ခံစားရပြီး မျက်လုံး၊ နား၊ နှာခေါင်းများ အတွင်းသို့ သဲများ အလုံးလိုက် ဝင်လာသည်။

“လက်နက်ကြီးနဲ့ ပစ်တာဟ။ အားလုံးတော့ သေကုန်တော့မှာပဲ” ဟု ယာဉ်မောင်း၏ အသံကို ကြားရသည်။ မျက်လုံးကို အနည်းငယ်ပွတ်၍ ဖွင့်ကြည့်လိုက်သော်လည်း ခန္ဓာကိုယ်ကိုတော့ ဝမ်းလျားမှောက် အနေအထားက မရွှေ့ရဲသေး။

“အားလုံးမလှုပ်နဲ့၊ လှုပ်တာမြင်တာနဲ့ ထပ်ပစ်တာ” ဟု ပြည်ထောင်စုနေ့စဉ် သတင်းထောက်၏ ခပ်တိုးတိုး သတိပေးသံကို ကြားရသည်။ ပတ်ဝန်းကျင်တွင်တော့ ဖုန်မှုန့်များဖြင့် မှုံမှိုင်းလျက်။ မည်သည့်အရာမျှ သဲသဲကွဲကွဲမမြင်ရ။ ရေမြောင်းဘေးရှိ သစ်ပင်တွင် ကျည်ဆန်ထိမှန်ထားသော သစ်ရွက်များက တဖြုတ်ဖြုတ် ကြွေကျလျက်ရှိသည်။ သတိထားမိသည်က ပစ်ခတ်ရင်းဖြင့် တရုတ်စကား နှစ်ခွန်းကို ထင်ထင်ရှားရှား ကြားရသော်လည်း နားမလည်၍ ဘာပြောသည်ကို မသိပေ။

နာရီဝက်ခန့် စိတ်ကြိုက်မွှေနှောက် ပစ်ခတ်ရ၍ မောသွားသောကြောင့်လား သို့တည်းမဟုတ် အသက်ရှင်သူမရှိဟု တွက်ဆ၍လောမသိ သေနတ်သံများ ရပ်ဆိုင်းသွားသည်။

လက်ဖျံနားတစ်ဝိုက် နာနေသည်ကို သိသော်လည်း မသိမသာ လှုပ်ကြည့်သောအခါ သေနတ်ဒဏ်ရာ ဟုတ်မဟုတ် စစ်ဆေးနိုင်ခြင်း မရှိနိုင်သေးပေ။ နားတို့က အူထွက်နေသည်ကို သတိထားမိပြီး မည်သည့်အသံမျှ ထပ်မံမကြားရတော့ပေ။

“ကျွန်တော် တော်တော်ထိထားတယ်။ သွေးတော်တော် ထွက်နေတယ်” ဟူသော အသံကို ပထမဆုံးကြားရသည်။ မျက်လုံးကို အားယူဖွင့်ကြည့်မိတော့ ကျွန်တော်နှင့် မျက်စောင်းထိုး အနေအထားတွင် လဲနေသော ယာဉ်မောင်းထံမှဖြစ်ပြီး ထိုသူ၏ လက်ဖျံတွင် သွေးများစီးကျနေကာ အရိုးထွက်နေသည်ကိုပါ မြင်ရသည်။ သို့နှင့် သူ့အနားသို့ အကူအညီပေးရန် ဝမ်းလျားမှောက် တိုးကပ်သွားသည်။ လှုပ်ရှားမှုကို မမြင်မိစေရန် ကြိုးစားရခြင်းကြောင့် ယာဉ်မောင်းဘေးသို့ ဝမ်းလျားမှောက်သွားရသည်မှာ တစ်ကမ္ဘာခန့် ကြာသည်ဟု ထင်ရသည်။
အနားကို ရောက်ရှိသွားချိန်တွင် သူ့တွင် ဒဏ်ရာရရှိထားသည်က ဝမ်းဗိုက်တွင် တစ်ချက်နှင့် တင်ပါးဆုံတွင် တစ်ချက် ကျည်ဝင်ဒဏ်ရာကို ထပ်တွေ့ရသည်။

အောက်တွင်ဝတ်ထားသော တီရှပ်အင်္ကျီအဖြူကို ချွတ်ပေး၍ ယာဉ်မောင်း၏ ဒဏ်ရာရလက်ကို စီးပေးလိုက်သော်လည်း သွေးထွက်လွန်မည်ကို စိုးရိမ်နေပုံရသည်။

“ကျွန်တော့်ဗိုက်ကိုလည်း တစ်ခုခုနဲ့ စည်းထားချင်တယ်“ ဟု သူက စိုးရိမ်စွာ ဆိုလာသည်။ ကျွန်တော့်ခြေထောက် အနီးရှိ 7 Day Daily သတင်းထောက် လက်ဟန်ခြေဟန်ဖြင့် သူပေးမည်ဟုဆိုကာ သူ့ရှပ်အင်္ကျီကို ချွတ်ကာလှမ်းပစ်ပေးသည်။ ယင်းနောက် ဝမ်းဗိုက်ကိုပါ ထပ်၍စည်းပေးထားရသည်။ လှုပ်ရှားမှုကို မြင်ပါက ထပ်မံပစ်ခတ်မည်ကို စိုးရိမ်ရသောကြောင့် အားလုံးက ဝမ်းလျားမှောက်လျက်။

ယာဉ်မောင်းတွင် ပါလာသောဖုန်းဖြင့် ချင်းရွှေဟော် တပ်မ (၁၁) ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းလိုင်းမမိပေ။ ကျန်လူများတွင်လည်း ဖုန်းက မည်သည့်နေရာတွင် ကျန်ရစ်ခဲ့ပြီမ သိတော့။

“ဘယ်သူထိသေးလဲ” ဟု ပြည်ထောင်စုနေ့စဉ် သတင်းထောက်က ဆိုသည်။ အားလုံးချိတ်ဆက်
မေးမြန်ကြည့်သည့်အခါ MRTV 4 သတင်းထောက်တစ်ဦး၏ လက်မောင်း ထိထားသည်ကို သိရသည်။ ဒဏ်ရာရထားသော ယာဉ်မောင်းက စိုးရိမ်စိတ်ဖြင့် တပ်မတော်စစ်ကြောင်းများကို ဖုန်းဆက်ရန်သာ မကြာခဏ တိုက်တွန်းနေသည်။

သို့သော် ကံကြမ္မာက မျက်နှာသာမပေး။ ရှိသည့် ဖုန်းကလိုင်းမမိ။ အဆက်အသွယ် မရရှိလျှင် မည်သည့် တပ်မတော်ယာဉ်တန်းမျှ လာရောက်ကယ်ထုတ်မည် မဟုတ်ပေ။ အရပ်သား မော်တော်ယာဉ် ဆိုသည်ကား ပို၍မဖြစ်နိုင်ချေ။ ပစ်ခတ်ခံရပြီးနောက် နှစ်နာရီကျော် ကြာမြင့်သည်အထိ မလှုပ်ရဲ။ ထိခိုက်ဒဏ်ရာ
ရထားသော လူနာများ သွေးထွက်လွန်မည်ကိုတော့ စိုးရိမ်မိသည်။

“အခု အပစ်ခံရတာ နှစ်ဖက်ညှပ်ပစ်တာ။ အားလုံး ကားလမ်းတစ်ဖက်တစ်ချက်စီက တောင်ကြောတွေ
ပေါ်မှာ ရှိနေတယ်” ဟု ဒဏ်ရာရ ယာဉ်မောင်းက ဆိုသည်။

အပေါ်စီးမှ မြင်ရသည် ဆိုသော်လည်း အမှောင်ရောက်လာသည်နှင့် မြင်ကွင်းမရှင်းနိုင်တော့။ ယင်းကြောင့် အမှောင်ကို စောင့်ရပေတော့မည်။

လက်နက်ကြီးဒဏ်ကြောင့် မော်တော်ယာဉ် ဘီးလေးဖက်လုံး ပေါက်သွားကာ ယာဉ်တစ်ခုလုံးက ဆန်ခါပေါက်ဖြစ်နေပြီဟု ကား၏နံဘေးတွင် ဝပ်နေသူ ကြက်ခြေနီအဖွဲ့ဝင်က အခြေအနေကို ဆိုလာသည်။

သူ၏ လက်မောင်းတွင် ကျည်ဆန်ဝင်ထား၍ မလှုပ်နိုင်။ ထိုသူမှာ လမ်းမပေါ်တွင် ဖြစ်နေသောကြောင့် အနားသို့ကပ်ရန် မလွယ်ကူပေ။ ထို့အပြင် ထပ်မံစိုးရိမ်မိသည်က အမျိုးသမီးများနှင့် ကလေးများ ဖြစ်
သည်။ သေနတ်စတင်ပစ်ခတ်ချိန်တွင် ကလေးငယ်များ အသံကို ကြားရသော်လည်း လက်နက်ကြီး ပေါက်ကွဲသံများ အပြီးတွင် အသံတိတ်သွားလေသည်။

“ကလေးမအေနဲ့ ကလေးတွေက ကားပေါ်မှာ ကျန်ခဲ့တယ်ဟ။ ဒုက္ခပါပဲ” ဟု အတူလိုက်ပါလာသူ MRTV 4 သတင်းထောက်က ဆိုသည်။ တစ်ယောက်တစ်ပေါက် ခပ်တိုးတိုး ခေါ်ကြည့်သော်
လည်း ပြန်ထူးသံမကြားရ။

ယင်းအချိန်တွင် မမျှော်လင့်သော ဖုန်းမြည်သံတစ်ခုကို ကြားရသည်။ အားလုံး ဝမ်းသာအားရဖြင့် “ဟာဖုန်းပဲ ဘယ်သူ့ဖုန်းလဲ လိုက်ရှာလိုက်ရှာ ဘယ်နားမှာလဲ” ဟု ရေရွတ်ကြသော်လည်း မည်သူမျှ ခေါင်းမ
ဖော်နိုင်သေးပေ။ ယခုအချိန်အထိ မပြန်သေးဘဲ စောင့်ဆိုင်းနေလျှင် လှုပ်ရှားမှု မြင်သည်နှင့် နောက်
တစ်ကြိမ် ထပ်၍ပစ်ခတ်ခံရနိုင်သည်ကို အားလုံး သိထားနှင့်ပြီးသား ဖြစ်သည်။

သို့သော်လည်း သိပ်မကြာလိုက်ပေ ဖုန်းဝင်သံ ထပ်မံမြည်လာပြီးနောက် ဖုန်းတည်နေရာကို သိရှိသွားကာ အနီးဆုံးရှိသူတစ်ဦးက ကောက်ကိုင်၍ စကားပြောလေသည်။

“ဟလို ဗိုလ်မှူးလား။ ကျွန်တော်တို့ သတင်းထောက်တွေပါတဲ့ကား ပစ်ခတ်ခံရပါတယ်။ လုံထန်အဆင်း
မှာပါ” ဟု 7 Day Daily သတင်းထောက်ကပြောပြီး ဟိုဘက်က မေးသည်များကို တစ်ခုချင်း ပြန်ဖြေ
လေသည်။

ချင်းရွှေဟော် တပ်မ (၁၁) သို့ လောက်ကိုင်မြို့မှ ပြန်ဆင်းလာမည်ဟု ကြိုတင်သတင်းပို့ထားခြင်း၏ ရလဒ်ဟု အားလုံးဝမ်းသာစွာ သဘောပေါက်လိုက်ကြသည်။

“ဗိုလ်မှူး ဖုန်းဆက်တယ်။ ခုထိရောက်မလာလို့ စိတ်ပူပြီး ဖုန်းဆက်တာတဲ့၊ အနီးဆုံးစစ်ကြောင်းကို လွှတ်လိုက်မယ်တဲ့ ဒဏ်ရာရသူတွေ တောင့်ထားပါ လို့ပြောတယ်” ဟု ဆိုလာသည့် 7 Day Daily သတင်းထောက်၏ စကားအဆုံးတွင် အားလုံး ထခုန်မတတ် ဝမ်းသာမိသော်လည်း မလှုပ်ရှားရဲသေး။ တပ်မတော်စစ်ကြောင်းများ ရောက်လာချိန်ကိုသာ ထပ်မံစောင့်ရပေတော့မည်။

ဒဏ်ရာရ ယာဉ်မောင်းက သွေးထွက်လွန်နေ၍ ကယောင်ကတမ်းတွေ ပြောနေ၍ သူ၏ လက်ကိုကိုင်ကာ “သိပ်မကြာပါဘူး၊ ကယ်ဆယ်ရေး ရောက်လာမှာပါ” ဟု ဆိုကာ ကျည်ထိထား၍ သွေးများထွက်ကာ တုန်နေသော သူ၏ခြေထောက်ကို ဖိပေးထားလျက် အားပေးစကား ပြောနေရသည်။

ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် နာရီဝက်ခန့် အကြာတွင် မော်တော်ယာဉ်အသံကို ပြိုင်တူကြားလိုက်ရပြီး တပ်မတော်ယာဉ်တန်း လာပြီဟူသော ပြည်ထောင်စုနေ့စဉ် သတင်းထောင်၏ သတင်းပေးစကားကို ကြားလိုက်ရသည်။သို့သော် တစ်ဖက်တောင်ကြောပေါ်တွင် ပစ်ခတ်မည့်အဖွဲ့များ ရှိ၊ မရှိ မသေချာ၍ မထရဲကြ။

အချိန်ကား ညနေ ခြောက်နာရီ ထိုးပြီဖြစ်၍ မှောင်ရီပျိုးစပြုနေပြီ။ ကျွန်တော်တို့အဖွဲ့ တွေးထင်ထားသည့် အတိုင်းပင် တပ်မတော်ယာဉ်တန်း ရောက်ရှိလာချိန်တွင် တစ်ဖက်တောင်ကြောပေါ်မှ မီးပွင့်ကို မြင်လိုက်ရသည့်ခဏ တစ်ပြိုင်နက် “ပတောက် ပတောက် ဗြောင်း” ဟူသော သေနတ်သံကိုပါ ကြားလိုက်ရသည်။

တောင်ကြောပေါ်နှင့် မြေပြင်အပြန်အလှန် ပစ်ခတ်နေကြသည်မှာ ကမ္ဘာပျက်သည့်နှယ် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေလေသည်။
သစ်ကိုင်းများ ထက်ပိုင်းကြိုးကာ အနီးရှိ မြေစာပုံများ ဖွာခနဲ့ လွင့်စင်သွားသည်။

“ညီလေးတို့ အားတင်းထား ဘာမှမဖြစ်ဘူး။ ခဏနေ ပြန်ရမှာနော်။ ဒီကောင်တွေက ပစ်ပြေးအဆင့်တွေပါကွာ” ဟုတပ်မတော်သားတစ်ဦးက မြောင်းအတွင်းဆင်းကာ နေရာယူ
လျက် ပြောသည်။

ယင်းနောက် “အုန်းခနဲ” အသံများကို ဆက်တိုက်ကြားလိုက်ရပြီး တပ်မတော်သားတစ်ဦးက “မြင်လား အစ်ကို ပစ်လိုက်တာ။ ဘယ်ရမလဲ အဲဒါ ၄၀ မမ လို့ ခေါ်တယ်။ ပစ်ချက် ဒါရိုက်ပဲ” ဟု ဟာသနှောလျက် ဆိုသည်။

ထိုသူများက ပြောရင်းပစ်နေကြသော်လည်း သေနတ်သံများနှင့် ရင်းနှီးမှု မရှိသူများ ဖြစ်သည့် ကျွန်တော်တို့ အားလုံးကတော့ နားများကို လက်ဝါးဖြင့်ပိတ်ကာ ဦးခေါင်းကို မြေကြီးနှင့် တစ်သားတည်း ကပ်ထားရသည်။

စက္ကန့်ပိုင်းလောက်သာ ကြာမြင့်ပြီးနောက် နှစ်ဖက်သေနတ်သံများ ငြိမ်သက်သွားသည်။

“မြင်လား ပစ်ပြေး ဆိုတာ အဲဒါပြောတာပေါ့။ ပြေးပြီလေ ဘယ်ရမှာလဲ။ ဟေ့ကောင်တွေ ၄၀ သုံးလုံး ကျွေး
လိုက်တာ မြင်လား” ဟု တပ်မတော်သားတစ်ဦး၏ အသံကိုသာ ကြားရသည်။

ယင်းနောက် ရေမြောင်းများအတွင်းရှိ ဝမ်းလျားမှောက်နေသူများကို လုံထန်ကျေးရွာ အတွင်းရှိ တဲကုပ်အတွင်းသို့ တစ်ယောက်ချင်းစီ ကယ်ထုတ်သည်။

“ဘယ်သူတွေ ထိသေးလဲ။ သတင်းထောက် ဘယ်နှယောက် ထိထားလဲ” ဟု ဒုတပ်ရင်းမှူးက မေးမြန်းပြီး လူတွေကို စစ်ဆေးကြည့်နေသည်။

အမျိုးသမီးတစ်ဦး တင်ပါးထိထားပြီး ကလေးငယ်များမှာ အထိအခိုက် မရှိသောကြောင့် အားလုံးက စိတ်အေးသွားမိသည်။

“တော်သေးတာပေါ့ဗျာ ကလေးကို မထိလို့။ ကျွန်တော်တို့က ကလေးအသံတိတ်သွားတော့ စိုးရိမ်မိတာ” ဟု အားလုံးက မေးမြန်းသောအခါမှ ကလေးငယ်များကို ငိုယိုအသံမထွက်စေရန် ပါးစပ်ကို အဝတ်များဖြင့် ထည့်သွင်းပိတ်ထားရကြောင်း အမျိုးသမီးက ငိုယိုကာ ရှင်းပြသည်။

“ကျွန်မတို့လည်း ရွေးချယ်စရာ မရှိဘူးလေ။ အသေပစ်နေတဲ့အချိန်မှာ အသံထွက်တာသိရင် ဆက်ပစ်နေမှာပေါ့” ဟု သူမက ဆိုသည်။

သူမထိုင်နေသော ကားအတွင်းသို့ လက်နက်ကြီး ကျရောက်သော်လည်း မပေါက်ကွဲကြောင်း တပ်မတော်သားတစ်ဦးက ဆိုသည်။

မည်သည့်နေရာတွင် ကျန်ရစ်ခဲ့မှန်း မသိသော ကင်မရာများကို ပြန်တွေ့သည်က ကျွန်တော်တို့ သတင်းထောက်များအတွက် ကံကောင်းသည်ဟုပင် ဆိုရမည်။

“လူသေချင်သေပစေ ကင်မရာတော့ ကိုယ်နဲ့မကွာ ရှိထားတယ်ဗျာ။ သေသွားရင်တောင် ကျွန်တော်တို့ သွားခဲ့ရတဲ့ခရီးက အလကား မဖြစ်စေချင်ဘူးလေ” ဟု 7 Day Daily သတင်းထောက်က ဆိုသည်။

လာရောက်ကယ်တင်သော စစ်ကြောင်းဖြင့်ပင် အားလုံးပြန်လိုက်လာရန် တပ်မတော် အရာရှိတစ်ဦးက ပြောဆိုသည်။“ကျွန်တော်တို့ ကားနဲ့သွားလို့ မရဘူး။ ကားနဲ့ သွားလို့ မီးရောင်မြင်ရင်
လမ်းမှ ထပ်ပစ်ခံရနိုင်တယ်။ အဲဒါကြောင့် အားလုံး ခြေလျင်လျှောက်ရမယ်” ဟု ၎င်းကဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုများ ရပ်တန့်သွားပြီ ဆိုသော်လည်း ညမှောင်ချိန် ရောက်ရှိနေသောကြောင့် တစ်ဖက် ရန်သူ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိရန် မလွယ်ကူကြောင်း တပ်မတော်သားတစ်ဦးက ရှင်းပြသည်။“ကျွန်တော်တို့ အတန်းလိုက်သွားတာ ပိုကောင်းမယ်။ ပစ်သံကြားတာနဲ့ လမ်းဘေးတောင်နံရံကို ပြေးကပ်ပါ” ဟု ၎င်းကဆိုသည်။

ရောမရောက် ရောမလိုပင် ကျင့်ရမည် ဆိုသည့်အတိုင်း အသက်အန္တရာယ် လုံခြုံရေးအတွက် မှာကြားသည့် အတိုင်းသာ လုပ်ရမည်ကို သတင်းထောက်များ အားလုံး သဘောပေါက်ကြသည်။

“ကျွန်တော်တို့ထဲက ကျန်တဲ့လူ ဒီအဖြစ်အပျက်ကို ရေးဖြစ်အောင်ရေးပါ” ဟု အချင်းချင်းကြား
ရုံ ပြောမိသည်။

ဒဏ်ရာရလူနာများ ထမ်းစင်ပေါ်တင်အပြီးတွင် အပြန်ခြေလျင်ခရီးကို တပ်မတော်စစ်ကြောင်းနှင့်အတူလိုက်
ရန် ပြင်ဆင်ကြလေပြီ။ တောင်ကြောနှစ်ဖက်ပေါ်မှ ညှပ်ပိတ်ပစ်ခတ်ခံရပြီးနောက် သုံးနာရီကျော်အကြာတွင် လုံထန်ကျေးရွာအနီးက အပြန်ခရီးကို စတင်သည်။

လမ်းတစ်လျှောက်တွင် လာရောက်ကယ်ဆယ်သောတပ်မတော်ယာဉ်တန်းပစ်ခတ်ခံရခြင်းကြောင့်
မော်တော်ယာဉ်တစ်စီး တောင်ခါးပါးယံကို တိုက်မိပြီး ရှေ့ပိုင်းကြေမွနေသည်ကို တွေ့ရသည်။

“ယာဉ်မောင်းတပ်သား ထိတယ်။ အခု ကွမ်းလုံဆေးရုံကို ပို့ထားတယ်” ဟုတပ်မတော်သားတစ်ဦးက ဆိုသည်။

လောက်ကိုင်မြို့အပြန်ခရီးတွင် နာမည်ကျော် လုံထန်ကျေးရွာတိုက်ပွဲကို ကိုယ်တွေ့ကြုံရလေပြီ။ ကျွန်တော်အပါအဝင် တိုက်ပွဲအတွင်း ပိတ်မိနေသူများ အချို့တွင် ဖိနပ်များမရှိတော့။ အားလုံးသည် ဖုန်တသောသောနှင့် သွေးပေနေသော အဝတ်အစားများ ကိုယ်စီ။

လရောင်မရှိသောကြောင့် ကြယ်ရောင်များဖြင့် လမ်းကို မသဲမကွဲမြင်နေရချိန်တွင် ဖိနပ်မပါသော ခြေဖဝါးဖြင့် အပြန်လမ်းကို စလျှောက်မိသည်။

ရှမ်းပြည်နယ် ရာသီဥတုက အပေါ်အနွေးထည် တစ်ခုသာ ကျန်တော့သည့် ကျွန်တော်တို့ကို မညှာမတာ။ အရိုးကွဲမတတ် အေးနေသည်။ ကောင်းကင်တစ်ခွင်လုံးတွင် ကြယ်ရောင်များက မစုံတစုံ။ ဒီအချိန်တွင် တပ်မတော် အရာရှိတစ်ဦးက ရယ်ရွှမ်းဖွဲ့ရင်း“မကြောက်ပါနဲ့ဗျာ။ နောက်တစ်ပတ်လောက်ဆို ပုံမှန်ဖြစ်သွားမှာပါဗျာ။ အခုတော့ နဖူးတွေ့ဒူးတွေ့ပေါ့။ ခင်ဗျားတို့ စစ်သတင်းထောက်အစစ် ဖြစ်သွားပါပြီ” ဟု ဆိုလိုက်လေသည်။

ဟိန်းသွင်ထက်

ကိုးကန့်တိုက်ပွဲ ဘာတွေဆက်ဖြစ်လာမှာလဲ

လောက်ကိုင်ဒေသတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ (STRINGER/AFP) 
သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ကိုးကန့်တိုက်ပွဲတွင် တရုတ်ပါဝင်ပတ်သက်မှု မရှိကြောင်း ပြောကြားပြီး နောက်တစ်ရက်အကြာတွင် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက တရုတ်စစ်တပ်၌ တာဝန်ထမ်းဆောင်ဖူးသူများ ကိုးကန့်တိမ်းရှောင်အဖွဲ့တွင် ပါဝင်နေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကိုးကန့်အဖွဲ့ထံမှ ဖမ်းဆီးရမိသည့် လက်နက်များအရ ‘၀’တပ်ဖွဲ့ထုတ် လက်နက်များဖြစ်နေပြီး ‘၀’, မိုင်းလား အပါအ၀င် UNFC အဖွဲ့ဝင် KIA, SSA (၀မ်ဟိုင်း)၊ TNLA တို့ ပါဝင်ပတ်သက်နေကြောင်း ၎င်းက အထောက်အထားဓာတ်ပုံများနှင့်တကွ သတင်းစာဆရာများအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

ထူးခြားသည်က တရုတ်နိုင်ငံတွင် ဖုန်ကြားရှင်နေထိုင်၍ တိုက်ပွဲကို ကွပ်ကဲနေသော ဟိုတယ်၊ ဒဏ်ရာရ ကိုးကန့်တပ်ဖွဲ့ဝင်များကို ဆေးကုသပေးသည့် တရုတ်နိုင်ငံဆေးရုံနှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များအား တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားသည့် ဓာတ်ပုံများကို ရှင်းလင်းပွဲတွင် ပြသထားခြင်း ဖြစ်သည်။ ကိုးကန့်တိမ်းရှောင်အဖွဲ့သည် ပြည်ပအဖွဲ့အစည်းများ၏ ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့ဟု တပ်မတော်နှင့် အစိုးရက တောက်လျှောက် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် တရုတ်စာတန်းများဖြင့် ရေးသားထားသည့် ဖုန်ကြားရှင် နေထိုင်သည်ဆိုသော ဟိုတယ်နှင့် ဆေးရုံတို့ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ 

ကိုးကန့်တိုက်ပွဲတွင် တရုတ်အစိုးရပါဝင်ပတ်သက်မှု မရှိသော်လည်း အောက်ခြေတွင် ပါဝင်မှုများရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် တပ်မတော်ပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့အင်အားအကြီးမားဆုံးဟု သတ်မှတ်ထားကြသည့် ‘၀’တပ်ဖွဲ့တို့ ပါဝင်ပတ်သက်နေကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ရိုက်ခတ်မှုရှိလာနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ပြောကြားသည်။ 

တရုတ်ဗဟိုအစိုးရ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည့် စာချုပ်ပေါင်း ၃၁ ခုရှိပြီး ကျောက်ဖြူ၊ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတို့မှာ တရုတ်နိုင်ငံအတွက် အသက်သွေးကြောပမာဖြစ်နေရာ မြန်မာအစိုးရအပေါ် ဆက်ဆံရေးမူဝါဒ ပြောင်းလဲလိုက်ပါက ၎င်း၏အကျိုးစီးပွားနစ်နာမှုသာရှိမည် ဖြစ်သည်။ ဆက်ဆံရေးမူဝါဒမှာ မြန်မာဘက်ကသာ ပြောင်းလိုသည့် သဘောတွေ့လာရကြောင်း စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

‘‘ပြောင်းချင်နေတာ မြန်မာအစိုးရ။ မြန်မာဘက်ကတော့ ပြောချင်လာပြီ။ တိုင်းရင်းသားတွေကို မထောက်ပံ့ဖို့။ အဲဒီလိုပြောဖို့ ဒီဘက်မှာလည်း အထောက်အထားမရှိဘူး။ မြန်မာအစိုးရကို ၂၆ နှစ်လုံးလုံး အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်ခံကာကွယ်ပေးခဲ့တာ တရုတ်ပြည်ပေါ့။ စစ်လက်နက်တွေ ပိတ်ဆို့မှုတွေ လုပ်နေတဲ့ကြားက မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်တည်ဆောက်ပေးခဲ့တာ တရုတ်ပြည်။ ဒါပေမဲ့ မြန်မာအစိုးရကို ချစ်လွန်းလို့ မဟုတ်ဘူး။ သယံဇာတတွေ အချောင်နှိုက်ဖို့။ ဒါပေမဲ့ အခု သူ့အကျိုးစီးပွားထိခိုက်အောင် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဖြစ်လာရင် ၁၉၆၈ တုန်းက ဗကပလို လက်နက်တပ်ဆင်ပေးလိုက်ရင်တော့ ကျွန်တော်တို့နိုင်ငံမတွေးဝံ့ဘူး’’ဟု ၎င်းကပြောသည်။ 

မန်မာအစိုးရနှင့် ဖုန်ကြားရှင် အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြေလည်အောင်ဆွေးနွေးနိုင်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းသည် ဒုတိယခရိုင်းမီးယားအရေး ဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။ 

‘‘ဖုန်ကြားရှင်ကို ပြည်တွင်းလက်နက်ကိုင်အဖွဲ့လို့ လက်ခံပြီး ငြိမ်းချမ်းရေးစကားဝိုင်းပေါ် ခေါ်ပေးစေချင်တယ်။ တရုတ်မုန်းတီးရေးဖြစ်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံတွေက လွယ်လွယ်လေး။ အထက်မြန်မာပြည်က အချက်အချာ စီးပွားရေးတွေအများစုက တရုတ်တွေ လက်ထဲမှာ။ ပြဿနာကို မီးမွှေးလို့ တရုတ်က သူ့အကျိုးစီးပွားထိခိုက်ရင် ‘၀’၊ ကချင်၊ ကိုးကန့်တွေကို လက်နက်တပ်ပေးလိုက်ရင် အရှေ့မြောက်က ဒုတိယခရိုင်းမီးယား ဖြစ်လာမယ်။ တကယ်တမ်း ဖြစ်လာရင် အမေရိကန်တို့၊ EU တို့ ဘာမှမှလုပ်ပေးနိုင်တာ အခုယူကရိန်းခရိုင်းမီးယားကို ကြည့်လေ။ ကြားထဲက ကျွန်တော်တို့တိုင်းပြည်အထိနာလိမ့်မယ်’’ဟု ၎င်းကထောက်ပြသည်။ 

ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ကြေးစားစစ်သားများ ခေါ်ယူအသုံးပြုကြောင်း အထောက်အထားများဖြင့် ရှင်းလင်းခဲ့သည်။ နှစ်ဖက်နယ်စပ်ချင်း ထိစပ်နေသည့်ဒေသတွင် တရုတ်နိုင်ငံသားများ အလုံးအရင်းဖြင့် ၀င်ထွက်သွားလာနိုင်ပြီး ၎င်းတို့ကိုယ်တိုင် နယ်စပ်လက်နက်ကိုင်အဖွဲ့များတွင် နေထိုင်ခဲ့စဉ် တရုတ်ရာဇ၀တ်သားများ၊ အလုပ်လက်မဲ့များက မြန်မာပြည်ဘက်ခြမ်းရှိ လက်နက်ကိုင်တပ်ဖွဲ့များထံ ၀င်ရောက်တာဝန်ထမ်းဆောင်ဖူးကြောင်းနှင့် ထိုသူများကို ကြေးစားစစ်သားဟုခေါ်၍မရကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ရဲဘော်သံချောင်းက ပြောသည်။ 

‘‘တရုတ်ပြည်ထဲမှာ ကြေးစားစစ်သားကုမ္ပဏီဖွင့်ပြီး ငှားစားတာမျိုး မရှိပါဘူး။ ကြေးစားစစ်သားတွေ၊ စစ်တပ်တွေဆိုတာ သူများတိုင်းပြည်တွေမှာ ရုံးခန်းဖွင့်ပြီး လုပ်နေတာပါ။ တရုတ်မှာ အဲဒီလိုမရှိပါဘူး။ ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ ဖြစ်နေတာက အမေရိကန်ဟာ သူ့ရဲ့ တရုတ်ဆန့်ကျင်ရေး နည်းဗျူဟာအရ တရုတ်ကို အကွက်ရှာတိုက်ခိုက်နေပြီး စစ်အစိုးရကလည်း သူတို့ အပြစ်လွတ်ကင်းအောင် မြားဦးကို တရုတ်ဘက် လှည့်ပေးနေတာ ဖြစ်ပါတယ်။ သိကြရမှာက ပြည်ပနိုင်ငံတစ်ခုခုကို အပြစ်တင်ပုံချနေရုံနဲ့ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ အောင်ပွဲခံရမှာ မဟုတ်ဘူးဆိုတာပါပဲ။ အဓိကပြဿနာ၊ အဓိကတာဝန်ရှိသူဟာ ပြည်တွင်းမှာပါ’’ဟု ရဲဘော်သံချောင်းကဆိုသည်။ 

ကိုးကန့်တရုတ်များမှာ လူမျိုးအရ တရုတ်လူမျိုးဖြစ်သော်လည်း သမိုင်းကြောင်းအရ ၁၈၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံ၏ အစိတ်အပိုင်းဖြစ်နေပြီး တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်လည်း အပါအ၀င်ဖြစ်ကြောင်း၊ ကိုးကန့်ဒေသမှာ ဗဟိုအစိုးရအဆက်ဆက် လုံးဝလက်လှမ်းမမီသည့်နေရာဖြစ်ပြီး ကိုးကန့်တိုင်းရင်းသားများအရေးအတွက် ယခုဖုန်ကြားရှင်နှင့် တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ၏ ရှုမြင်ချက်အပေါ် မူတည်နေကြောင်း ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။ 

‘‘မြန်မာစစ်တပ်က ဒီလောက်တောင်တွေ အမြင့်ကြီး(ကိုးကန့်)မှာ မနေနိုင်ဘူး။ တပ်မတော်ကလည်း လောက်ကိုင်နဲ့ ချင်းရွှေဟော်လောက်အထိပဲ ရှိတယ်။ မြန်မာအစိုးရထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုးကန့်တပ်တွေက တောင်ကုန်းထိပ်တိုင်းပေါ်မှာ စစ်သားက တစ်ထောင်လောက် ပို့ထားပြီးသား။ သူတို့ဟာ ဘာသာစကားအရလည်း အစိုးရနဲ့ ကောင်းကောင်းမပူးပေါင်းနိုင်ဘူး။ ကုန်းကြမ်းမှာနေတဲ့ ကိုးကန့်လောက်ပဲ မြန်မာစကားကို ပြောတတ်တယ်။ စစ်ပွဲက ဆက်ဖြစ်မှာပဲ။ တကယ်လို့ တိုက်ပွဲတွေ မရှိဘူးဆိုရင်တောင် အစိုးရတပ်တွေက လောက်ကိုင်က မလိပါးချိုင့်ဝှမ်းမှာနေပြီး သူပုန်တွေက တောင်ပေါ်မှာနေနေမှာ’’ဟု လက်ရှိ တိုက်ပွဲဝင် နှစ်ဖက်တပ်အနေအထားကို လောက်ကိုင်နှင့် ‘၀’ ဒေသတို့သို့ ကိုယ်တိုင်သွားရောက်ဖူးသည့် ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ရှင်းပြသည်။ 

လက်ရှိ ကိုးကန့်ဖြစ်စဉ်အပေါ် အနောက်အုပ်စုက လက်ခုပ်တီးအားပေးလိုသော်လည်း အရှေ့ဖျား၏ ဒုတိယမြောက် ယူကရိန်းဖြစ်လာမည်ကိုစိုးရိမ်၍ ငြိမ်သက်နေပုံရကြောင်း ဦးသန်းစိုးနိုင်က ၎င်း၏အမြင်ကိုပြောသည်။ 

‘‘အစိုးရကိုယ်တိုင် အရင်က အပစ်ရပ်အဖွဲ့လို့ အသိအမှတ်ပြုထားတဲ့ ဒီအဖွဲ့(ဖုန်ကြားရှင်)ကို သဘောထားကြီးစွာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲထဲကို ဆွဲမခေါ်ဘူးဆိုရင် ရေရှည်ငြိမ်းချမ်းရေးလုပ်ငန်းမှာ အဟန့်အတားဖြစ်စေမယ်’’ဟု ၎င်းကပြောသည်။ 

ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့(MNDAA) မှာ UNFC ၏ ၁၂ ဖွဲ့မြောက် အဖွဲ့ဝင်ဖြစ်ပြီး ၎င်းတို့အရေးမှာ UNFC နှင့် သက်ဆိုင်ကြောင်း UNFC ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။ 

သို့သော် MNDAA က မမှန်ကန်သည့် လုပ်ရပ်များမလုပ်ရန် ထိန်းကျောင်းရမည့် တာဝန်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်စဉ်ဖြစ်ရပ်များ မှန်ကန်မှု ရှိ၊ မရှိကို ခေါင်းဆောင်ပိုင်းနှင့် ဆက်သွယ်ညှိနှိုင်းမည်ဟု ၎င်းကဆိုသည်။ 

ကိုးကန့်တိုက်ပွဲနှင့် တိုက်ပွဲတွင် UNFC အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေခြင်းကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှုပြင်းထန်မည်ဟု မထင်ကြောင်းနှင့် တိုင်းပြည်အတွက် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခုလိုအပ်နေရာ ငြိမ်းချမ်းရေးရအောင် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ 

‘‘UNFC ရဲ့ မူအရတော့ ကျွန်တော်တို့က ၀ိုင်းဝန်းပြီး ခုခံတိုက်ခိုက်တာတော့ ရှိပါတယ်။ ဥပမာ လိုင်ဇာဖြစ်တုန်းကလည်း ကျွန်တော်တို့အဖွဲ့ဝင်တွေက ၀ိုင်းပြီး ခုခံတိုက်ခိုက်ကြတာ ရှိပါတယ်။ ကိုးကန့်ကိစ္စကတော့ တပ်က လူထုထောက်ခံမှုရအောင် လုပ်နေတဲ့သဘောပါပဲ။ အဓိကကတော့ နှစ်ဖက်စလုံးကို ဒီကိစ္စပေါ်မှာ အမြတ်ထုတ်ဖို့ မကြိုးစားဖို့ပါပဲ။ ကိုးကန့်အဖွဲ့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး တင်ပြထားတာရှိပါတယ်။ ကျွန်တော်တို့ရဲ့ မူအရတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ ရှင်းတာအကောင်းဆုံးပါ။ လက်နက်ကိုင်တိုက်ပွဲတွေ မလုပ်ဘဲ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်သည်။ 

တပ်မတော်က ကိုးကန့်ဒေသကို ချုပ်ကိုင်နိုင်ပြီဆိုပါက ဦးဖုန်ကြားရှင်နှင့် စကားပြောလာမည်ဟု ခန့်မှန်းရကြောင်း တရုတ်-မြန်မာနယ်စပ်တွင် နေထိုင်ခဲ့သည့် သတင်းစာဆရာ စည်သူအောင်မြင့်ကပြောကြားသည်။ 

‘‘စစ်တပ်က လုပ်မှာကတော့ စကားတော့ ပြောတာတော့ ပြောလိမ့်မယ်။ လုံးလုံးစကားမပြောလို့တော့ ရမှာမဟုတ်ဘူး။ ကိုးကန့်ကို ချုပ်ကိုင်နိုင်ပြီဆိုရင် စကားပြောမှာ။ ဒါပေမဲ့ နယ်မြေကိုတော့ သူမပေးဘူး။ တပ်မတော်ရဲ့သြဇာခံ လက်နက်ကိုင်တပ်ဖွဲ့တွေ နေရာမရရအောင် လုပ်လာလိမ့်မယ်။ ဒါတွေကတော့ ဆက်ပြီးနှစ်ဖက်အငြင်းပွားတာတော့ရှိမှာပဲ’’ဟု ၎င်းကပြောသည်။ 

ထို့အပြင် တရုတ်နိုင်ငံကိုလည်း နယ်စပ်က တိုင်းရင်းသားအဖွဲ့များကို မထောက်ပံ့ရန် သွယ်ဝိုက်ပြောကြားလာမှုများရှိလာနေပြီး တရုတ်မူဝါဒကမူ အပြောင်းအလဲမဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

‘‘တရုတ်ကိုတော့ စကားနည်းနည်းပြောချင်နေပုံရတယ်။ ဒါပေမဲ့ တည့်တည့်လည်း ပြောရဲပုံမရဘူး။ မြန်မာကို တရုတ်က တစ်လျှောက်လုံး နှစ် ၂၀ လောက် ပြေလည်အောင်နေပြီး သယံဇာတတွေ ထုတ်နေတာ။ တရုတ်က မူဝါဒမပြောင်းဘူး။ တရုတ်က မူဝါဒပြောင်းမှာ တစ်ခုတည်းပဲ။ အဲဒါ အမေရိကန်လိုအင်အားကြီးနိုင်ငံတွေ မြန်မာမှာ စစ်စခန်းလာဖွင့်မှာကိုပဲ ကြောက်တာ။ အဲဒီကျမှပဲ တစ်မျိုးစဉ်းစားမှာ။ ပြီးတော့ လူထုကလည်း ဒီတိုက်ပွဲမှာ ကြားမ၀င်ဖို့၊ စစ်ကိုမလိုလားဖို့ လိုတယ်။ ဘယ်ဘက်မှ မလိုက်ဖို့ပေါ့’’ ဟု သတင်းစာဆရာစည်သူအောင်မြင့်က သုံးသပ်သည်။ 

ထို့အပြင် ကိုးကန့်ကိုလည်း မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲက တစ်မျိုးအဖြစ် ပြည်သူများ ရှုမြင်ပေးရန်လိုကြောင်း ဘာတေးလ်လင့်တနာက ထောက်ပြသည်။ 

‘‘ဒီစစ်ပွဲကို ပြည်သူတွေ ဘယ်လိုရှုမြင်လဲပေါ်မှာပဲ မူတည်တယ်။ အခု မြန်မာပြည်သူအများစုက ကိုးကန့်တရုတ်တွေဟာ နိုင်ငံခြားသားတွေဖြစ်တယ်လို့ တွေးထင်ပြီး အစိုးရတပ်ကို ထောက်ခံနေတယ်။ တကယ်တမ်း ကိုးကန့်ဟာ တရုတ်လူမျိုးပေမယ့် မြန်မာမှာ ၁၈၉၇ ခုနှစ်ကတည်းက မြန်မာရဲ့အစိတ်အပိုင်းဖြစ်နေပြီ။ ကိုးကန့်အရပ်သားတွေနဲ့ စကားများများပြောကြည့်ပါ။ သိလာလိမ့်မယ်’’ဟု ၎င်းကပြောသည်။ 

ယခုတိုက်ပွဲတွင် ‘၀’ တပ်ဖွဲ့ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားမှုအပေါ် 7Day News က ‘၀’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ သို့သော် RFA သတင်းဌာနတွင်မူ ဦးအောင်မြင့်က တိုက်ပွဲကို ထောက်ခံအားပေးကူညီခြင်းမရှိကြောင်းနှင့် ‘၀’ တပ်ဖွဲ့ထုတ်သေနတ်များ မိသည်ဆိုရုံဖြင့် ‘၀’ တပ်ဖွဲ့ပါဝင်သည်ဟု ဆုံးဖြတ်ချက်မှာ အမှန်အမှားခွဲခြားရန်လိုအပ်ပြီး လက်နက်များကို စက်ရုံများမှ စီးပွားရေးသမားများက ခိုးထုတ်ရောင်းချခြင်းမျိုး ဖြစ်နိုင်ကြောင်း ပြောကြားထားသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတို့ကမူ ကိုးကန့်အရေးကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းစေလိုကြောင်းနှင့် တရုတ်အစိုးရအပေါ် အမျိုးသားရေးလှုပ်ရှားမှုပုံစံဖြင့် မပြုလုပ်ရန်လိုကြောင်း ထောက်ပြကြသည်။ 

ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်ကလည်း ကိုးကန့်ဒေသမှ တိုက်ပွဲများနှင့် ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ်သည်။ 

‘‘ကျွန်တော်တို့ကတော့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးလုပ်နေတဲ့ အချိန်မှာတော့ ဘာတိုက်ပွဲမှ မဖြစ်စေချင်ပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာ ငြိမ်းချမ်းရေးအပေါ် တစ်စုံတစ်ရာ အတိုင်းအတာတော့ ထိခိုက်တာပါပဲ။ တပ်က သတင်းထုတ်ပြန်တာ ကိုးကန့်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ပါတယ်ဆိုတဲ့ သဘောသက်ရောက်နေတော့ အဲဒီတော့ ဒီတိုက်ပွဲက အစပြုပြီး ကျန်တဲ့အဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေပြန်ဖြစ်လာမှာကို မလိုလားပါဘူး။ အဲဒီလိုဆိုရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့က အလှမ်းဝေးသွားပါလိမ့်မယ်။ လက်ရှိမှာ အစိုးရရော တပ်အနေနဲ့ကပါ လက်ရှိကိစ္စတွေကို အကောင်းဆုံးဖြေရှင်းနည်းကိုပဲ သုံးဖို့လိုပါလိမ့်မယ်။ နိုင်ငံရေးပြဿနာတွေကတော့ နိုင်ငံရေးနည်းဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှုက အကောင်းဆုံးပါ။ အဲဒီလိုမလုပ်ရင်တော့ ပြည်တွင်းစစ်မီးကငြိမ်းဖို့ ဝေးသွားပါလိမ့်မယ်’’ 

‘‘အခုတိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေရှိတယ်။ သူတို့ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ နောက်တစ်ချက်က ကိုးကန့်အဖွဲ့နဲ့ ကျွန်တော်တို့က မဟာမိတ်ဖွဲ့ထားတာ။ အဲဒီတော့ တစ်ယောက်က ဒုက္ခရောက်ရင် တစ်ယောက်က ၀င်ကူညီပေးရတဲ့ သဘောပါ။ အဓိကကတော့ အစိုးရပါပဲ။ သူတို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောပေမယ့် အစိုးရက လက်မခံပါဘူး။ တိုက်ပွဲတွေလည်း ဖြစ်လာပြီ။ အခုလိုမျိုးစစ်ရေးကို အရှိန်မြှင့်ပြီး လုပ်လာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ဆိုတာ ဝေးသွားနိုင်ပါတယ်။ အဓိကကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရပဲ စားပွဲဝိုင်းမှာ ရှင်းဖို့လိုပါတယ်။ အဲဒါမှ အဖြေထွက်မှာပါ’’ ဟု ဖုန်ကြားရှင်ဘက်မှ ကူညီတိုက်ပေးနေသည့် တအောင်း(ပလောင်) လွတ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဦးမိုင်းအိုက်ကျော်က ပြောကြားသည်။ 

ကိုးကန့်တိုက်ပွဲများကြောင့် အရပ်သားတစ်ရာကျော် သေဆုံးပြီး အစိုးရ၏ ဖေဖော်ဝါရီ ၂၂ ရက်အထိ သတင်းထုတ်ပြန်ချက်အရ တပ်မတော်မှ တပ်မတော်သား ၅၇ဦး ကျဆုံးကာ ကိုးကန့်တပ်ဖွဲ့မှ ၇၅ ဦး သေဆုံးခဲ့သည်။ တိုက်ပွဲများတွင် တရုတ်နိုင်ငံက ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် တရုတ်နယ်မြေကို မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှ ပေးမသုံးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချောင်ယင်က ပြောကြားသည်။ မြန်မာအစိုးရကလည်း တရုတ်ဗဟိုအစိုးရမပါဝင်သော်လည်း အောက်ခြေတွင် ပါဝင်ပတ်သက်မှုများရှိသည်ဟု ပြောကြားထားသည်။ တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်ခြမ်းသို့ ကိုးကန့်ဒေသခံ လေးသောင်းကျော် တိမ်းရှောင်သွားပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့တို့သို့ ဒေသခံသောင်းချီ ပြောင်းရွှေ့ခဲ့ရသည်။ လက်ရှိ လောက်ကိုင်အခြေအနေမှာ လူသူကင်းမဲ့နေပြီး ဒေသခံ ၄,၀၀၀ ကျော်မှာ မြန်မာ-တရုတ်နယ်စပ်မှတ်တိုင်များတွင် တဲများထိုး၍ နေထိုင်နေရသည်။ 

‘‘တိုက်ပွဲဖြစ်တဲ့အပေါ် ဘာမှ မပြောချင်ဘူး။ အမြန်ဆုံးပြန်ချင်တယ် အိမ်ကို။ ပြောင်းဖူးခင်းတွေ ချိုးရမယ့်အချိန်ရောက်နေပြီ’’ ဟု မြန်မာ-တရုတ် နယ်ခြားမှတ်တိုင်အမှတ် (၁၂၅)တွင် ခိုလှုံနေသည့် ကိုးကန့်တိုင်းရင်းသားလူငယ် ကိုရန်ကပြောကြားသည်။ 
7 Day












၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် မြန်မာ ယူ-၂၃ အသင်း လူစာရင်းထုတ်ပြန်



တရုတ်(တိုင်ပေ) နိုင်ငံတွင် (၂၃.၃.၂၀၁၅) ရက်နေ့မှ (၃၁.၃.၂၀၁၅) ရက်နေ့အထိ ကျင်းပမည့် ၂၀၁၆ အာရှ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ (AFC U-23 Championship 2016 Qualifier) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း ကစားသမားများ စာရင်းကို ယနေ့ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။


မြန်မာ ယူ၂၃ အသင်း အုပ်ချုပ်/ နည်းပြအဖွဲ့
-------------------------------
အုပ်ချုပ်သူ - ဦးသန်းတိုးအောင် (ဆောက်လုပ်ရေး ၀န်ကြီးဌာန)

နည်းပြချုပ် - ဦးကြည်လွင် (မကွေးအသင်း)

လက်ထောက်နည်းပြ - ဦးကျော်လွင် (ဧရာဝတီ ယူနိုက်တက် အသင်း) ၊ ဦးမြင့်ကို (ရတနာပုံအသင်း)

ဂိုးနည်းပြ ၊ ဦးအောင်သက် (ဟံသာဝတီ အသင်း)

ဆရာဝန် ၊ ဒေါက်တာ အောင်ကျော်ဦး (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

Physiotherapist ၊ ဦးထွန်းဇော် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

သတင်းနှင့် ပြန်ကြားရေး အရာရှိ ၊ ဦးဇော်မင်းထိုက် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

ကစားသမား စာရင်း
---------------------

ဂိုး 
****
ကျော်ဇင်ဖြိုး (မကွေးအသင်း) ၊
ဇော်ဇော်နိုင် (ဇေယာရွှေမြေ အသင်း) ၊ 
ရန်အောင်လင်း (ဟံသာဝတီ အသင်း)

နောက်တန်း
*************
ကျော်ဇင်လင်း (မကွေးအသင်း) ၊
ဇော်ဝင်း (ရန်ကုန်အသင်း) ၊
တောင်ဖွက်ထန် (ချင်းအသင်း) ၊
ကိုကိုဟိန်း (ဇွဲကပင် ယူနိုက်တက် အသင်း) ၊
ဇော်ရဲထွန်း (ရတနာပုံအသင်း) ၊
ဖြိုးကိုကိုသိန်း (ဧရာဝတီ ယူနိုက်တက် အသင်း) ၊
စည်သူအောင် (ရတနာပုံ အသင်း) ၊
ဟိန်းသီဟဇော် (ဧရာဝတီ ယူနိုက်တက် အသင်း)

အလယ်တန်း 
*****************
နေလင်းထွန်း (ဧရာဝတီ ယူနိုက်တက် အသင်း) ၊
ချစ်စုမိုး (ချင်း အသင်း) ၊ 
လှိုင်ဘိုဘို (ရတနာပုံ အသင်း) ၊
အောင်ရှိုးသာမောင် (မကွေး အသင်း) ၊
ရဲကိုဦး (ရတနာပုံ အသင်း) ၊
ဇွန်မိုးအောင် (ရန်ကုန်အသင်း) ၊
မျိုးမင်းဇော် (မကွေး အသင်း)

ရှေ့တန်း
**********
ကောင်းဆက်နိုင် (မကွေး အသင်း) ၊ 
ရှိုင်းသူရ (ရတနာပုံ အသင်း) ၊ 
သန်းထက်အောင် (ရန်ကုန် အသင်း) ၊
ဒွေးကိုကိုချစ် (ရတနာပုံ အသင်း) ၊ 
သီဟဇော် (ဧရာဝတီ အသင်း) တို့ ဖြစ်ကြသည်။

မြန်မာ ယူ-၂၃ အသင်းသည် ၂၀၁၆ အာရှယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (စ)တွင် ပါဝင်နေပြီး 
မတ်လ(၂၇)ရက်နေ့တွင် တိုင်ပေ ယူ-၂၃အသင်း ၊
မတ်လ ၂၉ ရက်နေ့တွင် ဟောင်ကောင် ယူ-၂၃ အသင်း ၊
မတ်လ ၃၁ ရက်နေ့တွင် သြစတြေးလျ ယူ-၂၃ အသင်း များနှင့်ယှဉ်ပြိုင် ကစား မည် ဖြစ် သည်။

မြန်မာ ယူ၂၃ အသင်းသည် အဆိုပါ အာရှ ယူ၂၃ ခြေစစ်ပွဲ အတွက်သာမက ၂၀၁၅ ဆီးဂိမ်းစ် အတွက်ပါ ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ ခြေစမ်းပွဲများ သွားရောက် ကစား မည် ဖြစ်သည်။

မြန်မာ ယူ၂၃ အသင်းနှင့် ဂျပန် ယူ၂၃ အသင်းတို့သည် မတ်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ ချီဘားမြို့၌ လည်းကောင်း မြန်မာ ယူ၂၃ အသင်းနှင့် တောင်ကိုရီးယား နိုင်ငံမှ ကလပ်အသင်း အချို့သည် မတ်လ ၁၃-၁၅ ရက်နေ့များ တွင်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Credit : MFF

ကော်စမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားခံများ ၀န်ခံ



ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၅

ဖေဖော်ဝါရီ ၂၃ ရက်က ကော်စမွီကျွန်းမှာ မြန်မာအမျိုးသမီးတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သံသယရှိသူ သုံးဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။


အလောင်းတွေ့ရှိတဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာဘဲ ကော့စမွီမြို့နယ်ရဲတပ်ဖွဲ့က သေဆုံးသူ မချောငယ်ငယ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စောင့်ကြည့်ကင်မရာ ၆ လုံး အပြင် လူသက်သေတွေပါ မေးမြန်းပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ထွက်ဆို ၀န်ခံသွားတာလို့ ကော့စမွီမြို့မ ရဲစခန်းက ဒုရဲမှူး ဒင်ဒုန်းထောင်း ဆရီးဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုမှာ အဓိကသံသယရှိခံရသူက မချောငယ်ငယ်ကို တဖက်သတ် ကြိုက်နေသူ မြန်မာနိုင်ငံသား
ယာက်ျားလျာ နန်းဖွန် ဖြစ်ပြီး မချောငယ်ငယ်က သူ့ကို ပြန်မကြိုက်ဘဲ မောင်ဖြစ်သူကို ပြန်ကြိုက်တဲ့အတွက် စိတ်နာလို့ ဘတ်ငွေ ၃ သောင်းပေးပြီး လည်ပင်းညှစ် သတ်ခိုင်းတယ်လို့ ထွက်ဆိုကြောင်း ဒုရဲမှူးက ပြောပါတယ်။

မချောငယ်ငယ်ကို လုပ်ကြံဖို့အတွက် မသန်းသန်းစိုးနဲ့ မောင်ဖြစ်သူ ကိုဇော်တို့ကို ငှားရမ်းခဲ့ကြောင်း၊ အခင်းဖြစ်တဲ့ညမှာ သူ့ကို စားသောက်ဆိုင်ကနေ တဘက်လှည့်နဲ့ ခေါ်ထုတ်ခဲ့ပြီး ဗျူးပွိုင့် (ရှုခင်းမျှော်နေရာ) အရောက် ကြိုးတုတ်ပြီး မအော်နိုင်အောင် တိပ်နဲ့ ပါးစပ်တွေ၊ နှာခေါင်းတွေ ပိတ်ခဲ့ကြောင်း၊ အဲဒီနောက် ကိုဇော်က လည်ပင်းညှစ် သတ်ခဲ့ကြောင်း ၀န်ခံကြတယ်လို့ ထိုင်းရဲက ပြောပါတယ်။

ဒါ့အပြင် နန်းဖွန်က ဒီအမှုကို မုဒိမ်းမှုအဖြစ် ပုံဖော်နိုင်ဖို့ မချောငယ်ငယ်ရဲ့ ခန္ဓာကိုယ်ကို သွားနဲ့ကိုက် အ၀တ် အစားတွေကို ချွတ်လိုက်တာတွေ လုပ်ခဲ့တယ်လို့လည်း ၀န်ခံသွားတယ်လို့ ဆိုပါတယ်။မုဒိမ်းမှုမြောက်၊ မမြောက်ကိုတော့ ဆေးရုံက ဆေးစစ်ချက်တွေ ထွက်ပေါ်လာမှ အတည်ပြုနိုင် မယ်လို့ ရဲစခန်းက ပြောပါတယ်။

သေဆုံးသူ မချောငယ်ငယ်ဟာ ကော်စမွီကျွန်းကို လွန်ခဲ့တဲ့ ၁ ပတ်ကမှ ရောက်လာတာ ဖြစ်ပြီး သူငယ်ချင်း အဆက်အသွယ်နဲ့ အိမ်ဖော်အလုပ်လုပ်နေကြောင်း၊ အဓိက သံသယရှိသူ နန်းဖွန်မှာလည်း ကော်စမွီ ဟိုတယ်တခုမှာ အလုပ်လုပ်နေသူလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဒေးလီးနယူးစ်သတင်းမှာလည်း ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ ယောက်ျားလျာတစ်ဦးတို့ကို ကော့စမွီရဲစခန်းမှာ ဖမ်းဆီးထိန်း သိမ်း ထားတယ်လို့ ဖော်ပြထားပါတယ်။

Rachanok Min Burma

တပ်မတော်နှင့် ကိုးကန့်အဖွဲ့ တိုက်ပွဲဖြစ် တပ်မတော်ဘက်မှ နှစ်ဦး ဒဏ်ရာရ

ရန်ကုန် (မဇ္ဈိမ)။ ။ လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ တိုက်ပွဲများ ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၂၄ ရက်က ထိတွေ့ တိုက်ပွဲ များ ထပ်မံဖြစ်ပွားပြီး တပ်မတော်ဘက်မှ စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က သတင်း ထုတ်ပြန်သည်။



(ဓာတ်ပုံ - အီးပီအေ)

ဖေဖော်ဝါရီ ၂၄ ရက်က ကုန်ကြမ်း - လောက်ကိုင်လမ်းရှိ ကားလမ်း မိုင်တိုင် ၂၃ အနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး တပ်မတော်ဘက်မှ နှစ်ဦး ဒဏ်ရာရရှိခြင်း ဖြစ်သည်။

ထိုအပြင် လောက်ကိုင်မြို့၏ အနောက်တောင်ဘက် နှစ်မိုင်ခန့် အကွာတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တရုတ်စက် လတ်တစ်လက်၊ ကျည်များ၊ ယမ်းချောင်းနှင့် တိုက်မိုင်းများ သိမ်းဆည်းမိခဲ့သည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကိုးကန့်အဖွဲ့၏ အမာခံတစ်ဦးဖြစ်သူဟု ယူဆရသူတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့ပြီး စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့သည်။ ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြားတွင်လည်း မွန်းလွဲပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သေးသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး တပ်မတော် နှင့် ကိုးကန့်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည်များ လည်း အများအပြားရှိနေပြီဖြစ်သည်။ ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေး ခဲ့သည်။
Mizzima

အသတ်ခံရသည့် ကချင် ကျောင်းဆရာမ နှစ်ဦးအမှု တလကျော်အထိ အမှုမှန်မပေါ်သေး


Wednesday, February 25, 2015

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင် ကျောင်း ဆရာမ နှစ်ဦး အမှုသည် တလကျော် ကြာသည်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း သိရသည်။

အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကချင် ကျောင်းဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း၊ ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ သွားရောက် ပညာသင်ကြား ပေးနေကြသူများ ဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်န၀ါရီ ၁၉ ရက်က အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုကျောင်း ဆရာမ ၂ ဦးသည် အဓမ္မပြုကျင့်ပြီး အသတ်ခံရခြင်း ဖြစ်ကြောင်း ဆရာဝန် ဆေးစစ်ချက်တွင် ဖော်ပြခဲ့သည်။

ယင်း အမှုနှင့် ပတ်သက်ပြီး ရွာသားအားလုံးကို စစ်ဆေးပြီးသွားသော်လည်း သံသယရှိသည့် ရွာသား၂ဦးကို ရဲတပ်ဖွဲ့က ထပ်မံ စစ် ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် ကောင်းခါးကျေးရွာမှ ဒေသခံများ ကြောက်ရွံ့နေကြသဖြင့် ရွာအနီးရှိ အစိုးရတပ်များကို ပြောင်းရွှေ့ထားရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် သီးခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုပါ ဖွဲ့စည်းထားကြောင်း KBC မှ သင်းအုပ် ဆရာ ခလမ်ဆွမ်ဆန်က ဧရာဝတီသို့ ပြောသည်။

“ရွာသား ၂ဦးကို ခြိမ်းခြောက်ပြီး ထိုးကျွေးတာ၊ အတင်း ဝန်ခံခိုင်းတာမျိုး ကျနော်တို့ မလိုလားဘူး။ ဒီကောင်လေး ၂ ယောက်ကို စစ်ဆေးတဲ့ ရဲဘက်က ပြန်စစ်ချင်တယ်ဆိုတော့၊ ကျနော်တို့က အားလုံးရှေ့မှာ ပြန်စစ်မယ်ဆိုငြင်းစရာ မရှိပါဘူး။ အတင်း ဝန်ခံ တာမျိုးတွေ မလိုလားဘူး”ဟု ဆရာ ခလမ်းဆွမ်ဆန် က ဆိုသည်။

ရွာသားများနှင့် အစိုးရ တပ်မတော်သား ၂၅ ဦး၏ မျိုးဗီဇ(DNA) ကို စစ်ဆေးရာတွင် နိုင်ငံတကာအဆင့်ဖြင့် စစ်ဆေးသင့်ကြောင်း၊ အမှုကို ပိတ်စေချင်၍ တပ်ကို ရွှေ့ခိုင်းခြင်းမဟုတ်ကြောင်း၊ ဒေသခံများ လုံခြုံရေး အတွက် ရွှေ့ခိုင်းခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“KBC ဘက်က စစ်ဆေးရေး အဖွဲ့တွေက တပ်တွေရှိရင် စစ်ဆေးရတာ ခက်ခဲတဲ့အတွက် ရွှေ့ပေးပါလို့ တောင်းဆိုလို့ ရွှေ့လိုက် တာပါ။ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ KBC အဖွဲ့နဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ DNA စစ်ဆေးချက်က တရားဝင် အခုထိ မထွက်သေးပါဘူး”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး ဦးစီးအရာရှိ ရဲမှူးကြီး ဆန်းလွင်က ဧရာဝတီသို့ ပြောသည်။

စေတနာ့ ဝန်ထမ်း ဆရာမ ၂ဦး အမှုမှန်ပေါ်ပေါက်ရေးအတွက် KBC ၊ ရှေ့နေ အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်းများ ပါဝင်သော သီးခြား စုံစမ်းရေး ကော်မတီကို ဖေဖော်ဝါရီ ၂ ရက်က စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ဦး အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွား နေ သော စစ်ပွဲ နှင့် ပဋိပက္ခ များ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် မတရားဖမ်းဆီး ချုပ်နှောင်ခံရခြင်း၊ ညဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံရခြင်းများ ကြုံတွေ့နေရသည့် အပြစ်မဲ့ပြည်သူ များအတွက် တရားမျှတမှုကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပေးရန် ကချင်ငြိမ်းချမ်း ရေး ကွန်ရက်က ဆရာမ ၂ဦး အသတ်ခံရသည့် တလပြည့်နေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် သက်ဆိုင်ရာသို့ တောင်းဆိုထားသည်ဟု ဆို သည်။

ဧရာဝတီ

ပန်ဆိုင်းမြို့အနီးတွင် လက်နက်ကိုင် အဖွဲ့က ကုန်တင်ကား တစ်စီးကို ဗုံးခွဲဖျက်ဆီး



ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ကုန်တင်ကားတစ်စီးကို မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်အနီးတွင် ဖေဖော် ၀ါရီ ၂၄ ရက် နံနက် ၃ နာရီက ဗုံးခွဲဖျက်ဆီးလိုက်ကြောင်း သတင်းရရှိ သည်။


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ပန်ဆိုင်းမြို့နယ်ကြား ကားလမ်းပေါ်တွင် တရုတ်နိုင်ငံသို့ပို့ရန် ဖရဲသီးများတင်ဆောင်လာ သည့် ကုန်တင်ကားကို ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသော တိုင်းရင်းသားလက်နက်ကိုင်အချို့က တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်အား ကားပေါ်မှဆင်းခိုင်း၍ ကားခေါင်းခန်းအတွင်း သို့ ဗုံးပစ်သွင်းဖောက်ခွဲလိုက်ကြောင်း မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ထိုဖောက်ခွဲမှုကြောင့် ကား ခေါင်းခန်းပွင့်ထွက်သွားပြီး ရဲတပ် ဖွဲ့က အဆိုပါဖြစ်စဉ်ကို စစ်ဆေး နေကာ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် လက်နက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့ဖြစ်သည်ကို စုံစမ်းနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

ပန်ဆိုင်းမြို့နယ်အနီး ကားလမ်းတွင် ဖေဖော်ဝါရီ ၂၄ ရက်နံနက်က ဗုံးခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရှိရသည့် ကုန်တင်ကား
7Day Daily

ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်တယောက်ပဲဖြစ်ချင်တာ

ခန္တာကိုယ်ကောက်ကြောင်းလှလှနဲ့ Sexy ကျကျ မော်ဒယ်လ်တဦးကို အွန်လိုင်း ပရိတ်သတ်တွေ သတိထားမိကြ မယ်ထင်ပါတယ်။ အထူးသဖြင့် ဖေ့ဘုတ်စာမျက်နှာမှာထက်မှာ သူ့ရဲ့ Sexy ဓာတ်ပုံတွေဟာ လူသိပိုများ ပါတယ်။ သူကတော့ အသက် ၂၅ နှစ် ရှိပြီး ဥပဒေနဲ့ ဘွဲ့ရထားသူ မော်ဒယ်လ် ဇာဇာထက်ပါ။ မော်ဒယ်လ်ဇာဇာထက်ဟာ သိပ်မကြာသေးခင်ကာလကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် နယ်မြေမှာ ဖြစ်ပွားနေတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်သားတွေ စိတ်အပန်းပြေပျောက်ဖို့အတွက် Naked sexy အကနဲ့ နယ်လှည့်ဖျော်ဖြေသွားမယ်ဆိုတဲ့ ကောလဟလ သတင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ မော်ဒယ်လ် ဇာဇာထက်ဟာ ၂၀၁၂ ခုနှစ် ၈ လပိုင်းလောက် ကစလို့ Sexy ဓာတ်ပုံတွေနဲ့ အွန်လိုင်း သုံးစွဲသူတွေအကြား စတင် လူသိများလာခဲ့တာပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ မော်ဒယ်လ်ဂျွန်လွင်ဆီမှာလည်း မော်ဒယ်လ်သင်တန်း တက်ရောက်ခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ သူ့ရဲ့ Sexy model ဘ၀ တစေ့တစောင်းရယ် သူ့ရှေ့ဆက် လျှောက်မယ့် မော်ဒယ်လ်ဘ၀နဲ့အတူ သူရင်ဆိုင်ခဲ့ရတဲ့ ကောလဟလအကြောင်းတို့ကို ဧရာဝတီနဲ့အတူ ပေါ့ပေါ့ပါးပါး မေးဖြစ် ဖြေဖြစ်တာလေးကို ဖော်ပြပေးလိုက်ပါတယ်။


မေး ဘာကြောင့် Sexy ဓာတ်ပုံတွေကို ရိုက်ဖြစ်ရတာပါလဲ။ ပရိတ်သတ်အားပေးလို့ လုပ်ဖြစ်ရတာလား။


ဖြေ အဓိကကတော့ ပရိတ်သတ်အားပေးလို့ဆိုတာထက် ဇာဇာနဲ့ ပိုလိုက်တယ်ထင်လို့ပါ။။ ဇာ မျက်နှာက မာတယ်။ ဓာတ်ပုံထဲရောက်ရင် ရုပ်ရင့်တယ်။ Sexy ပုံစံနဲ့ပိုလိုက်တယ်ထင်လို့ပါ။ ဇာဇာ မျက်နှာအကျက မြန်မာကလူနဲ့ သိပ်မတူဘူးပေါ့နော်။ ကိုယ်နဲ့ မလိုက်တဲ့ လမ်းကြောင်းကို ရွေးမယ့်အတူတူ ကိုယ်နဲ့လိုက်တဲ့ လမ်းကြောင်းကို ရအောင်လုပ် ကြည့်လိုက် မဖြစ်ဘူးဆိုတာ မရှိစေရဘူးဆိုပြီး ဒီလမ်းကြောင်းကို ရွေးဖြစ်တာပါ။ အစကတော့ အဆဲခံ အပြောခံရလို့ စိတ်ဓာတ်တွေလည်း ကျတယ်။ မလုပ်ချင်တော့ဘူးပေါ့နော်။ ဒါပေမယ့် တချို့အားပေးတဲ့သူတွေလည်း ရှိတယ်။ အားပေးပေး မပေးပေး လုပ်ရမှာ ငါ့အပိုင်းပေါ့နော်။ သူတို့ကြိုက်ရင် လည်း အားပေးမယ်။ မကြိုက်ရင်လည်း အားမပေးဘူးပေါ့။ ကိုယ့်ကို လက်ခံမခံ လုပ်ကြည့်မယ်ပေါ့။ အဆင်မပြေရင်လည်း ကျောင်းစာ ပြန်လုပ်မယ်ပေါ့ ဆိုပြီး လုပ်ကြည့်ရင်းနဲ့ ပေါက်သွားတာပါ။


ဇာဇာက ခန္တာကိုယ်လေးလည်းရှိတယ်။ Sexy ဆိုတာလည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ အရမ်း ပိန်နေတဲ့သူ ဆိုရင်လည်း လုပ်လို့မဖြစ်ဘူး။ နိုင်ငံခြားမှာဆိုရင်တောင် ဆီလီကွန်တွေထည့်ပြီး ပြည့်အောင် လုပ်ရတာ။ နိုင်ငံခြားက မော်ဒယ်လ်တွေဆိုရင် ပိန်တော့ပိန်တယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ အချိုးအဆစ်က ရှိပြီးသားလေ။ အဲ့ဒီတော့ ဇာက ခန္တာကိုယ်ကောက်ကြောင်းလည်းရှိတယ်။ အရမ်းကြီး အားစိုက်စရာမလိုဘူး။ အဲ့ဒီတော့ လုပ်ကြည့်မယ်ဆိုရင် လုပ်ကြည့်တာပါ။


မေး ဒီလို လုပ်လိုက်တဲ့အပေါ် ဝေဖန်မှု ဒဏ်ကို ဘယ်လောက်အထိ ခံခဲ့ရလဲ။


ဖြေ ဝေဖန်မှုကတော့ တော်တော်လေးကို ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ဆက်မလုပ်ချင်လောက်အောင် ခံရပါတယ်။ တချို့ဆိုရင် ဥပမာ- Sexy Model ဆိုရင်ရရဲ့သားနဲ့ လိင် ဆိုတဲ့ စကားလုံးတွေနဲ့ တင်စားပြီး ရေးတယ်။ ကျမ အကြောင်းတွေ အင်တာဗျူး မလုပ်ဘဲနဲ့ရေးတာမျိုးတွေ ခံရတယ်။ အဲ့လိုမျိုး ခေါင်းစဉ်တပ်ခံရတဲ့အချိန်မှာ ငယ်ငယ်တုန်းက ပေါင်းနေတဲ့သူငယ်ချင်းတွေက အစ ကိုယ်က အရင်တုန်းက ယောက်ျားလျာလိုနေတဲ့အချိန်မှာ ဒီလိုဖြစ်မယ်ဆိုတာလည်း မသိဘူး။ ရည်းစားနဲ့ဖြတ်ပြီးတော့မှ sexy မဖြစ်ဘူးဆိုတာကို မခံချင်စိတ်နဲ့ တကယ်တော့ အဲ့ဒီ sexy ဆိုတာ ဘာမှန်းမသိဘဲနဲ့ သင်တန်းသွားတက်တယ်။ တကယ်တော့ စိတ်မ၀င်စားဘူး။ ဆရာက အိုက်တင်လုပ်ဆိုရင်တောင် မလုပ်တတ်ဘူး။ တောင့်တောင့်ကြီး ဖြစ်နေတာ။ ဒီလိုလမ်းကြောင်း ရောက်မယ်ဆိုတာလည်း တကယ့်ကို လုံးဝမထင်ထားဘူး။ ကောလဟလတွေ အပြောခံရချိန်မှာ ကိုယ်က မရင့်ကျက်သေးတော့ နေလို့ထိုင်လို့မရခဲ့ဘူး။ အိမ်ကိုလည်းမပြောရဲဘူး။ အားပေမယ့်သူကလည်း မရှိဘူး။ ကျမတို့က Broken family ပါ။ အဖေက ၀န်ထမ်းအရာရှိဆိုတော့ ကျမကို ဂျာနယ်တွေမှာတွေ့တယ်ဆိုတော့ အဖေက အမေ့ကို ဖုန်းဆက်ပြီးပြောတယ်။ အမေက ဆီးချိုဖြစ်နေတော့ မျက်စိက ခွဲထားတာ သိပ်မမြင်ဘူး။ အင်တာနက်တွေဘာတွေလည်း သုံးလို့မရဘူး။ အဲ့လိုမျိုးတွေကို အမေက မသိဘူး။ ပြီးတော့ မောင်လေးကလည်း ဆယ်တန်းကျောင်းသားဆိုတော့ အဲ့ဒါမျိုးတွေ သိပ်မလုပ်ဘူး။ သူကလည်း ဂိမ်းပဲဆိုတော့လေ။ နောက်တော့မှ သူ့သူငယ်ချင်းတွေက အွန်လိုင်းကနေ ဒေါင်းပြီးတော့ မောင်လေးကို ပြတယ်။ အဖေကလည်း အမေ့ဆီကို ဖုန်းဆက်ပြီး သားသမီးကို အဲ့လိုပဲ ထိန်းရသလားပေါ့။ ပညာတွေသင်ပေးထားတာ။ ဥပဒေနဲ့ ဘွဲ့ရထားတာ အလကားမဟုတ်ဘူးပေါ့ ဆိုပြီး လှမ်းပြောပြီး ပြသနာရှာတော့မှ အမေက သိပြီးတော့ အိမ်ပေါ်ကနေ နှင်ချတယ်။ မျိုးရိုးထဲမှာ ဒါမျိုး မရှိဘူးဆိုပြီး ဆဲဆိုထုရိုက်တာခံရတာပေါ့။ မြန်မာပြည်မှာနေပြီး ရိုက်စရာရှားလို့ ဆိုပြီး တစိမ်းမပြောနဲ့ ကိုယ့်မိသားစုတောင် အမြင်မရှိဘူး။ အဲ့ဒီအချိန်မှာ စိတ်က အရမ်းတိုတော့ အမေ့ကို ပြန်ပြောလိုက်တယ်။ အမေတို့ကရော ငွေထုပ်ကြီးပိုက်ထားပြီးတော့ ရင်းပေးလို့လားပေါ့။ အနောက်ကနေ မဂ္ဂဇင်းတွေ ရိုက်ဖို့ ပိုက်ဆံထုတ်ပေး လို့လား၊ ဓာတ်ပုံဆရာတွေနဲ့ရိုက်ဖို့ ပိုက်ဆံပေးလားပေါ့ အဲ့လိုပေါ့။ သူများအမေတွေလိုမျိုး သမီးကို ပံ့ပိုးပေးလို့လားပေါ့။ သမီးဝါသနာပါတာ သမီးလုပ်ကြည့်တာပေါ့၊ လုပ်ကြည့်လို့မှ မရရင် နောက်ဆုတ်မယ်ပေါ့။ အခုက အရှေ့ကိုရောက်နေပြီ သမီး နောက်မဆုတ်ချင်တော့ဘူး။ ဒီလိုအချိန်မျိုးရောက်မှ နောက်လှည့်ဖို့ဆိုတာ မဖြစ်တော့ဘူး။ အရှေ့ကို လှမ်းလက်စနဲ့ ဆက်လှမ်းမယ်ဆိုတော့ နင်ဆက်လှမ်းမယ်ဆိုရင် ငါတို့ မျိုးရိုး ထဲမှာလည်းမရှိဘူးပေါ့။ အဲ့ဒါကြောင့် အိမ်ပေါ်ကနေ နှင်ချတယ်။ အခုတော့ မနှင်ချနဲ့ဦးလို့ အခုဒီအလုပ်က ပိုက်ဆံမရသေးဘူး။ ပိုက်ဆံရတဲ့အချိန်ကျရင် ဆင်းသွားပြီး အိမ်ဌားနေမယ်ပေါ့။ အခုတော့ ပိုက်ဆံ မရသေးတော့ နေစရာမရှိသေးလို့ ဒီအိမ်မှာပဲနေပါရစေဆိုပြီး ကုတ်ကတ်ပြီး နေနေတာ။ အဲ့တော့ နေ့တိုင်း တချိန်လုံးပြောဆိုခံရတော့ ကြာတော့ စိတ်ညစ်တာပေါ့။ နောက်ပိုင်း မဇ္ဈိမက လိင်ဇာတ်ကားရိုက် တော့မယ်ဆိုပြီး အရေးခံလိုက်ရတော့ အဲ့ဒီအချိန်မှာ ကောလဟလတွေကြောင့် နေ့တိုင်း ငိုယိုနေတော့ အမေလည်း သနားလာပြီး နားလည်မှုရသွားတာပါ။ အမေကိုယ်တိုင် ပြသနာကို လိုက်ဖြေရှင်းပေးတယ်။ အဲ့လိုမျိုးပေါ့ အိမ်ကအစ အထင်မကြီးဘူး။ ဒီလို ဒဏ်တွေ တော်တော်ခံခဲ့ရပါတယ်။ မောင်တွေ အကိုတွေကအစ အရမ်းရှက်လို့ စကားတောင်မပြောဘူး။


အခုဆိုရင်တော့ အရင်ကလောက်တော့ မဆိုးတော့ဘူး။ နားလည်မှုရှိလာတယ်။ သူများတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲ။ အမေတို့က မပံ့ပိုးနိုင်ပေမယ့် သမီးနာမည်ကို ချရင်းလိုက်တာပဲလို့။ ဒီ့အတွက် နာမည်တော့ ဆိုးသွားတာပေါ့။ ဒါပေမယ့် စာရိတ္တပိုင်းက ပျက်ဆီးနေလို့လား မိဘအုပ်ထိန်းမှုအောက်မှာ နေနေတာပေါ့။ ဒီမှာက မတိုးတက်သေးလို့ပါ။ သူများနိုင်ငံမှာလည်း ဒီလိုမျိုးတွေ ရိုက်နေတယ်ပေါ့ဆိုပြီး ပြောပြတော့မှ သိပ်ပြီး တော့ မပြောတော့တာ။ ဒါပေမယ့် အခုချိန်ထိတော့ ပွဲတခုခုသွားမယ်ဆိုရင် လုံလုံခြုံခြုံ ၀တ်ရတယ်။ လမ်း ရောက်တော့မှ သူငယ်ချင်းအိမ်ရောက်မှ လဲရတာမျိုးတွေ တခါတလေ အတိုအပြတ်ဝတ်ပြီးရင် အပေါ်ကနေ ထမိန်ထပ်ဝတ်ပြီး အိမ်ကနေ ထွက်သွားရတာမျိုးတွေပေါ့။


မေး ဒီလောက် မိသားစုရော ပတ်ဝန်းကျင်ရော အခက်အခဲတွေကြားထဲက ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာဟာ ဒီလမ်းကြောင်းက ပိုပြီး လူသိများ အောင်မြင်လွယ်မယ်လို့ ယူဆမိလို့လား။


ဖြေ အဲ့လိုမျိုးလည်းမဟုတ်ဘူး။ အောင်မြင်ဖို့လမ်းကြောင်းကိုမြင်လို့ရယ်မဟုတ်ဘူး။ ကျမစိတ်က ဒါကို လုပ်ချင်တယ်။ လူတွေက အရမ်းပြောတယ်။ ဒီလိုအချိန်ရောက်တော့မှ စစ်ပွဲတခုတိုက်နေရသလိုပေါ့။ တိုက်ပွဲ တိုက်ရင်းနဲ့ သေမလား၊ မတိုက်ဘဲနဲ့သေမလား၊ တန်ဖိုးရှိအောင်တော့ ငါ တိုက်ရင်းနဲ့သေမယ်၊ သေတာတောင် နာမည်ကောင်းနဲ့သေမယ်၊ လုပ်လက်စနဲ့လုပ်မယ်ဆိုပြီး ဆက်တိုက်မယ်။ မတိုက်ဘဲနဲ့ ရပ်လိုက်ရင် သူများပစ် သွားလိမ့်မယ်ပေါ့။ ဟိုမရောက် ဒီမရောက်နဲ့ ရပ်လိုက်ရင်လည်း သူများ အပြောခံရမှာပဲ။ အပြောခံရမယ့်အတူတူ ဆက်ဖောက်မယ်ပေါ့။


မေး ကိုယ်လုပ်ချင်တဲ့လမ်းကြောင်းလို့ဆိုတော့ ဒါဆို ၀ါသနာပါလို့ ၀ါသနာအရလို့ ပြောလို့ရမလား။


ဖြေ အစကတော့ ၀ါသနာအရလို့တော့ မဟုတ်ဘူး။ ကိုယ်နဲ့လိုက်မယ့် လမ်းကြောင်းကို ရွေးခဲ့တယ်။ ဒါပေမယ့် ပရိတ်သတ်လက်ခံလာတဲ့အခါမှာတော့ ၀ါသနာလည်းပါသွားတယ်။ တကယ်လုပ်ကြည့်ချိန်မှာ အဲ့ဒါရဲ့ ဖီလင်ရယ် နောက်ပြီး ကျမ တခြား ၀က်ဆိုဒ်တွေကိုကြည့်ပြီး ပိုပြီး စိတ်ဝင်စားလာတယ်။ သူများတွေလုပ်တာကို ဒီအနုပညာရဲ့ လေးနက်မှုကို လက်ချောင်းလေးတွေကအစ ပြီးတော့ ဒီလို Sexy ပုံဆိုတာ ရိုက်ချင်တိုင်း ရိုက်လို့ မရဘူးဆိုပြီး အနက်အဓိပ္ပာယ်ကို သိလာတဲ့အချိန် အိုက်တင်လည်း တတ်လာတဲ့အချိန်မှာ ဒါမျိုးလေးကို ဆက်လုပ်ချင်တယ်။ ဒါဟာ အဆိုးနဲ့ အကောင်းယှဉ်လိုက်ရင် တုန့်ပြန်မှုက အဆိုးဘက်က ပိုများတယ်။ ဒီလို အဆိုးပေမယ့် ငါသည် ၀ါသနာအရလုပ်တာ။ ဒါပေမယ့် ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် တကယ်ရိုက်ချင်လို့ လုပ်တာ။ ပေါက်ပေါက်မပေါက်ပေါက် ငါလုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်တာ။ ဘယ်သူဘာပြောပြော ငါ့လမ်း ငါ့ဆက်လျှောက်မယ် ဆိုပြီး နည်းနည်း ခေါင်းမာတတ်တဲ့ အကျင့်ကြောင့်လားမသိဘူး။


မေး ဒါဆို ဇာဇာထက်က သူများနဲ့မတူတဲ့ လမ်းကြောင်းတခုကို ဖောက်ချင် လျှောက်ချင်တယ်လို့ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုရမလား။


ဖြေ ဟုတ်ပါတယ်။ သူများနဲ့မတူတဲ့ လမ်းကြောင်းပေါ့နော် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါထိုးဖောက်ရမယ်။ အလွယ်လမ်းတော့ လိုက်တာမဟုတ်ဘူး။


မေး ဇာဇာထက် ဖြစ်ချင်တဲ့ အနုပညာလမ်းကြောင်းဆိုတာက ဘာဖြစ်မလဲ။


ဖြေ ဇာဇာကတော့ သရုပ်ဆောင်လိုင်းဘက်က ပိုပြီး နက်နဲတယ်လို့ထင်ပါတယ်။ လိုင်းပူးချင်လို့လည်း မဟုတ်ဘူး။ ပထမစလုပ်မယ်ဆိုကတည်းက လိုင်းမကြောင်ဘူးရှင့်။ တလိုင်းဆို တလိုင်းတည်းပဲ။ လိုင်းမကြောင်ဘူးဆိုတာက ကိုယ်က ဒါပဲတတ်တာကိုး။ သရုပ်ဆောင်ကျ ပိုလေးနက်တယ်လေ။ ဓာတ်ပုံကျတော့ လေးငါးယောက်လောက်နဲ့ ပြီးတယ်။ ရုပ်ရှင်ဘက်က လူတွေကိုလည်း တကယ်ကို လေးစားပါတယ်။ သူတို့က စိတ်နဲ့ အလုပ်လုပ်နေရတာ။ အိုက်တင်ရော စိတ်ခံစားမှုရော ကိုယ့်ရဲ့ခံစားချက်တွေ ဘာတွေပဲဖြစ်နေနေ အဲ့ဒါကို မေ့ပြီးတော့ သရုပ်ဆောင်လုပ်ရတာလေ။ အများနဲ့လုပ်ရတာဆိုတော့ ကိုယ်မှားလို့မရဘူးပေါ့နော်။ ကိုယ်က အဲ့ဒီလမ်းကြောင်းလိုက်ဖို့အတွက် ကိုယ်လည်း အဲ့လောက်အထိ အိုက်တင်မတော်ဘူး။ မျက်လုံး ခံစားမှုလေး၊ အိုက်တင်လေးနဲ့ပဲ လုပ်စားရတဲ့သူဆိုတော့ ကိုယ်နဲ့ မလိုက်ဘူးထင်လို့ပါ။ တချို့ကလည်း ရိုက်ဖို့ခေါ်တယ်။ လုပ်ကွက်မပေးဘူး။ တချို့ကျတော့ မင်းသမီး သူငယ်ချင်းတို့ဘာတို့ အဲ့ဒါမျိုးကျတော့လည်း မရဘူး၊ မရိုက်ချင်ဘူး။ ကိုယ်ကလည်း အဲ့လိုမျိုး ရုပ်မျိုးလည်းမပေါက်တဲ့အခါကျတော့ မင်းသမီးသူငယ်ချင်းဆိုရင် အမြဲတမ်း မင်းသမီး သူငယ်ချင်းပဲဖြစ်နေမှာ။ အဲ့ဒီတော့ ကိုယ့်ကိုလည်း ဒီပုံနဲ့ပဲ သိထားတာဆိုတော့ Professional Sexy Model တယောက်ပဲဖြစ်ချင်တာ။ ဒါပေမယ့် လုံးဝမလုပ်ဘူးလို့တော့မဟုတ်ဘူး။ မြေတောင်မြှောက်ပေးမယ် တင်ပေးမယ် ရိုက်ကြည့် ဆိုရင်တော့လည်း လုပ်ကြည့်မှာပါ။











မး ဒါဆိုရင် ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်အဖြစ်နဲ့ပဲဆက်လုပ်သွားမှာလား သရုပ်ဆောင်လိုင်းကို ကူးဖို့မရှိဘူးလား။


ဖြေ အဲ့လိုတော့မဟုတ်ဘူး။ အခြေအနေ အချိန်အခါ ပေးလို့ ကမ်းလှမ်းခဲ့ရင်တော့ ရိုက်ပါမယ်။ သက်သက်ကြီး တော့ ကူးဖို့မရှိဘူး။ အဲ့ဒီလမ်းကြောင်းကိုတော့ သွားမှာမဟုတ်ပါဘူး။ Sexy Model ကလည်း အတိုင်းအတာ တခုလောက်ပဲ။ ဒါကလည်း ရေရှည်လုပ်ဖို့မရည်ရွယ်ဘူး။ နောက်ထပ် တနှစ် သို့မဟုတ် နှစ်နှစ် သုံးနှစ်ပေါ့။ အချိန်ကာလတခုအထိပဲ လုပ်မှာပါ။ အသက်အရွယ်ကလည်း စကားပြောတယ်လေ။ ပြန်ပြီး ကျောင်းတက်ရင်တက် ဒါမှမဟုတ် စီးပွားရေးတခုခု လုပ်ဖြစ်မယ်ထင်ပါတယ်။


မေး တလောက တပ်မတော်သားတွေအတွက် Naked အကနဲ့ နယ်လှည့်ဖျော်ဖြေမယ်ဆိုတဲ့ ကောလာဟလ ကရော လတ်တလောမှာ ဘယ်လိုဖြစ်သွားပြီလဲ။


ဖြေ ပြည်မြန်မာကတော့ တောင်းပန်တယ်။ 7 days ကတော့ မတောင်းပန်ဘူး။ သူတို့မဟုတ်တဲ့ အတွက်ကြောင့် သူတို့စုံစမ်းပေးနေပါတယ်။ သူတို့မရေးဘဲနဲ့ တောင်းပန်လိုက်ရင် သူတို့တကယ်ရေးတယ်လို့ ထင်သွားလိမ့်မယ်တဲ့။ ပြီးတော့ လုပ်ကြံဖန်တီးတဲ့သူကလည်း ပိုပြီးတော့ ၀မ်းသာသွားလိမ့်မယ်တဲ့။ သူတို့က လည်း သူတို့ဘက်က မဟုတ်ဘူးပေါ့နော် နောက် မအေးသူစံကလည်း သူလည်း မရေးတာကြာပြီဆိုတဲ့အခါ ကျတော့ ကိုယ့်ဘက်ကလည်း ဟုတ်မှမဟုတ်ဘဲ သွားပြောရင် သူများအပြစ်ကနေ ကိုယ့်အပြစ်ကို ပြန်ဖြစ်လာ နိုင်တယ်။ ကိုယ်မဟုတ်ဘူး သူတို့ဘက်ကလည်း မဟုတ်ဘူးဆိုတာကို ပရိတ်သတ်ကလည်း သိသွားပြီဆိုတော့ ကိုယ်လည်း ဆက်ပြီး မရှင်းပြတော့ဘူး။


မေး ဒီလို တိုက်ခိုက်ခံလိုက်ရတဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ လူဆိုတာ sexy ရိုက်ပေမယ့် အမြဲတမ်း အဲ့လို စာအုပ်ကြီးအတိုင်းကြည့်လို့တော့မရဘူးပေါ့။ လူတိုင်းကတော့ မျိုးချစ်စိတ်ရှိတယ်။ ကိုယ့်နိုင်ငံနဲ့ပတ်သက်ရင် နိုင်ငံချစ်စိတ်ရှိကြတာပဲ။ ပရဟိတဆိုတာလည်း sexy model မှ မဟုတ်ဘူး၊ လူတိုင်းလုပ်နေကြတာပဲ။ နိုင်ငံခြားမှာဆိုလည်း ဒီလိုပဲလုပ်နေကြတာပဲ။ အဲ့လိုမျိုး အမြင်တွေနဲ့ မကြည့်စေချင်ဘူး။ သူများရဲ့ ကိုယ်ရေးကိုယ်တာကို အသုံးချပြီးတော့ ကိုယ့်ရဲ့ ပေ့ခ်ျ like များအောင်လုပ်တာ မျိုး လုပ်ကြည့်အောင် လုပ်တာမျိုးတွေကို ဝေဖန်ချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုလူမှမဟုတ်ဘူး။ တခြားအနုပညာသမားတွေလည်း အကောင့်တွေ ဟက်ခံရတဲ့အခါကျတော့ မလုပ်စေချင်ဘူး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကာယကံရှင်က နစ်နာပါတယ်။ အဲ့ဒီတော့ ကိုယ်ချင်းစာစိတ် လေးထားပြီးတော့ မလုပ်စေချင်ပါဘူး။