IS အဖွဲ့အား အမေရိကန် အစိုးရ အရေးယူ တိုက်ခိုက်မှု အာရပ်ကမ္ဘာ ထောက်ခံ


IS အဖွဲ့ အပေါ် အမေရိကန် အစိုးရ၏ အရေးယူ တိုက်ခိုက်မှု များအား အာရပ်ကမ္ဘာ ထောက်ခံကြောင်း သတင်းများက ဆိုထားကြသည်။ လက်ရှိ အချိန်တွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် IS အဖွဲ့ အပေါ် အရေးယူ တိုက်ခိုက်မှုများအား အရှိန်မြှင့် ဆောင်ရွက်လျက် ရှိနေ သည်။ ထိုနည်းတူ ပြင်သစ်သမ္မတ ဖရန်ဆွာသြော်လွန်သည် သောကြာနေ့က အီရတ်မြို့တော်သို့ သွားရောက်ခဲ့ပြီး အီရတ် အစိုးရအား ထောက်ပံ့မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြသသည့် အနေဖြင့် အီရတ်သမ္မတနှင့် တွေ့ဆုံမည် ဖြစ်သည်။ ပြင်သစ် အစိုးရက လိုအပ်ပါက အီရတ်ရှိ စစ်သွေးကြွများအား လေကြောင်း တိုက်ခိုက်မှုတွင် ပြင်သစ် ပါဝင်မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောကြားထားပြီး စက်တင်ဘာလ (၁၅) ရက်နေ့တွင် နိုင်ငံတကာ ကွန်းဖရင့် တစ်ခုကို အီရတ်တွင် ဦးဆောင်ပြု လုပ်မည် ဖြစ်သည်။ 

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် အာရပ်ဆယ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ ကြာသပတေးနေ့က တွေ့ဆုံ ဆွေးနွေးအပြီး ထွက်ပေါ်လာသည့် သတင်းထုတ်ပြန် ကြေညာချက်၌ ဆော်ဒီအာရေဗျ အပါအ၀င် အာရပ်(၁၀) နိုင်ငံတို့သည် IS အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်ရာ တွင် ယင်းတို့၏ အခန်းကဏ္ဍများမှ ပါဝင်ရန် သဘောတူထားကြောင်း ဖော်ပြထားသည်။ 

IS အဖွဲ့သည် လက်ရှိ အချိန်တွင် အီရတ်နှင့် ဆီးရီးယားတို့တွင် မြေပြင် တိုက်ခိုက်ရေး တပ်သား (၂၀၀၀၀) မှ (၃၁၅၀၀) အထိ ရှိနေကြောင်း စီအိုင်အေက ဆိုထားပြီး ယခင်က ခန့်မှန်းထားခဲ့သည့် (၁၀၀၀၀) ထက် ပိုမို များပြားသည် ဟုလည်း ပြောကြားထား သေးသည်။ စီအိုင်အေ ပြောခွင့်ရှိသူ ရိုင်ယန်ထရာပနီက ဇွန်လနောက်ပိုင်း အောင်ပွဲရမှုများနှင့် အခြားအကြောင်းအရာ များကြောင့် IS အဖွဲ့ တပ်သားဦးရေ ပိုမိုများပြားလာ ခဲ့ကြောင်း ဆိုထားသည်။ အီရတ် အစိုးရ အသစ်အဖွဲ့နှင့် ဆီးရီးယား အတိုက်အခံများ ကလည်း IS အဖွဲ့ အပေါ် အရေးယူမည့် အမေရိကန်သမ္မတ အိုဘားမား၏ အစီအစဉ်ကို ကြိုဆို ထောက်ခံခဲ့ကြောင်း သိရသည်။ 

Source:AFP
From: The Messenger

0 comments:

Post a Comment