မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း(၅၀၀၀)ကျော်မှ စတင်၍ စာပေယဉ်ကျေးမှုများ ထွန်းကားခဲ့ကြောင်း ဟန်လင်းကျောက်စာချပ်များမှ သက်သေတည်


မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ကျော်မှစတင်၍ စာပေယဉ်ကျေးမှုများ စတင်ထွန်းကား လာခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ဟန်လင်း ပျုယဉ်ကျေးမှုရှေး ဟောင်းမြို့ရှိ ကျောက်စာချပ်များမှ သက်သေတည်လျက်ရှိကြောင်း ဟန်လင်းမြို့ဟောင်း အမျိုးသားပြတိုက် တာဝန်ခံ ဒေါ်ခင်းတိုးဝင်းထံမှ သိရသည်။
“ ဟောဒီကျောက်စာချပ်တွေက ကျွန်မတို့နိုင်ငံရဲ့ စာပေယဉ်ကျေးမှု စတင်စီးဆင်းခဲ့ရာ သမိုင်းရေသောက် မြစ်ကို ဖော်ညွှန်းပြဆိုနေပါတယ်..။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကျော် ၀န်းကျင်းကစလို့ ကျွန်မ တိုင်းပြည်ကြီးဟာ စာပေထွန်းကားခဲ့ပြီး လူ့ယဉ်ကျေးမှုမြင့်မားခဲ့တယ်ဆိုတာ ဟောဒီကျောက်စာချပ်တွေက သက်သေတည်နေပါတယ်..” ဟု ၎င်းက ဆက်လက်၍ ပြောပြသည်။
ဟန်လင်းမြို့ဟောင်းကြီးသည် စာပေယဉ်ကျေးမှုထွန်းကားခဲ့သော ပျူမြို့ဟောင်းကြီးဖြစ်သည်။ ပျူစာပေ များနှင့်ပတ်သက်သည့် ကမ္မည်းကျောက်စာချပ်များကို ရှေးဟောင်းသုတေသနအဖွဲ့မှ ထိုဒေသတွင် တူးဖော် တွေ့ရှိခဲ့သည်။ တွေ့ရှိခဲ့ရသော ကျောက်စာချပ်များမှာ ပျူအက္ခရာများဖြင့်ရေးသားထားခြင်းဖြစ်သည်။ မြန်မာ နိုင်ငံ၏ စာပေယဉ်ကျေးမှုထွန်းကားခဲ့ကြောင်း သက်သေခံကျောက်စာချပ်(၄)ချပ်အား ထိုဒေသတွင် ထိန်း သိမ်းစောင့်ရှောက်ထားသည်။
အဆိုပါ ရှေးဟောင်းကျောက်စာချပ်များနှင့် ပတ်သက်၍ ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီလက ရှေးဟောင်းသု တေသန ပညာရှင် မစ္စတာ တော်စိန်ခိုဆိုသူက ကျောက်စာချပ်တစ်ချပ်ကို စတင်တူးဖော် တွေ့ရှိခဲ့ခြင်းဖြစ် သည်။ စာပေသမိုင်းအတွက် လွန်စွာအရေးကြီးသော အဆိုပါ ကျောက်စာချပ်များတွေ့ရှိခဲ့ရာ နေရာအရပ် များကိုလည်း ၎င်းတို့၏ မှတ်တမ်းများတွင် မှတ်တမ်းရေးထိုး၍ ဖော်ပြထားသည်။
ကျောက်စာချပ်များ တူးဖော်တွေ့ရှိမှုများအား ရှေးဟောင်းသုတေသနအဖွဲ့၏ မှတ်တမ်းများတွင် ၁၉၀၄ ခုနှစ် ၀န်းကျင်က ဟန်လင်းကြီးကျေးရွာ၊ နဂါးရုန်ကန်ဘောင်နှင့် ရေပူကုန်းအရပ်ကြားရှိ ဦးစံငြိမ်းပိုင်သော တူး ဖော်ရရှိခဲ့သည်။ ကျောက်စာ၏ အရွယ်အစားမှာ အမြင့်(၅၂)၊ ဗျတ်(၃၉)၊ ထု(၁၅) စင်တီမီတာဖြစ်သည်။ ကျောက်စာချပ်ပေါ်တွင် ရေးထိုးထားသည့် စာကြောင်းရေမှာ နှစ်ကြောင်းဖြစ်သည်။ အသုံးပြုထားသော စာ ပေအက္ခရာများ ပျူအက္ခရာများဖြစ်ပြီး မြန်မာပြန်ဆို အနက်အဓိပ္ပါယ်မှာ ( မြတ်သော နဝေတိန်မြိန်၏သား န၀ုကနော၏မြေး မြတ်သော တုဗဟိ၏ အဆောက်အအုံ)ဟု ရှေးဟောင်းသုတေသနအဖွဲ့မှ ဘာသာပြန်ဆို ပညာရှင်များက ၎င်းကျောက်စာအား မြန်မာဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အဆိုပါ ကျောက်စာသည် ပျူ ခေတ်၊ အေဒီ(၄)ရာစုက ကျောက်စာဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသနအဖွဲ့က ခန့်မှန်းထားသည်။
၁၉၃၀ ခုနှစ်ဝန်းကျင်ခန့်က ဟန်လင်းမြို့ဟောင်းရွာကြီး၊ နဂါးရုန်ကန်ဘောင်တောင်ဘက် ဒဟတ်ပင်ကုန်း နေရာမှ ကျောက်စာချပ်တစ်ချပ်ကို၎င်း၊ ငဆရမင်းရွာကုန်းမှ ကျောက်စာတချပ်ကို၎င်း၊ ဟန်လင်းကြီးရွာ၏ အနောက်မြောက်ဘက် တကန်သာရွာ အရှေ့တောင်ဘက်မှ ပျူးရုပ်လုံကြွ ကျောက်ချပ်ကြီးကို၎င်း၊ ၁၉၆၂ ခုနှစ်တွင် တူးဖော်မှုကုန်းအမှတ်(၂)၏ အရှေ့မြောက်ဘက်(၂)ဖာလုံခန့်အကွာနေရာရှိ ဦးဆောင်း ယာကွက် အတွင်းမှ အ၀ိုင်းပုံစံ ကျောက်စာချပ်ကြီးကို၎င်း ရှေးဟောင်းသုတေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့သည်။
ထို့အပြင် ဟန်လင်းတူးဖော်မှုကုန်းများမှ တူးဖော်ရရှိသော စာပေယဉ်ကျေးမှုကျောက်စာချပ်များအနက် ( ဒါယာဒါနံ) စာတမ်းပါ ကျောက်တံဆိပ်ငယ်တစ်ခုကို၎င်း၊ အခြားစာများပါ အုတ်ခဲ၊ အိုးခြမ်းကွဲများကို၎င်း တူး ဖော်တွေ့ရှိခဲ့သည်။ ဟန်လင်းမြို့ဟောင်းဒေသမှ တူးဖော်တွေရှိခဲ့ရသော ရှေးဟောင်းစာပေ အထောက်အ ထားများအား ထောက်ရှု့ချက်များအရ ဟန်လင်းမြို့ဟောင်းဒေသကြီး ကောင်းစားစဉ်အခါက ထုံးဓလေ့ ဆိုင်ရာ မင်းနှင့်မိဖုရားများ၏ အမည်နာမများကို၎င်း၊ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သော (ဒါယာဒါနံ) စာတမ်းပါ ကျောက်တံဆိပ်တုံငယ် တစ်ခုအား တူးဖော်တွေ့ရှိရခြင်းအားဖြင့် ယင်းတံဆိပ်တုံးငယ်ပေါ်တွင် သက္ကတဘာသာဖြင့်ရေးထိုးထားပြီး မြန်မာဘာသာပြန်ဆိုချက်များအရ ( သနားသဖြင့်ပေးကမ်းစွန့်ကျဲ တတ် သူ)ဟု အနက်အဓိပ္ပါယ်ရရှိသည့်အတွက် ထိုစဉ်က စာပေယဉ်ကျေးမှု ထွန်းကားမြင့်မားရုံတင်မက ဘာသာ တရားများလည်း ထွန်းကားခဲ့ကြောင်း ယူဆရသည်။ 
ထို့ကြောင့် ဟန်လင်းမြို့ဟောင်းဒေသမှ တူးဖော်တွေ့ရှိရသော ကျောက်စာချပ်များသည် မြန်မာနိုင်ငံသား တို့၏ စာပေယဉ်ကျေးမှု၊ ဘာသာတရားထွန်းကားမှုများကို လွန်ခဲ့သော နှစ်ပေါင်း(၅၀၀၀)၀န်ကျင်းမှ စတင် ၍ ထွန်းကားမြင့်မားလာသည့် အထောက်အထားများဖြစ်ကြောင်း သက်သေတည်လျက်ရှိသည်ဟု ဟန် လင်း မြို့ဟောင်း အမျိုးသားပြတိုက်မှ သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး

0 comments:

Post a Comment