တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု ပြောဆို၍ သွေးဆောင်ခေါ် ယူလာသူများအား အရေးယူထား


၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီအချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၁၁၅) မိုင် ယာဉ်ရပ်နားဝန်းအတွင်း ဖြူးအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ လုံခြုံရေး တာဝန် ဆောင်ရွက်နေစဉ် “ပိုင်အိုးနီးယား” စားသောက်ဆိုင်တွင် ရပ်နားထားသည့် 3G/---- “ရာဇာထွန်း”ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ အမျိုးသမီး (၂) ဦး ဆင်းပြေးလာသဖြင့် တပ်ဖွဲ့ဝင်များက အမြန်လမ်း ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီးနေ မ---- (၃၂) နှစ်နှင့် မ---- (၃၂) နှစ်တို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကဇင်ကျေးရွာနေ မအေးသဉ္ဇာအောင် (၂၇) နှစ်နှင့် အမည်မသိ အမျိုးသားတစ်ဦးတို့က တရုတ်နိုင်ငံတွင် အလုပ်ရမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များ ကျခံ ကာ ခေါ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆို သဖြင့် ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြး ကားဂိတ်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်ရပ်နားရာနေရာသို့ အရောက်တွင် ၎င်းတို့မှ “ဘယ်သူ့ကိုမှ စကားမပြောနဲ့၊ ဘာမှလည်း မစားနဲ့၊ မူဆယ်ရောက်မှ နင်တို့ကို လာခေါ်မယ့်သူရှိတယ်” ဟုပြော၍ တရုတ်မယား အဖြစ် ရောင်းစားခံရမည်ကို စိုးရိမ်သော ကြောင့် ကားပေါ်မှ ဆင်းပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ စစ်မေးနေစဉ် “ရာဇာထွန်း” ခရီးသည်တင် ယာဉ်မှာ ဆက်လက်ထွက်ခွာသွားသဖြင့် အမြန်လမ်းရဲစခန်းများနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပဲခူး) တို့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ဖြူးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက နောက်မှလိုက်သွားခဲ့သည်။ အဆိုပါယာဉ်အား သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ ခုံအမှတ် (၁၀) တွင် လိုက်ပါလာသည့် မအေးသဉ္ဇာအောင်အား တွေ့ရှိ ထိန်းသိမ်းနိုင်ခဲ့ပြီး အမည်မသိအမျိုးသားမှာ မိုင်တိုင်အမှတ် (၁၃၇/၀) တွင် ယာဉ်ပေါ်မှ ဆင်းသွားခဲ့ကြောင်း သိရှိရသဖြင့် မအေးသဉ္ဇာအောင်နှင့် အမည်မသိအမျိုးသားတို့ ၂ ဦးအား ဖြူးအမြန်လမ်းရဲစခန်း (ပ)၇/၂၀၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

မအေးသဉ္ဇာအောင်အား စစ်မေးချက်အရ ၎င်းနှင့်အတူ အမျိုးသမီး ၂ ဦးအား ခေါ်ဆောင်လာသူမှာ အကြီးကောင် (ခ) ကျော်လင်းဦးဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ရာ ၇-၉-၂၀၁၄ ရက်နေ့တွင် အကြီးကောင် (ခ) ကျော်လင်းဦးအား ၎င်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၅) ရပ်ကွက်၊ ချောင်ပတ်လမ်းရှိနေအိမ်မှ ဖမ်းဆီးရမိခဲ့သောကြောင့် အမှုဖြင့် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI 

0 comments:

Post a Comment