အောင်ဘာလေထီ ပေါက်မဲများ ဖွင့်လှစ်ရာတွင် လေမှုတ်စက် စနစ်ဖြင့် ပြောင်းလဲ ဖွင့်လှစ်ပြီ


အောင်ဘာလေထီ ဖွင့်လှစ်ရာတွင် ဂေါ်လီလုံး ဂဏန်းများကို လက်ဖြင့် နှိုက်ယူသည့် စနစ်အစား လေမှုတ်စက် စနစ်ဖြင့် ပြောင်းလဲရွေးချယ် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေထီ သိန်းဆု ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်တွင် ထီတစ်စောင် နှစ်ကျပ်ဖြင့် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂ဝဝ ကျပ်တန်အထိ ဂေါ်လီလုံးဖြင့် ဂဏန်း နှိုက်ယူသည့် စနစ်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ကျင့်သုံးနေသည့် ရိုးရာစနစ်ဖြင့် ဖွင့်လှစ်မှုတွင် အသက် ငါးနှစ်မှ ၁ဝ နှစ်အတွင်း မူလတန်း ကျောင်းသား ၊ ကျောင်းသူလေးများကို ကျောင်းများမှ ခေါ်ယူ၍ ဂဏန်း ဂေါ်လီလုံးများကို လက်ဖြင့် နှိုက်ယူကာ ထီဆုမဲ များ ရွေးချယ်ခြင်းကို ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုအခါ လေမှုတ်စက် စနစ်သို့ ပြောင်းလဲ အသုံးပြုခြင်းဖြင့် အချိန်ကုန် သက်သာ စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းစနစ်ဖြင့် ထီဖွင့်လှစ်ရာတွင် လေမှုတ်စက် သုံးလုံးကို အသုံးပြုမည် ဖြစ်ပြီး တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၃၅ဝဝဝ တန်ဖိုးရှိကြောင်း သိရသည်။

ယင်းသို့ လေမှုတ်စက်ဖြင့် ထီဖွင့်လှစ် သည့်စနစ်ကို နိုင်ငံ အများအပြား၌ အသုံးလျက် ရှိသည်။ ယင်းအပြင် ယခုအသုံးပြု ရန် လျာထားသည့် လေမှုတ်စက်၊ ဘောလုံး၊ LED Display Board နှင့် ဂဏန်းဖော်ပြရန် အသုံးပြုမည့် ဆော့ဝဲလ်များနှင့် စနစ်တစ်ခုလုံး အတွက် ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ နှစ်သိန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ယင်းကဲ့သို့ လေမှုတ်စက် စနစ်သို့ ပြောင်းလဲ ကျင့်သုံးနိုင်ရန် ငွေကြေး လိုအပ်ချက်ရှိသည့် အတွက် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များမှလည်း ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

အောင်ဘာလေထီ သိန်းဆုဌာန အနေဖြင့် ယခုနောက်ဆုံး ဖွင့်လှစ်ခဲ့သည့် (၃ဝ၈)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှ စတင်ကာ ထီဆုမဲများကိုလည်း ပြောင်းလဲ တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ယင်းအပြင် လက်ရှိ ကျင့်သုံးနေ သည့် အောင်ဘာလေ ထီစနစ်ကို E-lottery စနစ်ပြောင်းလဲ အသုံးပြုရန် စီစဉ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အောင်ဘာလေထီ ဌာနခွဲ မှ သိရသည်။
မြ၀တီ

0 comments:

Post a Comment