ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်သည်များကို သတင်းထုတ်ပြန်ရာတွင် ဦးစံလင်းအနေဖြင့် မလိမ်သင့်ကြောင်း နတ်စင်တစ်ရာဆရာတော် မိန့်ကြား


နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇက မီဒီယာသမားများအား ရှင်လင်းမိန့်ကြားနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ပြည်သူအများ စိတ်ဝင်စားနေသော ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်သည်များကို သတင်းထုတ်ပြန်ရာတွင် ဦးစံလင်းအနေဖြင့် မလိမ့်သင့်ဟု သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက်၌ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇက မိန့်ကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နတ်စင်တစ်ရာဆရာတော်၊ မွန်စာပေနှင့် ယဉ်ကျေးမှုမှ တာဝန်ရှိသူများနှင့် ခေါင်းလောင်းဆယ်ယူရာတွင် သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“အခုလို ရှင်းလင်းပွဲလုပ်ရတာဟာ နတ်စင်တစ်ရာဆရာတော်က ဦးစံလင်းနဲ့ပေါင်းပြီး လိမ်နေတယ်လို့ သတင်းထွက်နေတဲ့အတွက် ရှင်းလင်းရတာဖြစ်ပါတယ်။ ခေါင်းလောင်းကြီးကို တွေ့ပြီလို့ပြောကြတော့ ဘုန်းဘုန်းက သေချာအောင် ထပ်စစ်ဆေးပါလို့ မိန့်ခဲ့တယ်။ ပြီးတော့ တချို့မီဒီယာတွေက ခေါင်းလောင်းကြီးကိုတွေ့ပြီလို့ နတ်စင်တစ်ရာဆရာတော်က မိန့်တယ်လို့ ရေးကြပါတယ်။ အဲဒီအချိန်တုန်းက ဘုန်းဘုန်းက ဘန်ကောက်မှာ ဆေးကုသမှုခံနေတာပါ။ မီဒီယာသမားတွေကိုလည်း မေတ္တာရပ်ခံပါတယ်။ ခေါင်းလောင်းနဲ့ပတ်သက်တဲ့ သတင်းတွေရေးရင် အရှိကို အရှိအတိုင်းရေးပါ။ တိကျတဲ့အဖြေအတိုင်း ရေးကြပါ။ မတိကျဘဲ မရေးကြပါနဲ့” ဟု နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တ ပညာတေဇက မိန့်ကြားသည်။

ဆက်လက်ပြီး ဆရာတော်က “အတိအကျ သိထားတာတော့ ခေါင်းလောင်းဆယ်ယူရာမှာ ဦးစံလင်းမှာ သိန်း ၁၅၀၀ ရှိတာက အခုဆိုရင် သိန်းခုနစ်ရာလောက် ကုန်သွားပါပြီ။ တစ်ရက်ကို သိန်း ၇၀ လောက်ကုန်ကျတယ်လို့ သိရတယ်။ နောက်ပြီး သဲတွေစုပ်ထုတ်တဲ့ ရက်တွေမှာဆိုရင် တစ်ရက်ကို သိန်း ၅၀ လောက် ကုန်ကျတယ်လို့ သိရတယ်။ ခေါင်းလောင်းရှာဖွေဖို့ ရေငုပ်ရတာ ပေ ၅၀ အမြင့်လောက်ရှိတယ်။ ရေကျချိန်ဆိုရင် ၃၈ ပေလောက် ငုပ်ရတယ်လို့ ရေငုပ်သမားတွေဆီက သိရတယ်။ ခေါင်းလောင်းတွေ့တယ်လို့ပြောတော့ ဘုန်းဘုန်းက သေချာစိစစ်ခိုင်းတော့ ခေါင်းလောင်းလို့ယူဆရတဲ့ အရာတစ်ခုပါ။ ဦးစံလင်းကို ဆရာတော်က ပြည်သူတွေ အရမ်းတမ်းတနေတဲ့ ခေါင်းလောင်းကြီးဖြစ်တဲ့အတွက် ပြည်သူတွေကို မလိမ်စေချင်ဘူးလို့ မိန့်ကြားဖူးပါတယ်” ဟု ထပ်မံမိန့်ကြားသည်။

“သြဂုတ် ၂၆ ရက်က ဦးစံလင်းက ကျွန်တော်တို့ကို ဖုန်းဆက်ပြီး ခေါင်းလောင်းတွေ့ပြီလို့ သတင်းထုတ်ပြန်ပါဆိုလို့ ထုတ်ပြန်ရတာပါ။ ဦးစံလင်းတို့ သင်္ဘောပေါ်မှာ ရှာတာတွေနဲ့ပတ်သက်ပြီး ဘာမှမသိရပါဘူး။ တကယ်တော့ ကျွန်တော်တို့က ကုန်းပေါ်က ခေါင်းလောင်းဆယ်ယူရာမှာ အလှူခံတဲ့ ကိစ္စတွေနဲ့ပဲ သက်ဆိုင်တာပါ။ အခြားဟာတွေကို ဘာမှမသိပါဘူး။ လက်ရှိအချိန်အထိတော့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေနေတာ မတွေ့သေးပါဘူး” ဟု ခေါင်းလောင်းရှာဖွေရာတွင် ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာတွင် ကုန်းပေါ်မှ လာရောက်လှူ ဒါန်းထားသော အလှူငွေ သိန်း ၁၃၀ ကျော်ရှိပြီး ရိုးမဘဏ်၌ အပ်နှံထားကြောင်း၊ ယင်းငွေများကို လက်ရှိအချိန်ထိ ခေါင်းလောင်းဆယ်ယူရာတွင် သုံးစွဲရခြင်းမရှိသေးကြောင်း၊ လာရောက်လှူဒါန်းထားသော ငွေများကို အလှူရှင်များအနေဖြင့် ထုတ်ယူလိုပါက လာရောက်ထုတ်ယူနိုင်ကြောင်း၊ ခေါင်းလောင်းကို ရှာဖွေတွေ့ရှိခြင်းမရှိပါက အလှူငွေများကို အလှုရှင်များနှင့်တိုင်ပင်ပြီး ဘုရားတစ်ဆူမှာ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍရေးတာဝန်ခံ ဦးသန်းစိန်က ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းကို သြဂုတ် ၉ ရက်တွင် စတင်ရှာဖွေခဲ့ပြီး တစ်လကျော် ကြာမြင့်သည်အထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။
EMG

0 comments:

Post a Comment