IS အဖွဲ့တွင် အင်အား ၃၁,၀၀၀ ရှိသည်ဟု CIA ထုတ်ပြန်

အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေစိုက်ကာ အစ္စလာမ်မစ်နိုင်ငံ ထူထောင်နိုင်ရေး ဂျီဟတ်တိုက်ပွဲ ပြုလုပ်နေသော IS စစ်သွေးကြွများ၌ စစ်အင်အား သုံးသောင်း တစ်ထောင်ခန့်အထိ ရှိမည်ဟု အမေရိကန် ထောက်လှမ်းရေး CIA က ထုတ်ပြန်လိုက်ရာ ယခင် ထင်မှတ်ထားသည့် ပမာဏထက် သုံးဆခန့် ပိုများနေကြောင်း သိရသည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မေလမှ သြဂုတ်လအတွင်း ရရှိထားသည့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များကို ကိုးကားလျက် ခန့်မှန်းချက် အသစ်ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ပြောခွင့်ရ အရာရှိတစ်ဦးက သုံးသပ်သည်။

IS အဖွဲ့သည် အီရတ်နိုင်ငံမှ နေရာအတော်များများကို သိမ်းပိုက်ထားပြီး အမေရိကန်ကလည်း လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ထားကာ ၎င်းတို့ဘက်ကလည်း တန်ပြန်သည့် အနေဖြင့် ဓားစာခံအဖြစ် ဖမ်းဆီးထားသူများကိုလည်း ခေါင်းဖြတ်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခုအခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တူရကီနိုင်ငံသို့ ရောက်ရှိလျက်ရှိကာ IS ကို တိုက်ခိုက်ရန်အတွက် ဒေသတွင်း ထောက်ခံမှုများ ရရှိအောင် ကြိုးစားခြင်း၏ တစိတ်တစ်ပိုင်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့ရှိ IS တပ်ဖွဲ့များကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ခြင်းအား အာရပ် ၁၀ နိုင်ငံက ကူညီမည်ဟု သဘောတူထားခဲ့သည်။

ယခင်က IS တွင် တိုက်ခိုက်ရေးသမား တစ်သောင်းရှိသည်ဟု CIA က ထင်မှတ် ယူဆထားခဲ့ကြောင်း ပြောရေးဆိုခွင့်ရ အရာရှိ ရိုင်ယန်ထရာပါနီက ပြောဆိုသည်။

“ပြီးခဲ့တဲ့ ဇွန်လက သူတို့ ရရှိထားတဲ့ အောင်ပွဲတွေနဲ့ အစ္စလာမ်မစ် နိုင်ငံတော် ကြေညာချက်ကြောင့် အဖွဲ့ဝင်သစ်တွေ အများကြီး တိုးလာခဲ့တာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက မှတ်ချက်ပြုထားသည်။

သမ္မတအိုဘားမားက IS အဖွဲ့ကို တိုက်ခိုက် ဖြိုခွင်းရန်အတွက် အစီအစဉ်များ ချမှတ် ပြန်ဌာန်းလိုက်ပြီး နောက်တွင် CIA အဖွဲ့၏ အထက်ဖော်ပြပါ နောက်ဆုံး ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားပိုင်နက် နယ်မြေအတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်မစ် ဂျီဟတ်များကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ရန် အိုဘားမားက အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးခင် လများက IS အဖွဲ့သည် ၎င်း၏ အမာခံနယ်မြေများကို အရှေ့ပိုင်း ဆီးရီးယားတွင် ချဲ့ထွင်နိုင်ခဲ့ပြီး အီရတ်တွင်လည်း မြို့များ၊ မြို့တော်များ၊ စစ်စခန်းများနှင့် လက်နက်တိုက်များကို ရရှိသွားခဲ့သည်။
The Voice

0 comments:

Post a Comment