သန္တိသုခကျောင်းတိုက်ရှိ ဆရာတော်များအနေဖြင့် လက်နက်များ ကိုင်ဆောင်ထားခြင်းကြောင့် အင်အားသုံးဖယ်ရှားရန် မဟန အထူးအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို သက်သေခံစာအဖြစ် တင်သွင်းရန် လျှောက်ထားမှု တာမွေတရားရုံးက ပယ်ချ

လန်ဒန်ဆရာတော် ဦးဥတ္တရကို တာမွေတရားရုံးမှ အထွက်တွင် တွေ့ရစဉ်

သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ပီနန်ဆရာတော်ကြီး၏ တပည့်သံဃာများအား ဖယ်ရှားပြီး တရားစွဲဆိုရန် ဇွန် ၁ဝ ရက်က အစည်းအဝေးပြုလုပ်ကာ ထုတ်ပြန်သည့် မဟနအစည်းဝေးမှတ်တမ်းကို သက်သေခံစာအဖြစ် တင်သွင်းရန် ဆရာတော်များ၏ ရှေ့နေက လျှောက်ထားမှုကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၂ ရက် ရုံးချိန်းတွင် တာမွေတရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

“ဇွန် ၁ဝ ရက်မှာ မဟနဘက်က အထူးအစည်းအဝေးပွဲ ခေါ်တယ်။ အဲဒီ အထူးအစည်းဝေးပွဲမှာ သန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖယ်ရှားဖို့ ဆုံးဖြတ်ချက် စာရွက်ကို အမှတ် (၃) ဘုန်းကြီးရဲ့ရှေ့နေက တင်ပြခွင့်တောင်းတယ်။ အဲဒီစာမှာ အချက်သုံးချက်ပါတယ်။ အဲဒီစာကို သက်သေခံအဖြစ် တင်ပြခွင့်လျှောက်ထားတာကို တာမွေတရားရုံးက လက်မခံဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့အနေနဲ့ ခရိုင်တရားရုံးအထိ ဆက်လက်ပြီး တင်ပြသွားမှာပါ” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းသက်သေခံစာအဖြစ် တင်သွင်းရန် လျှောက်ထားသည့်စာပါ အချက်သုံးချက်မှာ မဟန သဘာပတိ ဆရာတော်ကိုယ်တိုင်က သန္တိသုခကျောင်းတိုက်တွင် သံဃာအပါး ၃ဝ မှာ လက်နက်များဖြင့် ရှိနေသဖြင့် အရေးယူဖို့လိုသည်ဟု ဒကာတစ်ယောက်နှင့် သီတဂူက လာရောက်လျှောက်ထားကြောင်း၊ သမ္မတအကြံပေး ဦးအံ့မောင်ကလည်း ၂ဝ/ ၉ဝ ဖြင့် ဆရာတော်များကို အရေးယူမည်ဟု ဆိုထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်တိုင်ကလည်း ၂ဝ၁၄ ခုနှစ် ဇွန် ၁၁ ရက် နောက်ဆုံးထားကာ အရေးယူဆောင်ရွက်ပေးမည်ဟု မဟနသို့ လျှောက်ထားခဲ့သည်ဟု ယင်းစာတွင် ပါဝင်ကြောင်း ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

“မဟနရဲ့ ဆုံးဖြတ်ချက်တွေ ပါဝင်တဲ့ အမှုသက်သေခံစာကို ရန်ကုန်အပါအဝင် တိုင်းသံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ သံသယဖြစ်စရာ ကိစ္စတွေကို တရားရုံးမှာ ဘာလို့မတင်ပြရဲရတာလဲ။ ၄၅ မိနစ်လောက် စောင့်ဆိုင်းပြီးမှ ဒါကိုလက်မခံဘူးဆိုပြီး အမိန့်ချတာက အထက်အမိန့်ကြောင့်လား။ တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့်လားဆိုတာ စဉ်းစားစရာဖြစ်စေတယ်။ လွတ်လပ်တဲ့တရားစီရင်ရေး ဖြစ်စေချင်ပါတယ်” ဟု ဦးဥတ္တရက ဆက်လက်မိန့်သည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက် တွင် တာမွေတရားရုံးမှ ရုံးချိန်းပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

ထို့အပြင် လန်ဒန်ဆရာတော်များဘက်မှ တင်သွင်းခဲ့သည့် ပီနန်ဆရာတော်၏ သက်သေခံစာနှစ်စောင်ကို တင်သွင်းရာတွင် တာမွေတရားရုံးမှ ငါးကြိမ်မြောက် ရုံးချိန်းတွင် တရားလို ဦးစိန်မော်၏ ရှေ့နေက ပီနန်ဆရာတော်ကိုယ်တိုင် မလာရောက်သည့်အတွက် စာအနေဖြင့်သာ လက်ခံခဲ့ပြီး ပီနန်ဆရာတော်ကိုယ်တိုင် တရားရုံးတွင် သက်သေထွက်ဆိုမှသာ လက်ခံမည်ဟုဆိုကာ ပယ်ချခဲ့သောကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်တင်သွင်းခဲ့သည်။ အဆိုပါ အရှေ့ပိုင်းခရိုင် တရားရုံးမှလည်း သမ္မတထံသို့ ပေးပို့သည့်စာကို လက်မခံဘဲ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံသို့ ပေးပို့သည့်စာကိုသာ သက်သေခံစာအဖြစ် လက်ခံကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
EMG

0 comments:

Post a Comment