တောင်တက်သမား(၂)ဦးကို လူသားခြင်းစာနာမှုဖြင့် ထူးဖောင်ဒေးရှင်းက အချိန်မှီ ကယ်ဆယ်မည်ဟု ဆို


သဘာဝခေါ်သံဖောင်ဒေးရှင်းမှ ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်နှင့် ပတ်သက်ပြီး ၂၃.၇.၂၀၁၄ နေ့ရက်က MJN (မြန်မာဂျာနယ်လစ်ကွန်ယက်) ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ၎င်းတို့အဖွဲ့ ခါကာဘိုရာဇီတောင်သို့ တက်ရောက်မည်ဖြစ်ကြောင်း စာနယ်ဇင်းများထံ အသိပေးခဲ့သည်။

ဇူလိုင်လ(၂၉)ရက်နေ့ နံနက်တွင် တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) အဖွဲ့ဝင်များသည် ရန်ကုန်မြို့ မှ ပူတာအိုမြို့ကို ထွက်ခွာခဲ့ကြပြီး ဇူလိုင်လ(၃၁)ရက်နေ့မှာ ပူတာအိုကနေ ခါကာဘိုရာဇီ ခရီးကို စတင်ခဲ့ကြပါသည်။

ခက်ခဲကြမ်းတမ်းမှု မျိုးစုံကို ရင်ဆိုင်ဖြတ်ကျော်ပြီး သြဂုတ်လ(၃၁)ရက်နေ့ ညနေ(၅)နာရီမှာတော့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့နှစ်ဦးဟာ ခါကာဘိုရာဇီ တောင်ထိပ်မှာ မြန်မာနိုင်ငံတော်အလံကို အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့ကြသည်။

ထိုအချိန်တွင် မြေပြင်အဖွဲ့နှင့်အတူ တောင်ထိပ်ရောက် မြန်မာ သူရဲကောင်း (၂)ဦးဟာ ဆက်သွယ်ရေး ကိရိယာများမှတဆင့် နိုင်ငံတော် သီချင်းကို အတူ သီဆို အောင်ပွဲခံခဲ့ကြသည်။

တောင်တက်အဖွဲ့ဝင်တွေဟာ စက်တင်ဘာ (၉)ရက်နေ့မှာ တောင်ခြေရှိ ပင်မအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် သတ်မှတ်ထားခဲ့ပေမယ့် သတ်မှတ်ရက်အတွင်း အဖွဲ့ဝင်(၆)ဦးသာ ပြန်လည် ရောက်ရှိပြီး တောင်ထိပ်ရောက်ရှိခဲ့သည့် ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူတို့နှစ်ဦး ရောက်ရှိလာခြင်း မရှိခဲ့ပါဘူး။

သတ်မှတ်ရက်အတွင်း တောင်ထိပ်တက်ခဲ့သူနှစ်ဦး ပြန်လည် ရောက်ရှိလာခြင်း မရှိသည့်အတွက် မြေပြင်အဖွဲ့မှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ ဆက်သွယ် အကြောင်းကြား အကူအညီ တောင်းခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် တောင်တက်သမား(၂)ဦး ပျောက်ဆုံးနေကြောင်းကို တဆင့်စကားများဖြင့် ကြားသိနေရသဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းရာ စက်တင်ဘာ(၉)ရက်နေ့ ညပိုင်းတွင် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း အတည်ပြုချက် ရရှိခဲ့သည်။

သတင်းအတည်ပြုချက် ရလျှင်ရခြင်း ဦးတေဇသည် သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့် ဦးဆောင်သည့်အဖွဲ့နှင့် ဧ၀ရတ်တောင်သို့ တက်ရောက်မည့် ကျွမ်းကျင်တောင်တက်သမားများကို ခေါ်ဆောင်ပြီး ပူတာအိုသို့ ချက်ချင်း သွားရောက်ခဲ့ကြသည်။

ဦးတေဇသည် ပူတာအိုသို့ ရောက်ရောက်ချင်း ပူတာအို အခြေ စစ်ဗျူဟာမှူး၊ MI 17 လေယာဉ်မှူးများနဲ့ ဆွေးနွေးမှုများ ပြုလုပ်၊ နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ လမ်းညွှန်မှုခံယူပြီး ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံသန်းခွင့်များအတွက် ခွင့်ပန်ခြင်းများကို ချက်ခြင်း လုပ်ဆောင်ခဲ့သည်။

ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်နှစ်စီး ပူတာအိုသို့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရောက်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုခဲ့ပါသည်။ Htoo Apex Petroleum မှ ရှာဖွေရေး လုပ်ငန်းများတွင် အသုံးပြုမည့် ရဟတ်ယာဉ်များအတွက် လေယာဉ်ဆီကို ရန်ကုန်မြို့မှ ပူတာအိုသို့ တပ်မတော်လေမှ Y8-MAF-Cargo Transporter များဖြင့် တင်ပို့ပေးခဲ့သည်။

ထူးဖောင်ဒေးရှင်း နာယကသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဦးဆောင် ကွပ်ကဲနိုင်ရန်အတွက် စက်တင်ဘာ(၁၁)ရက်နေ့တွင် ပူတာအိုမှ ခြေလျင်ခရီး (၇)ရက်ကြာ သွားရသည့် ပန်နန်းဒင်မြို့သို့ သွားရောက်ပြီး အနီးကပ် ညွှန်ကြားမှုများ ပြုလုပ်လျက် ရှိသည်။ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

စက်တင်ဘာ(၁၁)ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် တပ်မတော်လေမှ ရဟတ်ယာဉ်တစ်စီး အပါအ၀င် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ ရဟတ်ယာဉ် (၂)စီးဖြင့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိပါသည်။

ထို့ပြင် ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ဦးနမားဂျွန်ဆင်အပါအ၀င် နီပေါနိုင်ငံတွင် ဧဝရက်တောင် တက်ရန်အတွက် training ပြုလုပ်ထားသည့် တောင်တက်အဖွဲ့ဝင်များအပြင် ဒေသခံ တောင်တက်ကျွမ်းကျင် အဖွဲ့များကပါ စားနပ်ရိက္ခာ၊ ဆေးဝါး အပြည့်အစုံဖြင့် မြေပြင်ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

ထူးဖောင်ဒေးရှင်းကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များထဲတွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုများ ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် ဆိုသည့်အချက်လည်း ပါဝင်ပါသည်။

ထူးဖောင်ဒေးရှင်းသည် လူသားခြင်းစာနာထောက်ထားပြီး ဖွံ့ဖြိုးမှုနှေးကွေးသည့် ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရရှိလာစေရန်နှင့် ပညာရေး၊ ကျန်းမာရေးများအပြင် ပရဟိတ လုပ်ငန်းများကိုပါ နိုင်ငံကို ကျေးဇူးဆပ်သည့် အနေဖြင့် တစ်တပ်တအား ဆောင်ရွက်လျက်ရှိပါသည်။

ခါကာဘိုရာဇီတောင်ထွဋ်သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား တောင်တက်သမားနှစ်ဦး ပျောက်ဆုံးခြင်းကို မည်သူတစ်ဦးတစ်ယောက်၏ အကူအညီတောင်းခံခြင်း တိုက်တွန်းခြင်း မပါဘဲ ထူးဖောင်ဒေးရှင်း၏ နာယကဖြစ်သူ ဦးတေဇမှ လူသားခြင်း စာနာထောက်ထားမှုအရ ရှာဖွေကယ်ဆယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

ဦတေဇသည် လွန်ခဲ့သည့် (၃) နှစ်ကျော် ကာလက ပူတာအိုဒေသ မဒွယ်တောင်ပေါ်တွင် ရဟတ်ယာဉ် မတော်တဆမှုကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး သေမင်းခံတွင်းဝမှ လွတ်မြောက်ရန် ပြင်းထန်စွာကြိုးပမ်းခဲ့ရဖူးပါသည်။

ယခု မြန်မာတောင်တက်သမား(၂)ဦး ခါကာဘိုရာဇီ ရေခဲတောင်တွင် အခက်အခဲ ကြုံတွေ့နေရခြင်းအတွက် လူသားခြင်း ကိုယ်ချင်းစာစိတ် တစ်ခုတည်းဖြင့် ကိုယ်တိုင်ဦးစီးကာ ငွေအင်အား၊ Unit များမှ ၀န်ထမ်းပေါင်းများစွာ အပါအ၀င် လေကြောင်းလိုင်းမှ လေယာဉ်များ၊ ရဟတ်ယာဉ်များပါ အသုံးပြုပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်လျက် ရှိပါသည်။

ယခုခရီးစဉ်မှာ ထူးဖောင်ဒေးရှင်းအနေဖြင့် လည်းကောင်း၊ ထူးကုမ္ပဏီများအုပ်စု အနေဖြင့် လည်းကောင်း စပွန်ဆာ ထည့်ဝင်ထားခြင်း မရှိသော်လည်း လူသားခြင်း စာနာမှု တစ်ခုတည်းဖြင့်သာ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

Htoo Foundation

0 comments:

Post a Comment