အငြင်းပွားနေသော Miss Asia Pacific World သရဖူကိစ္စနှင့် ပတ်သက်၍ မေမြတ်နိုးအား ကိုရီးယားထိပ်တန်း MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးမည်


မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်း ရုပ်သံဌာန တစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ အဆိုပါ အစီအစဉ်တွင် မေမြတ်နိုးနှင့် အင်တာဗျူး မေးမြန်းမှုများကို ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
“ကိုရီးယား MBC ရုပ်သံလိုင်းက ကမ်းလှမ်းတယ်ဆိုပြီး ဖုန်းဆက်လာတာပါ။ ကိုရီးယားစကားပြန် မြန်မာအမျိုးသမီးလည်း ပါမယ်။ အဓိက,ကတော့ အန်တီတို့လည်း သူတို့ဘက်က သိချင်တာတွေကို အမှန်တရားအတိုင်း ဖြေကြားမယ်ဆိုတဲ့စိတ်နဲ့ လက်ခံဖြစ်သွားတာ။ သူတို့မီဒီယာဘက်ကိုလည်း အမှန်တရား အတိုင်းပဲ သိစေချင်တယ်” ဟု မေမြတ်နိုး၏ မိခင်က ပြောကြားသည်။
MBC မှ လာရောက်ရိုက်ကူးရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသူ မခင်လေးကလည်း “ကိုရီးယားထိပ်တန်း ရုပ်သံလိုင်းတစ်ခုက လာပြီးရိုက်ကူး ချင်တယ်ဆိုတာကြောင့် ကြားကနေ ဆောင်ရွက်ပေးဖြစ်တာပါ။ ရိုက်ကူးရေးအစီအစဉ် အားလုံးကိုတော့ MBC ကပဲ ဆောင်ရွက်ပါလိမ့်မယ်” ဟု ဆိုသည်။
မေမြတ်နိုးသည် လက်ရှိအချိန်တွင် MRS ကျောင်း၌ ကျောင်းပြန်တက်ရန် စီစဉ်ထားပြီး အနုပညာလုပ်ငန်းများကိုမူ ရွေးချယ်လုပ်ကိုင် သွားမည်ဟုသိရသည်။ Miss Asia Pacific World Organization မှကိုရီးယား မီဒီယာများထက်၌ ပြောဆိုထုတ်ပြန် ထားမှုများအပေါ် မေမြတ်နိုး၏ကိုယ်စား မေမြတ်နိုး၏ မိခင်ဖြစ်သူက ဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
ယင်းအဖွဲ့အစည်းအနေဖြင့် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့ ကိုရီးယားနိုင်ငံသို့ ရောက်ရှိစဉ် ပြုလုပ်ဆောင်ရွက် ခဲ့သည်များကို ကိုရီးယားမီဒီယာများသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မေမြတ်နိုးသည် ရင်သားခွဲစိတ်မှုကိုလည်း ပြုလုပ်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မေမြတ်နိုးနှင့် လာရောက်တွေ့ဆုံရိုက်ကူးမည့် MBC ရုပ်သံလိုင်းမှာ ကိုရီးယားထိပ်တန်း ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး ကိုရီးယားဒရာမာ စီးရီးများ ရိုက်ကူးထုတ်လွှင့်မှု၌ ထင်ရှားသည့် ရုပ်သံလိုင်းတစ်ခုဖြစ်သည်။
ကမ္ဘာ့အလှမယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Missosology ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းတစ်ပုဒ်၌ Miss Asia Pacific World Organization နှင့် မေမြတ်နိုးတို့ ဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် Organization ထံ မေးမြန်းရန် ကိုရီးယား အလွတ်တန်း သတင်းထောက်မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိသောကြောင့် ယင်း Organization ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆိုးလ်မြို့ရှိ လိပ်စာသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနေရာတွင် Organization ၏ ရုံးခန်းမတွေ့ရှိရသဖြင့် လွန်စွာအံ့အားသင့်မိကြောင်း၊ ယင်းနေရာ ပတ်ဝန်းကျင်ရှိ ဒေသခံများကလည်း အဆိုပါ Organization ရှိခဲ့ကြောင်းကို သတိပြုမိသူ မရှိကြောင်း စုံစမ်းသိရှိရသည်ဟု ရေးသားဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါအလွတ်တန်း သတင်းထောက်မှ Organization ၏ Founder ဖြစ်သူ Mr.Choi ထံသို့ ဆက်သွယ်မေးမြန်းရာ လိပ်စာပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း၊ ဘူဆန်မြို့တွင် ၎င်းတို့၏ ရုံးခန်းရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်ဟု အဆိုပါသတင်းတွင် ထည့်သွင်းရေးသားထားသည်။

0 comments:

Post a Comment