ISIS စစ်သွေးကြွအဖွဲ့က ကလေးသူငယ်များကို အသေခံ ဗုံးခွဲတိုက်ခိုက်သူများ အဖြစ် အသုံးချ စေခိုင်းလျက် ရှိသည်ဟုဆို




ကလေးသူငယ် များ၏ အသက်များကို မငဲ့ကွက်ဘဲ အသေခံ ဗုံးခွဲ တိုက်ခိုက် သူများအဖြစ် အသုံးချ စေခိုင်းလျက် ရှိသည့် ISIS စစ်သွေးကြွ အဖွဲ့နှင့် အခြား အစွန်းရောက် စစ်သွေးကြွ အဖွဲ့များ၏ လုပ်ဆောင်ချက် များအပေါ် ထိတ်လန့် တုန်လှုပ်မိကြောင်း ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် Leila Zerrougui က ပြောကြား ခဲ့သည်ဟု စက်တင်ဘာလ ၉ ရက်နေ့ RIA Novosti သတင်းတစ်ရပ် အရ သိရသည်။


ISIS စစ်သွေးကြွ များ၏ အီရတ် နှင့် ဆီးရီးယား နိုင်ငံရှိ ၄င်းတို့ ထိန်းချုပ်ထားရာ နယ်မြေရှိ ကလေးသူငယ် များနှင့် အမျိုးသမီးများ အပါအဝင် လူနည်းစု များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း အပေါ် အလွန်အမင်း စိုးရိမ် ပူပန် မိကြောင်း Leila Zerrougui က မကြာသေးမီက ထုတ်ဖော် ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့သည် လက်နက် ခဲယမ်းများ သယ်ဆောင်ရန်၊ မဟာ ဗျူဟာမြောက် နေရာများအား စောင့်ကြပ်ရန်၊ သို့မဟုတ် အရပ်သား များအား ဖမ်းဆီးရန် တို့အတွက် အသက် ၁၃ နှစ်ခန့် ရှိသည့် လူငယ်များကို တာဝန် ပေးအပ် ခဲ့ကြောင်းနှင့် အခြား ကလေးသူငယ် များကိုလည်း အသေခံ ဗုံးခွဲ တိုက်ခိုက်သူများ အဖြစ် အသုံးချ စေခိုင်း ခဲ့ကြောင်း Leila Zerrougui က လုံခြုံရေး ကောင်စီသို့ ပေးပို့သော အကြောင်းကြား စာတစ်စောင် တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန် ကြေညာချက် အရ ၂ဝ၁၄ ခုနှစ် အစောပိုင်းမှ စ၍ အီရတ် နိုင်ငံတွင် ကလေးသူငယ် ၇ဝဝ ကျော်မှာ သေဆုံးခဲ့ခြင်း၊ သို့မဟုတ် ခြေလက် အင်္ဂါချို့တဲ့ ခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ ရကြောင်း သိရှိရပါသည်။ အလားတူ ဂါဇာကမ်းမြောင် ဒေသတွင်လည်း ကလေးသူငယ် ၅ဝဝ ကျော် သေဆုံးခဲ့ပြီး ၁၃ဝဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ဂျီးရီးယား နိုင်ငံ၌လည်း ၂ဝ၁၃ ခုနှစ်အတွင်း Boko Haram စစ်သွေးကြွ အဖွဲ့က စာသင် ကျောင်း များကို တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး ၁ဝဝ ခန့်နှင့် ဆရာ၊ ဆရာမ ၇ဝ ခန့် သေဆုံး ခဲ့ကြောင်း နှင့် ၄င်းအဖွဲ့က ပြန်ပေးဆွဲ ခဲ့သည့် မိန်းကလေး ၂ဝဝ ကျော်မှာလည်း ပျောက်ဆုံး နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
PyiChitThar

0 comments:

Post a Comment