ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အငှားယာဉ်အား လုယူထွက်ပြေးသူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူထား



၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆/၇)နှင့်(၇/၀)ကြား၌ သန်လျင်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်နေ ဦးမောင်မာင်စိုး (၅၉)နှစ်မောင်းနှင်သည့် CC/1692 CITY နံပါတ် E-19507 ကာရီးနားအငှားယာဉ်ဖြင့်လိုက်ပါလာသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့က ဦးမောင်မောင်စိုးကို ၀ိုင်းဝန်းထိုးကြိတ်ပြီး ယာဉ်အားလုယူ၍ နေပြည်တော်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသောကြောင့် အရေးယူပေးရန် ၁၄၂၀ အချိန် တိုင်တန်းသဖြင့် အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်း (ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
အမှုမှ ယာဉ်အားပြန်လည်ရရှိရေးနှင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့နှင့် ဆက်သွယ်စုံစမ်းဆောင်ရွက်ခဲ့သည်။ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ယာဉ် ၁ စီး ရောင်းရန်ရှိကြောင်းသတင်းအရ စုံစမ်းခဲ့ရာ ရောင်းမည့်သူမှာ အမှုနှင့်မသင်္ကာသူ ဒေါ်အေးကြည် ဖြစ်ကြောင်းသိရှိရ၍ ၀ယ်ယူရန်ချိန်းဆိုခဲ့ပြီး ချိန်းဆိုထားသည့် တောင်ဥက္ကလာပမြို့နယ်၊ စီမံကိန်းရပ်ကွက်သို့ သွားရောက်ခဲ့သည်။ ထို့နောက် သံသုမာလမ်းပေါ်ရှိ ရတနာလမ်းထိပ်အနီးသို့ ပြောင်းလဲချိန်းဆိုသဖြင့် သွားရောက်စောင့်ဆိုင်းနေစဉ် ဒေါ်အေးကြည်ရောက်ရှိလာကာ တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်၊ မေတ္တာလမ်းနေ ဦးစံငြိမ်း(၆၄)နှစ်၏နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါနေအိမ်ရှေ့ ၀ဲဘက်ရှိ မြေကွက်လပ်၌ နံပါတ်ပြားများဖြုတ်၍ မိုးကာနှင့်အုပ်ထားသည့် အမှုမှလုယူသွားသောယာဉ်နှင့် နေအိမ်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသော ယာဉ်၏ CC/1692 ပါ နံပါတ်ပြား ၂ ချပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ဒေါ်အေးကြည် ကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်အား ရှာဖွေရာ အခင်းဖြစ်စဉ်က ဦးမောင်မောင်စိုးထံမှလုယူခဲ့သော လက်ကိုင်ဖုန်း(၁)လုံး၊ အလေးချိန်(၁)ရွေးသား ခန့်ရှိ ရွှေပြား(၁)ခု၊ ပလက်တီနမ်ဆွဲကြိုး(၁)ကုံး၊ ဗူးသီးပုံ ဆွဲသီး(၁)ခု၊ ရွှေရည်စိမ်ထားသော အလေးချိန် (၂)ကျပ်သားခန့်စီရှိ ဆွဲကြိုး(၂)ကုံး၊ (၆)ပဲသားခန့်ရှိဆွဲကြိုး(၁)ကုံးနှင့် စာချုပ်စာတမ်းအဟောင်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အမှုမှ ပြစ်မှုကျူးလွန်သူ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ ဗညားဒလ လမ်းနေ ဒေါ်အေးကြည်(၅၀)နှစ်အားစစ်မေးရာ အခင်းဖြစ်စဉ်က သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ ရပ်ကွက်နေ သက်ကိုဦး(ခ)ရွှေအ(၃၄)နှစ်၊ တစ်ရပ်ကွက်တည်းနေ ချစ်ကို(ခ)ဇော်ထိုက်(၂၂)နှစ်တို့နှင့်အတူ ကျူးလွန်ခဲ့ကြောင်း၊ ယာဉ်အား တစ်နေရာမှတစ်နေရာသို့ရွှေ့ပြောင်းရာတွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက်၊ ယုဇနလမ်းနေ နေလင်း(၂၃)နှစ်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၅ ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment