ခါကာဘိုရာဇီတောင်သို့တက်ရောက်နိုင်ခဲ့သည့် ရှစ်ဦးပါ မြန်မာတောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့ ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက ဦးတေဇ ပါဝင်သည့် ရဟတ်ယာဉ် မဒွယ်ရေခဲတောင်တွင် ပျက်ကျစဉ်က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (photo: Htoo Foundation)


ခါကာဘိုရာဇီတောင်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သည့် ရှစ်ဦးပါ မြန်မာတောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်နှင့် မန်နေဂျာတို့နှစ်ဦး ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့်အတွက် ရှာဖွေမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းငွေထံမှ စက်တင်ဘာ ၁၀ ရက်တွင် စုံစမ်းသိရှိရသည်။

တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း သဘာဝခေါ်သံဖောင်ဒေးရှင်းမှ အဖွဲ့ဝင်ရှစ်ဦး ခါကာဘိုရာဇီတောင်သို့တက်ရောက်ကြစဉ် အဖွဲ့ဝင်နှစ်ဦးမှာ တောင်၏ထိပ်ဆီသို့ရောက်ရှိခဲ့ပြီးနောက် အခြားသောအဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြကြောင်း သိရသည်။


ခါကာဘိုရာဇီတောင်အပါအ၀င် ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ရေခဲတောင်များအား ပူတာအိုမြို့မှ ၂၀၁၁ ခုနှစ်ကတွေ့ရစဉ် 

အဆိုပါတောင်ထိပ်၏ အလံစိုက်ထူသည့်နေရာအကျယ်အ၀န်းမှာ နှစ်မီတာသာရှိပြီး တက်ရောက်သူများအနေဖြင့်လည်း နှစ်ဦးသာတက်ရောက်နိုင်သောကြောင့် အလံစိုက်ထူမည့်သူနှစ်ဦးသာ တက်ရောက်မည်ဖြစ်သည်ကို ယင်းတို့အဖွဲ့က မတက်ရောက်မီ စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ တောင်တက်အဖွဲ့ဝင်များအား စက်တင်ဘာ ၉ ရက်တွင် တောင်ခြေရှိပင်မအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန်သတ်မှတ်ထားသောကြောင့် ယင်းနေ့တွင် တောင်ပေါ်သို့တက်ရောက်သည့်အဖွဲ့ဝင်များအနက် ခြောက်ဦးသာလျှင် သတ်မှတ်သည့်ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြသော်လည်း တောင်ထိပ်သို့တက်ရောက်ကာ အလံစိုက်ထူကြသည့် ကျန်အဖွဲ့ဝင်နှစ်ဦးမှာ သတ်မှတ်ထားသည့်ရက်တွင် ရောက်မလာကြကြောင်း သိရသည်။


ပျောက်ဆုံးနေသည့် တောင်တက်အဖွဲ့ဝင်


ပျောက်ဆုံးနေသည့် တောင်တက်အဖွဲ့ဝင်

ခါကာဘိုရာဇီသို့တက်ရောက်ခဲ့သည့် တောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ကို အောင်မြင့်မြတ်နှင့် အဖွဲ့မန်နေဂျာ ကိုဝေယံမင်းသူတို့မှာ ကျန်အဖွဲ့ဝင်များနှင့်လူစုကွဲကာ တက်ရောက်သည့်လမ်းအတိုင်း ပြန်လည်ဆင်းခဲ့ခြင်းမဟုတ်ဘဲ အဆင်ပြေရာလမ်းကိုရွေးချယ်ဆင်းရင်း လမ်းမှားကာ လမ်းပျောက်နေခြင်းဖြစ်နိုင်ကြောင်း အဆိုပါတောင်တက်အသင်းမှ သိရသည်။

"သြဂုတ် ၃၁ ရက် ညနေ ၄ နာရီနဲ့ မိနစ် ၂၀ လောက်မှာ ပျောက်နေတဲ့နှစ်ယောက်က တောင်ထိပ်ကိုရောက်ပြီး မြန်မာနိုင်ငံအလံစိုက်ပြီးတော့ သူတို့တွေဓာတ်ပုံရိုက် မှတ်တမ်းတွေတင်နေခဲ့ပါသေးတယ်လို့ သိရပါတယ်။ ကျန်ခြောက်ယောက်နဲ့လည်း တစ်ချိန်လုံးအဆက်အသွယ်ရှိနေခဲ့ပြီးတော့မှ ညနေငါးနာရီမှာ သူတို့တစ်ဖွဲ့လုံးက စကားပြောစက်နဲ့ နိုင်ငံတော်သီချင်းတွေအတူတူဆိုနေခဲ့ပြီးတော့ တောင်ထိပ်ကနှစ်ယောက်က စက်ကအားကုန်တော့မယ် အားမရှိတော့ဘူးလို့ပြောပြီးတော့ ချက်ချင်းကို လုံးဝအဆက်အသွယ်ပြတ်သွားခဲ့တော့ ဘာမှမသိရတော့ဘူးလို့ ကျန်တဲ့ခြောက်ယောက်က ပြန်ပြောပြတယ်လို့ တစ်ဆင့်သိရပါတယ်။ ပြီးတော့ပျောက်နေတဲ့နှစ်ယောက် တောင်ထိပ်ကိုတက်သွားတာကိုမြင်ခဲ့ရပြီး သူတို့ကျန်နေခဲ့တဲ့နေရာကနေ မြင်နေရတယ်လို့ပြောပါတယ်။ ဒါပေမဲ့ စကားပြောစက်နဲ့ အဆက်အသွယ်မရှိခဲ့တဲ့အချိန်ကျတော့ သူတို့တက်သွားတဲ့လမ်းကြောင်းအတိုင်း ပြန်ဆင်းလာတာမတွေ့ရဘူးလို့ပြောတယ်။ ကျွန်မတို့လည်း ဒီလောက်ပဲသိရသေးတယ်။ ဟိုဘက်ကဖုန်းလိုင်းကသိပ်မကောင်းလို့ သေချာတော့ မပြောနိုင်သေးပါဘူး။ ကျွန်မတို့ကလည်း အဖွဲ့ဝင်ခြောက်ယောက်ကသတ်မှတ်ထားတဲ့ရက်မှာ တောင်ခြေနားက ရွာကိုအထမ်းသမားတွေနဲ့အတူ ပြန်ရောက်လာကြပေမယ့် အလံစိုက်တဲ့နှစ်ယောက်ပြန်မပါတာ သိရတာပါ" ဟု အဆိုပါခြေလျင်နှင့် တောင်တက်အသင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။


တောင်တက်အဖွဲ့ဝင်နှစ်ဦး ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်၍ ဦးတေဇ၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်ကို တွေ့ရစဉ်

အဆိုပါပျောက်ဆုံးနေသောအဖွဲ့ဝင်နှစ်ဦးကိုရှာဖွေရန်အတွက် ယင်းအသင်းမှ ဥက္ကဋ္ဌဦးမျိုးသန့်အား ဦးတေဇက ၀ိုင်းဝန်းကူညီရှာဖွေရန် ကမ်းလှမ်းခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ရှာဖွေရန် စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့မှ ဦးတေဇပိုင်လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီးဖြစ်ကာ တောင်ပေါ်သို့ ရဟတ်ယာဉ်ဖြင့်ရှာဖွေမည်ဟုလည်း သိရသည်။

အဆိုပါတောင်တက်အဖွဲ့မှာ ဇူလိုင် ၃၁ ရက်တွင် ခါကာဘိုရာဇီတောင်သို့ စတင်တက်ရောက်ခဲ့ပြီး၊ ခါကာဘိုရာဇီတောင်သို့တက်ရောက်ရန် ရန်ကုန်မှစတင်ထွက်ခွာပြီးနောက် ရန်ကုန်သို့ပြန်လည်ရောက်ရှိမည့်အချိန်ထိ နှစ်လတာကြာမြင့်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။


ခါကာဘိုရာဇီတောင်ထိပ်ပေါ်ကို တစ်ဖွဲ့လုံးရောက်တယ်။ ပြန်အဆင်းလမ်းကြောင်းမှာ နှစ်ယောက်ပျောက်သွားတယ်။ နောက်ဆုံးသတင်းအရတော့ စက်တင်ဘာ ၉ ရက် ညရှစ်နာရီက အဲဒီအဖွဲ့ထဲကခြောက်ယောက်က တဖွန်တန်ကျေးရွာကို ပြန်ရောက်လာတယ်လို့ သိရတယ်။ အခုကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့ ဒေသခံကျွမ်းကျင်တဲ့ တောင်တက်သမားတွေ၊ ငှက်အသင်းက တာဝန်ရှိသူတွေအပြင် ရှာဖွေရေးအဖွဲ့ပေါင်းစုံကပူးပေါင်းပြီးတော့ ရှာဖွေမှုတွေ ပြုလုပ်နေတယ် 

အဆိုပါအဖွဲ့မှာ ခါကာဘိုရာဇီတောင်သို့ မတက်ရောက်ခင် အကြိုလေ့ကျင့်မှုအနေဖြင့် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်ရှိ အမြင့်ပေ ၁၇၀၇၄ ပေရှိသည့် ဟာဗားတောင်သို့တက်ရောက်ခဲ့ကြပြီး ၁၈ ရက် ကြာမြင့်ခဲ့ကြောင်းနှင့် အဆိုပါတောင်အပြင် မြန်မာနိုင်ငံတွင်းရှိ ကချင်ပြည်နယ်ပူတာအိုခရိုင်၌တည်ရှိသည့် အမြင့်ပေ ၁၃၀၀၀ ကျော်မြင့်သည့် ဖန်ဂရန်ရေခဲတောင်နှင့် ဖုန်ရင်ရေခဲတောင်သို့ပ လေ့ကျင့်မှုအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါတောင်တက်သည့်အဖွဲ့ဝင်ရှစ်ဦးထဲတွင် အသက်အာမခံပြုလုပ်ထားသည့် အဖွဲ့ဝင်တစ်ဦးသာရှိကြောင်း သိရသည်။

၁၉၉၆ ခုနှစ်တွင် ဂျပန်နိုင်ငံသား မစ္စတာအိုဇာကီနှင့် မြန်မာနိုင်ငံသား တိဗက်လူမျိုး နမားဂျွန်ဆင်(လမ်းပြ)တို့က ခါကာဘိုရာဇီတောင်သို့ ပထမဆုံးတက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး တောင်ထိပ်တွင် မြန်မာနိုင်ငံအလံ၊ ဂျပန်နိုင်ငံအလံနှင့် ခရီးစဉ်အတွက်ထောက်ပံ့ပေးခဲ့သော ထိုင်းနှင့်ပြင်သစ်နိုင်ငံအလံတို့ကိုပါ စိုက်ထူခဲ့သည်။

ယခု တောင်တက်သည့် အဖွဲ့ဝင်ရှစ်ဦးထဲတွင် အသက်အာမခံပြုလုပ်ထားသည့် အဖွဲ့ဝင်တစ်ဦးသာရှိကြောင်း သိရသည်။

"ခါကာဘိုရာဇီတောင်ထိပ်ပေါ်ကို တစ်ဖွဲ့လုံးရောက်တယ်။ ပြန်အဆင်းလမ်းကြောင်းမှာ နှစ်ယောက်ပျောက်သွားတယ်။ နောက်ဆုံးသတင်းအရတော့ စက်တင်ဘာ ၉ ရက် ညရှစ်နာရီက အဲဒီအဖွဲ့ထဲကခြောက်ယောက်က တဖွန်တန်ကျေးရွာကို ပြန်ရောက်လာတယ်လို့ သိရတယ်။ အခုကျွန်တော်တို့တာဝန်ရှိသူတွေအနေနဲ့ ဒေသခံကျွမ်းကျင်တဲ့ တောင်တက်သမားတွေ၊ ငှက်အသင်းက တာဝန်ရှိသူတွေအပြင် ရှာဖွေရေးအဖွဲ့ပေါင်းစုံကပူးပေါင်းပြီးတော့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်။ ထပ်မံပြီးတော့လည်း ပိုပြီးထိရောက်တဲ့ ရှာဖွေမှုများပြုလုပ်ဖို့ စီစဉ်နေပါတယ်" ဟု ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းငွေက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတေဇ၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် "အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ပေါ်ကိုတက်ရောက်နေတဲ့ တောင်တက်သမားများနဲ့ ၃၁ ရက် သြဂုတ်လကတည်းက မြေပြင်အဖွဲ့နဲ့ အဆက်အသွယ်ပြတ်တောက်နေကြောင်း မိမိထံ သတင်းရောက်ရှိလာပါတယ်။ ထွက်ပေါ်လာတဲ့သတင်းကြောင့် မိမိများစွာစိတ်ပူပန်မိပါတယ်။ မိမိရဲ့ မဒွယ်ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ်မှာ မိမိနဲ့အတူ အသက်ဆက်ရှင်သန်ဖို့ တစ်ဦးကိုတစ်ဦးအားပေးရင်း၊ ခက်ခဲကြမ်းတမ်းစွာနေထိုင်ခဲ့ရတဲ့ဖြစ်စဉ်ကို အောက်မေ့ပြီး ကိုယ်ချင်းစာမိပါတယ်။ မိသားစုများ၊ မိတ်ဆွေများ စိုးထိတ်ပူပန်မိမှာ သေချာပါတယ်။ စာနာစိတ်ကြောင့်ပဲ မိမိတတ်စွမ်းသမျှ အကူအညီပေးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ခြင်းနဲ့ လိုအပ်တဲ့သတင်းအချက်အလက်စုဆောင်းခြင်း၊ ရဟတ်ယာဉ်မှအစ တောင်တက်ပစ္စည်းအဆုံး မိမိရဲ့အတွေ့အကြုံရှိဝန်ထမ်းများကို stand by ပြင်ဆင်ထားခဲ့ပါတယ်။ မြန်မာ့မြောက်ဖျားအစွန်ဆုံးရွာမှာရှိတဲ့ ဒဟွန်းဒမ်းကျေးရွာက မိမိရဲ့ထူးဖောင်ဒေးရှင်းမှ ခါကာဘိုရာဇီတောင်ထွတ်ဝယ် ပထမဆုံးခြေချနိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား နမားဂျွန်ဆင်ရှိပါတယ်။ နမားဂျွန်ဆင်(ခ)အမ်းဆေးရဲ့ ယနေ့နံနက် ၁၀ နာရီအချိန်မှာ ပြောကြားလာတဲ့သတင်းအရ ခါကာဘိုရာဇီတောင်တက်အဖွဲ့ တောင်ခြေစခန်းကို ချောမောစွာရောက်ရှိကြောင်းကို တောင်တက်အဖွဲ့မှတစ်ဦးက ပြောကြားလာကြောင်းနှင့် အဖွဲ့ဝင်တစ်ဦးက လိုအပ်တဲ့ရိက္ခာကို ဒဟွန်းကျေးရွာကို လာရောက်ယူဆောင်ကြောင်း သတင်းပေးပို့လာပါတယ်။ ထူးဖောင်ဒေးရှင်းအနေနဲ့ ဒေသဖွံ့ဖြိုးရေး အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိတဲ့အပြင် ယခုလို ဆက်သွယ်ရန်ခက်ခဲ၊ သွားလာရန်ခက်ခဲကြမ်းတမ်းသောနေရာများအထိ လွယ်ကူစွာဆက်သွယ်ဆောင်ရွက်နိုင်စေရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တဟွန်းရွာမှ ဆက်သွယ်လာတဲ့သတင်းကို အတိအကျ ထပ်မံပြောကြားပေးပါမယ်။ ယခုနမားဂျွန်ဆင်ထံမှရောက်လာတဲ့ နောက်ဆုံးသတင်းအရ ရွာမှပေးပို့လာတဲ့သတင်းနဲ့ ကွဲလွဲမှုတွေရှိနေပါတယ်။ မိမိလည်းများစွာစိုးရိမ်ပူပန်လျက်ရှိပါတယ်" ဟု ရေးသားထားသည်ကိုတွေ့ရသည်။ ထို့ပြင် ထူးဖောင်ဒေးရှင်းဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားချက်အရ ဦးတေဇနှင့် ထူးဖောင်ဒေးရှင်းအဖွဲ့ဝင်များမှ ကူညီကယ်ဆယ်မှုများဆောင်ရွက်ရန် ပူတာအိုမြို့သို့ စက်တင်ဘာ ၁၀ ရက် နေ့လည် ၂ နာရီက ထွက်ခွာသွားကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က ထူးထရေးဒင်းကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇအပါအ၀င် လူခြောက်ဦးမှာ ထူးထရေးဒင်းပိုင်ရဟတ်ယာဉ်ဖြင့် အမြင့်ပေ ၁၅၀၀၀ ကျော်ရှိသည့် မဒွယ်ရေခဲတောင်လမ်းကြောင်းများကို လိုက်လံရှာဖွေကြည့်ရှုစဉ် ရာသီဥတုအခြေအနေမကောင်းသဖြင့် အဆိုပါရဟတ်ယာဉ်မှာ တောင်ထိပ်ဖျားရှိ ရေခဲများဖုံးလွှမ်းနေသောဧရိယာအတွင်းသို့ ပျက်ကျမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ ထို့နောက် ပျက်ကျမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သူတစ်ဦး၏ CDMA ဖုန်းဖြင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် အဆက်အသွယ်ရရှိခဲ့သောကြောင့် တပ်မတော်လေယာဉ် MI 17 ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ရိက္ခာများလည်း ပို့ဆောင်ပေးခဲ့ပြီးနောက် ဦးတေဇအပါအ၀င် ခြောက်ဦးကို ကယ်ဆယ်မှုများပြုလုပ်နိုင်ခဲ့ကြောင်း ယင်းအချိန်က ထူးထရေးဒင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

ယင်းဦးတေဇရဟတ်ယာဉ်ပျက်ကျဖြစ်စဉ်တွင် တပ်မတော်၏လေယာဉ်အကူအညီများ လာရောက်ပေးခဲ့သော်လည်း ယခုဖြစ်စဉ်တွင်မူ ယင်းသို့ကူညီရှာဖွေပေးမှုများ လတ်တလောထိမရှိသေးကြောင်း သိရသည်။ 
EMG

0 comments:

Post a Comment