ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ရုပ်ရှင် စာရင်း၌ “The Maze Runner” ဇာတ်ကား ထိပ်ဆုံး နေရာယူ

နယူးယော့ခ်၊ စက်တင်ဘာ၂၁။ စက်တင်ဘာလ ၁၉ ရက် (သောကြာနေ့)က အမေရိကန်နိုင်ငံတွင် “The Maze Runner” ဇာတ်ကား ရုံတင်ခဲ့ရာ ပွဲဦးထွက်နေ့တွင် ဝင်ငွေ ဒေါ်လာ ၁၁ သန်းခန့် ရရှိခဲ့သဖြင့် ယခုအပတ်၏ ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကား ဖြစ်လာခဲ့သည်။ 



ထိုဇာတ်ကား အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း ၃၀ခန့် ဖြစ်ကာ၊ ဇာတ်ကား ဝင်ငွေသည် ပွဲဦးထွက် သုံးရက် အတွင်းတွင်ပင် ထုတ်လုပ်မှု ကုန်ကျစရိတ် ပမာဏကို ကျော်လွန်သွား ဖွယ်ရာရှိပြီး၊ စက်တင်ဘာလ အတွင်း ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကား ၁၀ ကား စာရင်းတွင် ပါဝင်လာဖွယ်ရာ ရှိသည်။

ထိုဇာတ်ကားမှာ သိပ္ပံအက်ရှင် လျှို့ဝှက်သည်းဖို ဇာတ်ကားဖြစ်ပြီး၊ ဂျိမ်းစ်ဒက်ရှ်နာ၏ ဝတ္ထုကို ဒါရိုက်တာ ၀က်စ်ဘောက ရုပ်ရှင်အဖြစ် ရိုက်ကူး ထားခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် အသက် ၂၃ နှစ်အရွယ် မင်းသား ဒီလ်လန် အိုဘရိုင်ယန်၊ မင်းသမီး ကာယာစကော့ ဒယ်လာရီယို၊ မင်းသား အမ်လ် အိုင်ဆန် အန်မီးန် နှင့် မင်းသား သောမတ်စ် ဆန်းစတား တို့ ပါဝင် သရုပ်ဆောင်ထားသည်။ “The Maze Runner” ဇာတ်ကားကို 21st Century Fox ကုမ္ပဏီက ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

ယခု အပတ်၏ ပွဲဦးထွက် ၀င်ငွေ အကောင်းဆုံး ဇာတ်ကားများ စာရင်းတွင် မှုခင်းဆိုင်ရာ လျှို့ဝှက်သည်းဖို ဇာတ်ကား “A Walk Among the Tombstones” က ဒုတိယ နေရာတွင် ရှိခဲ့ပြီး ပွဲဦးထွက် သောကြာနေ့တွင် ဝင်ငွေ ဒေါ်လာ ၄.၇ သန်း ရရှိ ခဲ့သည်။ ဒါရိုက်တာ ရွှန်လီဗီ၏ ဇာတ်မြူး “This is Where I Leave You” ဇာတ်ကားက တတိယ လိုက်နေပြီး ပွဲဦးထွက် သောကြာ နေ့တွင် ဝင်ငွေ ဒေါ်လာ ၃.၉ သန်း ရရှိခဲ့သည်။
by Mizzima News

0 comments:

Post a Comment