ကားနှင့်စက်ဘီး တိုက်မိမလိုဖြစ်ပြီး ရန်ဖြစ်ရာမှ စက်ဘီးသမားက ဓားဖြင့်ထိုး


ရန်ကုန်၊ မဇ္ဈိမ။ ။ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် ကားနှင့်စက်ဘီး တိုက်မိမလိုဖြစ်ရာမှ စကားများခဲ့ကြပြီး စက်ဘီးနင်းလာသူများ ထဲမှတစ်ဦးက ဓါးဖြင့်ထိုးလိုက်သဖြင့် လူသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၀ ရက်၊ နံနက် ၁၂ နာရီခွဲ ဝန်းကျင်က လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။


လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်ရှိ အထက(၃) ကျောင်းအနီးတွင် ယာဉ်မောင်းရန်နိုင်မောင်းနှင်လာသည့် ယာဉ်နှင့် ဘိုဘို၊ ချစ်စမ်းမောင်တို့ သူငယ်ချင်းများစီးလာသည့် စက်ဘီးနှင့်တိုက်မိမလိုဖြစ်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရန်ဖြစ်စကားများခဲ့ကြပြီး ဘိုဘို(ခ)ညီညီက ယာဉ်မောင်းရန်နိုင်နှင့် ယာဉ်နောက်လိုက် ဝေလင်း(ခ) ဝေလေးတို့ကို ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ဓါးဖြင့်ထိုးခံရသဖြင့် ဝေလင်း(ခ)ဝေလေး၏ ရင်အုံ၊ တံတောင်ဆစ်နှင့် ပေါင်တို့တွင် ထိုးသွင်းဒဏ်ရာလေးချက် ရရှိခဲ့ပြီး ရန်နိုင်တွင် တံတောင်ဆစ်ထိုးသွင်းဒဏ်ရာ တစ်ချက် ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံတင်ပို့ ကုသခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့တင်ပို့ထားရာ ဝေလင်း(ခ)ဝေလေးမှာ အင်းစိန်ဆေးရုံသို့ ရောက်ရှိပြီး တစ်နာရီကျော်အကြာတွင် သေ ဆုံးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး လူသေဆုံးအောင်ပြုလုပ်ခဲ့သူ ဘိုဘိုနှင့် အတူပါဝင်သူများကို အရေးယူပေးပါရန် သေဆုံးသူ၏ ဇနီးဖြစ်သူက တရားလိုပြုတိုင်တန်းသဖြင့်လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၃၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

လူသေဆုံးအောင်ဓါးဖြင့်ထိုးခဲ့သူ ဘိုဘို ကိုဖမ်းဆီးနိုင်ခဲ့ပြီး ကျန်လူများကို ဖမ်းဆီးနိုင်ရန်စုံစမ်းလျက်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

0 comments:

Post a Comment