တရားမဝင် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်သူ ၅၄ ဦးဖမ်းမိ


မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ တရားမဝင် လိုင်စင်မဲ့ လက်နက် ကိုင်ဆောင်သူ ၅၄ ဦးကို ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၆၁ လက်၊ လက်ပစ်ဗုံး ၃၂ လုံးနှင့် ကျည်မျိုးစုံ ၄၀၀၀ နီးပါး သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ “လိုင်စင်မဲ့ လက်နက် ကိုင်ဆောင်သူတွေကို ဖမ်းဆီး အရေးယူတဲ့အထဲမှာ လေသေနတ် ကိုင်ဆောင်သူတွေလည်း ပါတယ်။ သံဘောစေ့၊ ကော်စေ့တွေနဲ့ ပစ်ခတ်ရတဲ့ လေသေနတ်တွေက လူ့အသက် အန္တရာယ်ကို ရန်ပြုနိုင်တာကြောင့် လေသေနတ် ကိုင်ဆောင်ထား သူတွေကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ရာ ရဲစခန်းတွေမှာ လာရောက် အပ်နှံဖို့ သတင်းစာတွေကနေ တစ်ဆင့် ထုတ်ပြန်ခဲ့တယ်” ဟုမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်နက် ကိုင်ဆောင်ရေး မူဝါဒများအရ လေသေနတ် အပါအဝင် အခြားသေနတ် လက်နက်များကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့် ပြုထားသော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန လက်နက် ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ် စိစစ်ရေးအဖွဲ့ထံ တင်ပြလျှောက်ထားရပြီး ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ခွင့်ပြုချက် ရရှိပြီးမှ လက်နက် ကိုင်ဆောင်ခွင့် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လေသေနတ် ကိုင်ဆောင်ထားသူတွေ ပြန်အပ်ဖို့ ထုတ်ပြန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက ပြန်လာအပ်တဲ့ စာရင်းအရ လေသေနတ်အရှည် ၅၀ ကျော်နဲ့ အတို ၄၀ ကျော် လက်ခံရရှိထားတယ်။ ဒါပေမဲ့ လေသေနတ် ရောင်းတဲ့ဆိုင်တွေက ရောင်းချထားတဲ့ စာရင်းအရတွက် ကြည့်လိုက်တော့ လာမအပ်သေးတဲ့ လေသေနတ်တွေ အများကြီး ကျန်နေသေးတယ်ဆိုတာ သိရတယ်” ဟု ၎င်းကရှင်းပြသည်။

လိုင်စင်မဲ့ လက်နက် ကိုင်ဆောင်မှုများကို စက်တင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖမ်းဆီး အရေးယူခဲ့ရာတွင် လေသေနတ် ကိုင်ဆောင်မှု အပါအဝင် အခြားလက်နက် ကိုင်ဆောင်မှုများမှ သေနတ်ရှစ်လက်နှင့် ကျည်တောင့် ၉၀ ကျော်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

“စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လေသေနတ် ကိုင်ဆောင် ထားသူတွေကို နီးစပ်ရာ ရဲစခန်းမှာလာ အပ်နှံဖို့ ထုတ်ပြန်ထားရက် ကျော်လွန်သွားပြီ ဖြစ်တာကြောင့် လာရောက် မအပ်နှံသေးတဲ့ သူတွေကို ဖော်ထုတ် အရေးယူသွားမှာ ဖြစ်ပါတယ်” ဟုရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ်က တရားမဝင် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှု ၇၃ မှုမှ ၁၀၆ ဦးကို ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ ၉၂ လက်၊ ဗုံးသီး ၁၁ လုံး၊ လက်ပစ်ဗုံး ငါးလုံးနှင့် ကျည်မျိုးစုံ ၂၀၇ တောင့်ကို ဖမ်းမိခဲ့ကြောင်း၊ တရားမဝင် လက်နက်ကိုင်ဆောင်ပါက ၁၉၅၁ ခုနှစ် လက်နက် (ယာယီ) ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉ (က) အရ ထောင်ဒဏ်သုံးနှစ်မှ ခုနှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။-
By Voice

0 comments:

Post a Comment