“ရန်ကုန်က အူရီဒူးနက်ခ်ဝပ် မရသေးတဲ့သူတွေကို တောင်းပန်ချင်ပါတယ်” အူရီဒူးမြန်မာ၏ စီအီးအို ရော့စ်ကောမက်နှင့် အင်တာဗျူး


မြန်မာနိုင်ငံသို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ စတင်ဝင်ရောက်လာချိန်တွင် မူလပြိုင်ဘက်မရှိသည့် ဈေးကွက်အပေါ် စိတ်ပျက်ညည်းညူနေကြသည့် မြန်မာပြည်သားများစွာက ၀မ်းမြောက်ကြိုဆိုခဲ့ကြသည်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် အူရီဒူးက ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်တွင် မြန်မာပြည်တွင် စတင်ဈေးကွက် မိတ်ဆက်ခဲ့စဉ်က မျှော်လင့်ထားသလို မဖြစ်ခဲ့သည့် လွဲချော်မှုအချို့ ရှိခဲ့သည်။ ထို့ကြောင့် အူရီဒူးမြန်မာ၏ စီအီးအိုနှင့် တွေ့ဆုံကာ ပြည်သူများ မျှော်လင့်နေသည့် ၀န်ဆောင်မှု အခြေအနေများကို ရယူပေးနိုင်ခြင်း ရှိ မရှိနှင့် ၎င်းတို့ဘက်မှ အခက်အခဲများအား တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ရန်ကုန်ဘယ်မြို့နယ်တွေမှာ အူရီဒူး နက်ခ်ဝပ် မရသေးဘူးလဲ။

ဖြေ ။ ကျွန်တော်တို့ ဩဂုတ် ၁၅ ရက်က ဈေးကွက်စတင်မိတ်ဆက် ရောင်းချတုန်းက မရတဲ့နေရာတွေ အခုတော်တော်များများ ရနေပါပြီ။ တတ်နိုင်သမျှ လူတွေများများ ကွန် ရက်ရအောင် လုပ်ဖို့လိုနေတယ်ဆိုတာ ကျွန် တော်သိပါတယ်။ အင်းလျားကန်အနီး တစ် ဝိုက်မှာ နက်ခ်ဝပ်မရတာနဲ့ပတ်သက်ပြီး အခု ဆီဒိုးနားဟိုတယ်ပေါ်မှာ တာဝါတိုင်လုပ်ဖို့ ဆွေးနွေးနေပါပြီ။ ရပြီဆိုရင် အင်းလျားကန် ရဲ့ အရှေ့တောင်တစ်ပိုင်း အဆင်ပြေနိုင်မှာပါ။ အင်းလျားကန်ရဲ့ အရှေ့ဘက်အပိုင်း အဆင် ပြေအောင်က မီကာဆာဟိုတယ်၊ ကီယာကား ပြခန်းတို့နဲ့ ညှိသွားမှာပါ။ အဆင်ပြေရင် အရှေ့ဘက်ခြမ်းလည်း ရပါပြီ။ မြောက်ပိုင်းနဲ့ အနောက်ပိုင်းတွေကိုလည်း အသီးသီး ညှိနေပါပြီ။ အခြားနေရာတွေဖြစ်တဲ့ ဗဟန်း၊ ကိုးမိုင်နေရာတွေကိုလည်း အချိန်ပိုဆင်းပြီး ဆက်တိုက်လုပ်ဆောင်နေပါတယ်။ နေပြည်တော်နဲ့ မန္တလေးမှာတော့ အကောင်းဆုံး လွှမ်းခြုံမိနေပါပြီ။ အခြားမြို့ကြီးတွေဖြစ်တဲ့ မကွေး၊ ပဲခူး၊ မိတ္ထီလာ၊ မုံရွာစတဲ့ မြို့ကြီးတွေကိုလည်း ကွန်ရက်ချဲ့ထွင်နေပါတယ်။

မေး။ အူရီဒူးကွန်ရက်ကို ပြီးပြည့်စုံစေဖို့ ဘယ်နေရာတွေမှာ တာဝါတိုင်တွေ ဆောက်ဖို့လိုနေသေးလဲ။

ဖြေ။ ဒါက ရေရှည်အစီအစဉ် ဖြစ်ပါတယ်။ ငါးနှစ်အတွင်း လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းကို လွှမ်းခြုံမိဖို့လုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဈေးကွက်စတင် ရောင်းချတဲ့ အချိန်တုန်းက ဖြစ်နိုင်ခြေရှိတဲ့ သုံးစွဲသူပေါင်း ၇ သန်းကို လွှမ်းခြုံမိနေပါပြီ။ ဒီကနေ့ဆိုရင်တော့ ၁၂ ဒသမ ၃ သန်းကို လွှမ်းခြုံမိနေပါပြီ။ ရန်ကုန်မှာတင် နက်ခ်ဝပ်မရသေးတဲ့ နေရာတွေမှာ တာဝါတိုင်တွေ ဆက်လက် ဆောက်လုပ်ဖို့ လိုနေပါသေးတယ်။ မရသေးတဲ့ ရန်ကုန်ကလူတွေကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့တစ်ချိန်လုံး တိုးချဲ့နေပါတယ်။

အစောပိုင်းတုန်းက အင်တာနက် အမြန်နှုန်းက လူသုံးများတဲ့အချိန်တွေမှာ နှေးသွားတယ်လို့ သုံးစွဲသူတွေက ပြောတာရှိပါတယ်။ ဒါ့ကြောင့် အခြေစိုက်စခန်းတွေ တိုးချဲ့တည် ဆောက်ရုံတင်မဟုတ်ဘဲ စွမ်းရည်ကောင်း အောင်လည်း လုပ်ဆောင်နေပါတယ်။ ပို ကောင်းလာအောင်လုပ်တဲ့Setting တွေကို လည်း ပြန်ချိန်းနေပါတယ်။ ဒါကြောင့် ပိုကောင်းလာဖို့ပဲ ရှိပါတယ်။ စိတ်ရှည်ပေးတဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။ ဒါဖြင့် ရန်ကုန်ကို ဘယ်တော့လောက် အားလုံး လွှမ်းခြုံမိမယ် ထင်ပါသလဲ။

ဖြေ။ ရန်ကုန်နယ်နိမိတ်ကို ကြည့်လိုက်ရင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိတာမှာ ၂၆ မြို့နယ်မှာ ကောင်းမွန်တဲ့ နက်ခ်ဝပ်လွှမ်းခြုံမှု ရှိထားပါတယ်။ ကျန်နေတဲ့ ၁၉ မြို့နယ်ကို ကောင်းမွန်တဲ့လွှမ်းခြုံမိဖို့က လအနည်းငယ် လိုအပ်ပါလိမ့်မယ်။

မေး။ အခုဆိုရင် ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေရှိနေပါ တယ်။ ဒီတော့ အခြားဆက်သွယ်ရေး အော်ပရေတာတွေကို သုံးတာထက် အူရီဒူးကို သုံးတာက ဘာအားသာချက်များ ရှိနိုင်မလဲ။

ဖြေ။ အူရီဒူးက မြင့်မားတဲ့နည်းပညာတွေကို ဝန်ဆောင်မှုပေးထားပါတယ်။ ဒါ့ ကြောင့် ဖုန်းခေါ်ရာမှာ ကြည်လင်ပြတ်သား တဲ့အသံနဲ့ အင်တာနက်မြန်နှုန်းကလည်း မြင့်မားပါတယ်။ ကျွန်တော်တို့က သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကို အာရုံစိုက် လုပ်ဆောင်တာဖြစ်တဲ့အတွက် ဝန်ဆောင်မှုတွေကို သုံးစွဲရလွယ်ကူအောင်၊ နားလည်ရ လွယ်ကူအောင် လုပ်ပေးထားပါတယ်။ အကူအညီလည်း အလွယ်တကူရနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ဈေးကွက်ထဲမှာလည်း 3G နည်းပညာသုံးစွဲနိုင်တဲ့ ဟန်းဆက်တွေ များများရနိုင်အောင် လုပ်ဆောင်ပေးထားပါ တယ်။ ကျွန်တော်တို့ရဲ့ Contact Centerကို ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ဒီလိုဝန်ဆောင်မှုတွေပေးတဲ့ ပထမဆုံးဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါတယ်။

မေး။ အင်တာနက်နှုန်းထားတွေကို ပထမမြှင့်ထားပြီးမှ ဘာလို့ပြန်ချလိုက်တာလဲ။

ဖြေ။ ကျွန်တော်တို့က Bundles တွေကို သုံးတာရဲ့ ကောင်းကျိုးကို သိစေချင်ပါတယ်။ အကြောင်းက နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Bundles တွေသုံးရင် 1 MB ကို တစ်ဆယ်တောင် မကျတော့လို့ပါ။

ဥပမာ-သင်ဟာ ၅ဝဝ ကျပ်ပေးတယ်ဆိုရင် 30 MB ရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ဖေ့စ်ဘုတ်သုံးစွဲမှုအတွက် 20 MB စာ အပိုဆောင်းရရှိမှာ ဖြစ်ပါတယ်။

အခုဈေးနှုန်းက 1 MB ကို ၁ဝ ကျပ်နှုန်းထားဖြစ်ပါတယ်။ ဒါပေမဲ့ အတွဲလိုက် (Bundles) တွေကိုသုံးရင် ယူတာများသလောက် 1 MB အတွက် ကျသင့်တဲ့နှုန်းထားကလည်း ၇ ဒသမ ၃ ကျပ်အထိကို လျော့ကျသွားမှာ ဖြစ်ပါတယ်။

မေး။ အူရီဒူးနက်ခ်ဝပ်က အဆင်သင့်မဖြစ်သေးဘဲ စခဲ့တာဆိုတော့ လိုင်စင်ထဲမှာ ကတိက၀တ်ပြုထားတာကြောင့်လား။

ဖြေ။ အခြားနိုင်ငံမှာ ကျွန်တော်တို့ စတင်လုပ်ကိုင်ခဲ့စဉ်က အဓိကဧရိယာတွေကို စတင်နက်ခ်ဝပ်ရရှိအောင် လုပ်ဆောင်ပေးတာဖြစ်ပြီး ကျန်ဧရိယာတွေကို အတတ်နိုင်ဆုံး အမြန်ဆုံးရရှိအောင်လုပ်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ စတင်ခဲ့စဉ်တုန်းကလည်း အဓိကဧရိယာတွေ လွှမ်းခြုံနိုင်အောင် လုပ်ပေးပါတယ်။ လိုအပ်နေတဲ့ ကွက်လပ်တွေကိုလည်း အမြန်ဆုံးဖြည့်ဆည်း ပေးနေပါတယ်။

မေး။ တာဝါတိုင်တွေ ဆောက်လုပ်ရေးမှာ အခက်အခဲတွေ တွေ့ရတာမျိုး ရှိလား။

ဖြေ။ တာဝါတိုင်တွေ ဆောက်လုပ်ခွင့် တင်တဲ့နေရာမှာ ရေဒီယိုလှိုင်းတွေ လွှမ်းခြုံနိုင်မယ့်နေရာကို အရင်ရှာရတယ်။ ကိုယ်တိုင် ကွင်းဆင်းပြီးကြည့်ရတယ်။ ဘယ်အဆောက်အအုံမှာဆိုရင် အကောင်းဆုံး လွှမ်းခြုံနိုင်မယ်ဆိုတာ ကြည့်ရတယ်။ ပြီးရင် အဆောက်အအုံ ပိုင်ရှင်ဆီကိုသွားပြီး ဒီအဆောက်အအုံကို ငှားလို့ ရ မရ မေးရတယ်။ ငှားဖို့သဘောတူရင် ခေါင်မိုးကို ရေဒီယိုတာဝါတိုင်အတွက် သင့်လျော်အောင် ပြင်ဆင်ရတယ်။ ဒီတော့ စည်ပင်ကို ခွင့်ပြုချက်ရဖို့သွားရတယ်။ တာဝါဒီဇိုင်းရော၊ လျှပ်စစ်လိုအပ်ချက်တွေရော၊ တည်နေရာ အတိအကျရော၊ မြေငှားစာချုပ် မိတ္တူပါတင်ရတယ်။ ကြုံရတဲ့စိန်ခေါ်မှုတွေကတော့ မြေငှားမယ့်သူတွေကို သဘောတူအောင်လုပ်ရတယ်။ စည်ပင်အနေနဲ့ကလည်း မကြုံစဖူးလောက်အောင် များပြားတဲ့ပါမစ် လျှောက်လွှာတွေကို ရရှိနေပါတယ်။ ခြောက်လအတွင်း စတင်နိုင်အောင် အဘက်ဘက်က ကူညီပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ တယ်။

မေး ။ တာဝါတိုင်တွေ လည်ပတ်ဖို့ လျှပ်စစ်အတွက် ငွေကုန်ကြေးကျတွေ များနေတယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။ စိန်ခေါ်မှုကတော့ လျှပ်စစ်ဓာတ်အားပါပဲ။ ဓာတ်အားလိုင်းနဲ့ ဆက်သွယ်နိုင်ရင်တော့ လျှပ်စစ်ရရှိမှုအတွက် အကောင်းဆုံးဖြစ်မှာပါ။ မြို့ကြီးတွေမှာ နက်ခ်ဝပ်လွှမ်းခြုံမိဖို့က အခြေစိုက်စခန်းတွေက အလွန်အရေးကြီးတဲ့အတွက် ဂျင်နရေတာတွေကို ထားရှိရပါတယ်။ ဂျင်နရေတာတွေကို လည်ပတ်ဖို့က ဆီထည့်ဖို့လိုပါတယ်။ ကျွန်တော်တို့က အူရီဒူးသုံးစွဲသူတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ကုန်ကျစရိတ်နဲ့ပေးဖို့ ငွေကုန်ကြေးကျ အသက်သာဆုံးဖြစ်အောင် လုပ်နေရတဲ့အချိန်မှာ ဒါကတော့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။

မေး ။ တယ်လီနော်ကလည်း ဈေးကွက်ထဲကို လာတော့မှာဆိုတော့ အဲဒါကလည်း စိန်ခေါ်မှုဖြစ်နေလား။

ဖြေ ။ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုက သုံးစွဲသူတွေရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုက သုံးစွဲသူတွေအတွက် ကောင်းပါတယ်။ ပြိုင်ဆိုင်မှုရှိမှ အကောင်းဆုံးဝန်ဆောင်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြိုင်ဆိုင်မှုကို လေးစားပါတယ်။ ပြိုင်ဆိုင်မှုထက် သုံးစွဲသူကိုပိုပြီး အာရုံစိုက်ထားပါတယ်။ ဝန်ဆောင်မှုနဲ့ နက်ခ်ဝပ်ကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် လုပ်ဖို့ပါ။

မေး ။ အူရီဒူးသုံးစွဲသူတွေကို ဘာများပြောချင်သေးလဲ။

ဖြေ ။ ကျွန်တော်တို့ကို သုံးစွဲတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ရန်ကုန်မှာ နက်ခ်ဝပ်မရသေးတဲ့သူတွေကိုလည်း တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ မကြာခင်ရအောင် လုပ်ပေးမှာပါ။ တတ်နိုင်သမျှ လူအများဆုံးကို ကြည်လင်ပြတ်သားတဲ့အသံကို ရရှိအောင် လုပ်ပေးမှာပါ။ စိတ်ရှည်ပေးတဲ့ သုံးစွဲသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာပြည်က သုံးစွဲသူတွေက လိုအပ်ချက်တွေ အများကြီးတောင်းဆိုပါတယ်။ အဲဒါကောင်းပါတယ်။

EMG

0 comments:

Post a Comment