ဦးရဲထွဋ် တုံ့ပြန်၍ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော် ပြောချင်သည်

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်


သတင်းဆောင်းပါး

ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်က အရင်ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အခုအစိုးရလက်ထက်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူနေတဲ့ ဦးခင်အောင်မြင့်ရဲ့ အစိုးရအပေါ် ဝေဖန်ထောက်ပြမှုကို တုံ့ပြန်ခဲ့တာကို ဖတ်ရပါတယ်။ ပြီးတော့ သူတုံ့ပြန်တာတွေနဲ့ ပတ်သက်လို့ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ဒီသတင်းဆောင်းပါးနဲ့ပဲ ပြောချင်ပါသည်။

ဒီအတွက် အခုအစိုးရလက်ထက် ဘက်ဂျက်ကိစ္စက စပြောမှ ရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ယခု ၂၀၁၄ ခုနှစ်အထိ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအတွက် ချထားပေးတဲ့ ဘတ်ဂျက်ဟာ ကျပ်ဘီလျံပေါင်း ၄၄၀၀ နီးပါးအထိ ရှိပါတယ်။

ဒီငွေပမာဏဟာ မြန်မာနိုင်ငံရဲ့ ၀င်ငွေအကောင်းဆုံး နံပါတ်တစ်ပို့ကုန်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ကို တစ်နှစ်ခွဲ နှစ်နှစ်လောက်အထိ ထုတ်ရောင်းမှရမယ့် ငွေပမာဏလည်း ဖြစ်ပါတယ်။

ကျန်းမာရေး ဘက်ဂျက်ဆိုရင်လည်း ၂၀၁၁ ခုနှစ်တုန်းက ကျပ် ၉၂ ဘီလျံပဲ သုံးတာကနေ အခု ၆၅၂ ဘီလျံအထိ သုံးစွဲဖို့ တိုးမြှင့်ခွင့်ပြုပေးတဲ့အတွက် အရင်ကထက် ခုနစ်ဆအထိ တိုးလာတယ်။ ပညာရေးဘက်ဂျက်ဆိုရင်လည်း ဒီလိုပဲ။ သုံးဆအထိ တိုးလာတယ်။ ၂ဝ၁၂ ခုနှစ်တုန်းက ပညာရေးဘက်ဂျက်ကို ၇၅၂ ဘီလျံပဲ ပေးတာကနေ အခုနောက်ဆုံး ဘဏ္ဍာနှစ်မှာ ကျပ် ၁၁၄၂ ဘီလျံကျော်အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ပါတယ်။

ပြည်သူ့ဘဏ္ဍာကနေ ထုတ်ပေးလိုက်တဲ့ ဒီဘတ်ဂျက်တွေကို ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ပြန်သုံးတဲ့အခါမှာတော့ ဟိုအဆောက်အအုံက စံချိန်မမီ၊ ဟိုကျောင်းက ပြောတုန်းက အုတ်ညှပ်၊ ဆောက်တော့ ပျဉ်ကာ အဆောက်အအုံဖြစ်လိုဖြစ်၊ သုံးထားတဲ့ငွေနဲ့ ပြထားတဲ့ကုန်ကျစရိတ်က နည်းနည်းနောနော မဟုတ်ပေမယ့် တကယ်တမ်းရတဲ့ကျောင်းက ကုန်ကျစရိတ်ရဲ့ ထက်ဝက်လောက်ပဲတန်တဲ့ အဆောက်အအုံပဲပြန်ရလိုရနဲ့ စိတ်ပျက်စရာအခြေအနေတွေ ဖြစ်နေတုန်းပါပဲ။

ဒီအခြေအနေတွေကို စက်တင်ဘာ ၁၆ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်က ဥပမာ-စာသင် ကျောင်းဆိုလျှင် စဆောက်တာကနေ နောက် ဆုံးပြီးသွားတဲ့အထိ အဆင့်ဆင့် ဓာတ်ပုံ သက်သေတွေနဲ့တကွ တင်ပြခဲ့တာပါ။

သက်သေနဲ့တကွ တင်ပြချက်အပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဘတ်ဂျက်တွေလေလွင့်နေတာနဲ့ ပတ်သက်ပြီး ထောက်ပြခဲ့တယ်။

ဒါကို ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က တိတိကျကျပြောဖို့၊ အစိုးရတစ်ရပ်လုံးကို ပြောတာဟာ ဝမ်းနည်းစရာ ကောင်းကြောင်း၊ နိုင်ငံတကာမှာ ပြောပြီဆိုရင် တိကျတဲ့ ကိန်းဂဏန်းအခိုင်မာပဲပြောတယ် ဆိုတာမျိုးတွေနဲ့ ဦးခင်အောင်မြင့်ကို တုံ့ပြန်လိုက်တာကြောင့် ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ကပဲ ကိန်းဂဏန်းအတိ အကျနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို ပြောပြလိုက်ချင်ပါတယ်။

ဦးခင်အောင်မြင့်ရဲ့ ပြောင်မြောက်တဲ့ ထောက်ချက်များ

ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်တွေကို အဆပေါင်းများစွာ တိုးပေးလိုက်ပေမယ့် သုံးစွဲတဲ့နေရာမှာ ဟိုလူက နှိုက်၊ ဒီလူကနှိုက်နဲ့ ဘတ်ဂျက်တွေ လေလွင့်ပုံကို ဦးခင်အောင်မြင့်က စက်တင်ဘာ ၁၆ ရက်က အမျိုးသားလွှတ်တော်မှာ အခုလို လိုရင်းရောက်အောင် ထောက်ပြခဲ့ပါတယ်။

“ဘာနဲ့တူသလဲဆိုရင် ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူကတစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စားနဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလိုဖြစ်နေတာပေါ့” ဆိုပြီး ဥပမာပေး ထောက်ပြခဲ့တာပါ။

ထပ်ပြီးတော့လည်း “ဆောက်လုပ်ရေး တင်ဒါခေါ်တဲ့အချိန်တိုင်း ဆိုကြမယ် ပျော်ကြမယ် ပွဲကြီးဖြစ်နေတယ်။ အဲဒီလိုစေတနာ ယုတ်တဲ့ကိစ္စမျိုးက သီးခံလို့မဖြစ်ဘူး” လို့ တည့်တည့်ပဲ ပြောသွားခဲ့တာပါ။

ဦးခင်အောင်မြင့်က အဲဒီစကားတွေကို မပြောခင် လွှတ်တော်ကိုယ်စားလှယ်က အဆောက်အအုံ ဆောက်လုပ်မှု၊ ကွဲလွဲမှု၊ ကုန်ကျစရိတ် မမျှတမှုတွေကို ဓာတ်ပုံသက်သေနဲ့တကွ တင်ပြထားတာကိုကြည့်ပြီး သက်သေခိုင်မာလို့၊ သူကိုယ်တိုင်လည်း သိနေတာရှိနိုင်လို့ သူပြောခဲ့တာပါ။

ဦးခင်အောင်မြင့် ထောက်ပြတာက ပြည်သူ့ချွေးနဲစာ ပြည်သူ့ဘဏ္ဍာငွေတွေကို ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ နှစ်ခုထဲမှာတောင် ဒီလိုလေလွင့်တယ်၊ လာဘ်ပေး လာဘ်ယူတွေဟာ ခုထိရှိနေတုန်းဆိုတာကို မသိမသာထောက်ပြပြီး ဒါတွေကို ရပ်တန်းကရပ်စေချင်လို့ ထောက်ပြသွားတဲ့သဘောပါ။

အစိုးရအားနည်းချက် ထောက်ပြလို့ ဦးရဲထွဋ် တုံ့ပြန်လိုက်ပုံကတော့

ဦးခင်အောင်မြင့်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် တုံ့ပြန်လိုက်ပုံက ဒီလိုပါ။

“တိုင်းပြည်ရဲ့ ကြီးလေးတဲ့ တာဝန်ယူထားရတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရဝန်ကြီးဌာနတွေရဲ့ အားနည်းချက်ကို ပြောတာက လက်ခံပါတယ်။ သို့သော် မိမိရဲ့တာဝန်လေးနက်မှုကြောင့် သူပြောတဲ့ စကားတွေဟာပိုပြီးတော့ တိတိကျကျဖြစ်ဖို့ ကောင်းတယ်။ ဘယ်ဝန်ကြီးဌာနလဲ၊ ဘာဖြစ်နေလဲ တိကျစွာ ပြောရင်တော့ ပိုကောင်းပါတယ်” ဆိုပြီး တိတိကျကျပြောဆိုပြီး တုံ့ပြန်လိုက်တာပါ။


ဦးရဲထွဋ်ကပဲ ထပ်ပြောထားပါသေးတယ်။ “အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်တဲ့အခါ အလေအလွင့်တွေ များတယ်ဆိုပြီးတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသွားတာ ဖတ်လိုက်ရပါတယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့အစိုးရသစ် လက်ထက်အောက်မှာ သမ္မတကြီးအနေနဲ့ တင်ဒါခေါ်တာကအစ လုပ်ငန်းဆောင်ရွက်တဲ့အဆုံး အဆင့်ဆင့် ပွင့်လင်းမြင်သာအောင်လုပ်ဖို့ အမိန့်နဲ့ ညွှန်ကြားချက်တွေ ချထားပြီးဖြစ်တယ်။ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဆောက်တဲ့လုပ်ငန်းတွေဆိုရင် သက်ဆိုင်ရာ ဒေသအစိုးရက ကြီးကြပ်နိုင်ဖို့အတွက် ဝန်ကြီးဌာနက မဆောက်ပဲ ပြည်နယ်အစိုးရနဲ့တွဲပြီး ကြီးကြပ်ဆောက်လုပ် စေပါတယ်။ စာရင်းချုပ်ရုံးကလဲ လုပ်ငန်းတွေပြီးစီးမှုမှာ တန်၏ မတန်၏ အသေးစိတ်စစ်ဆေးနေတာ တွေရှိတယ်။ နောက်ပြီးတော့ ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့် အရင်အစိုးရလက်ထက်မှာ ဝန်ကြီးတာဝန်ယူခဲ့တာပါ။ သူ့ ဝန်ကြီးဌာန အနေနဲ့လဲ ဒီလိုဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ခဲ့တာပါပဲ။ အဲဒီတုန်းက တင်ဒါခေါ်တဲ့စနစ်နဲ့ ဆောက်တာနဲ့ ကျွန်တော်တို့အစိုးရ လက်ထက်မှာ ဆောက်တဲ့တင်ဒါခေါ်တဲ့စနစ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဆောက်တာ ပွင့်လင်းမြင်သာမှုတွေ တာဝန်ယူမှုတွေနဲ့ နှိုင်းယှဉ်ပြောရင် ပိုကောင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ကတော့ ဝန်ကြီးဌာနတစ်ခုခုကို အတိအကျနာမည်တပ်ပြီးတော့ပြောရင် အရေးယူဖို့ အသင့်ရှိတယ်။ တကယ်လို့အစိုးရအနေနဲ့လုပ်တာ မလုံလောက်ဘူးဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကနေပြီး ပြောလို့ရပါတယ်။ အစိုးရတစ်ခုလုံး၊ ဝန်ကြီးဌာနတစ်ခုလုံးကို ပြောတာမျိုးကတော့ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။ အရင်တုန်းကဖြေတဲ့အခါ သိမ်းကြုံးပြီးပြောတာမျိုး မတွေ့ဖူးသေးဘူး။ နိုင်ငံတကာမှာဆိုရင်လည်း ပြောပြီဆိုရင် တိကျတဲ့ ကိန်းဂဏန်းအခိုင်အမာပဲ ပြောပါတယ်” လို့ တုံ့ပြန်ထားတာပါ။ ဒီစကားတွေကို စက်တင်ဘာ ၁၉ ရက်ထုတ်Democracy Today သတင်းစာမှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။

ဦးခင်အောင်မြင့်က အရင်တုန်းက ယဉ်ကျေးမှုဝန်ကြီးဌာနကို တာဝန်ယူခဲ့တာပါ။ ဒီဝန်ကြီးဌာနက တခြားစီးပွားရေးရာ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေနဲ့ယှဉ်ရင်တော့ ဘာမှလာဘ်ကြီးကြီးကျယ်ကျယ် စားလို့ရတဲ့ဝန်ကြီးဌာန မဟုတ်ပါဘူး။ အခုလည်း ဘဏ္ဍာငွေတွေလေလွင့်တုန်း၊ ဆောက်လုပ်ရေးတွေမှာ အရင်လိုပဲ လာဘ်ပေးလာဘ်ယူတွေ ရှိနေတုန်း ဒါကိုပြင်ဆင်နိုင်ဖို့၊ ဘဏ္ဍာငွေတွေ လေလွင့်မှုမရှိဖို့ ထောက်ပြထားတာပါ။

ဒါပေမဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့ အစိုးရအဖွဲ့ကို ပြောချင်ရင် တိတိကျကျနဲ့ဝေဖန်ပါ၊ ဒါ့ထက်ပိုပြီးတော့ ဦးခင်အောင်မြင့်လည်း အရင်အစိုးရလက်ထက် ဝန်ကြီးတာဝန်ယူတုန်းက ဒီလိုလုပ်ငန်းတွေ လုပ်ခဲ့ဘူးတာပဲဆိုပြီး တုံ့ပြန်တဲ့ သဘောသက်ရောက် နေပါတယ်။

ကျွန်တော်လည်း မေးပါရစေ ဦးရဲထွဋ်

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောကြားခဲ့တဲ့အထဲမှာ တင်ဒါကိစ္စ ပါဝင်နေပါတယ်။

နိုင်ငံတော်သမ္မတက တင်ဒါအဆင့်ဆင့် ပွင့်လင်းမြင်သာအောင် အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်တယ်ဆိုပေမယ့် တကယ်တန်းတော့ တင်ဒါအားလုံးနီးပါးမှာ လက်တစ်လုံးခြား လုပ်နေတာတွေကို လုပ်ငန်းရှင် အသိုင်းအဝိုင်းရော ကျွန်တော်တို့ရော ကြားသိနေကြတုန်းပါပဲ။

ဥပမာ- 7Dayဂျာနယ်မှာပါတဲ့ “ထူးမခြားနားလေလံပွဲများ” ဆောင်းပါးမှာဆိုရင်လည်း “တင်ဒါမခေါ်ပေမယ့် လုပ်ငန်းရှင်ကို ကြိုပြောထားတယ်။ လိုအပ်တဲ့ဒီဇိုင်း လိုဂိုပုံစံတွေ အားလုံးကြိုလုပ်ခိုင်းထားတယ်။ ပြီးတော့မှ တင်ဒါခေါ်တယ်” ဆိုပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် ကိုယ်တိုင်ပြောထားတယ်။ နောက်ထပ်ပြီးတော့လည်း “မေးခွန်းကြိုပေါက်တဲ့ ကိစ္စကလည်း တရားမျှတမှုမရှိဘူး” ဆိုပြီး လေလံခဏခဏဆွဲတဲ့ လုပ်ငန်းရှင်ကိုယ်တိုင် ပြောထားတယ်ဆိုပြီး ဖော်ပြထားတယ်။

ဒီလိုပဲ အများဆုံးရင်းနှီး မြှုပ်နှံမှုပြုမယ့် တင်ဒါဆွဲသူတွေ မအောင်မြင်ဘဲ နည်းနည်းပါးပါး မြှုပ်နှံမယ့်သူတွေကကျော်ပြီး တင်ဒါအောင်နေတာတွေလည်း အားလုံးသိကြတာပါပဲ။

တင်ဒါနဲ့ပတ်သက်ရင် တင်ဒါမှာ တာဝန်ယူရတဲ့ အစိုးရအရာရှိနဲ့ အဖွဲ့အဆင့်ဆင့် မှာ လာဘ်ပေးလာဘ်ယူမှု လုပ်နေတာ ထင်ရှားတယ်။ ဒါကိုသိချင်ရင် သူတို့ပိုင်ဆိုင်မှုတွေနဲ့ သူတို့ရဲ့ မူရင်းလစာ စစ်လိုက်ရုံပဲ။ ဒီလို တိတ်တိတ်ပုန်း ကြိတ်လုပ်တဲ့ကိစ္စမျိုးတွေကို အတိအကျပြောပါ၊ တိတိကျကျ ပြောပါဆိုတာကတော့ သူခိုးလက်ခံလည်းပြ သူခိုးလည်းပြဆိုပြီး ခိုင်းနေသလို ဖြစ်နေပါတယ်။ လာဘ်ပေးလာဘ်ယူ လုပ်တဲ့သူတွေက ဘောင်ချာနဲ့ဖြတ်ပြီး ဘယ်လောက်ပေးရတယ်ဆိုပြီး လုပ်ကြတာမဟုတ်ပါဘူး။ ခရိုနီနဲ့ အစိုးရတာဝန်ရှိသူတွေကြား မပတ်သက်ဘူးလား။ ပတ်သက်တာ အားလုံးသိပေမယ့် တိတိကျကျ ဘယ်လောက်ပေးတယ်၊ ဘယ်လိုတွေလုပ်ပြီး အခွင့်အရေး ယူသွားတယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ။ ဒါပေမဲ့ ခရိုနီတွေ ရသွားတာကတော့ ထင်ထင်ရှားရှားပဲလေ။

အဲ့တော့ အများပြည်သူကြားသိနေတဲ့ အဂတိလိုက်စားမှုမျိုးကို တိတိကျကျ ထောက်ပြမှ လုပ်တော့မှာလား မေးချင်ပါတယ်။

ကျွန်တော်ပြောလိုက်ပါရစေ ဦးခင်အောင်မြင့်

ဦးခင်အောင်မြင့်ကိုတော့ အားနာပါတယ်။ တိတိကျကျ ထောက်ပြပါဆိုတော့လည်း ကျွန်တော်ပဲကိုယ်စား ဝင်ပြောလိုက်ပါရစေ။

ကျွန်တော်ကတော့ ဟိုလေလံ ဒီလေလံ တစ်ခုချင်းလိုက် ထောက်ပြနေတာထက် အဂတိတရားလိုက်စားမှု၊ လာဘ်ပေးလာဘ် ယူမှုရှိမရှိဆိုတာကို အကုန်လုံးတစ်ချက်တည်း ပေါ်လွင်စေမယ့် အစိုးရတာဝန်ရှိသူတွေရဲ့ ရနေတဲ့လစာနဲ့ လက်ရှိပိုင်ဆိုင်မှုကိုပဲ ယှဉ်ပြီး ပြောလိုက်ပါမယ်။

နိုင်ငံတော်သမ္မတလစာက တစ်လ ကျပ် ၁၅ သိန်းနဲ့ ၃၆ လသိန်း ၅၄ဝ၊ အခု ပြင်ဆင်လိုက်တဲ့ တစ်လ သိန်း ၅ဝ နဲ့ ဩဂုတ်လကုန်အထိ ၅ လစာ သိန်း ၂၅ဝ၊ သမ္မတသက်တမ်းတစ်လျှောက် ၄၁ လစာအတွက် စုစုပေါင်းသိန်း ၇၉ဝ ရပါမယ်။

အစိုးရသစ်လက်ထက် ၄၁ လလုံးလုံး တောက်လျှောက် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့သူက ကျပ် ၃၆၆ သိန်းရပါမယ်။ ဒုဝန်ကြီးက ကျပ် ၂၆၂ သိန်းရပါမယ်။ ညွှန်ချုပ်အဆင့်က တစ်ဦးကို သုံးနှစ်ခွဲကျော်အတွင်းမှာ လစာကျပ်သိန်း ၈၀ နီးပါးပဲရပါမယ်။

အခု အစိုးရသစ်သက်တမ်း ၄၁ လအတွင်းမှာ ဝန်ကြီးဖြစ်တဲ့သူက ဘာမှမစားမသောက်၊ မသုံးပဲရသမျှစုထားရင်တောင် ကျပ် ၃၆၆ သိန်းပဲရမယ်။ တိုက်ခန်းကျဉ်းကျဉ်း ဝယ်ဖို့တောင် နေရာကောင်းမှာဆို မရဘူး။ ဒုဝန်ကြီး ထိုနည်းလည်းကောင်းပဲ။ ညွှန်ချုပ်အဆင့် တိုက်ခန်းတောင် မဝယ်နိုင်ဘူး။

ဒါပေမဲ့ အပြင်မှာ လာဘ်ပေးလာဘ်ယူ လုပ်နိုင်တဲ့ စီးပွားရေးအရ ဆက်စပ်တဲ့ ဌာနတွေက ညွှန်ချုပ်အဆင့်တွေကိုပဲ ကြည့်လိုက်ပါ။ ညွှန်ချုပ်တစ်ယောက်တည်းနဲ့တင် တိုက်ခန်းတွေအများကြီး၊ မြေကွက်လည်းပိုင်၊ ကားတွေလည်းအများကြီး ဝယ်စီးနိုင်နေတယ်။ (အဂတိလိုက်စားမှုနည်းသည့် ညွှန်ချုပ်ညွှန်မှူး၊ ချောင်ထိုးခံရသည့် ညွှန်ချုပ်ညွှန်မှူးများမပါ)

ပြည်ထောင်စု အဆင့်အစိုးရ တာဝန်ရှိသူတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေရဲ့ အခုအစိုးရသက်တမ်း ၄၁ လအတွင်း ရတဲ့လစာနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုကိုပဲ စစ်ဆေးချပြလိုက်ရင် လာဘ်ပေးလာဘ်ယူကိစ္စ ခုထိရှိမရှိ ထင်ထင်ရှားရှား ဖြစ်သွားပါလိမ့်မယ်လို့ပဲ ဖြေလိုက်ပါတယ်။

ဦးရဲထွဋ်ပြောတဲ့ကျင့်ဝတ်နဲ့ စံနမူနာပြ ဖြစ်စေဖို့ဆိုရင်

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အနေနဲ့ ကျင့်ဝတ်အကြောင်းကိုတော့ မကြာခဏပြောလေ့ရှိတာ သတိထားမိပါတယ်။ အများအားဖြင့် မီဒီယာသမားတွေကို ကျင့်ဝတ်နဲ့ပတ်သက်လို့ အများဆုံး ထောက်ပြခဲ့ပါတယ်။

ကျွန်တော်တို့ နားလည်တာကတော့ အစိုးရဝန်ထမ်းကောင်းဆိုတာလည်း ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားမလုပ်တာ၊ အလွဲသုံးစားလုပ်တဲ့သူကို အားမပေးတာ၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားဘေးက ကာကွယ်တာပါပဲ။ ဒါက အစိုးရ ဝန်ထမ်းကောင်းရဲ့ ကျင့်ဝတ်လို့ နားလည်ပါတယ်။ ဦးခင်အောင်မြင့်အနေနဲ့ လက်ရှိအနေအထားကို ခြုံငုံထောက်ပြခဲ့တာ ဖြစ်ပေမယ့် ဦးရဲထွဋ်အနေနဲ့ တိတိကျကျ ထောက်ပြစေချင်ရင် စံနမူနာပြအနေနဲ့ ဦးရဲထွဋ်ကိုယ်တိုင် ပိုင်ဆိုင်မှုနဲ့ လစာရင်းကို နှိုင်းယှဉ်ချပြစေချင်တယ်။ ကျွန်တော့အနေနဲ့ လက်တွေ့ပဲ နှိုင်းယှဉ်ပြပါရစေ။ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အနေနဲ့ အစိုးရသစ်လက်ထက် ညွှန်ချုပ်တာဝန်ယူခဲ့တဲ့ ၁၇ လမှာ လစာရင်း ကျပ်သိန်း ၃ဝ ကျော်၊ ဒုတိယဝန်ကြီး တာဝန်ယူခဲ့တဲ့ ၂၃ လအတွင်းမှာ လစာ ၁၆၅ သိန်းကျော်၊ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဩဂုတ်လ တစ်လစာ သိန်း ၃ဝ၊ စုစုပေါင်း အစိုးရသစ်လက်ထက် သုံးနှစ်ခွဲကျော်ကာလ အတွင်းမှာ လစာစုစုပေါင်း ကျပ် ၂၂၆ သိန်းကျော်ရပါမယ်။ ဒါတောင် လုံးဝမစား၊ အဝတ်အစားမဝယ်၊ ဆေးကုသစရိတ်မသုံးဘဲစုမှ အဲ့ဒီလစာငွေကျန်မှာပါ။

ကျွန်တော်တို့ အယ်ဒီတာတွေထဲမှာ တစ်လကျပ်ငါးသိန်းကနေ ကျပ်ခုနစ်သိန်းကြား ရကြပါတယ်။ ဒီသုံးနှစ်ခွဲကာလအတွင်းမှာ အယ်ဒီတာတွေက တစ်ဦးလစာငွေကျပ် သိန်း ၂ဝဝ ကနေ အမြင့်ဆုံး ကျပ်သိန်း ၂၈ဝ အထိရှိပါတယ်။ ညွှန်ချုပ်တစ်ယောက်လစာထက် ပိုပါတယ်။ 

ဒါပေမဲ့ အယ်ဒီတာတွေဟာ အိမ်ငှားခ၊ စားစရိတ်၊ ဆေးကုသစရိတ်၊ သွားစရိတ်၊ လာစရိတ်တွေနဲ့ အိမ်ပိုင်ဝယ်နိုင်ဖို့ကတော့ လုံးဝကို မဖြစ်နိုင်သေးတဲ့ အနေအထားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အယ်ဒီတာတွေထက် တရားဝင်လစာနည်းပေမယ့် ညွှန်ချုပ်အဆင့် အစိုးရအရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ပါလား။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရော အဲ့ဒီလစာတစ်မျိုးတည်းနဲ့တင် ဘယ်လိုသုံးစွဲခဲ့သလဲ၊ ဘယ်လိုနေထိုင်ခဲ့သလဲ။ ဦးရဲထွဋ်ရဲ့လစာနဲ့ ဦးရဲထွဋ်ရဲ့ပိုင်ဆိုင်မှုကို ချပြလိုက်ပါလား။ မိဘချမ်းသာလို့၊ အိမ်သူကချမ်းသာလို့ ဒီလိုပိုင်ဆိုင်မှုတွေ ရှိနေပါတယ်ဆိုပြီး ပြောမယ်ဆိုရင်လည်း စစ်မှုထမ်းကာလတစ်လျောက် အရမ်းကြီးမချမ်းသာ ခဲ့တာကိုတော့ သိကြပါတယ်။

အဲ့ဒီလိုချပြလိုက်မယ်ဆိုရင် ဦးရဲထွဋ်ဟာ အစိုးရအဖွဲ့ထဲမှာ တစ်ကယ့်စံပြ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သွားမယ့်အပြင် ကျွန်တော်တို့ကလည်း စံနမူနာပြ ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်ရတော့မှာပါ။

ဦးရဲထွဋ် တုံ့ပြန်ချက်အတွက် နောက်ဆုံးအဖြေရဖို့ ဆိုရင်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ နှစ်ခုတည်းမှာတင် ပြည်သူ့ဘဏ္ဍာတွေ လေလွင့်တယ်၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်တာ အားနည်းသေးတယ်၊ ဒါတွေကို ပြင်သင့်တယ်ဆိုတာ ထောက်ပြခဲ့တာပါ။ ဦးခင်အောင်မြင့်အနေနဲ့လည်း သူဖြတ်သန်းခဲ့တဲ့ တစ်လျှောက်ဘယ်လိုတွေ လုပ်တတ်ကြတယ်ဆိုတာ သိထားကြားထားတာ ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူနဲ့ အဂတိလိုက်စားမှု ရှိမရှိအတွက် အဓိကစစ်ဆေးဖို့ အာဏာ၊ တာဝန်ရှိတာ၊ စစ်ဆေးနိုင်တဲ့ စွမ်းရည်ရှိတာ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောသလို တစ်ကယ်တိတိကျကျ ထောက်ပြမှရမယ်၊ ထောက်ပြဖို့လိုတယ်ဆိုရင် တစ်ကယ်စစ်ဆေးနိုင်စွမ်းရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန စသုံးလုံးဦးစီးဌာနတို့ကို စစ်ဆေးခွင့်နဲ့အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လက်ထဲ ထည့်ပေးလိုက်ပါ။ ဦးခင်အောင်မြင့်က သိမ်းကျုံးပြောသလား၊ ဒါမှမဟုတ် တကယ်တိတိကျကျ ထောက်ပြနိုင်မလားဆိုတာ အဲ့ဒီအချိန်မှာ သိရပါလိမ့်မယ်ခင်ဗျာ။
EMG

0 comments:

Post a Comment