ယောက္ခမ အိမ်များတွင် တက်စရာအိမ်သာမရှိ၍ လက်ထပ်စ အမျိုးသမီးများ မိဘအိမ်ပြန်ပြေး

အသစ်စက်စက် အိမ်ထောင်ရှင် အမျိုးသမီး ခြောက်ဦးတို့သည် အိန္ဒိယနိုင်ငံ ဥတ္တရာ ပရာဒေရှ့်ပြည်နယ် ကူရှင်နဂါ ခရိုင်ရှိ ယောက္ခမများနှင့် ဆွေမျိုးများ ၏ နေအိမ်များတွင် အိမ်သာ မရှိသောကြောင့် ၎င်းတို့၏ မိဘများ နေအိမ်သို့ ပြန်လာခဲ့ကြသည်ဟု သြဂုတ် ၁၈ ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ 
အမျိုးသမီးများသည် လွန်ခဲ့သော နှစ်လ ကတည်းက ခါရှီယာရွာရှိ ၎င်းတို့၏ ယောက္ခမများ အိမ်မှ စွန့်ခွာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ပရဟိတသမား အာရှာပါဗင်းက ပြောကြားသည်။ 

နီလန်း၊ ကလာဝါတီ၊ ရှကီနာ၊ နီရန်ဂျန်၊ ဂူတီရနှင့် စီတ တို့သည် လင်ယောက်ျား လင်ယောက်ျားဘက်မှ တော်စပ်သော ဆွေမျိုးများ၏ နေအိမ်တွင် အိမ်သာ မရှိကြောင်း သိရှိခဲ့ကြ ပြီးနောက် ၎င်းတို့၏ လင်ယောက်ျားများနှင့် ဆွေမျိုးများကို မကျေနပ်ကြောင်း တိုင်ကြားထားပြီး အိမ်သာများ မဆောက်လုပ်မချင်း ပြန်မည် မဟုတ်ကြောင်းကိုလည်း ပြောကြားထားသည်ဟု ပါဗင်းက ဆိုသည်။ 

ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး တရားဝင် သတင်း အချက်အလက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ယင်း အမျိုးသမီးများ၏ ယောက္ခမ အိမ်များနှင့် ဆွေမျိုးများ အိမ်တွင် အိမ်သာများ ဆောက်လုပ်မည်ဟု ကျန်းမာရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Sulabh International တည်ထောင်သူ ဘန်ဒက်ခ်ျဝါ ပတ်တက်ခ်က ပြောကြားသည်။ အမျိုးသမီးများ၏ အပြုအမူသည် ရဲတင်းပြီး ထူးခြားကြောင်း ပတ်တက်ခ် က သတ်မှတ်ခဲ့သည်။ 

"ဒီအဖြစ်အပျက် မျိုးတွေ တိုးပွားလာတာက အမျိုးသမီးတွေ အိမ်သာနဲ့ ပတ်သက်ပြီး စဉ်းစားပုံ ပြောင်းလဲသွားတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြနေတာပဲ၊ အခုအားလုံးက အိမ်သာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာကြပြီ"ဟု ၎င်းက ပြောကြားခဲ့သည်။ 

အိမ်သာများကို Sulabh Internationalအဖွဲ့ မှ အချိန် နှောင့်နှေးခြင်း မရှိဘဲ အခမဲ့ ဆောက်လုပ်ပေးသွားမည် ဖြစ်သောကြောင့် အမျိုးသမီးများ ၎င်းတို့ နေအိမ်သို့ ပြန်လာ နိုင်မည် ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Mizzima

0 comments:

Post a Comment