သုံးဘီးတပ်ယာဉ် ကိုယ်တိုင်ထွင်ပြီး ကမ္ဘာ့စံချိန်ချိုးတဲ့ ဆွီဒင်သူ


ဆွီဒင်နိုင်ငံသူ တစ်ဦးဟာ ကိုယ်တိုင်တည်ဆောက်ထားတဲ့ သုံးဘီးတပ်ယာဉ်ကို မောင်းနှင်ပြီး ကမ္ဘာ့စံချိန်သစ်တစ်ရပ် ရေးထိုးသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘွန်နဗီ သုံးဘီးတပ်ဆိုင်ကယ် ပြိုင်ပွဲမှာ ဆွီဒင်နိုင်ငံသူ ဟာကန်ဆန်က သူ့အိမ်ဘေး ကားဂိုဒေါင်စက်ရုံမှာ ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ သုံးဘီးတပ် လျှပ်စစ်ဆိုင်ကယ် ကေလာဂျိုးကို မောင်းနှင်ပြီး ကမ္ဘာ့စံချိန်သစ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဟာကန်ဆန်ဟာ ပြိုင်ပွဲတစ်လျှောက် ပျှမ်းမျှအမြန်နှုန်း တစ်နာရီ ၂၄၀.၇၂၆မိုင်၊ အကောင်းဆုံးနှုန်း တစ်နာရီ ၂၄၁.၉၀၁ မိုင် မောင်းနှင်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့စံချိန်ဟောင်းထက် တစ်နာရီ (၂၅)မိုင် အသာရပြီး လျှပ်စစ်ဆိုင်ကယ်စီး အမျိုးသမီးတွေထဲမှာ အမြန်ဆုံး မောင်းနှင်နိုင်သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိတဲ့ ဟာကန်ဆန်ဟာ ဒန်ဗာတက္ကသိုလ်မှာ စက်ပစ္စည်းတွေရဲ့အပူချိန်၊ တည်ဆောက်ပုံ ဘာသာရပ်နဲ့ PhDဘွဲ့ယူဖို့ သင်တန်းတက်ရောက်နေတဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။
ဟာကန်ဆန်နဲ့ သူ့ခင်ပွန်း ဘီဒက်ဘ်တို့ဟာ သုံးဘီးတပ်ယာဉ် ကေလာဂျိုးကို တည်ဆောက်ခဲ့ရာမှာ ငွေကြေးမလုံလောက်တဲ့အတွက် (၅)နှစ်အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကေလာဂျိုးကို (၈၀)ရာခိုင်နှုန်း ပုံဖော်ခဲ့တာကတော့ ဟာကန်ဆန်ပါပဲ။ အဲဒီယာဉ်ဟာ အောက်ဆီဂျင်နဲ့ ဓာတ်ပြု လောင်ကျွမ်းပြီး စွမ်းအင်ထုတ်ပေးတဲ့ စနစ်အသုံးပြုထားတာပါ။ ဟာကန်ဆန်နဲ့ ဘီဒက်ဘ်တို့ဟာ ကေလာဂျိုးကို မတည်ဆောက်ခင် ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ဆိုင်ကယ်အဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့ ကေလာဆိုင်ကယ်ကို ထုတ်လုပ်နိုင်ခဲ့ဖူးပါတယ်။

ဟာကန်ဆန်ဟာ ဆွီဒင်မှာ မြို့တွင်းစီး လျှပ်စစ်ဆိုင်ကယ် ပထမဆုံး တီထွင်သူဖြစ်ပြီး သူ့ဖခင်ကလည်း ဆိုင်ကယ်ချန်ပီယံဟောင်း တစ်ဖြစ်လဲ ဆိုင်ကယ်ဒီဇိုင်နာ တစ်ယောက်ပါ။ ကမ္ဘာ့စံချိန်ချိုးခဲ့ပြီးတဲ့နောက် ဟာကန်ဆန်က အမျိုးသမီးတွေအနေနဲ့ သိပံ္ပနဲ့ အင်ဂျင်နီယာ နယ်ပယ်မှာ အခြေချပြီး စွမ်းဆောင်မှုပြကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Nz(ရိုးရာလေး)
Ref:Dailymail

0 comments:

Post a Comment