မေမြတ်နိုး ရင်သား ခွဲစိတ်မှု မပြုခဲ့သလို မိမိမှာလည်း ဗီဇာအတု ပြုလုပ်ခဲ့ ခြင်းမရှိဟု ၎င်း၏ မိခင် ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၄။ အလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ရင်သား ခွဲစိတ်မှု မပြုလုပ်ခဲ့သည့် အပြင် မိမိအနေဖြင့်လည်း ဗီဇာအတုလုပ်ခဲ့ ခြင်း မရှိဟု မေမြတ်နိုး၏ မိခင်ဖြစ်သူက မဇ္စျိမကို ပြောကြားသည်။



"အခုလို ခွဲစိတ်တဲ့ ပုံတွေ တက်လာတာက ပြဿနာ မရှိပါဘူး။ သူတို့ဘက်က သရဖူကို ပြန်လိုချင်တယ်။ အဲဒီကိစ္စကို အရင်ရှင်း ပါမယ်။ မေမြတ်နိုးက ငယ်သေးတယ်။ မတရား စွပ်စွဲမှုတွေ၊ ဗီဇာ လိမ်လည်မှုတွေကို ဥပဒေ လမ်းကြောင်း ဒါမှမဟုတ် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကနေပြီး ဖြေရှင်းသွားမယ်။ အခုက ကိုရီးယား နိုင်ငံနဲ့လည်း မသက်ဆိုင်ပါဘူ။ လှနုထွန်းနဲ့ မစ္စတာ ရောဘတ်ချန်း တို့နဲ့သာ သက်ဆိုင်တာပါ။ ကိုရီးယား နိုင်ငံနဲ့ K-pop အဖွဲ့သား တွေကိုလည်း မစော်ကား ပါဘူး။ K-pop အဖွဲ့ လုပ်ပေးမယ် ဆိုလို့ ယုံကြည်ချက် တစ်ခုနဲ့ သွားခဲ့ ကြတာပါ။ ဟိုရောက်တဲ့ အခါမှာ လှနုထွန်း ဖုန်းဆက် ပါတယ်။ K-pop အစီအစဉ်ကို ဖျက်လိုက်တော့။ လှနုကိုယ်တိုင် တက်လာမယ်။ မေမြတ်နိုး အမေကို ပြန်ခိုင်း လိုက်တော့လို့ ပြောတယ်။ အဲဒီ အချိန်မှာ ကိုယ်တွေ ဘက်က ဘယ်ကုမ္ပဏီမှ ဘယ်အေးဂျင့် ကိုမှ မတွေ့ခဲ့ ပါဘူ။ အခုလို မဟုတ်မမှန်တဲ့ ပုံစံကို တွေ့ခဲ့တယ်။ ဒါ့ကြောင့် သမီးကို ကာကွယ်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ တာပါ။ သူတို့က အမျိုးမျိုး စွပ်စွဲချက်တွေ လုပ်ခဲ့တယ်။ အန်တီတို့ကြေငြာထားတဲ့ အတိုင်း မဟုတ်မဟတ် စကားလုံး တွေနဲ့ သရဖူ ပြန်သိမ်းမယ့် ကိစ္စကို ပြောနေမယ် ဆိုရင် ပြန်ပေးမယ်။ သူတို့သိမ်းတာကို မဖြစ်ချင်ဘူး။ ကိုယ်တိုင် ပြန်ပေးမှာပါ။ သက်သေနဲ့ စွပ်စွဲမှုကို ပြန်ဖြေရှင်း သွားမယ်။ မိခင်တစ်ယောက်ရဲ့ ခံစားမှုကို မိခင်တိုင်း နားလည်မှာပါ။ မေမြတ်နိုးက ဘာကို လိမ်ညာတာလဲ ဆိုတာကို မပြောသရွေ့ သရဖူ မပေးပါဘူး။ အဲဒါတွေကို သက်သေ မပြနိုင်ပဲသရဖူသိမ်းမယ် ဆိုရင်တော့ အန်တီတို့က သရဖူကို နိုင်ငံတော်ကို ပေးသွားမှာပါ"ဟု မေမြတ်နိုး၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းထွေး(ခ) ဂျူးဂျူး ကပြောသည်။

၎င်းတို့ ဗီဇာအတု ပြုလုပ်ခြင်း ဟုတ်မဟုတ် ကိုရီးယား သံရုံးက သက်သေရှိသည်ဟု ပြောသည်။ ယခုကဲ့သို့ ရင်သား ခွဲစိတ်ခြင်း ရှိမရှိကို တစ်ဘက်မှ တင်လာမည့် ဓာတ်ပုံများကို ကြည့်ပြီး ရင်ဆိုင် ဖြေရှင်း သွားမည်ဟု ၎င်းက ထပ်မံ ပြောကြားသည်။ 

ယင်းကိစ္စနှင့် ပတ်သက်ပြီး Miss Asia Pacific World Myanmar မှNational Director မလှနုထွန်းက "အခုရင်သား ခွဲစိတ်တဲ့ အချိန်တုန်း ကလည်း ဒါ ကတော့ ဟိုဘက်ကို မေးကြည့် လိုက်ပါ။ လှနု မပြောတော့ပါဘူးရှင်။ ဖေ့ဘွတ်မှာလည်း ဓာတ်ပုံတွေ တက်နေပါပြီ။ လေးငါးခြောက်ပုံ တက်နေ ပါတယ်။ ဆရာဝန်နဲ့ ပျော်ပျော်ရွှင်ရွှင် ပါပဲ။ လှနုဘက်ကမြန်မာနိုင်ငံကို ငှဲ့ညာပြီးတော့ ဒီဓာတ်ပုံတွေ သိမ်းထား တာပါ။ အစ်မ ဘက်ကတော့ မေမြတ်နိုးပြီးသွားပြီ။ သူ့ဟာသူ သရဖူကို ပိုက်ထားပိုက်ထား သူက Miss Asia Pacific world မဟုတ် တော့ဘူး။ အခုအချိန်မှာ သူအေးအေးဆေးဆေး ပြန်အပ်လိုက်ရင် ရသွားပါပြီ။ သူ့အမေရဲ့ ချုပ်ထိန်းမှု အောက်မှာ သွားတာ ဖြစ်တဲ့ အတွက် အဲဒီနောက်ပိုင်းက ကိစ္စတွေက လှနုနဲ့ မသက်ဆိုင်တော့ပါဘူး။ လှနုက သူ့ကို ခွင့်လွှတ်ဖို့ ကြိုးစားနေ ပါတယ်။ ကိုယ့်မြန်မာ လူမျိုးတစ်ယောက် ဖြစ်တဲ့အတွက် ဘာဖြစ်လို့ တရားစွဲဆို ရမှာလဲရှင့်။ ဟိုဘက်က ဆွဲခိုင်းလည်း လှနုမဆွဲပါဘူး။ လှနုကမြန်မာ လူမျိုးပါ။ မြန်မာဘက်က ရပ်တည်ရ မှာပေါ့။ ဗုဒ္ဓဘာသာ တစ်ယောက်က ခွင့်လွှတ်တတ်ရတယ်လေ။ ဒါပေမယ့် မေမြတ်နိုးက ဗမာပြည်ကို တစ်ကယ်ချစ်တယ်ဆိုရင် လှနု စောစောကပြောသလို ပစ္စည်းလေး တွေကိုပြန်အပ်လိုက်ပါ။ ဒီသရဖူကို ဘယ်လောက် တန်ကြောင်း လိုက်ပြ နေမယ့်အစား တစ်ခြား မီဒီယာတွေ တစ်ဆင့်ဆင့် နိုင်ငံခြားမီဒီယာတွေရဲ့ချဲ့ကားမှုကြောင့် ဈေးကြီးသွားတဲ့ သရ ဖူ ပေါ့နော်။ အဲဒီသရဖူကို ဟုတ်မဟုတ် လိုက်စစ်ပြီးတော့ ပြောနေမယ့်အစား တန်ဖိုး မရေတွက် နိုင်အောင်ကြီးမား လွန်းတဲ့ မြန်မာနိုင်ငံရဲ့သိက္ခာကိုငဲ့ကွက်တဲ့ အနေနဲ့ သရဖူလေးကို ပြန်အပ်ပေးပါလို့ ၊ သူအလုပ် မလုပ်ဖြစ်တော့ ဘူးလေ။ အလုပ်မလုပ် ဖြစ်တော့တဲ့ အတွက် ဟိုဘက်ကနေ ၂၈ ရက် နေ့မှာ လက်မှတ်ဝယ်ပေး လိုက်တာလေ။ ကိုရီးယားဘက်က မြန်မာနိုင်ငံကို ဘယ်လိုမျိုး တရားစွဲမယ် ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စ အစ်မ အနေနဲ့ဘာမှ ပြောပိုင် ခွင့် မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သေချာတာကတော့ သရဖူကို အမဆီကို အပ်ပါလို့ ပြောထားတဲ့ ဟာကို အခု မေမြတ်နိုး လိမ်လိမ်မာမာနဲ့ အပ်မယ်ဆိုလို့ရှိရင် သူတို့ဆရာကြီး ရှိနေပါတယ်။ အေးအေးဆေးဆေးလေး အပ်လိုက် လို့ရပါတယ်နော်။ အဲဒီတော့ အစ်မအနေနဲ့ ကြားက လူကြုံဝင်စရာ မလိုတော့ပါဘူး။ တစ်ကယ်လို့ အချိန်ဆွဲ နေမယ်ဆိုရင်တော့ လှနုကိုသူလာ အပ်ရပါလိမ့်မယ်ရှင့်။ အစ်မအနေနဲ့ ဘယ်လို မြင်မိလဲဆိုတော့ အလုပ်မလုပ် တော့ရင်တော့ ၀န်ဆောင် မှု ပေးထားတဲ့ ကုမ္ပဏီကို ကိုယ်ယူထားတဲ့ အရာ အားလုံးပြန် ပေးရမယ်လို့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။

အလှမယ်ဟောင်း မေမြတ်နိုးကို တရားစွဲဆိုရန် အတွက် ကိုရီးယားနိုင်ငံမှ Miss Asia Pacific World Organization မှတာဝန်ရှိသူသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး တရားစွဲဆိုရန် အတွက် ပြင်ဆင် လျက်ရှိသည်ဟု လူမှုကွန်ရက် စာမျက်နှာ များတွင် ပြောဆို ရေးသားလျက် ရှိသည်။

ယင်းMiss Asia Pacific World အလှမယ်ပြိုင်ပွဲ ကျင်းပခြင်းသည် ယခုအခါ လေးကြိမ် မြောက်ရှိခဲ့ပြီဖြစ်ပြီး ယင်းပြိုင်ပွဲ၌ဆုချိတ်နိုင်ရန်အတွက် လိင်ကိစ္စဖြင့် အလဲအလှယ်လုပ်ရန် တာဝန်ရှိ သူများ၏တောင်းဆိုမှုများ ရှိခဲ့ကာပါဝင်ယှဉ်ပြိုင်သူ မိန်းကလေးအချို့သည်စွပ်စွဲမှုများ ရှိခဲ့သည်ဟု The Kore Times သတင်းစာ၌ ဖော်ပြထားသည်။

Miss Asia Pacific World ပွဲစီစဉ်သူများသည် သရဖူပြန်လည်သိမ်းဆည်းရေးအတွက် မေမြတ်နိုးကို တောင်းပန် မည်မဟုတ်ဘဲ သရဖူခိုးယူမှုဖြင့် ရဲကိုတိုင်ကြားသွားမည်ဟု စက်တင်ဘာ ၃ ရက် ညနေပိုင်းက The Kore Times သတင်းစာကိုပြောကြားထား သည်။

အလှမယ်ပြိုင်ပွဲစီစဉ်ကျင်းပသူ ယောင်ချိုက “ကျွန်တော့်ရဲ့ ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီနေ့ပဲ ရဲစခန်းမှာ တိုင်မှာပါ” ဟု ပြောကြားသည်။ မေမြတ်နိုးက မိမိ၏ ရင်သားခွဲစိတ်ပြုပြင်ခဲ့ခြင်းမရှိဟု စက်တင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ယောင်ချိုက ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိမိတို့တွင် ဓာတ်ပုံအထောက်အထားများရှိကြောင်း The Kore Times သတင်းစာသို့ ပြောကြားသည်။

0 comments:

Post a Comment