ရန်ကုန်-မန္တလေး အမြန်လမ်း ယာဉ်တိမ်းမှောက်မှု တရုတ်နိုင်ငံသားသုံးဦး ပွဲချင်းပြီး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၃၁၆ မိုင် ၆ ဖာလုံ၌ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော တရုတ်နိုင်ငံသားသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၂၈၅ မိုင် သီးကုန်း အမြန်လမ်း ရဲစခန်းထံမှ စုံစမ်းသိရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်က မန္တလေးမှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဇော်နိုင်ထွန်း (၄၅) နှစ် မောင်းနှင်လာသည့် 6H/2388 Alpha Toyota အဖြူရောင်ယာဉ်သည် တရုတ်နိုင်ငံသားသုံးဦးကို တင်ဆောင်၍ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၃၁၆/ ၆) အနီးတွင် ဝဲဘက်ရှေ့ဘီး ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းပေါ်သို့ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသော တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှ CHEN RUNROI (၄၆) နှစ်သည် ဦးခေါင်းငယ်ထိပ် သွေးထွက်ပေါက်ပြဲ၊ ဝဲယာလက် ပေါက်ပြဲဒဏ်ရာ၊ CHEN XIMU (၄၀) နှစ်မှာ ယာချိုစောင်း သွေးထွက် ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်၊ ယာခြေခုံ ပေါက်ပြဲဒဏ်ရာ၊ CHEN YUEQIU (၄၁) နှစ်မှာ ရင်ဘတ်ဝဲယာ ပွန်းပဲ့ဒဏ်ရာ၊ လက်မောင်း၊ ဝဲဘက်ခြေသလုံးနှင့် ပေါင်ကျိုး၊ နှာခေါင်း သွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရှိရသည်။

“တရုတ်နိုင်ငံသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို မန္တလေးဆေးရုံကြီးမှာ ရင်ခွဲစစ်ဆေးဖို့ ချက်ချင်း လွှဲပြောင်းပေးလိုက်ပါတယ်။ ယာဉ်မောင်းတဲ့ မြန်မာအမျိုးသားကတော့ ခေါင်းပေါက်၊ မျက်ခုံး ဖူးယောင်နဲ့ နှာခေါင်းသွေးထွက် ဒဏ်ရာတွေ ရထားလို့ မန္တလေးဆေးရုံကြီးကို လွှဲပေးလိုက်တယ်” ဟု အဆိုပါနေရာသို့ သွားရောက်ကူညီခဲ့သည့် မိတ္ထီလာမြို့ခံ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါယာဉ် တိမ်းမှောက်မှုကို ယာဉ် (ပ) ၃၂/၂၀၁ ၄၊ ပြစ်မှုပုဒ်မ-၃၀၄ (က) ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သီးကုန်း အမြန်လမ်း ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment