ဝဲလ်ဘက်ကို ရောင်းထုတ်ခဲ့သည့် ယူနိုက်တက်ကို လက်ထောက်မန်နေဂျာဟောင်း ဝေဖန်


ဒန်နီဝဲလ်ဘက်ကို အာဆင်နယ်ထံ ရောင်းထုတ်လိုက်ခြင်းသည် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် မိမိတို့၏ ပုံရိပ်တစ်ခုကို ဖျက်ဆီးလိုက်ခြင်းဟု အသင်း၏ လက်ထောက် မန်နေဂျာဟောင်း မစ်ခ်ဖီလန်က ဝေဖန် ပြောကြားလိုက်သည်။

ဖီလန်သည် ဆာအဲလက်စ် ဖာဂူဆန် လက်ထက်က ယူနိုက်တက်တွင် လက်ထောက်မန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ၎င်းက ဝဲလ်ဘက်ကဲ့သို့ ယူနိုက်တက်၏ ငယ်မွေးခြံပေါက် ကစားသမားကောင်း တစ်ဦးကို ဆက်ထိန်းမထားဘဲ ပြိုင်ဘက်အသင်းထံ ရောင်းထုတ်လိုက်မှုနှင့် အသင်းမှ လူငယ် ကစားသမား အများအပြား ထွက်ခွာသွားမှုတို့အပေါ် ဝေဖန် ပြစ်တင်ခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက်သည် အိန်ဂျယ်လ် ဒီမာရီယာ၊ အန်ဒါဟာရဲရာ၊ လုခ်ရှော၊ မားကို့စ်ရိုဂျို၊ ဒါလေဘလင်းနှင့် ရာဒါမယ် ဖယ်လ်ကာအိုတို့ကို ခေါ်ယူခဲ့ပြီး အသင်းမှ လူဟောင်း အများအပြားကို ရှင်းထုတ်ပစ်ခဲ့သည်။


အသက်(၂၃)နှစ်ရှိ ဝဲလ်ဘက်သည် အာဆင်နယ်သို့ ပေါင်စတာလင် (၁၆)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သလို တွမ်လောရင့်စ်၊ နစ်ခ်ပါဝဲလ်နှင့် မိုက်ကယ်ကိန်းတို့သည်လည်း အိုးလ်ထရက်ဖို့ဒ်ကို အငှားဖြင့်ဖြစ်စေ၊ အပြီးသတ် ပြောင်းရွှေ့မှုဖြင့်ဖြစ်စေ စွန့်ခွာသွားခဲ့သည်။ ယူနိုက်တက် လူငယ်စီမံကိန်းမှ ထွက်ပေါ်လာသည့် ကွင်းလယ်လူ တွမ်ကလီဗာလေသည်လည်း အက်စ်တန်ဗီလာ အသင်းထံသို့ အငှားပြောင်းရွှေ့သွားပြီ ဖြစ်သည်။ ဖီလန်က အဆိုပါ အခြေအနေများအပေါ် စိတ်ပျက်မိကြောင်း ဆိုသည်။


“အခုဆို အသင်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပုံမှန်လမ်းကြောင်းကနေ နည်းနည်း သွေဖယ်လာပါပြီ။ အခုလက်ရှိ အသင်းဟာ လူငယ်တွေ မွေးထုတ်ပေးနေတဲ့ အခြေအနေကနေ လူသစ်တွေ ခေါ်ယူတဲ့ ပုံစံမျိုး ပိုပေါ်လွင်လာပြီ။ ဝဲလ်ဘက်လို ကစားသမားမျိုးဟာ ယူနိုက်တက်ရဲ့ ပုံရိပ်မှာ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေသင့်တာပါ။ အခုတော့ ဒီပုံရိပ်ဟာ ကျိုးပျက်သွားပါပြီ။ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ။ ဘယ်သူမှ ဒါကို မသိဘူး။ ကိစ္စတစ်ခု အစပြုရင် မေးခွန်းတွေကတော့ ရှိလာမှာပါပဲ။ အခု ယူနိုက်တက်ဟာ လမ်းကြောင်းသစ် တစ်ခုကို သွားနေတာလား။ ဒါမှမဟုတ် အနာဂတ်ထက်စာရင် လက်ရှိ အခြေအနေကိုပဲ ကြည့်တော့တာလား။ လူငယ်တွေဆိုတာ အမြဲတမ်း အနာဂတ်ကို ကိုယ်စားပြုတယ်လေ။ နောက်ထပ် လူငယ်တွေကို ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြလာနိုင်အောင် ယူနိုက်တက်က မြှင့်တင်ပေးနိုင်ဖို့ပဲ မျှော်လင့်ရပါတော့မယ်”ဟု ဖီလန်က ပြောကြားခဲ့သည်။


၎င်းက ဝဲလ်ဘက် အနေဖြင့် အာဆင်နယ်တွင် အောင်မြင်လိမ့်မည်ဟုလည်း သုံးသပ်ခဲ့သည်။ “သူ့အသက်က ငယ်ပါသေးတယ်။ လူငယ် ကစားသမားတွေ အနေနဲ့ အမြင့်ဆုံး ခြေစွမ်းကို ရလာဖို့ဆိုတာ အချိန်တွေ ကျန်နေသေးတယ်။ ဒါပေမဲ့ ဝဲလ်ဘက်ဟာ ပြီးခဲ့တဲ့ (၁၂)လတာ ကာလအတွင်းမှာ ရှိခဲ့တဲ့ အခြေအနေထက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်တင် ခံစားဖို့ လိုပါတယ်။ အခုဆိုရင် သူဟာ ကိုယ်ကစားချင်တဲ့ နေရာမှာ ကစားခွင့် ရလာပြီ။ ဒါကြောင့်လည်း အာဆင်နယ်ကို သူရွေးလိုက်တာလို့ ကျွန်တော် ယူဆတယ်။ အာဆင်နယ်ဟာ သူကစားချင်တဲ့ နေရာမှာ ကစားဖို့ အခွင့်အရေး ပေးခဲ့တယ်။ တိုက်စစ်မှူး နေရာလေ။ အာဆင်နယ်ဆိုတာ ကောင်းကောင်း တည်ဆောက် လည်ပတ်နေတဲ့ အသင်းမျိုးပါ။ ဘောလုံးအမြင်အရ ကြည့်ရင်တော့ တိုးတက်မှု ရှာဖွေနေချိန်မှာ အာဆင်နယ်လို အသင်းကို ရွေးချယ်တာ အကောင်းဆုံးပါပဲ”ဟု ဖီလန်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

0 comments:

Post a Comment