သမ္မတဦးသိန်းစိန်နှင့် ဒုတိယသက်တမ်း

အကြံပေးအချို့က သမ္မတဦးသိန်းစိန်အတွက် သုတေသနအကြံပြုစာတမ်းတစ်စောင် ရေးပေးခဲ့သည်ဟု ကြားသိရသည်။ ကြားဖြတ်ရွေးကောက်ပွဲအပြီး လေ့လာတွေ့ရှိချက်များကို အခြေခံ၍ အဆိုပါအကြံပြုစာတမ်း ရေးပေးခဲ့ခြင်းဖြစ်သည်ဟု စာတမ်းကို လေ့လာခွင့်ရသူများက ဆိုသည်။

စာတမ်းတွင် အကြံပေးအချို့ပေးသော နောက်သက်တမ်းအတွက် အကြံပြုချက်များပါဝင်ကြောင်း ယင်းစာတမ်းကို လေ့လာခွင့်ရသူအချို့ကဆိုသည်။

၂၀၁၅ တွင် သမ္မတအဖြစ် ဆက်လက်တာဝန်ယူနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများကို စည်းရုံးရန်နှင့် လူငယ်များကို စည်းရုံးရန်၊ ပါတီသစ်တည်ထောင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ရန်တို့ဖြစ်သည်။

အဆိုပါစာတမ်းတွင် ဦးကျော်သူ(နာရေးကူညီမှုအသင်းဥက္ကဋ္ဌ)အနေဖြင့် ၂၀၁၅ ၌ ရွေးကောက်ပွဲဝင်ပါက အနိုင်ရနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ အရေးပါပုံကို ဥပမာပေးရေးသားထားကြောင်းလည်း ထိုစာတမ်းကို ဖတ်ရှုဖူးသူတစ်ဦးကဆိုသည်။

ထို့အတူ ကမ္ဘာတွင်သြဇာရှိသော ခေါင်းဆောင်အချို့ ဒေသတွင်းသြဇာရှိသော ခေါင်းဆောင်အချို့နှင့် ပြည်တွင်းမှ ပညာရှင်အချို့ကမူ နိုင်ငံတော်သမ္မတအား ဒုတိယသက်တမ်းအတွက် အကြံပြုမှုများရှိသည်ဟု အဆိုပါအရာရှိကြီးကဆိုသည်။

ထိုစာတမ်းပါ အချက်အလက်အချို့နှင့် လက်ရှိသမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက လက်ရှိသမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ဒုတိယသမ္မတသက်တမ်းအတွက် အပြင်အဆင်မှာ စိတ်ဝင်စားစရာ အလွန်ကောင်းနေသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် တိတိကျကျ ပြောဆိုဖြေကြားထားခြင်း မရှိသေးပေ။

မကြာသေးမီက သွားရောက်ခဲ့သော ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် NZZ သတင်းထောက်က သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်းအတွက် အလားအလာ ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ထိုမေးခွန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်က ‘‘ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော် အနားယူချင်ပါပြီ။ ဒါပေမဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ဘာကအကောင်းဆုံးလဲဆိုတာ စဉ်းစားရမှာပဲ’’ဟု ဦးသိန်းစိန်ကပြောဆိုသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် သမ္မတဦးသိန်းစိန်တို့ နောက်ဆုံးတွေ့ဆုံရာတွင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်က သမ္မတအား ဒုတိယသက်တမ်း ဆက်လက်လုပ်ဆောင်ရန် အကြံပြုရာတွင်လည်း တိုင်းပြည်ကလိုအပ်၍ ပြည်သူကတောင်းဆိုပါက ဆက်လက်ဆောင်ရွက်ပါမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ပြီး ၂ နှစ်ခွဲကျော်ကာလတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများပြုလုပ်လာခဲ့ပြီး လူငယ်ရေးရာများလည်း ဆောင်ရွက်လာခဲ့သည်။

သမ္မတဦးသိန်းစိန်အနေဖြင့်လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်နှင့် တွေ့ဆုံမှုပြုလုပ်လာခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း လူထုအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

‘‘အရပ်ဘက်အဖွဲ့အစည်းတွေထဲက လူထုနဲ့ တစ်သားတည်းဖြစ်တဲ့ အသင်းတွေက နိုင်ငံရေးမှာ အရေးပါတယ်။ ဥပမာ ဆွမ်းလောင်းအသင်းလိုမျိုးတောင် လျှော့တွက်လို့မရဘူး’’ဟု အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးတွင် အရေးပါပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမြင့်ဦးက သုံးသပ်သည်။

နိုင်ငံတော်သမ္မတအနေဖြင့်လည်း လူငယ်ထုနှင့်ပတ်သက်၍ ယခုနောက်ပိုင်း သိသိသာသာ ဆောင်ရွက်မှုများ ရှိလာသည်။ ကင်းထောက်လူငယ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် လူငယ်စင်တာတည်ထောင်ခြင်းတို့ အပါအ၀င် ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် အသက်(၄၀)မှ အသက်(၁၈)နှစ်ကြား လူဦးရေမှာ တစ်နိုင်ငံလုံးမဲပေးနိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ရှိသည်။

ထိုသူများမှာ နည်းပညာကျွမ်းကျင်မှုနှင့် လုပ်နိုင်ကိုင်နိုင်ရှိမှုတို့ကြောင့် ၂၀၁၅ တွင် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။

ထို့ကြောင့် NGO အများစုမှာ လူငယ်များအား နိုင်ငံရေးသင်တန်းပေးသည့် သင်တန်းကျောင်းများနှင့် သင်တန်းများ များပြားလာကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် ကိုခိုင်ကျော်မိုးက သုံးသပ်သည်။

‘‘Local NGO တွေ အများကြီး ပေါ်လာတယ်။ အသက်(၄၀)အောက် လူငယ်တွေကို နိုင်ငံရေးသင်တန်းပေးတဲ့ သင်တန်းတွေ လုပ်တာများလာတယ်။ ကျန်းမာရေးကဏ္ဍတို့၊ လယ်ယာကဏ္ဍတို့လုပ်တဲ့ NGO က တော်တော်နည်းပါတယ်’’ဟုလည်း ၎င်းကပြောသည်။

သမ္မတ၏ ၂ နှစ်ခွဲပြည့်မိန့်ခွန်းတွင် သူကျန်ရှိသော သက်တမ်းကာလအတွင်း အဓိကလုပ်ဆောင်မည့်လုပ်ငန်းတွင် ငြိမ်းချမ်းရေးနှင့် လူငယ်ကဏ္ဍတို့ကို အဓိကလုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

‘‘ငြိမ်းချမ်းရေးက သမ္မတကိုင်ထားတဲ့ ဖဲပဲ။ ဂျိုကာဖဲ’’ဟု မော်လမြိုင်အခြေစိုက် လူမှုရေးနှင့်နိုင်ငံရေးသင်တန်းများ ပေးနေသော NEI ကျောင်းဥက္ကဋ္ဌ ကိုကျော်စံဝင်းကဆိုသည်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့အနေဖြင့်လည်း သမ္မတဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လက်လုပ်ဆောင်စေလိုသူများရှိသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများအား သမ္မတဦးသိန်းစိန်နှင့်သာ ဆက်လက်ဆွေးနွေးလိုသည့် သဘောထားမျိုး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ထံတွင် တွေ့ရသည်။

‘‘တိုင်းရင်းသားခေါင်းဆောင်အချို့က ဦးသိန်းစိန်နဲ့ပဲ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်ချင်တဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်အပေါ် သြဇာညောင်းလို့’’ဟု နိုင်ငံရေးလေ့လာသူ တပ်မတော်အရာရှိဟောင်း ကိုရဲမိုးက သုံးသပ်သည်။

လက်ရှိ တပ်မတော်အရာရှိများအနေဖြင့်လည်း သမ္မတဦးသိန်းစိန်အား သဘောကျသူများပြီး တပ်မတော်၏ ထောက်ခံမှုရရှိထားသူလည်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်လက သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်တွင် တပ်မတော်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ၏ ပြည်ပခရီးစဉ်တွင် ဖြေကြားချက်အပြောမှာ နိုင်ငံအတွင်းရှိ ပြည်သူအချို့အတွက် ရယ်မောစရာဟာသတစ်ခုဖြစ်ခဲ့သလို အချို့အတွက်လည်း ဒေါသဖြစ်စရာ ဖြစ်ခဲ့သည်။

မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူအချို့က ဝေဖန်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းမှာ ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ပိုင်ခွင့်ရှိသည်။

ထို့ကြောင့် သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်လိမ့်မည်မဟုတ်ဘဲ တပ်မတော်၏ ကျောထောက်နောက်ခံ ပါဝင်လှုပ်ရှားနိုင်ခြေများသည်ဟုလည်း လေ့လာသူအချို့ကဆိုသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌရာထူးကို သူရဦးရွှေမန်းက တာဝန်ယူထားပြီး သူ့အနေဖြင့်လည်း ၂၀၁၅ ခုနှစ်တွင် သမ္မတအဖြစ် တာဝန်ယူလိုကြောင်း တရားဝင်ပြောထားသည့်အတွက် ဦးသိန်းစိန်အနေဖြင့် ပါတီမှဝင်ရောက်အရွေးခံရန်မှာ မလွယ်ကူသည့်အနေအထားဖြစ်သည်။

ထို့ကြောင့် သမ္မတ၏ ၂၀၁၅ ခုနှစ်တွင် ဆက်လက် သမ္မတလုပ်ဆောင်ရန်အတွက် အရေးကြီးသည်မှာ တပ်မတော်နှင့် တိုင်းရင်းသားများအပေါ် များစွာမူတည်သည်။ ထို့အပြင် သူ့သက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်နိုင်မှသာ အခြေအနေကောင်းမည့် အနေအထားဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် သက်တမ်းကာလ ၁၈ လသာ ကျန်တော့သည့် ယခုအချိန်တွင် ပွင့်ပွင့်လင်းလင်း ပြောရမည့်အချိန်ရောက်နေပြီဖြစ်သည်

7 Day

0 comments:

Post a Comment