ဘိုကိုဟာရမ် တပ်ဖွဲ့ဝင် အများအပြား နိုက်ဂျီးရီးယား စစ်တပ်ထံ လက်နက်ချ


နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် လှုပ်ရှားနေသည့် ဘိုကိုဟာရမ် စစ်သွေးကြွ တပ်ဖွဲ့ဝင် (၂၆၀)ခန့် လက်နက်ချ အဖမ်းခံခဲ့ကြောင်း နိုက်ဂျီးရီးယား စစ်တပ်က ကြေညာခဲ့သည်။


စစ်တပ်က ဘိုကိုဟာရမ် အဖွဲ့ခေါင်းဆောင် အဘူဘေကာ ရှီကာအူအဖြစ် ပုံမှားရိုက် ဦးဆောင်နေသူ တစ်ဦးကိုလည်း သတ်ဖြတ်နိုင်ခဲ့ကြောင်း ကြေညာသည်။ မိုဟာမက် ဘာရှာသည် ရှီကာအူနှင့် ရုပ်ချင်းဆင်တူသူ ဖြစ်ပြီး ဘိုကိုဟာရမ် အဖွဲ့က ထုတ်လွှင့်သည့် ဝါဒဖြန့် ဗီဒီယိုများတွင် ရှီကာအူအဖြစ် ပါဝင်လေ့ရှိကြောင်း သိရသည်။ ၎င်းသည် ယခုအခါ စစ်တပ်၏ ထိုးစစ်အတွင်း သေဆုံးသွားပြီဟု ဆိုသည်။

ဘိုကိုဟာရမ်တို့သည် နိုက်ဂျီးရီးယား စစ်တပ်၏ အရှိန်မြှင့် ထိုးစစ်ဆင်မှုများကြောင့် အကြီးအကျယ် အထိနာခဲ့ပြီး အကျအဆုံးလည်း များခဲ့ကြောင်း သိရသည်။ အရှေ့မြောက်ပိုင်း ဒေသရှိ မိုင်ဒူဂူရီမြို့သည် ဘိုကိုဟာရမ်အဖွဲ့ စတင်အခြေချရာ ဒေသဖြစ်ပြီး ယခုအခါ မြို့အနီး၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။

နိုက်ဂျီးရီးယား စစ်တပ်က ဘီယူမြို့တွင် ဘိုကိုဟာရမ် တပ်ဖွဲ့ဝင် (၁၃၅)ဦးသည် လက်နက်များနှင့်အတူ လာရောက် အဖမ်းခံခဲ့သလို နောက်ထပ် (၁၃၃)ဦးသည်လည်း နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသအသီးသီးတွင် လက်နက်ချခဲ့ကြောင်း ကြေညာသည်။ ဘိုကိုဟာရမ်တို့ စတင်အားကောင်းလာသည့်ကာလနောက်ပိုင်း ယင်းအခြေအနေကဲ့သို့ အလျှော့ပေး လက်နက်ချမှုမျိုး လုံးဝ မရှိခဲ့ဖူးချေ။

နိုက်ဂျီးရီးယား ဗိုလ်ချုပ် ခရစ် အိုလူကိုလာဒီက ဘိုကိုဟာရမ် ခေါင်းဆောင် ရှီကာအူနှင့် ရုပ်ချင်းဆင်တူသည့် ဘာရှာသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး တစ်ရပ်အတွင်း သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ “သူက ရှီကာအူရဲ့ ပုံတူပွားအဖြစ် ဗီဒီယိုတွေမှာ အဓိက ပါဝင်ခဲ့သူပါ။ ပြီးတော့ ဘိုကိုဟာရမ် အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းမှာ ထူးခြားတဲ့ ဇာတ်ရုပ်တစ်ခုလိုလည်း ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ယခုအခါ အဓိက မေးခွန်းတစ်ခုမှာ ယခင်ကတည်းက ရှီကာအူ သေဆုံးသွားခဲ့သဖြင့် ဘာရှာက ၎င်းကိုယ်စား ဟန်ဆောင်နေခြင်း ဟုတ် မဟုတ် ဆိုသည့်အချက် ဖြစ်သည်။ ယင်းကို စစ်တပ်ကလည်း အတည်မပြုနိုင်သေးချေ။ ဘိုကိုဟာရမ် တပ်ဖွဲ့ဝင် အများအပြား လက်နက်ချခဲ့ခြင်းသည် ၎င်းတို့၏ ခေါင်းဆောင် ရှီကာအူ သေဆုံးသွားပြီဟု ယူဆကာ စိတ်ဓာတ်ကျဆင်းနေ၍ ဖြစ်နိုင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ဘိုကိုဟာရမ် အဖွဲ့၏ အဓိပ္ပါယ်မှာ အနောက်နိုင်ငံများ၏ ပညာရေးစနစ်ကို ကန့်သတ် ပိတ်ပင်ရန်ဖြစ်ပြီး နိုက်ဂျီးရီးယားရှိ ကောလိပ်နှင့် ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိသည်။ ဘိုကိုဟာရမ်တို့က အဆိုပါကျောင်းများသည် အနောက်ယဉ်ကျေးမှု လွှမ်းမိုးသည့် သင်္ကေတများအဖြစ် ရန်လိုစွာ မှတ်ယူလေ့ ရှိသည်။

ဘိုကိုဟာရမ် အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ အတွင်းက ကျောင်းသူမိန်းကလေး (၂၀၀)ကျော်ကို ဘော်နိုရှိ ကျောင်းများမှ ပြန်ပေးဆွဲသွားခဲ့သည့် ဖြစ်ရပ်ကြောင့် ကမ္ဘာသိ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် ထင်ရှားလာသည်။ ဘိုကိုဟာရမ်တို့၏ စနက်ကြောင့် ဘော်နိုပြည်နယ်တွင် ယခုနှစ်အတွင်း လူပေါင်း(၂၀၀၀)ကျော် သေဆုံးခဲ့ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ခန့်မှန်းထားသည်။
Ref: BBC

0 comments:

Post a Comment